လူပျိုကြီးများနှင့်ပြောမိသောအချစ်အကြောင်း
မနေ့ညနေက ကျွန်တော်အလုပ်ချိန်အပြီး အလုပ်ရဲ့ပင်ပန်းမှုတွေကိုဆေးကြောမယ်ဆိုတဲ့အကြံနဲ့ မြို့ထဲမှာအလုပ်လုပ်တဲ့သူငယ်ချင်းလူပျိုကြီးနှစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောဖြစ်ကြတယ်ပေါ့…
လူပျိုကြီးဖြစ်ရခြင်းအကြောင်းအရင်းများပြောကြားရင်းပေါ့… အချစ်ကိုကိုးကွယ်ပြီးအရမ်းခံစားတတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ အချစ်အပါးမှာအလွဲလွဲအချော်ချော်ဖြစ်တတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ပထမဆုံးအသဲကွဲဖူးသောအတွေ့အကြုံဖြင့် အချစ်ကိုကြောက်သွားသောကြောင့်ဖြစ်သောလူပျိုကြီး၊ လူမှု အိမ်ထောင်အရှုပ်အရှင်းများကိုမြင်ကာထိပ်လန့်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ယောင်္ကျားကြီးတန်မယ့် အရှက်လွန်သောကြောင့်ဖြစ်ရသောလူပျိုကြီး၊ အချစ်ကိုစမ်းလှေနံနှစ်ဘက်နင်းရာမှ ခြေချော်လက်ချော်ဖြစ်ကာ အစွံထုတ်မရသောကြောင့်ဖြစ်သောလူပျိုကြီး စသည်စသည်ဖြင့် ည(၈)နာရီခန့်အထိစကားဖောင်ဖွဲ့ကြပြီးနောက် အသီးသီးအိမ်အပြန်လမ်းသို့ မြန်းခဲ့ကြသည်…
ကျွန်တော်ကားငှားအပြန် ကားပေါ်မှာ…
“ ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ်… အလှလေးပွန်းပဲ့သွားရင်တောင် ရင်ကျိုးရချည်ရဲ့…”
တိုက်တိုက်ဆိုင်ဆိုင် ပိုစ့်ထဲထည့်ရေးခဲ့သူ ဦးဘလက်ကြီးကိုတောင်သတိရလိုက်မိသေးတယ်ဗျာ… အဲဒီနောက် ခေတ်ပေါ်သီချင်းတစ်ပုဒ်ကို FM ကတာဝန်မပျက် ဆက်လက်ထုတ်လွှင့်သေးတယ်…
အဲဒီတော့မှ ကျွန်တော်မျက်လုံးပြူးပြီး တစ်နေ့လုံးအလုပ်လုပ်ထားသမျှနဲ့ပင်ပန်းပြီး အိပ်ချင်နေတဲ့သူကျွန်ုပ် မျက်လုံးပြူးသွားမိပါတော့တယ်…
သီချင်းစာသားကို အမှတ်တမဲ့ကြားလိုက်ရသလို ခေတ်ပေါ်သီချင်းတွေကို နားမထောင်ဖြစ်တော့တဲ့သူအနေနဲ့ သီချင်းစာသားက တော်တော်ကိုအထိတ်အလန့်ဖြစ်စေခဲ့တယ်ဆိုတာတော့ဖြင့် ၀န်ခံပါတယ်… သီချင်းက စုံတွဲ သီချင်းပါ… ယောင်္ကျားလေးအဆိုရှင်ကတလှည့်… မိန်းကလေးအဆိုရှင်ကတစ်လှည့် အပြန်အလှန်လိုလိုဆိုထားတဲ့သီချင်းပေါ့…
စာသားမမှတ်မိပေမယ့် အဓိပ္ပာယ်က မိန်းကလေးကို ယောင်္ကျားလေးကပြောတယ်…
မင်းအသက်(၁၈)နှစ်ပြည့်ပြီ… ဘာဘာညာညာသွားချင်သွားလို့ရပါပြီတဲ့… ဘုရား… ဘုရား…
ခုနလေးပဲ အချစ်ကိုကိုးကွယ်ခဲ့ကြသော အချစ်ကြောင့်ဒဏ်ရာကိုယ်စီရှိခဲ့ကြသောလူပျိုကြီးများရေ…
ခင်ဗျားတို့ အချစ်ကိုအလေးထားတဲ့သီအိုရီက အင်န်းတိခ်ဖြစ်နေပြီလို့ပြောရမလိုလိုပဲ…
အသက်(၁၈)နှစ်အရွယ်မိန်းခလေးကိုဖြင့် ဘယ်ကိုခေါ်သွားချင်နေပြီလဲကွယ်…
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လွန်ခဲ့တဲ့ (၃)လလောက်က မနက်ပိုင်း (၇)နာရီခွဲခန့် ကျွန်တော်ကုကိုင်းရေကူးကန်လမ်းထဲ အလုပ်ကိစတစ်ခုနဲ့ သွားခဲ့တယ်…
အဲဒီအချိန်မှာ အသက်(၁၉-၂၀)၀န်းကျင် ချာတိတ်စုံတွဲလေးတစ်တွဲကိုသတိထားလိုက်မိတယ်… ပျော်လို့ရွှင်လို့… လက်လေးတွဲပြီး စကားတွေပြောလို့… ငယ်ဘ၀ကရည်းစားဘ၀လေးတွေတောင် ပြန်နိုးထလာသလိုလို…
အဲ… သူတို့လျပ်တပျက်ကွေ့ဝင်သွားတဲ့နေရာကြည့်လိုက်တော့… “ဟိုတယ်”…
