ယုန်မွေးမြူခြင်းအနုပညာ အပိုင်း – ၁
|371- Hits|ခုတလောလေးမှာ သူငယ်ချင်းအများစုက တီးကော့ခ်ဆီမှာ ယုန်မွေးဖို့အကြောင်းတိုင်ပင်ကြတာ မေးမြန်းကြတာရှိလာတယ်။ တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဖြစ်လို့မေးတယ်ဆိုတာထက် ယုန်ကို ကိုယ်တိုင်ကိုယ်ကျမွေးနေသူ၊ ယုန်များရှင်တစ်ယောက်အနေနဲ့ စနည်းနာတဲ့အနေနဲ့ မေးကြပြုကြတယ်ပေါ့။ ဒီတော့ တီးကော့ခ်ရဲ့ နေ့စဉ်အတွေ့အကြုံ၊ ဖတ်ဖူးသမျှ သိထားသမျှဗဟုသုတလေးတွေကို အရင်းအတိုင်း ဒီမှာပဲ ဖောက်သည်ချပါရစေ။ ကျမ်းတစ်စောင်စာတစ်ဖွဲ့ဖြစ်သွားမှာစိုးတဲ့အတွက် အများကြီး Detail ကြီးတော့မဟုတ်ပါဘူး။ အတိုချုံးပြီး လိုအပ်မယ်ထင်တာလောက်ပါပဲ…
အဓိကအချက်အနေနဲ့ ပထမဆုံးပြောချင်တာလေးကတော့ ယုန်မွေးမယ်ဆိုရင် ယုန်မွေးချင်စိတ် တကယ် ရှိရဲ့လား လို့ ကိုယ့်ဟာကိုယ်ပြန်မေးပေးပါ။ ဘယ်လောက်ထိ အနွံတာခံနိုင်မလဲ၊ ဘယ်လောက် စိတ်ရှည်နိုင်မလဲ၊ ဒီယုန်လေးကို ဘယ်အချိန်ကာလအထိမွေးထားနိုင်မလဲ၊ ဒီယုန်လေးအတွက် အနာဂတ် ဘယ်လိုစဉ်းစားထားသလဲ… စသဖြင့်ပေါ့။ ယုန်နဲ့ပတ်သတ်တဲ့ မိမိရဲ့စိတ်ကိုယ် မိမိသေချာအောင်အရင်လုပ်စေချင်ပါတယ်။
(ဟေမာနေဝင်းရဲ့ မောင်…ဘယ်လောက်ထိချစ်မှာလဲ? မောင်..ဘယ်အထိဆက်ချစ်နိုင်မလဲ? မောင်… တစ်သက်လုံးပဲချစ်မှာလား… ကျွန်မကမလှရင်ရော….ဆိုတဲ့သီချင်းလေးအမြဲညည်းပါ။ မောင်… နေရာတွင် “ယုန်” ဟု အစားထိုး သီဆိုပါ။ ဤကားစကားချပ် ခွိခွိ)
ဟုတ်ပါတယ်။ ယုန်ကလေးတွေက ချစ်စရာအလွန်ကောင်းပါတယ်။ အမျိုးအစားကလည်း အစုံ၊ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးတွေ၊ အမွှေးပွလေးတွေနဲ့ တကယ့်ကို အသည်းယားစရာ အူလှိုက်သဲလှိုက်ချစ်စရာလေးတွေပါ။ မြင်ရုံနဲ့ … ယုန်လေး လိုချင်လိုက်တာဆိုတာမျိုးဖြစ်တာ များပါတယ်။ ဒါပေမယ့် ယုန်မမွေးခင်မှာ ယုန်ရဲ့ ဆိုးမွေကောင်းမွေကို သိရှိလေ့လာထားဖို့လိုပါတယ်။ ယုန်ကို ဘယ်လိုမွေးရမယ်ဆိုတာလည်း သိထားဖို့လိုပါတယ်။
အများစုကတော့ ယုန်မွေးရင် နံတယ် သားအရမ်းပေါက်မြန်တယ် ဆိုတာလောက်ပဲ သိထားပြီး အဲ့အဆင့်နဲ့တင်ကို မခံနိုင်ဘူးဆိုပြီးတော့ မမွေးကြတာများပါတယ်။
ယုန်အမျိုးအစားများ
တွင်းယုန်နဲ့ကွင်းယုန် ဆိုပြီးရှိပါတယ်။ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးကြတာကတော့ တွင်းယုန်ပါ။
ပြည်တွင်းမှာတော့ ယုန်ဖြူဖြူ နားရွက်ထောင်ထောင်နဲ့ မျက်လုံးနီနီလေးတွေ အများအားဖြင့်တွေ့ဖူးပါတယ်။ ကျွန်တော်မြင်ဖူးသလောက်တော့ အမွှေးပွ အမွှေးတို အမွှေးကျစ်၊ နားရွက်တို နားရွက်ရှည် နားရွက်ထောင် နားရွက်အုပ်အုပ်တွဲလောင်းကျ၊ မျက်လုံးနီ မျက်လုံးညို မျက်ဝန်းနက် စသဖြင့်ပေါ့ Lion head, Holland loop, Angora, Alaska, Dutch Dwarf ဆိုပြီး အမျိုးစုံအဆင်စုံအသွေးစုံပါပဲ
(http://en.wikipedia.org/wiki/List_of_rabbit_breeds)
ယုန်ထီးယုန်မခွဲခြားခြင်း
ယုန်ထီး(Buck) ယုန်မ(Doe) ယုန်ကလေးတွေကိုတော့ Kitten or Kits လို့ပဲ ခေါ်ပါတယ်။ ၃ပတ်သားလောက်မှာ ခွဲခြားနိုင်ပြီလို့ဆိုပေမယ့် တကယ်တမ်းကျတော့ ငယ်တုန်းမှာခက်ပါတယ်။ သူတို့ရဲ့ လိင်အင်္ဂါတွေဖွံဖြိုးလာတဲ့အရွယ်ရောက်ချိန် ၃-၄လလောက်မှ အသေအချာခွဲခြားနိုင်ပါမယ်။
ယုန်ကိုပက်လက်အနေအထားနဲ့ချီထားပြီး လက်ညှိုးလက်ခလယ်နဲ့ သူတို့ရဲ့ လိင်အင်္ဂါကိုနေရာကို ဖိလိုက်ခြင်းအားဖြင့် သိနိုင်ပါတယ်။
အထီးရောအမရော ၂မျိုးလုံးမှာ ဆန်စေ့လိုဟာမျိုးလေးအညှောင့်ထွက်သလိုပေါ်လာမယ်။
အမဆိုရင် အဲ့အညှောင့်လေးမှာ အကွဲရာလေး ဒေါင်လိုက်ပါမယ်။
အထီးဆိုရင် အဖြူရောင်အဖုလိုလေးပါမယ်။ နဲနဲကြီးတဲ့အရွယ်ရောက်လာရင်တော့ ရွှေဥလေးတွေကို အထင်းသားမြင်နိုင်ပါတယ်။
