မြန်မာပြည်မှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့် အရေးဟာ ယနေ့အထိ အမည်ခံသက်သက်ပဲ ရှိသေးတယ်။ ကျွန်တော်လေ့လာမိသလောက် ပြောရရင် လုံးဝကိုပဲ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ ပြောလိုက်ချင်ပါတယ်။

အာဏာရှင်စစ်အစိုးရဆိုတဲ့ အုပ်ချုပ်ရေးအောက်က လွတ်မြောက်သယောင် ရှိလာခဲ့ပေမယ့် “အာဏာရှင်ဘာသာရေး အစိုးရ”ကတော့ ယခုထက်ထိ ဆက်လက်ရှင်သန်နေဆဲပါပဲ။

တရားပွဲတစ်ခုလုပ်ကြမည်ဆိုလျှင် သံဃနာယက အကြောင်းကြားရ၊ သာသနာရေးနဲ့ တိုင်းမှူး၊ မြို့နယ်မှူးတွေဆီ သတင်းပို့ရနဲ့ ပြီးတော့ သူတို့ ထောက်ခံချက်မရရင် ဘာမှလုပ်လို့ မရဘူးဖြစ်နေတယ်။ ဒါနဲ့များ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာတဲ့ ဗျာ။ ဟဲ…ဟဲ ရှက်စရာ။

ဗုဒ္ဓဘာသာကို လက်ခံယုံကြည်တဲ့ ဒကာ ဒကာမတွေရှိတဲ့ နေရာကို ဗုဒ္ဓဘာသာဖြစ်တဲ့ ရဟန်းတွေ ဓမ္မကထိကတွေက ဗုဒ္ဓ၏ တရားတွေ ဟောတာပြောတာတောင်မှ ဒီလိုလုပ်နေရတယ်ဆိုတော့ ဒီနေ့ဗုဒ္ဓ ဘာသာ ဟာ “အာဏာရှင်ဘာသာရေးအစိုးရဆိုတဲ့” သံဃနာယက လက်အောက် ရောက်နေတယ်ဆိုတာ အထင်အရှားဖြစ်စေတာပါပဲ။

ဒါဟာဗုဒ္ဓဘာသာကို တိုးတက်ပြန့်ပွားအောင် လုပ်တာမဟုတ်တဲ့အပြင် ရှိပြီးသားဗုဒ္ဓဘာသာကိုတောင် စွန့်လွှတ်အောင်၊ စွန့်ခွာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ ဒါတွေဟာ အာဏာရှင်ဦးနေဝင်းလက်ထက်က နိုင်ငံရေးခုတုန်း လုပ်ဖို့ ဓမ္မစက်ထဲကို အာဏာထည့်ခဲ့တာပဲဖြစ်တယ်။

ဒါကိုနားမလည်ရှာတဲ့(သို့)အာဏာကို မက်မောတွယ်တာပြီး လာဘ်လာဘဂုဏ်ကိုခုံမင်တဲ့(သို့) ကိုယ့်ရဲ့သံဃာ့အဖွဲ့အစည်းနဲ့ ကိုယ့်ဗုဒ္ဓဘာသာကို မယုံကြည်တဲ့ (သို့) အာဏာရှင်ကို ကြောက်ရွံ့ ထိတ်လန့်တဲ့ (သို့) ငါအာဏာရှင် ဘုန်းကြီးဖြစ်ရင် ဘုန်းကြီးတွေ အားလုံးကို ကြီးစိုးလို့ရတယ်ဆိုတဲ့ အမြင်ရှိတဲ့ ဘုန်းကြီးတသိုက်ဟာ မိုက်မိုက် ကန်းကန်းပဲ အာဏာရှင်ရဲ့ လက်အောက်ကို ဝင်ရောက်နေရာယူပြီး ဗုဒ္ဓဘာသာကို တိုးတက်အောင်လုပ်သလိုလိုနဲ့ ဗုဒ္ဓဘာသာကို စနစ်တကျ ဖျက်ဆီး မိတဲ့ အဖြစ်ရှိနေတာကို ယနေ့ လက်ရှိသံဃနာယက ဘုန်းကြီးတွေအထိ မသိပဲ မသိကြသေးတာလား ဒါမှမဟုတ် သိလျက်နဲ့ ကြောက်ပြီးငြိမ်နေကြတာလား ဒါမှမဟုတ် ဇိမ်ခံနေကြတာလား။ မြတ်ဗုဒ္ဓသာသနာ ရင်လေးစရာ။