မနက် (၇)နာရီခွဲပဲရှိပါသေးတယ်… အလုပ်လုပ်တဲ့ကျွန်တော်တောင် ရုံးမရောက်သေးဘူး… သူတို့က ရောက်သွားနှင့်ပြီ… တယ်လဲကောင်းတဲ့ဝီရိယပေပဲကိုး…
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်မလေးတစ်ယောက်ကိုချစ်မိရင် ချစ်သူကိုလက်ကလေးကိုင်ပြီး ကမ္ဘာပတ်ပြမလောက် ကြည်နူးခဲ့ ကိုယ့်ရည်းစားကိုတန်ဖိုးထားခဲ့မိတယ်… အချစ်ကိုကိုးကွယ်တယ်လို့ ပြောပြော… ရင်ထဲကမေတ္တာစစ်နဲ့ အရိပ်တကြည့်ကြည့်ချစ်ဖူးခဲ့တယ်…
ကျွန်တော်တို့ လူငယ်ဘ၀ကဖိုသံပေးခဲ့တဲ့သီချင်းတွေကိုပြန်ကြည့်ပါဦး…
“ မေ..ကိုယ့်ဘ၀ရဲ့အားလုံးကို စိုပြေလာအောင်ဖန်တီးစွမ်းတယ်… အရာရာလှပလို့အောင်မြင်အောင် စွမ်းနိုင်တယ်… မင်းလေး… အင်အားများရှိတယ်…”
“ ဒီအချိန်မှာ… မင်းလေးတစ်ယောက်သာ ကြင်နာသောအပြုံးနဲ့ရှိနေပါရင်… အားလုံးဟာပြည့်စုံသိပ်ကောင်း သွားမယ်… ဒါပါပဲကွယ်…”
“ သူပန်ထားတဲ့ပန်းနီနီနေရာခဏလဲချင်သည်… ကြင်နာသူလေးလှဖို့အစွမ်းကုန်ကြိုးစားမည်… ရင်မှာဒီလောက်ချစ်ပါသည်…”
ကဲဗျာ… ကျွန်တော်တို့လူငယ်ဘ၀တုန်းက အချစ်ကိုနူးနူးညံ့ညံ့နဲ့ အပြစ်ကင်းကင်းခံစားတာ… အချစ်ကိုကိုးကွယ်ခဲ့ကြတာ…
အဲဒီတော့ သီချင်းတွေက ခေတ်အကြောင်းပြောကြတယ်ဆိုရင်ဖြင့် လက်ရှိခတ်မှာ အချစ်နဲ့ လိင်ကိစ္စကိုများ မကွဲကြတော့ဘူးလား…
လူငယ်တွေရဲ့စိတ်ထဲမှာလဲ အဲဒီလိုမျိုးနေတဲ့ Life Style ကို ခေတ်မီတဲ့ Life Style လို့ယူဆနေပါပြီ… ဒါပေမယ့်…သူတို့တွေဟာ အဲဒီ Life Style မှာကျင်လည်နိုင်လောက်တဲ့ အသိပညာနဲ့ မိမိကိုယ်ကိုမောင်းနှင်နိုင်တဲ့အရည်အချင်းမျိုးတွေမရှိသေးတာကို သူတို့ကိုယ်တိုင်မသိနိုင်သေးပါဘူးဗျာ…
လွတ်လပ်ခြင်းဆိုတဲ့အရသာ… ဒီမိုကရေစီဆိုတဲ့ အနှစ်သာရက… စိတ်အလိုလိုက်တာလား… စည်းမရှိကမ်းမရှိနေချင်သလိုနေတာလား… စည်းကမ်းရှိရှိနဲ့ လူမှုဘ၀တိုးတက်အောင်ဖန်တီးတာလား… ကွဲကွဲပြားပြားသိဖို့လိုပါတယ်…
အချစ်မှာ လိင်ကိစ္စ အစိတ်အပိုင်းတစ်ခုဆိုတာမှန်ပေမယ့်… သူကအဓိကဇတ်ဆောင်တော့မဟုတ်ဘူးလေ…
လစ်ဘရယ်ကြီးတစ်ယောက်ဆီက ဒီစကားထွက်လာလို့ ကွန်ဆာဗေးတစ်တွေ အားရှိသွားမပေါ့…
ဒါပေမယ့် ခေတ်ရေစီးကြောင်းအရဖြစ်လာပြီဆိုရင်…
ကျွန်တော်တို့အနေနဲ့ ကျောင်းမှာလိင်ပညာပေးတွေ လုပ်ရတော့မယ်… လိင်ပညာပေးအတွက် သေချာတဲ့စနစ်တွေချမှဖြစ်တော့မယ့်အချိန်ပါ… တကယ်ဆိုရင် အချိန်လေးတောင်တော်တော်နောက်ကျသွားပြီလို့ တွက်ဆမိသကိုး…
ကလေးလေးတွေကို သိသင့်တဲ့အကြောင်းကို အမှန်အတိုင်းရဲရဲဝံ့ဝံ့ဖွင့်ပြောရတော့မယ်… ကျွန်တော်တို့ သတ္တိမွေးရမယ်… မွေးနိုင်ကြပါ့မလား…
ဥပမာဗျာ… နောက်အနှစ်နှစ်ဆယ်လောက်အကြာ အခုအချိန်မှာသမီးလေးမွေးထားတဲ့မိဘများ…
သမီးလေးက အဖေရေ… အမေရေ… ဒီညတော့ သမီးချစ်သူအိမ်လာနေမယ်နော်… သို့တည်းမဟုတ်… သမီးတော့ သမီးချစ်သူနဲ့သွားနေမယ်နော်လို့ အပြောခံရမယ့်အခါကျရင် ကျွန်တော်တို့ဘယ်လိုသတ္တိမျိုးနဲ့ ရင်ဆိုင်ကြမလဲ… အဲဒီကိစ္စက လစ်ဘရယ်၊ ကွန်ဆာဗေးတစ်မခွဲပဲ ရင်ဆိုင်ရမယ့်ကိစ္စနော်… မည်သူမှလစ်လျူရှုထားလို့မရတဲ့အနေအထားဖြစ်လာပါပြီ…