(http://www.debmark.com/rabbits/sexing.htm)
ယုန်အိမ်နှင့်မွေးခြင်း သို့မဟုတ် ခြံထဲအိမ်ထဲမှာ လွှတ်ကျောင်းမွေးမြူခြင်း
အရမ်းအရေးကြီးပါတယ်။ ကိုယ့်ယုန်လေးကို ယုန်အိမ် Cage နဲ့မွေးမှာလား ခြံထဲ၊အိမ်ထဲမှာ ဒီတိုင်းပဲ ဘာသာဘာဝလွှတ်ထားပြီးမွေးမှာလားဆိုတာ ရွေးခြယ်ဖို့လိုပါတယ်။
လွှတ်ကျောင်းမွေးမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အိမ်၊ ခြံဝင်း စတာတွေဟာ Rabbit Proof ဖြစ်ဖို့လိုပါတယ်။ အပြင်ကနေ အန္တရာယ်ဝင်ရောက်မလာအောင် (ခွေး၊ကြောင်) ကာကွယ်ထားနိုင်ရမှာဖြစ်သလို ယုန်တွေပေးမယ့် ဒုက္ခကိုလည်း ကိုယ့်အတွက်ကာကွယ်ထားဖို့လိုပါတယ်။ ယုန်တွေဟာ သူတို့သဘာဝအရ ကိုက်ခြင်း တူးဆွခြင်း စတဲ့ဖျက်ဆီးခြင်းအတတ်ပညာကို အင်မတန်ကျွမ်းကျင်ပါတယ်။ အိမ်ထဲမှာ စာအုပ် ဝါယာကြိုး ဆိုဖာ ကော်ဇောခင်း စတာတွေဟာ သူတို့ရဲ့ အဓိကပစ်မှတ်ပါပဲ။ အဝတ်တွေကတော့ သူတို့ ရှူရှူးပေါက်အီအီးပါဖို့ မွေ့လျော်ရာ ပစ္စည်းတွေပဲဖြစ်ပါတယ်။ ခြံထဲမှာဆိုရင်လည်း ရှိသမျှ သစ်ပင်ဟာ သူတို့ရဲ့ ကိုက်ဖြတ်ခြင်း အမြစ်ကလှန်ပြီးတူးဆွခံရခြင်းတွေ ခံရနိုင်ပါတယ်။ ဒီတော့ သူတို့ရဲ့ သဘာဝ တူးဆွခြင်း ကိုက်ဖြတ်ခြင်းတွေကို နားလည်ပေးပြီး ကိုယ်က ကာကွယ်ထားရမှာဖြစ်ပါတယ်။ လွတ်ကျောင်းမွေးထားတဲ့ယုန်တွေဟာ ၃ပေလောက်တော့ အသာလေးခုန်နိုင်ပါတယ်။ လွှတ်ကျောင်းမွေးထားတယ်ဆိုရင်တောင် သူတို့အတွက် privacyရှိတဲ့ သီးသန့် ယုန်အိမ်လေးတစ်ခုတော့ ရှိထားဖို့လိုပါမယ်။ အဲ့ဒီ့နေရာလေးမှာနေရင် သူတို့အတွက် သက်တောင့်သက်သာဖြစ်မယ် အန္တရာယ်နဲ့ လူတွေရဲ့အနှောက်အယှက်က ကင်းလွတ်နေမယ်လို့ သူတို့သိထားစေဖို့လိုပါတယ်။ (သူတို့အိမ်ထဲဝင်နေတုန်းမှာ ကိုယ်က ထိကိုမထိတာ အကောင်းဆုံးပါပဲ)
ယုန်အိမ် (Cage) နဲ့မွေးမယ်ဆိုရင်တော့ ကိုယ့်အတွက် ကာကွယ်ပြီးသားဖြစ်ပေမယ့် ကိုယ်ချင်းစာကြည့်ရင်တော့ သိပ်တော့ပျော်စရာမကောင်းလှဘူး။ ပြေးလွှားဆော့ကစားချင်တဲ့ ယုန်ကလေးတွေကို တစ်သက်လုံးထောင်ချထားရမှာ မကြည့်ရက်စရာပဲပေါ့။ Cage ရဲ့အကျယ်အဝန်းကို သတ်သတ်မှတ်မှတ်ဘယ်လောက်ကြီးသင့်လဲဆိုတာတော့ ကိုယ်ချင်းစာတရားနဲ့ပဲ ဆုံးဖြတ်တာကောင်းမယ်ထင်ပါတယ်။ လူးသာလှုပ်သာ ခုန်ပေါက်ကစားသာတဲ့ အကျယ်အဝန်းရှိသင့်ပါတယ်။ Cage ရဲ့အောက်ခြေမှာ Tray ပါတာကိုသုံးသင့်ပါတယ်။ ဒါမှ အီးသေး တွေကိုအလွယ်တကူနေ့စဉ်ဆေးကြောသန့်ရှင်းနိုင်မှာဖြစ်ပါတယ်။ Cage မှာလည်း ကြမ်းခင်းမှာလည်း သက်တောင့်သက်သာဖြစ်စေဖို့ သတင်းစာစက္ကူထူထူခင်းပေးထားဖို့လိုပါမယ်။
ဒီတော့ ယုန်လဲပြေးသာ ကိုယ်လည်းလျှောက်သာဖြစ်အောင်ထားဖို့လိုပါတယ်။ အကြံပေးချင်တာကတော့ ကျယ်ဝန်းတဲ့ယုန်အိမ်နဲ့ သူ့ကိုယ်ပိုင် ခြံကလေးစည်းရိုးခတ်ပေးထားတာ အကောင်းဆုံးလို့ထင်ပါတယ်။ ယုန်တွေကစားဖို့ (ကိုက်ဖို့) ကစားစရာပစ္စည်းလေးတွေ ထားပေးသင့်ပါတယ်။ ဒါမှ ပျင်းပျင်းနဲ့ တွေ့ကရာအကုန်လျှောက်မကိုက်တော့မှာ။
ယုန်ကိုထားတဲ့အခါမှာလည်း လေတဝူးဝူးတိုက်နေတဲ့ လေဟာပြင်ထဲမှာတော့ မထားသင့်ဘူးပေါ့။ အမိုး အကာ နဲ့ လုံခြုံမှုရှိတဲ့ လေဝင်လေထွက်လည်းကောင်းတဲ့ ဆိတ်ငြိမ်တဲ့နေရာလေးဖြစ်သင့်ပါတယ်။ အသွေးနဲ့အသားနဲ့ကိုယ်ပဲဖြစ်တာကြောင့်မို့ သန်ရှင်းတဲ့ရေ လတ်ဆတ်တဲ့လေ နူးညံ့တဲ့နေရောင် နဲ့ လှပတဲ့ကမ္ဘာမြေကြီးဓာတ် တွေ ထိတွေ့ခံစားဖို့လိုအပ်ပါတယ်။
တီးကော့ခ်အခန်းမှာတော့ ယုန်အတွက် ခံဝန်းကလေးနဲ့အိမ်ကလေးကို ကုတင်တစ်နေရာစာထားပေးထားပါတယ်။ တစ်ခါတစ်ရံ ပန်းခြံကိုခေါ်သွားလေ့ရှိပါတယ်။
ယုန်အကျင့်စရိုက်၊ လက္ခဏာနှင့် ဘာသာဗေဒ
