တာရာမင်းဝေ….ရဲ့  ကျောင်းသားအတ္ထုပ္ပတ္တိ..ကဗျာကို ဝေမျှခြင်း.
|215- Hits|ကျောင်းသားအတ္ထုပ္ပတ္တိ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်…
မင်းအတွက်…
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ် မလုံလောက်မှု
ဖောင်တိန် မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်…
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကို ထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ… ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်…
“အမျိုး ဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ယဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်…
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် … ။
(၄)
အိမ်ထရံမှာ
တခါတခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမဲ့ …
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံဝေ
မင်းရောက်ရာအရပ်က ကြားပါစေ…
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်…. ။ ။
_______________________________
ရွှေဘုန်းလူ..သို့ မဟုတ်..တာရာမင်းဝေ..ရဲ့ ကဗျာလေးပါ ။
ကျွန်တော့်ဆီ forwarded -mail..အနေနဲ့  ၀င်လာတာပါ ။
ကျွန်တော်…ဆ၇ာတာရာမင်းဝေရဲ့ ကဗျာတွေ ကို တို့  ထိ ဝေဖန်ခဲ့ ဖူးပါတယ် ။
ဝေဖန်သမျှတော့ အွန်လိုင်းပေါ်..မရောက်ဖြစ်ပါဘူး။
ကျွန်တော့် စာရေးစားပွဲ..ပေါ်မှာ ပဲ….သိမ်းထားလိုက်ရတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ် ။
အခု ဒီ ကဗျာကိုလည်း….. ဝေဖန်ရေးလေး လုပ်ကြည့်မယ်..ပေါ့လေ ။
အဲဒီလို စဉ်းစားပြီး..ကဗျာရဲ့  ဆိုလိုချက်တွေ..ဖွဲ့ စည်းပုံတွေ ကို သေချာ လေ့ လာလိုက်တော့………………………………………………………………………………………………………………………………….။
အားပါးးပါး………ကျွန်တော် ..ဒိ ကဗျာကို မဝေဖန်တတ် လောက်အောင်ပါပဲ..။
ဒါကြောင့် ဖတ်တယ် ။ ခံစားလိုက်တယ် ။ ( ရင်ထဲမှာ ထိထိ ရှရှ ခံစားလိုက်ရတော့တာပါပဲ။ )
အဲဒီနောက် ဆက်တွဲကတော့ တစ်ယောက်ထဲ…ခံစားရတာ နဲ့ အားမရတော့ပဲ.( မနေနိုင်တော့ပဲ.)
အခုလို ပိုစ်လေး တစ်ပုဒ် ဖန်တီး လိုက်ရပါတော့တယ် ။
________________________________
စာ ချစ်သူများ လည်း ခံစားကြည့်ပါဦး။
ဆရာတာရာမင်းဝေ က သူ့  အနုပညာ နဲ့ နိုင်ငံ ကို ..တတ်နိုင်သလောက်..အကျိုးပြုထားတဲ့  ကဗျာလေး အဖြစ်…
တင်ပြ ၊ ဝေမျှ လိုက်ပါတယ် ။
________________________
စာချစ်သူများနှင့် …. ရွာသူရွာသားများအားလုံးကို ခင်မင်လေးစားလျက်…
အလင်းဆက်
alinsett.art@gmail.com
စာကြွင်း.။ ( ဒီ ကဗျာကို… ဂေဇက်မှာ ရွာသူ ရွာသား တစ်ယောက်ယောက်က တင်ပြပြီးသားဖြစ်နေရင်တော့ တိုက်ဆိုင်မှု အတွက် ခွင့်လွတ်နားလည်ပေးပါ..လို့  …။)
Related posts:




ကိုအလင်းဆက်ရေ ဆရာတာရာမင်းဝေအမှတ်တရအကြောင်းရေးထားတဲ့စာအုပ်လေး
မြန်မာအီးဘွတ်ထဲမှာရှိဒယ်။အဲ့ထဲမှာအကုန်ပါဒယ်။ကျွန်တော်တောင်လွန်ခဲ့တဲ့နှစ်လ သုံးလ
ကမှတွေ.ပီးကူးထားလိုက်တာ။ကျွန်တော်မသိသေးတဲ့သူ.အကြောင်းတွေအများကြီးသိလိုက်ရဒယ်။
မူရင်းတင်ပေးထားတဲ့သူကိုတော်တော်ကျေးဇူးတင်ပါဒယ်။အကို. ကိုလမ်းညွှန်ပေးတာပါ။
Was this answer helpful?