လစ်လျူရှုထားလို့မရဘူးဆိုလို့ သားသမီးကိုချုပ်ချယ်ပြီး ခေတ်မမီတဲ့ခပ်တုံးတုံးမိဘတွေလုပ်ဖို့မဟုတ်ပါဘူး… သားသမီးတွေကို ခေတ်နဲ့အညီဆုံးမနိုင်ဖို့ မိမိကိုယ်တိုင်ကြိုးစားရမှာပါ… ခေတ်နောက်ကို အမီလိုက်ပြီး… မိမိသားသမီးတွေကို တွေးခေါ်ရဲပြောဆိုရဲရှိအောင် သွန်သင်ရမှာပါ…
တကယ်လို့များ ကျွန်တော့်သားသမီးက အဲဒီလိုပြောလာမယ်ဆိုရင်… အဖော်လေးတော့ဆောင်သွားလို့ ပြောစရာစကား… ဒါပဲရှိပါတယ်… အဲဒီလိုပြောရဲဖို့ သတ္တိကိုပဲမွေးယူဖို့ ဆုံးဖြတ်ထားပါပြီ… ခေတ်အမီလိုက်ရင်း တွေးခေါ်ရဲပြောဆိုရဲအောင် သွန်သင်ရတော့မှာပဲ… ခေတ်ကိုး…
ကျွန်တော်တို့ ခေတ်တုန်းကလဲ ဆံပင်ရှည်ထားတာမကြိုက်တဲ့မိဘတွေကို ဂလန်ကဆန်လုပ်ရင်း လွတ်လပ်ခွင့်ကိုတိုက်ယူခဲ့သကိုး… ၀ဋ်ဆိုတာလည်လိမ့်မယ်ဗျ…
လူပျိုကြီးတို့ရေ…
အခုအချိန်မှာ မိန်းမရအောင်ယူချင်ယူ… မယူနိုင်ရင်တော့… အချစ်ဆိုတာတွေ့တဲ့အချိန်… အသစ်ဆိုတာ ရဦးမလား မကျိန်းသေဘူးနော်… အဲဒီလိုမှမဟုတ် ဂျေးများပြီး ရွေးသွားနေဦးမယ်ဆိုရင်ဖြင့် ငှက်ပျောတုံးဖက်ပြီး ဘ၀တပါးပြောင်းသွားရဦးမယ်နော…
လူပျိုကြီးတို့ရေ…
ချစ်သူအပေါ် ကျုပ်တို့ငယ်ငယ်တုန်းကလို ပန်းကလေးတစ်ပွင့်လို… အရိပ်တကြည့်ကြည့်နေတဲ့ခေတ်တော့မဟုတ်တော့ဘူးဆိုတာ အမြဲသတိရပါဗျာ…
စေတနာအရင်းခံဖြင့်-
ကြောင်ဝတုတ်
ဇူလိုင်၊ ၂၀၁၂



ဂေဇက်ရွာထဲမှ လူပျိုကြီးများအားလုံးကြားစေသတည်း..
တဆက်တည်း ခေတ်စားနေတဲ့စကားလေးအတိုင်း
(ပြန်လာပါ့မယ်ခင်ဗျ)
ကလေးနှစ်ယောက်အဖေ
အမတ်မင်း
Was this answer helpful?
LikeDislikeကိုမတ်သည်…..
ကလေး၂ယောက်အဖေအဖြစ် အရှင်လတ်လတ် ရုတ်တရက်ဖြစ်ရခြင်းမှာ (ဒန်တန့်တန်)
သူက စီးပွားတွက်သိပ်တွက်တာ အဲ့လူကြီးက
အဲ့လာ မနေ့တနေ့က လူပြိုကြီး
ကနေ့ကျတော့ ကလေး၂ယောက်ဖအေဖြစ်ရော
အဲ့လာလေ
အဆစ်ရတဲ့ဟာကိုမက်တာကိုး
ကလေးကြီးရင် ကြီးသလောက် ပြုစုပျိုးထောင်စရိတ် သက်သာလို့တဲ့လေ
(ကလေးငယ်ငယ်ဆို ငယ်ငယ်ကတည်းက ပြုစုရတော့မယ်လေ)
ရွာသူားများ အဆုံးထိနှိုက်နှိုက်ချွတ်ချွတ် တွေးကြည့်ကြပါကုန်
Was this answer helpful?
LikeDislikeဟယ် အဲဂလိုကြီးလား
Was this answer helpful?
LikeDislikeကျုပ်က ကိုမတ်ထက် ရာထူးနည်းနည်းလေး
လျော့တယ်….ကလေးတစ်ယောက် အဖေမို့လို့…
……အာဟိ…
ပြီးတော့ ကိုဖက်ကက် စေတနာကို နားလည်ပေမဲ့လည်း
ငှက်ပျောတုန်းဆိုတဲ့အသံကို မကြားချင်လို့
အစောကြီးကတည်းက ကလေးတစ်ယောက်
ဇွပ်မွေးထားတာ..ဘုရားစူး
ခလေးတစ်ယောက်အဖေ….
မောင်ကမ်း…
Was this answer helpful?
LikeDislikeကို အမတ်မင်း က ၀န်မန့် သွားမှ တော့ ဘာမှ ၀င် မန့်ချင်တော့ပါဘူးလေ .. ကျွန်တော် တို့ ဆယ်ကျော်သက် မှာတော့ အိမ်က ကလေးတွေ မဖတ်မိ ဖတ်မိ အောင် ပညာပေး စာအုပ် တွေကို စားပွဲပေါ် တင်ပေးထားတတ်တဲ့ ဘိုးတော် ကို ကျေးဇူးတင်ရမှာပဲ ဗျို့  … ကြည့်ရတာ အဲ့ဒီ ခောတ်တုန်းက ပွင့်ပွင့်လင်းလင်း မပြော ရဲကြလို့ ထင်ရဲ့ ….
Was this answer helpful?
LikeDislikeဟိုလူကြီးကတော့ ပြောတယ် သူ့သားနဲ့သမီးရဲ့ပိုက်ဆံအိတ်ထဲ
ကွန်ဒုံးကိုအမြဲထည့်ပေးထားတယ်တဲ့
Was this answer helpful?