ယုန်တွေက တောထဲတောင်ထဲမှာတော့ အုပ်စုလိုက်နေကြတဲ့သဘာဝရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် Domestic pet အနေနဲ့တော့ သိပ်များများမွေးဖို့ သင့်တော်မယ်မထင်မိဘူး။ တစ်ကောင်တည်းမို့ ပျင်းနေမယ်လို့ ထင်ရပေမယ့် နောက်တစ်ကောင်ကို အဖော်အဖြစ်ရွေးဖို့ကျတော့ သူတို့ဟာ သိပ်ကို ဇီဇာကြောင်ပြီးချေးများတဲ့ကလေးလေးတွေပါတဲ့။ တစ်ကောင်တည်းနေတဲ့ယုန်တွေဟာ တခြားအဖော်ယုန်တစ်ကောင်ရှာပေးဖို့ သိပ်မလွယ်ပါဘူး။ ၂ကောင်လုံးက ချေးများနေကြတာဖြစ်လို့ ၂ယောက်သား ဖူးစာပါဖို့ဆိုတာ ယုန့်ပြည်ကအပ်တစ်စင်းနဲ့ နတ်ပြည်ကအပ်တစ်စင်း အဖျားခတ်မှပဲ ချစ်တင်းနှောကြတယ်ပဲပြောပါရစေတော့။ ဒါပေမယ့် ငယ်ကတည်းက အတူတူ၂ကောင်ကြီးပြင်းလာရင်တော့ တစ်မျိုးပေါ့။ ဒီတော့ တစ်ကောင်တည်းမထားချင်ဘူးဆိုရင် ငယ်ကတည်းက အထီးအထီး သို့မဟုတ် အမအမ အဲ့လိုလေး စီစဉ်ပေးထားမှ တော်ကာကျမယ်ထင်ပါတယ်။ မဟုတ်ရင် အထီးအမ ဆိုရင် ရှင်မွေးလွန်းနဲ့ မင်းနန္ဒာဇာတ်ထုပ်က ရှင်းမနိုင်ဘူးဖြစ်မယ်။
ယုန်တွေက နေ့အချိန်မှာအိပ်လေ့ရှိပြီး ညဘက်မှာ ကစားတတ်ကြပါတယ်။အိပ်ချိန် – တစ်ရက် ၈.၄နာရီလောက်ရှိတယ်ပြောပေမယ့် မျက်စိဖွင့်ပြီးအိပ်လေ့လည်းရှိတာကြောင့် သူတို့အိပ်နေတာလား လှဲလျောင်းနေတာလား သိဖို့မလွယ်ပါဘူး။ သွားတွေဟာ မွေးကတည်းက ပါလာပြီးတော့ လူတွေဆံပင်ရှည်သလို သူတို့သွားတွေဟာ ရှည်ရှည်လာတာကြောင့် Trim ပစ်ဖို့လိုပါတယ်။ သူတို့ဟာ ဒါကြောင့် တွေ့ကရာ သစ်သားပါမကျန် အကုန်ကိုက်နေကြတာပါ။ သွားတွေရှည်မလာအောင် သူတို့ဟာသူတို့ တိဖြတ်ပစ်ကြရတာပါ။ မဟုတ်ရင် အောက်သွားဟာ အပေါ်အာခေါင်ကိုသွားထောက်ပြီး အပေါ်သွားဟာ အောက်သွားဖုံးကိုစိုက်ဝင်နိုင်ပါတယ်။ ကောက်ရိုးခြောက်မြက်ခြောက် ထည့်ပေးထားစေချင်ပါတယ်။
ပျော်နေတဲ့အခါတွေမှာတော့ ခပ်မြင့်မြင့်ခုန်ပြီးနောက်ခြေထောက်တွေကို (ခါးကိုလိမ်ရင်း) ကန်ပစ်တတ်ကြတယ်။ Bunny Dance (Binky) လို့အလွယ်ခေါ်ကြတယ်။
နောက်ခြေထောက်နဲ့ကြမ်းပြင်ကို တဘုန်းဘုန်းနဲ့ရိုက်တတ်တာကိုတော့ Thumpingလို့ခေါ်ကြပါတယ်။ ဒါဟာ အန္တရာယ်ရှိနေတယ် လို့ ယုန်အချင်းချင်းအချက်ပြတာဖြစ်ပါတယ်။ တခါတလေမှာလဲ ကိုယ့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတဲ့အခါ ပြုမူလေ့ရှိပါတယ်။
ညင်ညင်သာသာနဲ့သွားလေးကျိတ်ပြီး အေးအေးလူလူနေနေတယ်ဆိုရင်တော့ သူ့ဘဝသူကြည်နူးနေပုံပါပဲ။ အဲ… ကျယ်ကျယ်လောင်လောင် ပြင်းပြင်းထန်ထန် သွားကျိတ်တယ်ဆိုရင်တော့ နာကြင်မှုဝေဒနာ သို့မဟုတ် သက်တောင့်သက်သာမရှိတဲ့ဝေဒနာ တစ်ခုခုကို ဖော်ပြချင်တာပါ။
မေးစေ့လေးနဲ့ ဟိုနေရာပွတ်ပွတ် ဒီနေရာပွတ်ပွတ်လုပ်တာကိုလဲ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဒါကတော့ သူ့ရဲ့မေးစေ့အောက်က အနံ့ဂလင်းနဲ့ ပွတ်ခြင်းအားဖြင့် သူ့ပိုက်နက်နေရာကို သတ်မှတ်ထားတာပါပဲ။
တခါတလေ ကိုယ့်ကိုလျှာနဲ့လာလျက်တတ်တယ်။ ဒါဆိုရင်တော့ မင်းကိုငါခင်တယ် ဆိုတဲ့သဘောပါ။
ကိုယ့်ခြေထောက်အောက်မှာ လှည့်ပတ်ပြေးလွှားနေပြီဆိုရင်တော့…ကိုယ့်ရဲ့ ဂရုစိုက်မှုကိုလိုချင်လို့ ဒါမှမဟုတ် ကိုယ်နဲ့ကစားချင်လို့ ဖြစ်နိုင်ပါတယ်။ အဲ… ဖြစ်နိုင်ချေအများဆုံးကတော့ “မာမီရယ် ရှာပေးကွယ်… ရည်းစားလိုချင်တယ်” တဲ့ဗျ။ အမယ်… တစ်ခါတလေ အွန့်အွန့်အွန့်နဲ့တောင် အသံလေးကြားမိလိုက်သလိုပဲဗျို…။
ယုန်တစ်ကိုယ်လုံးကိုပြားချပ်နေအောင်လုပ်ထားပြီး(နားရွက်တွေပါ ထောင်မနေတော့ဘူး) ကြမ်းပေါ်မှာ အတင်းဝပ်ကပ်နေပြီဆိုရင်တော့ သားသားသိပ်ကိုကြောက်နေပါတယ်လို့ ဆိုလိုပါသတဲ့။
အိမ်က မပေါင်လိုမျိုး ရဲရဲတောက်အာဇာနည်မတွေလည်းရှိတတ်ပါတယ်။ သူတို့ကိုပွတ်သပ်ချော့မြူဖို့ကိုယ်က ချဉ်းကပ်ပေမယ့် စိတ်အလိုမကျဖြစ်နေတဲ့အခါမျိုးမှာတော့ တဂူးဂူးတဂဲဂဲနဲ့အော်ပြီး ကိုယ့်ကို တိုက်ခိုက်တာမျိုးရှိတတ်ပါတယ်။ ဒါဆိုရင်တော့ “ငါ စိတ်ဆိုးနေတယ်နော်… လုပ်ထည့်လိုက်ရ နာတော့မယ်” လို့ ဘာသာပြန်လိုက်ပါတော့။