LikeDislikeရင်ထဲကိုထိခတ်စေတဲ့..ကဗျာလေးပါ..မျှဝေပေးတဲ့ ကိုအလင်းစက်ကို ကျေးဇူးတင်ပါတယ်..
Was this answer helpful?
LikeDislikeအဲ လို မျိုးကဗျာတွေ ဖတ်ရ ရင် အာဏရှင် တွေရဲ့ လက်နက်အား နဲ့ အနိုင်ယူ ခဲ့ ညဉ်းပန်း ရက်စက်ခဲ့ တာတွေ ကို ပြန်မြင်လာ ပြီး သွေးဆူ လာ တယ်။
ခုချိန်မှာ အကောင်းဘက်ကို ဦးတည်နေ သလို အရိပ် အရောင် တွေ ကြောင့် သင်ပုန်းချေနိုင်အောင် ကြိုးစားရင်း ပန်းတိုင် အမြန် ရောက်ပါစေလို့ ဆုတောင်းနေရတာပဲ။
ဒါပေမဲ့ ရင်းခဲ့ရတဲ့ ဘ၀၊ ပေးခဲ့ ကြရတဲ့ အသက် အာဇာနည် ကြယ်ပွင့် တွေ ကို တော့ လွမ်းနေ တမ်းတနေ မှာတော့ ကမ္ဘာ တည်သရွေ့ ပါ။
Was this answer helpful?
LikeDislikecaptaina:..ရေ… လမ်းညွန် ချက်လေး အတွက် ကျေးဇူးပါပဲ.ဗျ။
kyeemite ..ရဲ့ ရင် ထဲ..ကို ထိ ခတ်သွားစေ..တယ် ဆိုတော့ ကျွန်တော် ဝေမျှ တင်ပြ ရကျိုးလေး နပ်ပါတယ် ဗျာ..ကျေးဇူးးပါပဲ။
laypai ကို လည်း..ကျေးဇူးပါပဲ..နော် ။
စာ ချစ်သူများ အားလုံ့း ကို ခင်မင် လျက်…………….
Was this answer helpful?
LikeDislikeကိုအလင်းစက်ရေ ဒီကဗျာလေးကို နောက်တစ်ခေါက်ထပ်ဖတ်ရလို့ ကျေနပ်မိပါတယ်
ဖတ်ဖူးပေမယ့်  ထပ်ဖတ်ရတာ အရသာရှိတယ် ကျေးဇူးအထူးပါဗျာ
Was this answer helpful?
LikeDislikeကိုအလင်းစက်ရေ ဆရာ့ရဲ့ နိဒါန်းချီထားတဲ့ ဒီအပိုဒ်လေးက အမိုက်ဆုံးပေါ့။
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
Was this answer helpful?
LikeDislikeအရင်တုန်းက မျက်စိလျှန်းခဲ့လို့ လား ၊ စာကျော်ဖတ်ခဲ့လို့ လား မသိဘူး ။ အခုမှ ဒီကဗျာ ကို ဖတ်ရတယ်ဗျာ ။
ရှယ်ကောင်း ကြောင်း ရယ်ပါ ။
Was this answer helpful?
LikeDislike[ဟုတ်ကဲ့ ။ ကျေးဇူးပါပဲ..ဗျာ.။
အားလုံးကို ခင်မင်စွာ..ကျေးဇုးတင်ပါတယ် ။
နောက်ထပ်လည်း..ကောင်းနိုးရာရာလေးတွေ တင်ပြပါဦးမယ် ။
Was this answer helpful?
LikeDislike