LikeDislikeအားပေးတဲ့ နေရာ လေး တော့လို သဗျာ …။ လိပ် ပညာပေး ဆိုတဲ့နေရာ မှာ လိင် ဆက်ဆံ တာ တစ်ခု ထဲ မက – တခြား ကိစ္စ များ ပါကြောင်းလေး အဲ့ဒါလေးပါ နော့ …။
Was this answer helpful?
LikeDislikeဟိုငေးဒီငေး
ပွဲဈေးထဲလျှောက်
ဝယ်မယောင်ထင်
ရောင်းချင်သူရှိ
သူငယ်စဉ်က
ဈေးကိုင်နေ၏
ပွဲဈေးတန်းဆုံး
ဈေးသိမ်းတုန်းမှ
ဝယ်မည်ရှာသော်
ဈေးဖော်နဲ့ဝေး
တကိုယ်ရေးတွေးကာ
ဗလာဟောင်းလောင်း
ပြန်ကာပြောင်းသော်
ငါသည် အကြိုက်မရှိပေတကား……………….
Was this answer helpful?
LikeDislikeဒါဆိုအခုခေတ်ကလေးဒွေက ခြံထဲကတိုင်မှာဆင်းပြီး ကွန်ဒုံးစွတ်တဲ့ ခေတ်တော့ မဟုတ်တော့ဘူးထင်တယ်…. :D
Was this answer helpful?
LikeDislikeခေတ်ကတော့ ပြောမနေနဲ့တော့။ ရည်းစားထားဖူးတယ် ဆိုတာနဲ့တင် အပျိုပဲ မစစ်တော့သလိုလို၊ တစ်ခုခုပဲ ဖြစ်ပြီးထားသလိုလိုနဲ့။ မိန်းမကောင်းတွေပါ ရောပြီး နာမည်ပျက်တယ်။
တော်တော်များများက ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားနေကြတယ်။ ယောက်ျားလေးတွေဘက်ကလည်း ဒီလိုရိုးရှင်းတဲ့ကိစ္စကို မလိုက်လျောရင်ပဲ တကယ်မချစ်သလို၊ မိန်းကလေးတွေဘက်ကလည်း ဒီခေတ်ထဲမှာ မဆန်းတော့ဘူးဆိုပြီး လိုက်လျော။ သူ့အရပ်နဲ့ သူ့ဇာတ်က ဟုတ်နေပေမယ့် တကယ်ထိန်းသိမ်းတဲ့သူတွေပါ ရောယောင်ပြီး နာမည်ပျက်တယ်။
ဟုတ်ပါတယ်။ ကြောင်ဝတုတ်ပြောသလိုပဲ ပညာပေးရမယ့် အချိန်ကို ရောက်နေပါတယ်။ ဘုမသိဘမသိနဲ့ ရောဂါရပြီး ဒုက္ခရောက်တာ မိန်းကလေးတွေပဲ များတာလေ။ ဖြစ်ပြီးမှတော့ ဘာကိုမှ အပြစ်တင်လို့လည်း မရ။ ကြိုတင်သိထားတော့ ဘာပဲဖြစ်ဖြစ် ကာကွယ်လို့ရတာပေါ့။
Was this answer helpful?
LikeDislike“တိန့်”……. ဒါကြောင့်မို့ အစကတည်း(အဲအခုကတည်းက) ကလေးမွေးရင် မိန်းကလေးမမွေးချင်ဘူးလို့ကျောနေတာပေါ့..။ ဒီလိုပြောလို့ မမ၊ဒေါ်ဒေါ်၊ ညီမများ စိတ်မဆိုးကျလင့်..။မည်သည့်အတွက်မှမဟုတ်။ ( အာဂ ဆိုက်ကို နှင့်အာဂဖြစ်သည်)။ နံပါတ်တစ်အချက် မိန်းကလေးမလိုချင်တာက ။ ဘော်ဒါ တွေ ကြားထဲ (မွေးကတည်းရှုံးလို့ဖြစ်သည်) ဥပမာ တူရ တို့ ၊ တိုမတ် တို့ပေါ့ ။ နောက် ကျွန်တော်က သားမွေးရင် ကျွန်တော့် ရဲ့ ယောက်ျားတို့တတ်သင့်သည့် ပညာ ရပ်တွေ(ဟုတ်ကရော မဟုတ်ကပါပေါ့ဗျာ။ )ကို လက်ပူးလက်ကျပ်သင်ပေးချင်သပ။ မိန်းကလေးဆို ဒီလိုအမွေပေးလို့မှမရတာကိုးဗျ..။ နောက် သားလေးမွေးရင် စိတ်ပူ စရာဆိုလို့ မသကာ အခြောက်ဖြစ်မှက လွဲလို့ကျန်တာတော့ ကျွန်တော်စိတ်မပူရဘူး။ ဥပမာပြောတာပါ။ သားမွေးလို့ ဒင်းဟာ ဒင်း ဘယ်အချိန်ပြန်လာလာ ။ ဘယ်အချုပ်ရောက်ရောက် ဒင်းကို အိမ်ပေါ်က နှင့်ချလိုက်လို့ ဘာမှမဖြစ်ဘူး။ သမီးလေးများ အဲဒီလိုဆိုးလို့ ရှိရင် ဘယ်နဲ့များလုပ်ရ…ပ..။ ထားပါ… လူပျိုကြီး …တွေအကြောင်း ခေတ်လူငယ်အတွေကြောင်းမန့်နေတာ ဘာကြောင့် ကိုယ့်အကြောင်းရောက်သွားသလဲမသိ..။ သမီးလေး များမွေးရင်တော့ ဘယ်လိုထိမ်းရသရပမလဲ ကျွန်တော်မိဘဖြစ်တဲ့အချိန်ရောက်ရင်ပြောပါတယ်။..ရင်လေးမိတယ်။ စိတ်ပူမိတယ်။ ခေတ်ကိုက ၀ါးနုက ၀ါးရင် ပတ်သလိုဖြစ်ဖြစ်နေတော့ ..လေ..။
Was this answer helpful?