ယုန်တွေဟာ အသံပြုနိုင်ကြပါတယ်။
ခပ်တိုးတိုးညည်းသံ – စိတ်အနှောက်အယှက်ဖြစ်ကြောင်းပြသ
တဂူးဂူးတဂဲဂဲသံ – စိတ်တိုနေတယ်
အွန်အွန်အွန်နဲ့ ဘဲသံလိုလိုဘာလိုလို – ချစ်သူရှိချင်ပြီမေမေ
စူးစူးရှရှ (ကလေးအော်သလို) အော်သံ – အင်မတန်နာကျင်မှုဝေဒနာခံစားနေရတယ်လို့ သိဖို့လိုပါတယ်။
ယုန်အားလေ့ကျင့်သင်ကြားပေးခြင်း
ယုန်တွေကို လေ့ကျင့်ပေးသင်ကြားပေးလို့ရပါတယ်။ ဥပမာ အီးပါသေးပေါက်ကိစ္စတွေကို သတ်မှတ်ထားတဲ့ အိမ်သာနေရာမှာသွားစေတာမျိုး။ နံမယ်ခေါ်ရင်လာတာမျိုးလောက်ပေါ့။ နိုင်ငံခြားမှာတော့ Litter လို့ခေါ်တဲ့ အိမ်သာအဖြစ်အသုံးပြုမယ့် အခင်းအခံ (Granules or sandy or paper or pallet or wooden types) တွေရှိပါတယ်။ မရရင်လည်း ထောင့်Corner တစ်နေရာမှာ ဗန်းတစ်ခုထားပြီး အဲ့နေရာမှာ သတ်သတ်မှတ်မှတ် သွားတတ်စေဖို့ လေ့ကျင့်ပေးဖို့လိုပါတယ်။ ပထမတော့ သူတို့ သိဦးမှာမဟုတ်ပါဘူး။ ရှူရှူးပေါက်တဲ့အခါ အဲ့ရှူရှူးကို စက္ကူနဲ့သုတ်ထားပြီး အဲ့နေရာကို အနံ့ပျောက်အောင် ချက်ချင်းလုပ်ဖို့လိုပါတယ်။ ခုနက စက္ကူကိုတော့ ကိုယ်သတ်မှတ်ထားတဲ့ ဗန်းမှာ ထားပေးရပါမယ်။ အစာခွက်ကိုလဲ အဲ့ဒီ့ဗန်းနားမှာပဲထားတာကောင်းပါတယ်။ (သူ အဲ့ဒီနေရာမှာ သွားတတ်လာပြီဆိုမှ သူ့ကိုလွှတ်ကျောင်းတာက ပိုကောင်းပါမယ်) ကိုယ့်အမိန့်ကိုနာခံရင် ကိုယ့်စကားကိုနားထောင်ရင် သူ့ကို ဆုချဖို့လုံးဝမမေ့ပါနဲ့။ ညင်ညင်သာသာပြောဆိုပွတ်သပ်ပေးခြင်း သူတို့ကြိုက်တဲ့ အစားအသောက်ကို ချက်ချင်းပေးခြင်းအားဖြင့် သူတို့ဟာ လိမ္မာတဲ့ကလေးလေးတွေဖြစ်ကြောင်း ပြသဖို့လိုပါမယ်။
အိမ်က မပေါင်ကတော့ စာကလေးခွေသိပ်ကြိုက်ပါတယ်။
ယုန်သန့်ရှင်းရေး
ဒါကတော့ အခြေခံအကျဆုံးလိုအပ်ချက်ပါပဲ။ သန့်ရှင်းမှကျန်းမာမယ်။ ကျန်းမာမှပျော်ရွှင်မယ်လေ။ ယုန်သန့်ရှင်းမှ ကိုယ့်အိမ်ပါ သန့်ရှင်းမယ်။ ယုန်ချီး ယုန်သေးဟာ အင်မတန်မှကို နံလွန်းပါတယ်။ ယုန်ကိုယ်၌ကိုယ်က အနံ့ဂလင်းတွေဆီက ပြင်းတဲ့ကိုယ်နံ့ထွက်ပါတယ်။ အနံ့ပြင်းအနံ့ဆိုးတွေကို ထိမ်းချုပ်ဖို့ (Odor control) ဆေးတောင့်လေးတွေကျွေးလို့ရပါတယ်။
ဒါပေမယ့်ကိုယ်က သန့်ရှင်းရေးကိစ္စကို အလွန့်အလွန်လုပ်ပေးနိုင်ကာမှ တော်ကာကျတာပါ။ သူတို့ယုန်အိမ်ရဲ့ Trayကို တစ်နေ့ ၂ကြိမ်ဆေးကြောသန့်စင်ပေးရပါမယ်။ ယုန်အိမ်ကြီးကိုတော့ တစ်ပတ် တစ်ကြိမ်လောက် ဆေးပေးရမယ်။ လေဝင်လေထွက်ကောင်းရမယ်။
ယုန်တွေက ရေမကြိုက်ဘူးလားဆိုတော့ ဖြေရခက်ပါတယ်။ ပေါင်ပေါင်ကတော့ ရေကြိုက်ပါတယ်။ Sanitizer powder တွေဈေးကွက်မှာ ဝယ်နိုင်ပါတယ်။ အဲ့အမှုန့်တွေကို ဇောက်နက်တဲ့ ဗန်းထဲမှာ ထည့်ပေးထားရင် သူတို့ အဲ့အမှုန့်တွေထဲမှာ ပျော်ပျော်ပါးပါးလူးနေလေ့ရှိတယ်။ ရေချိုးစရာမလိုတော့ဘူးပေါ့။ နောက်တစ်နည်းက Shampoo Spray ပါ။ ရေမွှေးဖျန်းသလိုပါပဲ၊ တစ်ကိုယ်လုံးကို (မျက်စိနဲ့ နားရွက် စတဲ့ ခေါင်းကလွဲရင်) ဖျန်းပေးရင် မွှေးကြိုင်သန့်ရှင်းနေတာပါပဲ။ ရေချိုးပေးချင်တယ်ဆိုရင်တော့ နဲနဲ Risk များပါတယ်။ ရေမကြောက်အောင် ရေနွေးလေးစပ်ပြီး ရေပတ်တိုက်သလို လက်ခုပ်လေးနဲ့ ရေပတ်အရင်တိုက်ပေးရမယ်။ သူက ရုန်းကန်လှုပ်ရှားကြောက်လန့်တကြားမဖြစ်ဘူးဆိုမှ ပိုပြီးစိုအောင် ဖြည်းဖြည်းခြင်းလောင်းရမယ်။ ခေါင်း၊ နားရွက် မျက်လုံး လုံးဝမထိစေရပါဘူး။ ဒီလိုနည်းနဲ့ ရေမကြောက်တော့ဘူးဆိုရင် ဇလုံလေးထဲမှာ အသာအယာချပေးပါ။ သူပျော်နေတာကို တွေ့ရပါမယ်။ အလွယ်တကူ ထွက်ပြေးတာမျိုး ဆွဲလားယမ်းလာကိစ္စတွေမဖြစ်အောင် စားပွဲလို အမြင့်တစ်နေရာမှာ လုပ်စေချင်တယ်။ ပြုတ်ကျရင်တောင် မနာမယ့် အမြင့်လောက်ပေါ့။ ပြီးရင်တော့ ခြောက်အောင်သုတ်ရပါမယ်။ Dryer ရှိရင် မပူမနွေးလေး မှုတ်ပေးပါ။ ပြီးရင် နွေးနွေးထွေးထွေးထားပါ။ မနက်ခင်းနေခြည်နွေးနွေးအောက်မှာဆို သူတို့နေစာလှုံရင်း အမွှေးမစို့တစိုလေးတွေကို သူတို့ဟာသူတို့ပြန် လျက်ပွတ်သပ်နေတာ သိပ်ကြည့်လို့ကောင်းပါတယ်။ ပြီးတော့သူတို့ကို အချိန်မှန် အမွှေးတွေကို ဖြီးသင်ပေးဖို့လည်း လိုအပ်ပါမယ်။