မြတ်ဗုဒ္ဓ၏လူသားငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ထားခဲ့တဲ့ စည်းမျဉ်းဥပဒေသတွေကိုတော့ လျစ်လျူရှုပြီး အာဏာရှင်တွေက ဗုဒ္ဓဘာသာကို ခုတုံးလုပ်အသုံးချပြီး ထုတ်ပြန်ထားတဲ့ တရားမျှတမှု ကင်းမဲ့လျက် လူသားငြိမ်းချမ်းရေးကို စိုးစဉ်းမျှ မဆောင်နိုင်သော ဥပဒေသများကိုတော့ အသက်တမျှ စွန့်လွှတ်စွန့်စား မိုက်မိုက်ကန်း ကန်း လိုက်နာနေကြတာဟာ မြတ်ဗုဒ္ဓသာသနာအတွက် ငရဲပဲ။

ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ လွတ်လပ်စွာယုံကြည်ကိုး ကွယ် ခွင့်ရှိတယ်။ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ယုံကြည် ကိုးကွယ်ခွင့်ရရှိတာဖြစ်တယ်။ ယုံကြည်ကိုးကွယ်တဲ့ ဘာသာချင်း တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူတပါး၏ ယုံကြည် ကိုးကွယ်မှုကို လုံးဝပိတ်ပင်တားဆီးနှောက်ယှက်ခွင့် မရှိပါဘူး။

ဒါပေမယ့် ဒီကနေ့တော့ ဒီလိုမဟုတ်။ မြန်မာပြည်မှာ ထေရဝါဒ ဂိုဏ်းကြီးကိုးဂိုဏ်းရှိတယ်။ ထိုဂိုဏ်းကိုးဂိုဏ်းတို့ဟာလည်း မိမိတို့ကိုယ်တိုင် သင်ကြားတတ်မြောက်ထားပြီး လေ့လာကျင့်ကြံ ကြိုးကုတ်အားထုတ် လို့ရရှိလာတဲ့ ဓမ္မကို ပြန်လည် ဟောပြောညွှန်ပြ ကြပေမယ့် ထိုဟောပြောညွှန်ပြချက်တွေကို ဓမ္မ၊ အဓမ္မ အဆုံးအဖြတ်ပေးကြတာဟာ လွတ်လပ်စွာယုံကြည်ကိုးကွယ် ခွင့် ဆိုတဲ့ လူသားရဲ့အခွင့်အရေးကို အကြီးအကျယ်နစ်နာထိခိုက်စေတာ ပါပဲ။

အဆိုးဆုံးကိုပြောပါဆိုရင် ရှင်ဥက္ကဋ္ဌ(တောင်တွင်းကြီး)ရဲ့ လူသေလူဖြစ်ဝိဝါဒါနုဝါဒဝိနိစ္ဆယပဲ။ ဒါဟာရှင်ဥက္ကဋ္ဌ(တောင်တွင်းကြီး)မရှိတော့မှ၊ ပျံလွန်တော်မူတော့မှ ဖြစ်ပေါ်လာတာပါ။ ထို့အတူပဲ ကြောင်ပန်း၊ ကျောက်သင်္ဘော၊ ကျောက်ပုံ၊ မိုးကုတ်၊ မာလာဝရ(ရေတာရှည်)၊ ဓမ္မနီတိ၊ မိုးညှင်း၊ ထူကြီး၊ မိုးပြာ (ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ)၊  အာဒိစ္စဝံသ(ဘိက္ခုနောပဒေသ) စသည့်တရားဓမ္မများကိုလည်း အနိုင်ကျင့်ဗိုလ်ကျပြီး “လုပ်ပါဠိတွေနဲ့(သို့) ဘုရားမဟောသောပါဠိ တွေနဲ့” အဓမ္မဟူ၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြသေး၏။