LikeDislike“”ကဲဗျာ… ကျွန်တော်တို့လူငယ်ဘ၀တုန်းက အချစ်ကိုနူးနူးညံ့ညံ့နဲ့ အပြစ်ကင်းကင်းခံစားတာ… အချစ်ကိုကိုးကွယ်ခဲ့ကြတာ”"
ကျနော်ဒီအသက်ရွယ်ထိ အသည်းတော့ တဖက်သတ်ကွဲဖူးပါရဲ့။သို့ သော် မတွဲဖူးပါ။စိတ်ညစ်၏။
Was this answer helpful?
LikeDislikeအကျိုးရှိတဲ့ပိုစ့်လေးပါ ကိုကြောင်ဝတုတ်ရေ့
မင်းကိုငါက နားနာ့နာနာ မင်းစိတ်ဆိုးမှာလား၊………….
ပီးတော့ ရပ်ပါဂျေးမီတို့ဆိုထားတဲ့သီချင်းလေး
ယောက်ျားတစ်ကာနဲ့တွဲလိုတွဲ ပီးမှ လက်သည်ရှာဖို့ငါ့ကိုမေးတယ် ကဲဘယ်လိုလဲတဲ့
ကျန်သေးတယ် ဆိုတဲ့သူတော့မသိတော့ဘူး
ပြောတော့ကျ မောင်နှမတဲ့ အမှောင်ထဲကျ ပေါင်ခွတယ် ဘယ်သူလဲမေးရင် မတ်တတ်ရပ်ပီး လက်ညှိုးကိုလည်းထောင်ပြတယ်
ဂျောက်ဂျက် သီချင်းတွေကတော့ ရေးမပြတော့ပါဘူးနော်
အဲ့လိုသီချင်းတွေကလည်း အခုခေတ်အခြေအနေကို မီးမောင်းထိုးပြနေတယ်ဗျ။
ကိုယ့်သားသမီးတွေကျရင် ဘယ်လိုလာမလဲမသိဘူးဗျာ …… အဲ့ဒါကြောင့်လူပျိုဂျီးပဲလုပ်တော့မယ်
Was this answer helpful?
LikeDislikeသားက လူပျိုလေး.ပဲ.ရှိသေးတာ ။
အခုမှ အသက်က 24 ။
ဒါပေမယ့်….တစ်ချိန်မှာ လူပျိုကြီး ဖြစ်တော့မှာ ဆိုတော့…အာညးရပါးရ ဖတ်သွားတယ်..ခင်ည ။
Was this answer helpful?
LikeDislikeခေတ်ရဲ့ပြောင်းလဲခြင်းပဲလား ၊ မီဒီယာကတဆင့်အတုခိုးကောင်းတာလားတော့မသိဘူး ဒီခေတ်ကလေးတွေ အရမ်းလူဖြစ်မြန်ကြတယ် ။ တစ်ခုခုဆိုလည်း သိလိုက်ကြတာချည်းပဲ ။ အဲ့ဒါတွေလုပ်တတ် သွားတတ်မှပဲ ခေတ်မှီတယ် လူရာဝင်နေတယ် ထင်ကြတာ လွဲမှားတဲ့ အတုယူမှုတွေပဲ ။ ခေတ်လူငယ်တွေအတွက်တော့ ရင်လေးတယ်ဗျာ ။
Was this answer helpful?
LikeDislikeဆရာအတ္တကျော်ရဲ့ မီးငယ်တို့ အသိကြွယ်ဖို့ စာအုပ်နဲ့ သားငယ်တို့နားလည်ဖို့ စာအုပ် ၂အုပ်ဆောင်ထားပါလို့ လူပျိုကြီးတွေရော လူပျိုမကြီးတကြီးတွေရော။ကြောင်ဝတုတ်လို လူပြိုကြီးတွေရော ပြောပြချင်ပါတယ်။
Was this answer helpful?
LikeDislikeကိုကြောင်ဝတုတ် ရေ
အကို့ ပို့ စ်နဲ့ တော့ မဆိုင်ဘူးပေါ့
ကျွန်တော့် ကိုယ်တွေ့ အဖြစ်လေး တစ်ခု ပြောချင်လာလို့ 
ကျွန်တော် အလုပ်ကိတ်စနဲ့ လမ်းပေါ်မှာ သွားလာရတဲ့အခါတိုင်း ၊ ကိုယ်သွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့
အတွဲတွေ ချိန်းလေ့ရှိကြတဲ့ နေရာတွေရှေ့ ကို ဖြတ်ကြည့်လေ့ရှိပါတယ် ။ အသိအတွဲတွေများ တွေ့ လို့ တွေ့ ငြားဆိုပြီး …. ဟီဟိ..