ယုန်အစားအသောက် နှင့် သန့်ရှင်းသော ရေ
ယုန်ကလေးတွေဟာ သတ်သတ်လွတ်သမားပါ။ အသီးအရွက်အမျိုးစုံကိုကြိုက်တတ်ပါတယ်။ ဂေါ်ဖီ၊ မုန်လာဥ၊ ကန်စွန်းရွက်၊ အာလူး၊ မုန်ညင်း စတဲ့စတဲ့ ဟင်းသီးဟင်းရွက် (Vegetables)ကိုကြိုက်ပါတယ်။ အသီးအနှံ(Fruits)ကိုတော့ စားတော့စားပေမယ့် အသီးအရွက်လောက်ကြိုက်ပုံမရဘူး။ သိပ်အရည်ရွှမ်းလွန်းတဲ့ အသီးအနှံ အသီးအရွက်ကျွေးမိရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ကောက်ရိုးခြောက်မြက်ခြောက်(ငယ်တုန်းမှာ Alfafa Hay၊ ကြီးလာရင် Timothy Hay) ကျွေးဖို့လိုအပ်ပါတယ်။ သူတို့အစာအိမ်ဟာ မြင်းရဲ့အစာအိမ်လိုပါပဲ (ကျွဲနွားသိုးဆိတ်နဲ့မတူပါ)။ အစာဟောင်းအိမ် Cecum ထဲမှာ အစာတွေကို သိုလှောင်ထားပြီး အထဲမှာရှိတဲ့ Microbe, Bacteria, Protozoa တွေက ချေဖျက်ကြတာပါ။ ဒီအတွက် Cecum ထဲမှာ Acid-Base Balanceကို ညီနေအောင်ထိမ်းဖို့အတွက် ဒီပိုးမွှားလေးတွေ အသက်ရှင်နေထိုင်ဖို့အတွက် ခုနကပြောတဲ့ ကောက်ရိုးခြောက်မြက်ခြောက်က အချဉ်ပေါက်ဖို့လိုပါတယ်။ ရေကို သန့်ရှင်းစင်ကြယ်တဲ့ ရေကောင်းရေသန့် နေ့စဉ်လဲလှယ်ပေးဖို့လိုပါတယ်။ အစာခွက်ရေခွက်တွေကို သန့်ရှင်းအောင်ဆေးကြောပြီး ဆပ်ပြာကိုလည်းစင်အောင်ဆေးရပါမယ်။
ယုန်စာတောင့် အစာခြောက်ကျွေးတာကတော့ ပိုပြီးလွယ်ကူမယ်ထင်ပါတယ်။ ယုန်စာတောင့်ထဲမှာ လိုအပ်တဲ့ ဗီတာမင် ပရိုတင်း အာဟာရဓာတ်တွေအပြင် ကောက်ရိုးခြောက်မြက်ခြောက်တွေပါ ထည့်သွင်းဖော်စပ်ထားလို့ ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။ ဒါပေမယ့် ယုန်ဘက်ကကိုယ်ချင်းစာပြီးတွေးပေးရရင်တော့ သူတို့လည်း အချိုတည်းလေးတော့ အသီးအရွက်လေးဘာလေး မြက်စိုမြက်စိမ်းလေး စားချင်မှာပေါ့လေ။ အစာခြောက်နဲ့ အစာစိုကို ချိန်ပြီး၂မျိုးလုံးကျွေးတာ ကောင်းပါမယ်။
ယုန်ဟာလူမဟုတ်ဘူးဆိုတာကို အမြဲအမှတ်ရဖို့လိုပါတယ်။ ဒါဟာ ရယ်စရာသတိပေးချက်မဟုတ်ပါဘူး။ တခါတလေကိုယ်က ချောကလက်လေးစားနေတာ ဝက်ပေါက်ခြောက်လေးစားနေတာ ရှူဆေးလေးရှူနေတာ… ဒါတွေကို ကလေးက လာတောင်းရင် မပေးလိုက်ဖို့ အမြဲကိုယ့်ဟာကိုယ် သတိပေးနေဖို့လိုပါတယ်။ ယုန်ဟာ လူမဟုတ်ပါဘူး။
ယုန်ကျန်းမာရေး
လတွေတဟူးဟူးနဲ့တိုက်နေတော့လည်း အအေးတွေပတ်ကုန်မှာပေါ့။ ပန်ကာနဲ့မှုတ်ပေးထားပြန်တော့ နှာတွေချေပြီး အအေးမိနိုင်ပါသေးတယ်။သိပ်အေးတဲ့ရာသီဥတုဆိုရင်တော့ ကောက်ရိုးခြောက်မြက်ခြောက်ထည့်ပေးထားရင် အဆင်ပြေနိုင်ပါတယ်။ လေကာကွယ်အောင် အဝတ်နဲ့ Cage ၃ဖက်ကို ကာပေးထားရင်ကောင်းပါမယ်။
သိပ်ပူရင်လည်း ဘယ်နေနိုင်ပါ့မလဲနော်။ သူနေမယ့်နေရာမှာ ကိုယ်က ယုန်မွှေးဆွယ်တာကြီးဝတ်ပြီး ခဏလောက်သွားထိုင်ကြည့်ရင် ကိုယ်ချင်းစာသိနိုင်ပါတယ်။ ပန်ကာကိုတိုက်ရိုက်မဟုတ်ဘဲ လေစီးဆင်းမှုကောင်းအောင် တခြားကိုမျက်နှာလွှဲပြီးဖွင့်ပေးထားတာကောင်းမယ်။ ကြွေပြားခပ်ကြီးကြီး၂ပြားလောက်ထားပေးထားရင်လည်း သူတို့အဲ့ပေါ်မှာ လှဲအိပ်နေတာမြင်ရမယ်။
ယုန်သွားတွေ အလွန်အမင်းရှည်ထွက်လာတာမျိုး လက်သည်းခြေသည်းတွေအရမ်းရှည်ထွက်လာတာမျိုးကို ဂရုစိုက်ပြီး Trimလုပ်ပေးဖို့လိုပါမယ်။
ဖြစ်လေ့ရှိတဲ့ကျန်းမာရေးပြဿနာတွေကတော့…