တကယ်တော့ ရှင်ဥက္ကဋ္ဌ(တောင်တွင်းကြီး)ကို အဓမ္မအဖြစ် လုံးဝလုံးဝကိုပဲ လုပ်ခွင့်မရှိပါဘူး။ သူဟာမြတ်ဗုဒ္ဓသာသနာမှာ သုံးပါးမြောက် ပကာသနီယကံ အဆောင်ခံထားရသူဖြစ်တယ်။ မြတ်ဗုဒ္ဓ၏ သာသနာမှ အပဖြစ်သော ထိုရှင်ဥက္ကဋ္ဌကို ယနေ့ သံဃမဟာနာကအနေနဲ့ မြတ်ဗုဒ္ဓ၏ သာသနာ့အဆုံးအမမှ လွတ်နေသူကို အဓမ္မအဖြစ် ဆုံးဖြတ်ကြခြင်းဟာ အကြီးအကျယ် အဂတိလိုက်စားပြီး အကြီးကျယ်ဆုံး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖျက်ဆီးရာရောက်ပါတယ်။ သံဃနာယကရဲ့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဒီကနေ့မြန်မာပြည်ဟာ အာဏာရှင်စစ်အစိုးရမဟုတ်တော့။ ဒီမိုကရေစီအစိုးရဖြစ်နေပြီဆိုတာကို သတိထားမိစေဖို့ပါပဲ။ ဒီမိုကရေစီ အစိုးရဆိုတာ လူသားရဲ့လွတ်လပ်ခွင့်တွေကို မဆုံးရှုံးစေပဲ ဆုံးရှုံးရင်တောင်မှ မဆုံးရှုံးအောင် ကာကွယ်စောင့်ရှောက်ပေးမယ့် အစိုးရပါပဲ။

ယခုလက်ရှိမှာ ဥပဒေတွေဟာ အသက်ဝင်လျက် ကျင့်သုံးလျက် ရှိချင်မှရှိမှာဖြစ်ပေမယ့် နောင်တချိန်ရှိလာခဲ့ရင် သံဃနာယကဟာ ပြာပုံမှာသွားပြီး အိပ်နေရလိမ့်မယ်။ သတိထားပြီး လုပ်ဆောင်ကြ။ သတိထားပြီးမလုပ်ဆောင်ရင် နောင်တကြီးစွာရလိမ့်မယ်။ ကြိုပြီး ပြောလိုက်မယ် ဒီမိုကရေစီ အစိုးရသာ အပီအပြင်ပေါ်ပေါက်ခဲ့ရင် သံဃမဟာနာယကဟာ အလိုလိုဖရိုဖရဲ ပြိုကွဲသွားကြလိမ့်မယ်။ အဲဒါသတိထားပေတော့ ။

အခုကတည်းက သံဃနာယကရဲ့ စည်းမျဉ်းတွေကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည်လုပ်ဆောင်ကြရင် ပိုပြီးကောင်းပါလိမ့် မယ်ဆိုတာကိုလည်းပြောလိုက်ပါရစေ။

စာဖတ်သူတို့ရေ မြန်မာပြည်မှာ

ဘာသာရေးလွတ်လပ်ခွင့်

ရှိ ၊ မရှိ သိလျှင်ပြောကြည့်ကြပါ။

မှတ်ချက်။   ။ စာဖတ်သူများခင်ဗျား။ ကျွန်တော်ဟာ ဘာသာရေးကို ထိခိုက်စေလိုလို့ မဟုတ်ပေ။ သာသနာထဲကို အာဏာဝင်ရင် သာသနာပျက်တာကို သိစေလိုလို့ပါပဲ။  ။

About jackalin jongin

jackalin jongin has written 4 post in this blog.