တစ်ရက်ကြတော့… အလုပ်ကိတ်စနဲ့ သွားရရင်း အပြန်ကြ ၊ သွားလာရာ လမ်းကြောင်းပေါ်မှာ ရှိတဲ့ မိုတယ်တစ်ခု ရှေ့ ကို ဖြတ်လာခဲ့မိပါတယ် ။ မိုတယ်က ဒူးကြားလမ်းသွယ်လေးထဲမှာ ရှိတာပါ ။ ကျွန်တော် ဆိုတဲ့ကောင်ကလဲ အဲ့ကြားထဲကို ဆိုင်ကယ်နဲ့ ဖြတ်မောင်းရင်း ချက် တာပါဘဲ ။ မိုတယ်ဝင်းရဲ့ အဝင်ပေါက်ဘေးနားမှာ အတွဲတစ်တွဲဟာ ၊ ဆိုင်ကယ်ကိုရပ်ပြီး ၊ ညှိနှိုင်းနေကြပုံပါ ။ အတွဲရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ ၊ ကျွန်တော် ထိုင်ဖြစ်နေကြ အင်တာနက်ဆိုင်မှာ လာသုံးနေကြ ကောင်မလေးဖြစ်နေတယ် ။ သူကလေး ရုပ်ကလေးဟာ တစ်ကယ်ကို နုပြီး လှပတယ် ချစ်စရာလေးပါ ။ အဲဒီအချိန်မှာ သူတို့ ၂ယောက်ဟာ မထင်မှတ်ဘဲ ဆိုင်ကယ်မောင်းလာတဲ့ ကျွန်တော့်ဘက်ကို မျက်နှာလှည့်လာကြပါတယ် ။ ကျွန်တော် ဘယ်ကနေ ဘယ်လို ဖြစ်ပြီး ၊ သူမ ကို ပြုံးပြမိသွားမှန်းမသိပါဘူး ။ ကျွန်တော် ဆိုင်ကယ်ဆက်မောင်းပြီး ပြန်ခဲ့ပါတယ် ။
နောက်ရက်တွေ ထိုင်နေကြ အင်တာနက်ဆိုင်မှာ ထပ်ဆုံဖြစ်ပါတယ် ။ ကောင်မလေး နဲ့ ပါ ။
ကျွန်တော့်လဲ မြင်ရော ၊ ပိုက်ဆံရှင်းပြီး ထပြေးပါလေရောဗျာ ။
Was this answer helpful?
LikeDislike.. တကယ်တော့ ကျွန်တော့် အထင်တော့ လူရယ်လို့ ရှိလာကတည်းက ဒါမျိုးတွေ ရှိလာခဲ့တယ် ထင်တာဘဲ ။ ခုခေတ်နဲ့ကတော့ ပိုပြီးမြင်သာ ထင်သာ ပုန်းရှိုးကွယ်ရှိုး မရှိကြတော့သာ ကွာတယ်ထင်ပါသည် ။
အဲ သီချင်းတွေဆိုရင်လည်း အိစက်ညက်ညောတဲ့ မွေ့ယာထက်ဝယ် ရယ်နဲ့ ရှေးက ဆိုခဲ့ကြတာပါဘဲ ။
ကျွန်တော် ၆ တန်း တုန်းက ယောကျာင်္းလေးတွေ ချည်းဘဲ နေတဲ့ကျောင်းမှာပါ .. အတန်းထဲက အကိုကြီးတွေရဲ့ စွန့်စားခန်းများကို ဟုတ်မဟုတ်တော့ မသိ နားထောင်ခဲ့ဘူးပါတယ် ။
၇ တန်း ယောကျာင်္းလေး နဲ့ မိန်းကလေး ရောထားတဲ့ ကျောင်းရောက်သွားပါတယ် ။ အဲ့ဒီမှာ ရည်းစားထားနေပြီဖြစ်တဲ့ သူငယ်ချင်းများနဲ့ သိကြွမ်းခဲ့ပါတယ် ။ ၈ တန်းမှာ ကျောင်းပြေးကြပြီး ခြုံတောတိုးတဲ့ဆိုတဲ့ အတွေ့အကြုံတွေ နားထောင်နေရပါပြီ. ။
၉တန်း ဆယ်တန်းမှာ တော့ တိရစ္ဆာန်ရုံ ၊ ကန်တော်ကြီး နဲ့ ရုပ်ရှင်ရုံဇတ်လမ်းတွေ သိနေရပါပြီ။ တည်းခိုခန်းများကတော့ မြို့ခံ မှတ်ပုံတင်နဲ့ဆို တည်းလို့ မရတော့ အဲ့ဒီ့ဇတ်လမ်းတော့ မကြားရဘူးပေါ့ ။ ဒါပေမဲ့လည်း အတန်းထဲက နဲနဲ အသက်ကြီးတဲ့ မမ ကိုယ်ဝန်ရှိလို့ ကျောင်းထွက်သွားပြီဆိုတာ အထက်တန်းကျောင်းမှာတင်ရှိခဲ့ပြီး ၊ ဆယ်တန်းအောင်ပြီး ဒုတိယနှစ်မှာတင် ဘယ်သူက မိန်းမရသွားပြီတို့ ဘယ်သူက မိန်းမသွားခိုးမလို့ လိုက်ခဲ့ပါဆိုလို့ တို့ ရှိနေပါပြီ ။ (ဒုတိယနှစ်ဆိုတော့ အသက် ၁၈၊၁၉ အရွယ်ပါ)
ကျောင်းပိတ်ရက် ကြုံလို့ တော ကို သူငယ်ချင်းနဲ့ တော မကျ မြို့ မကျ မြို့လေး လိုက်သွားတော့ မှုးမြစ်ဘေး ညကြီး သဲသောင်ယံပေါ်က ဒင်းတို့ ရဲ့ အပြာအချစ်ဇတ်လမ်း အစောင့်လိုက်လုပ်ပေးရဘူးခဲ့ပါသည် ။
ပြောချင်တာကတော့ ပေါ်ပေါ်တင်တင်ဖြစ်လာတာနဲ့ ခိုးကြောင်ခိုးဝှက်ဘဲ ကွာတာပါလို့ ။
သူတို့ခေတ်ကြမှ ကိုယ်တို့ခေတ်ကျမှ ရယ်တော့ မဟုတ်ပါဘူး ။
ပေါ်ပေါ်တင်တင်ဖြစ်လာမှတော့ ကိုယ်လည်း ရင်ဆိုင်ရတော့မှပ။။။
လစ်ဘရယ်ဖြစ်ဖို့သာ အရေးကြီးတယ်ထင် ……. :grin:
Was this answer helpful?
LikeDislikeအော် ။ ခေတ်——–ခေတ်———ခေတ်———ခေတ်—–။
Was this answer helpful?