Contagious rhinitis (Snuffles) ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အအေးမိရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်လုံးယောင် မျက်စိနာခြင်း၊ နမိုးနီးယား အလွယ်တကူဖြစ်နိုင်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ အဝလွန်ခြင်း၊ အာဟာရမပြည့်ဝခြင်း၊ နား ပိုးဝင်ခြင်း၊ ဒဏ်ရာအနာတရအလွယ်တကူဖြစ်လွယ်ခြင်း၊ အရိုးကျိုးခြင်း၊ တင်ဆုံရိုးအဆစ်လွဲခြင်း၊ အရေပြားရောဂါဆိုင်ရာ – သန်း၊ လှေး၊ မွှား၊ အမွှေးကျွတ်ခြင်း၊ ဖဝါးများတွင် အနာများဖြစ်ခြင်း များဖြစ်လေ့ရှိပါတယ်။
Cheyletiella infections ကဲ့သို့သော အရေပြားဆိုင်ရာ ပြဿနာတွေ၊ သန်းတို့လှေးတို့ စတာတွေတော့ လူကိုကူးစက်ဖို့ဖြစ်နိုင်ချေရှိတယ်လို့ ဖတ်မိပါတယ်။ ဖြစ်နိုင်ချေလောက်သာရှိတဲ့အဆင့်မှာပဲရှိပါတယ်။ လူကို အန္တရာယ်ပေးမယ့်ရောဂါကြီးကြီးမားမား ဖြစ်တယ်လို့ အထောက်အထားတွေမတွေ့ရသေးပါဘူး။
ဒါပေမယ့် ယုန်တွေအမွှေးကျွတ်တဲ့အခါ မိမိရဲ့ကျန်းမာရေးကိုပါထိခိုက်နိုင်ပါတယ်။ ရင်ကြပ်ရောဂါအခံရှိရင် Indoor မွေးဖို့ မသင့်လျော်ပါဘူး။
ယုန်အတွက်အခြေခံလိုအပ်သည်များ
လေဝင်လေထွက်ကောင်းတဲ့ နေရာ (မပူလွန်းမအေးလွန်း အနေအထား)၊ အမိုးအကာအရိပ်ရှိပြီး လုံခြုံဆိတ်ငြိမ်တဲ့နေရာ
ကျယ်ဝန်းချောင်ချိပြီး သန့်ရှင်းရေးလုပ်ရလွယ်ကူတဲ့ ယုန်အိမ်
သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာနဲ့ ရေ
ယုန်သန့်ရှင်းရေး အသုံးအဆောင် (ယုန်ရှမ်ပူ၊ ယုန်မွှေးဖြီးမယ့် ဘီး၊ ယုန် Toilet Litter)
မှာချင်တာလေးတွေ…
ယုန်အတွက် ကိုယ်ချင်းစာပါ၊ ငါသာဆိုရင်… ဆိုပြီး ယုန်ဘက်ကတွေးပေးပါ။
ယုန်သည်လူမဟုတ်ပါ။ သို့သော လူတို့လိုအပ်သော အကြင်နာမေတ္တာဂရုဏာထက် ယုန်က ပိုလိုအပ်ပါတယ်။
ကိုယ်ကသနားမှ ချမ်းသာရာရမယ့် ယုန်ကလေးတွေဖြစ်ကြောင်း အမြဲသတိရပေးပါ။
ယုန်မွေးရန် သဘောမတူသူများအား ဘာအကြောင့်ကြောင့်ဆိုတာမေးပါ။ ထိုအကြောင်းအရာကို မိမိဘက်က ချေပနိုင်ရန် အကိုးအကားများဖတ်ရှုလေ့လာပြီးအထောက်အထားပြပါ။ သက်သေပြပါ။
ယုန်မွေးမြူခြင်းအနုပညာ အပိုင်း-၁ ကို ဒီမှာတင်ပဲ ရပ်နားပါရစေ။ မေးခွန်းများမေးလာတဲ့အပေါ်မူတည်ပြီး ဒီနုတ်စ်ကို update လုပ်နေပါမယ်။
ယုန်မိတ်လိုက်ခြင်း၊ ယုန်ကိုယ်ဝန်ဆောင်ခြင်း နှင့် ယုန်မီးဖွားခြင်း၊ ယုန်ကလေးငယ်များအား ပြုစုစောင့်ရှောက်ခြင်း နှင့် ယုန်သားခွဲခြင်းများကို အပိုင်း-၂မှာ ဆက်လက်ဖော်ပြပါမယ်။
သတ္တဝါလေးများကို ချစ်တတ်သော နှလုံးသားလှသူ မေတ္တာရှင်များဖြစ်နိုင်ကြပါစေ…
ဒေါက်တာတီးကော့ခ်
BaoBao and her Accessories
References :
http://www.fuzzy-rabbit.com/directory/directory.htm
http://en.wikipedia.org/wiki/Rabbit
http://www.facebook.com/bberry.rabbitry
http://www.fuzzy-rabbit.com
http://exoticpets.about.com/od/rabbitcare/tp/rabbitcareguide.htm
http://www.debmark.com/rabbits/sexing.htm
http://www.rabbit.org/care/living-with-a-house-rabbit.html
http://www.mismatch.co.uk/rabbithealth.htm
အရင်ရေးဖူးတာလေးတွေ
http://www.facebook.com/note.php?note_id=10150406079903188 တီးကော့ခ် ရဲ့ ပေါင်ပေါင်
http://www.facebook.com/note.php?note_id=10150540308108188 ပေါင်ပေါင့်အကြောင်း တစေ့တစောင်း
http://www.facebook.com/note.php?note_id=10150570074163188 အဂ္ဂမဟာ သီရိသုဓ္ဓမသိဂီင်္ ရှင်မွေးလွန်း နန်းမတော်ရတနာပေါင်ပေါင်
Related posts:


ဗဟုသုတမျှဝေပေးတဲ့အတွက် ကျေးဇူးပါ ယုန်လေးတွေက ချစ်စရာကောင်းပါတယ်
မွေးဖို့တော့စိတ်ကူးမရှိဘူး အိမ်ကကြောင်တစ်ကောင်နဲ့တောင် တော်တော်စိတ်လေနေပြီ
ဒီကြားထဲ ခြံထဲလာပြီးသားပေါက်နေတဲ့ ခွေးပေါက်စတွေနဲ့လည်းအလုပ်ရှုပ်နေတယ်
Was this answer helpful?
LikeDislikeအတော့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ပိုစ့်လေးတစ်ခုပါပဲ။ ယုန်မွေးတဲ့သူများက အတော့်ကို ဂရုစိုက်မှသာ အဆင်ပြေမယ်နော်။ နောက်ပြီး စီးပွားဖြစ် ယုန်မွေးစားကြတဲ့သူတွေကော ရှိပါသလား။ အဲ နည်းနည်းပြောချင်လို့ရမလားမသိဘူးနော် တိရိစ္ဆာန်ဆိုတဲ့နေရာမှာ တိရစ္ဆာန်သာ စာလုံးပေါင်းအမှန်ဖြစ်ပါတယ်ရှင်။ ဆက်လက်ရေးသားပေးပါဦး။
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်။ ကျွန်တော်ပြန်ပြင်ပါမယ်။
Was this answer helpful?
LikeDislikeကျွန်တော်ကမလေးရှားကပါ။ မလေးရှားမှာတော့ ယုန် rabbitry ရှိပါတယ် (ဥပမာ http://www.facebook.com)/bberry.rabbitry ။ ယုန်မျိုးရင်းအစစ်အမှန်ကိုသာရောင်းပါတယ်။ ဈေးသိပ်ကြီးပါတယ်။ နောက်ပြီး တစ်ချို့နိုင်ငံတွေမှာတော့ ယုန်ကို အသားအတွက် အမွှေးအတွက် ရည်ရွယ်ပြီး husbandry အနေနဲ့မွေးတာရှိပါတယ်။
Was this answer helpful?
LikeDislikeနန်းမတော် မယ်ပေါင် က သူ့ ပစ္စည်းတွေ ကြားထဲမှာ ပျောက်နေတယ်။
မိပေါင်ပုံတွေကြည့်ပြီး သဘောကျလို့ ယုန်မွေးချင်စိတ်ပေါက်နေတာ ကြာပေါ့။
ဒီစာညွန်းဖတ်ပြီးတော့ မဖြစ်နိုင်တော့ပါဘူး။
သံယောဇဉ်.. သံယောဇဉ်…
မလွယ်ဘူး…
Was this answer helpful?
LikeDislikeခင်လို့ သတိပေးမယ်နော…
သည်ရွာထဲမှာ သားစိမ်းငါးစမ် အကုန်ကျလိမ်းပီးသကာလ..
ကြောင်ကိုတောင် စာရှိမီ လုပ်စားချင်တဲ့ ဇိမ်ဖုံးဂျီး ၂ပါး ရှိတယ်ချင့်
၁ပါးက ကမ္ဘာ့အနောက်ခြမ်းမှာ သတင်းသုံးပြီး ရင်လေးကော့ ဖင်လေးကောက်ထားတဲ့
ငှက်အပြာရောင် အဗေတာလေးနဲ့ …
နောက်တပါးကတော့ အရှေ့ကျွန်းမှာ သတင်းသုံးတယ်…..
ယုန်သား ချက်စားမယ် ဆိုမှဖြင့် …. ကိုရင် စိတ်ထိခယက်သွားမယ်..
ဘာဘီကျူ သားစားကျူးပီး ဘီအီး အကြွေးသောက်တတ်တဲ့ အရက်သမား ဂျာပုလေးကိုလည်း
သတိထား …ခုဘာဘီကျူ ဖိုးပြတ်နေလို့ ခွေးမွေးနေတယ်ဆိုလား….(အထင်)…
ခင်တဲ့…
ရွာ့လုံမလေး ခါအိုလု
Was this answer helpful?
LikeDislikeမိပေါင် က တကယ်လှတယ်။
မိပေါင် ကလေးတကောင်တောင်.. နာမည် ပေးထားသေးတယ်။
Was this answer helpful?
LikeDislikeယုန်တော့မမွေးဘူးဗျ
ယုန်က အသည်းငယ်တယ်ဆို
ဒီနေ့ရွာကပို့လိုက်တဲ့ ယုန်ကင်လေးတောင်မစားရက်တော့ပါဘူး
စိန်ပေါက်ရေ နင်ဘီအီးနဲ့မြည်းဘို့ ငါပို့လိုက်မယ်။
Was this answer helpful?
LikeDislikeကျွတ်ကျွတ်လေး ကြော်ကွဲ့ 
Was this answer helpful?
LikeDislikeကျိုက်ထီးရိုးသွားတော့ ယုန် သား ကြပ်တင်ထားတာ တွေ့တယ်။
အသားကတော့ အရောင် နီနီလေး.. အသားနုတယ်။ ချိုတယ်ကွဲ့..
ဂျင်း လက်ဖက်သုတ် နဲ့ ရေနွေးကြမ်းလေးနဲ့.. လေကလေးက တဖြူးဖြူး.. တောရိပ်တောင်ရိပ် နဲ့ အသားတုံးလေးတွေ စားရတာ အရသာ ရှိတယ်။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ကျွန်တော့်အိမ်ကသားကြီးကတော့ အမွေးဖြူဖြူ၊မျက်လုံးရဲရဲ(၂)ပိသာလေးတယ်။
သိပ်ချစ်ဘို့ကောင်း၊ သမီးကြီးက၂ပိသာခွဲ၊အမွေးညိုညို၊မျက်လုံးပြူးပြူး
ဝတုတ်ခဲနေတာဘဲ၊ နောက်တစ်ကောင်သမီးငယ်ကတော့
မျက်နှာသေးပြီးကိုယ်လုံးကြီးတယ်၊သူလဲ(၂)ပိသာဘဲ။
ကျွန်တော်ကတော့သူတို့(၃)ကောင်လုံးကိုတစ်ပါတ်တစ်ခါ
shampoo နဲ့ရေချိုးပြီးhair dryer နဲ့လေမှုတ်ပေးတယ်။
အလုပ်ကပြန်လာယင်အမြဲတမ်းထွက်ကြိုတယ်၊ယုန်တွေအရွက်ဘဲကြိုက်တယ်ဆိုတာ
ကျွန်တော့်ယုန်တွေအတွက်မမှန်ဘူး၊ လူတွေစားသမျှအကုန်စားတယ်၊(ထမင်းကြော်၊
ဘီစကစ်၊ ကွတ်ကီး၊ အာလူးကြော်၊ ပေါင်မုန့်၊ ပဲပြုတ်၊ မုန့်ဟင်းခါး အကုန်ဘဲ..)