LikeDislikeတစ်ချို့မှာ လူပျိုကြီးများဖြစ်ပြီး တစ်ချို့ကျပြန်တော့လဲ လူပြိုကြီးများ ဖြစ်ကြပြန်သေးသည်။
လူပျိုကြီးဆိုသည်မှာ အမဆိုလျင် ယင်မတောင် မသမ်းဖူးသူများဖြစ်သည်။ (ပြောရလျင် သူတို့တောင် မသမ်းရဲလောက်အောင်ကောင်းသူများဖြစ်သည်။)
လူပြိုကြီးများမှာတော့ မိန်းမယူလျင် တစ်ယောက်တည်းရမည်ကို ကြောက်သောသူများဖြစ်သည်။ ထို့ကြောင့် ခဏခဏ ပြိုနေရခြင်းဖြစ်သည်။
ကျွန်ုပ်မှာမူကား……
Was this answer helpful?
LikeDislikeသံချပ်….
ခေတ်ဆိုတာဟာ လူလုပ်တာ….
ခေတ်မကောင်းတာ …လူ့အပြစ်ပဲ…
ပန်းချီဆရာ ဈာန်ဝင်ကာဖြင့်…
ပီးစွာသရုပ် … ဘီလူးရုပ်ပုံ..
ကြမ်းကြုတ်မာန်ဆီ….ဆေးစုံသီလျှက်
စုတ်ညီလက်ရာ… ပုံဖော်ပါလျှင်
ဖြစ်မှာအဟုတ်…ဘီလူးရုပ်ပဲ
Was this answer helpful?
LikeDislikeကလေးတွေ သိချက်ကတော့ ပြောချင်ပါဘူးအေ
အိမ်မှာ အကိုက MP3, MP4 သွင်းတဲ့ဆိုင်လေးဖွင့်ထားပါတယ်
လာသွင်းတဲ့ကလေးတွေ ရဲ့ စက်ဖွင့်လိုက် ထွက်လာတာ ဟိုကား ဒီကားဒွေကြီးပဲ
ကြည့်ကြတဲ့ ကလေးတွေက မျက်နှာပူမပူ မတိဘူး
ထည့်ပေး၇တဲ့ အိမ်က အကိုက မျက်နှာတောင်ပူတယ်ဆိုပဲ
Was this answer helpful?
LikeDislike၀ုတ်ဘ ကျနော့် အင်တာနက်ဆိုင်ဆိုလည်း ကျောင်းပိတ်ရက်ကလေးတွေလာထိုင်ကြတာ
သူတို.ဖွင့်တာတွေကြည်.လိုက်ရင် မကောင်းတဲ့ဆိုဒ်တွေချည်း တချို.ဆိုမိန်းကလေးတွေတောင်ပါသေးတယ်…
စပိုင်ဆော့ဖ်ဝဲ ထည့်ထားတာမဟုတ်ပေမဲ. ဆာဗာမှာ သူတို.ဘာသုံးလဲအကြမ်းဖျင်းကြည်.လို.ရတယ်…..
တချို. မန်မိုရီ စတစ်များကျန်ခဲ့ရင် ဆိုင်ကကောင်လေးတွေ ဖွင့်ကြည့်ကြတာ မကောင်းတဲ့ကားတွေချည်းပဲတဲ့ ဒါတောင် စတစ် ကျန်တဲ့သူအများစုက မိန်းကလေးတွေနော် ကျနော့်ဆိုင်မှာ ကျန်ခဲ့တဲ့ စတစ်အားလုံး မကောင်းတာမပါတာမရှိဘူး…..ဒါဆိုရင်…အဲဒီကလေးတွေ………………………………………။
Was this answer helpful?
LikeDislikeကျုပ်တော့မမန့်တော့ဘူးကြောင်ဝတုတ်ရေ…
Was this answer helpful?
LikeDislikeခေတ်အရ ဖြစ်လာတယ်ပဲပြောရမလားတော့ မသိဘူး။ အဲလိုလူငယ်တွေရှိသလို၊ ကိုယ့်ကိုယ်ကို တကယ်တန်ဖိုးထားတဲ့ လူငယ်တွေလည်း အများကြီးရှိပါသေးတယ်။ တစ်ချို့တွေများဆိုရင် ပြုသူမရှက်၊ မြင်သူရှက်ပါ။ ကျောင်းတက်တုန်းကဆိုရင်လည်း ကျောင်းကားတွေပေါ်မှာ တွေ့ဖူးပါတယ်။ သူတို့တွေမရှက်ပေမယ့် အတူတူစီးရတဲ့လူတွေက တကယ် မမြင်ဝံ့တာပါ။ တစ်ချို့ကားတွေဆို ဆရာမတွေပါပေမယ့်လည်း ဂရုမစိုက်တာကို တွေ့ဖူးပါတယ်။ ငြိမ်းတို့ကျောင်းက ဆရာမတွေက အပျိုကြီးတွေများတော့ သွားဆူဖို့နေနေသာသာ ရှက်ပြီး အနောက်ဘက်တောင် မလှည့်ပါဘူး။ အဓိကကတော့ မိန်းကလေးကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမယ်။ ယောင်္ကျားလေးကလည်း ကိုယ့်ချစ်သူ၊ ရည်းစားကို တန်ဖိုးထားပေးမယ်ဆိုရင် ဒီလိုမျိုး ပေါ်တင်ပြုမူနေတာတွေကို တွေ့ရတော့မှာ မဟုတ်ဘူးလို့ထင်ပါတယ်။
Was this answer helpful?
LikeDislikeအကြည်တော် ပြောထားတာလေးဖတ်ဖူးသဗျာ…
မိန်းမဆိုတာအရွယ်သုံးပါးပဲရှိကြပါသတဲ့…
ပထမအရွယ်က…မိဘကိုဒုက္ခပေးတဲ့အရွယ်
ဒုတိယအရွယ်က…ယောက်ကျားကိုဒုက္ခပေးတဲ့အရွယ်
တတိယအရွယ်က…သမက်နဲ့ ချွေးမများကိုဒုက္ခပေးတဲ့အရွယ်..တဲ့
မှတ်သားစရာလေးနော်..ဟီး..
Was this answer helpful?