ကျွန်တော်လက်ဘက်ရည်ဆိုင်ထိုင်ယင်လိုက်သွားပြီးလက်ဘက်ရည်သောက်တယ်၊
လက်ဘက်ရည်လဲကြိုက်မှကြိုက်။
သန့်ရှင်းရေးကတော့ မနက်တစ်ညတစ်ခါအနဲဆုံးဘဲလုပ်ပေးရတယ်
ချစ်လို့ဘဲဒီလိုလုပ်နိုင်တာ။
Was this answer helpful?
LikeDislikeလေးစားသွားပြီဗျို့။ ချစ်လို့ဘဲ ဒီလိုလုပ်နိုင်တာ ဆိုတာလေး အနှစ်သက်ဆုံးပဲ။
အိမ်က မပေါင်လဲ အကုန်စားတယ်။ လူက ဘာစားစား အတင်းလိုက်တောင်းစားတယ်။ ဝက်ပေါင်ခြောက်လည်းကြိုက်တယ်။ ဒါက သူတို့ကျန်းမာရေးရှုထောင့်ကကြည့်တော့ မကောင်းဘူး။ ဒါကြောင့် အခုဖြတ်လိုက်ပြီ။ မိုင်လိုနဲ့ နို့နဲ့ တစ်ညတစ်ခွက်သောက်တယ်။ အခုတော့ ဖြတ်လိုက်ပြီ။ ပေါင်မုန့်ကတော့ ကျွေးတယ်။
Was this answer helpful?
LikeDislikeသတ်သတ်လွတ်စားတဲ့ ယုန်ကို အသားတွေ ကျွေးရင် အသက်တို တတ်တယ်ကြားဖူးတယ်။
Was this answer helpful?
LikeDislikeကျွန်တော့်အိမ်ကသားကြီးကတော့ အမွေးဖြူဖြူ၊မျက်လုံးရဲရဲ(၂)ပိသာလေးတယ်။
သိပ်ချစ်ဘို့ကောင်း၊ သမီးကြီးက၂ပိသာခွဲ၊အမွေးညိုညို၊မျက်လုံးပြူးပြူး
ဝတုတ်ခဲနေတာဘဲ၊ နောက်တစ်ကောင်သမီးငယ်ကတော့
မျက်နှာသေးပြီးကိုယ်လုံးကြီးတယ်၊သူလဲ(၂)ပိသာဘဲ။
ကျွန်တော်ကတော့သူတို့(၃)ကောင်လုံးကိုတစ်ပါတ်တစ်ခါ
shampoo နဲ့ရေချိုးပြီးhair dryer နဲ့လေမှုတ်ပေးတယ်။
အလုပ်ကပြန်လာယင်အမြဲတမ်းထွက်ကြိုတယ်၊
ဆိုးလို့နဲနဲမာန်လိုက်ယင်စိတ်ကောက်ပြီးအစာမစားတော့ဘူး၊
သေချာချော့မော့မျက်နှာလေး၊ကျောလေးပွတ်သတ်ပေးပြီး
ပါးစပ်နားတေ့ကျွေးမှပြန်စားတယ်။
ယုန်တွေအရွက်ဘဲကြိုက်တယ်ဆိုတာ
ကျွန်တော့်ယုန်တွေအတွက်မမှန်ဘူး၊ လူတွေစားသမျှအကုန်စားတယ်၊(ထမင်းကြော်၊
ဘီစကစ်၊ ကွတ်ကီး၊ အာလူးကြော်၊ ပေါင်မုန့်၊ ပဲပြုတ်၊ မုန့်ဟင်းခါး အကုန်ဘဲ..)
ကျွန်တော်လက်ဘက်ရည်ဆိုင်ထိုင်ယင်လိုက်သွားပြီးလက်ဘက်ရည်သောက်တယ်၊
လက်ဘက်ရည်လဲကြိုက်မှကြိုက်။
သန့်ရှင်းရေးကတော့ မနက်တစ်ညတစ်ခါအနဲဆုံးဘဲလုပ်ပေးရတယ်
ချစ်လို့ဘဲဒီလိုလုပ်နိုင်တာ။
Was this answer helpful?
LikeDislikeကိုတီးကော့ လေဆိပ်မှာ ပျာယာခပ်ပြီးကတဲက မတွေ့တာ ကြာပြီ
အချိန် ရရင်တော့ မကြာ မကြာလေးတင်ပါဗျာ
ဗဟုသုတ ဖြစ်စရာလေးတွေကို အရေးကောင်းကောင်းနဲ့ ရေးတတ်တဲ့သူမို့ ဖတ်လို့ကောင်းတာဖြစ်မယ်
တိရစ္ဆာန်တွေကို ချစ်တတ် ပြီး တော်တော်စိတ်ရှည်တာပဲနော
တစ်ခု သိချင်တာက အဲဒီလို တိရစ္ဆာန်တွေကို ချစ်တတ်တဲ့သူတွေက မိန်းမရရင်ရော မိန်းမကို ချစ်တတ်ပါ့မလား ၊ မိန်းမနဲ့ များ ပြသာနာတက်နေမလား လို့ပါ
အဲဒီအကြောင်း တိတိကျကျ သိရရင် ပို့စ် သက်သက် ထပ်တင်ပါဦး
Was this answer helpful?
LikeDislikeကျွန်တော်က စာရေးနှေးတယ်။ အရင်ကတည်းက ဖေ့ဘွတ်မှာရေးဖူးတာလေးတွေကို စုပြီးတင်လိုက်လို့ အဲ့တလောက ၃-၄ခုတင်ဖြစ်သွားတာ။
အဲ… တိရစ္ဆာန်လေးတွေကိုချစ်တတ်ပြီးစိတ်တော်တော်ရှည်တဲ့ကျွန်တော်က တခြားမှာလည်းစိတ်ရှည်ပါတယ်၊ တခြားကိုလည်း ချစ်တတ်ပါတယ် ဟဲဟဲ။
ပြဿနာကတော့တက်တယ်။ကျွန်တော်တို့ ၂ယောက်စလုံးက ယုန်လေးတွေချစ်တာတောင် ကျွန်တော်က ဆရာလုပ်လွန်းလို့ သိပ်မတည့်ချင်ဘူး ယုန်ကိစ္စနဲ့ပတ်သက်ရင်း)
Was this answer helpful?
LikeDislikeယုန်လေးတွေက တကယ်ချစ်စရာ။
စိတ်ညစ်စရာကောင်းတာက နေရာမရှောင်မိတ်လိုက်တတ်တာဗျာ။
အဲတော့ တစ်ခါတစ်လေ အိမ်ထဲယုန်တွေလွှတ်ထားချိန် ၊
ဧည့်သည်မိန်းကလေးလာရင်တော့ နည်းနည်းမျက်နှာပူရတတ်တယ်နော်။
Was this answer helpful?
LikeDislike