LikeDislikeကိုဖတ်ရေ …. ဒီခေတ်မှာ ကူးစက်မြန်နှုန်းမြင့် ရောဂါတစ်ခုလို လူငယ်တွေအကြား ဒီကိစ္စတွေကူးစက်နေတာ … တားဆီးလို့ကတော့ ရမယ်မထင်ဘူးနော် … ဒီတော့ မဖြစ်သင့်တာမဖြစ်ရအောင် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခမများအောင် … ပညာပေးကို လုပ်ကြရပါမယ် ။
ပညာပေးကိစ္စတွေရှိမှသာ မဖြစ်သင့်တာ မဖြစ်ရမှာလေ … ။
မိဘတွေကတော့ ငါ့သားသမီးလေး ငယ်လွန်းလှတယ် … ဒါမျိုးတွေ မလုပ်တတ်ပါဘူးထင်ချင်ထင်ပြီး ပညာပေးတွေ လုပ်လျှင်တောင် ပညာပေးတွေကြောင့် အဲ့ဒီဘက် အာရုံရောက်တာတွေ ၊ သတိမိတာတွေ ဖြစ်လာတော့မယ်ထင်ပြီး … ပညာပေးကိုကျောင်းသင်္ခန်းစာတွေအထဲ ထည့်သင့်ဖို့မတိုက်တွန်းကြသလို ၊ အားလည်း မပေးကြဘူး ။
ကျွန်မတို့ လူမျိုးတွေ တစ်ခါတစ်လေကြလျှင် ….. အရမ်းအတွေးခေါင်ကြတယ် .. မရှက်သင့်တဲ့နေရာမှာရှက်တတ်တော့ … မဖြစ်သင့်တာတွေဖြစ်ကုန်တာပေါ့ …. ။ လူငယ်ဆိုတာ … ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ အတူ ၊ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားလာကြတယ် … ။ အဲ့ဒီအချိန်မှာမှ ပတ်ဝန်းကျင်လှုံ့ဆော်မှူတွေ ၊ မြှောက်ပေးတာတွေကြောင့် လက်တည့်စမ်းကြည့်ကြပါရောလား … ။ ဗဟုသုတလည်းမရှိ ၊ ပညာပေးလည်း မသိထားတော့ ..ငယ်ငယ်ရွယ်ရွယ်နဲ့ … အိမ်ထောင်ကျတဲ့လူကကျ ၊ လမ်းမှားရောက်တဲ့ လူကရောက်နဲ့ … မိဘအရိပ်အောက်မှာနေရင်းကို .. ပြောင်းကိုဆန်နေကြတာပါပဲ … ။
မိဘနဲ့သားသမီးကြားက ပွင့်လင်းတဲ့ ဆက်ဆံရေးကလည်း အရေးပါသေးတယ် ကိုဖတ်ရေ … ။ ကိုယ့်သားသမီး ဟိုတယ်သွားမယ့် ကိစ္စတော့ ဘယ်မိဘကမှ ကြိုမသိပါဘူး .. သားသမီးကလည်း တိုင်ပင်မှာမဟုတ်ဘူး .. ဒါပေမယ် .. မိဘဖြစ်သူကသာ .. သားသမီးမှာ ရည်းစားရှိတယ်ဆိုတာ ကြိုသိလျှင် .. အပြင်မှာတွေ့တဲ့အခါထက် .. အိမ်မှာလာတွေ့ခိုင်းတာမျိုး ၊ တစ်ခုခုသွားမယ်ဆိုလည်း … မိဘကို အသိပေးတာမျိုးနဲ့ …. အရိပ်ခြေအကဲခတ်ထိန်းလို့ ရနိုင်မယ်ထင်တယ် … ။ ပြောမယ့်သာပြောရတာ ကိုဖတ်ရေ … သံကွန်ချာနဲ့ အုပ်ထားလို့ ရတဲ့ခေတ်လည်း မဟုတ်တော့ … အရိပ်ကဲကြည့်နေစဉ်အတွင်းရော ၊ ပညာပေးလုပ်နေစဉ်အတွင်းရော သူတို့ရဲ့ စိတ်ဓါတ်လေးတွေပါ လေ့ကျင့် ပျိုးထောင်ပေးရမယ် … ။ ကိုယ့်ကြောင့် သူတပါးဘ၀ ဒုက္ခမရောက်ပါစေနဲ့ ဆိုတဲ့ စိတ်ဓါတ်မျိုးရော ၊ နှမသားချင်း စာနာတတ်စေတဲ့ စိတ်ဓါတ်မျိုးရော ၊ တာဝန်ယူဖြေရှင်းတတ်တဲ့ သတ္တိမျိုးရော …. လူငယ်တွေခေါင်းထဲ သွင်းပေးသင့်ပါတယ် … ။
အို .. အဒူတွေ ဘာပဲ ပြောပြော တို့ကတော့ … ကလေးမမွေးဘူး .. ကြောင်ပဲမွေးမယ် … ဟိဟိ …
Was this answer helpful?
LikeDislikeဂယ်လားဟင်….
Was this answer helpful?
LikeDislikeကောင်းပါတယ်..
ကျော်တို့ လို လပြိုဂျီးတွေကို ခုလို အချိန်မီလေး သီးချိန်တန်သီး..ပွင့်ချိန်တန် ပွင့် အာချိန်တန်အာ..ဘာညာဘာညာ မဆုံးရှုံးရအောင်
ခုလို ၁ကူး၁က အချိန်ယူ ဆင်းစား ထောက်ပြ လမ်းညွှန်ပေးတာ..များကီးကောင်းပါလယ်..
ကောင်းပါလယ်..ကောင်းပါလယ်..
Was this answer helpful?
LikeDislikeဟေး ၀တုတ်…။
အချိန်မရလို့ အခုတော့ ဖတ်သွားရုံပဲ။
အမတ်မင်းပြောသလို ပြန်လာခဲ့မယ်…။
ဆက်ဆက် စောင့်နေပါ…။
လေးဘလက်…။
Was this answer helpful?
LikeDislike