လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ဖြစ်စေသော ဆေးဝါး
|1821- Hits|
ဒီပို့စ်လေးကို ကိုကျော်သက်လတ်ရဲ့ဘလော့ဂ်မှာတွေ့တာ အတော်ကြာပါပြီ။ အဲဒီတုန်းက ပြန်တင်ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပေမယ့် မတင်ဖြစ်ခဲ့ပါဘူး။ အခုမှပဲ တင်ဖြစ်တော့တယ်။ အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (မရိုသေစကား) အမျိုးသမီးအင်္ဂါတွင်း တစ်စုံတစ်ရာဖြင့် ထိုးသွင်းခြင်းအဆုံး၊ လိင်ဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မုဒိမ်းကျင့်ရန် ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။ ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ – GHB (Gamma Hydroxybutyric Acid) Rohypnol (Flunitrazepam) Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။ Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟု အသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအား ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သော အခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင် ပြနိုင်ပေသည်။ ဆေး၏ ပုံသဏ္ဍာန် GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့် ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။ Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။ Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။ ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင် ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့် ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကို ပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင် GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။ GHB ၏ အာနိသင်များ အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း Rohypnol ၏ အာနိသင်များ ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း Ketamine ၏ အာနိသင်များ စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား? ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟု မဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ (ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။ Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။ Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက် မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။ တိရစ္ဆာန်များတွင် အများဆုံး အသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက်ခံကြရကြောင်း သိရသည်။ GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက် အမေရိကတွင် မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။ ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ? ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေ စသည့်အရည်များအား မသောက်ပါနှင့်။ အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍ အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punch ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့် ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။ (မိန်းကလေးတွေ သင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာ ဆေးခတ်ထားနိုင်ပါတယ်။) ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။ များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။ အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည် အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။ Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင် နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာ ခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။ တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။ အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏ အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်း မသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦး အပြန်အလှန် ကူညီနိုင်ပါသည်။ သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာ နေပါ။ သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှ လက်မခံပါနှင့်။ သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အား ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့် ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအား စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက မည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည် နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟု ထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါက ဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့် အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှ အကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူ လုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည် အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။ သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအား မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။
Ref: http://kyawthetlatt.blogspot.com/, “Date rape drugs” (အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထား စမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို www.collegesafe.com မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။) written by Stanley tags: drug, GHB, Ketamine, rape, Rohypnol http://stanley.iblogger.org/?cat=20 မှကူးယူဖော်ပြပါသည်။
Related posts:


သိသင့်တဲ့ အကြောင်းအရာတွေပါ။ မိန်းကလေး တွေအနေနဲ့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ရဲ့လုံခြုံမှုဟာ ကိုယ့်ရဲ့အသိဥာဏ်ပေါ်ပေါ်မှာ အများဆုံး မူတည်ပါတယ်။ ပြီးတော့လည်း ဒီဆေးတွေကြောင့် ရာဇ၀တ်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။
Was this answer helpful?
LikeDislikeတော်တော်လေးကိုကောင်းပါတယ်။ ဖတ်တဲ့သူတွေအားလုံးဗဟုတသုတရတာပေါ့ဗျာ။
ဒါမှလဲဒီလိုကိစ္စတွေကို ကာကွယ်နိင်မှာပေါ့။
Was this answer helpful?
LikeDislikeကောင်းလိုက် တဲ ပညာပေး တခုပါ တော်လိုက်တာ ဒါမျိုးတွေ များများသိဖို လိုနေပါတယ် ၂၁ရာစုလေ
Was this answer helpful?
LikeDislikeတော်တော်ကောင်းပါတယ်…အရင်တုန်းက လူတွေကကြားသာကြားဖူးတာ…သေချာမသိကြဘူး…
Was this answer helpful?
LikeDislikeမိန်းကလေးတွေ သေချာနားလည်ထားသင့်တဲ့  အကြောင်းအရာကို သေချာတင်ပြပေးထားတာပဲ ကျေးဇူးတင်ပါတယ်
Was this answer helpful?
LikeDislikeကျေးဇူးပါ….
Was this answer helpful?
LikeDislikeကောင်းတော့ ကောင်းတယ် အဲဒါတွေ ဖတ်ပြီး ဆိုင်တွေမှာ လက်တို့နေအုန်းမယ် ဒါပေမဲ့ မဟုတ်တာ လုပ်တဲ့ လူက လူကောင်းတွေထက် ပိုသိပါတယ်လေ။ လောကကြီးကလည်း ထိတ်လန့်စရာကြီးပါလားနော်
Was this answer helpful?
LikeDislikeThanks. You deserve more than 10 stars. It can help our brothers and sisters in Burma from your excellent translation. Well done. Congratulation Manawphyulay.
Was this answer helpful?
LikeDislikeမြန်မာမိန်းကလေးတွေ အနေနဲ့သိထားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုခောတ်မှာမလုပ်ကြဘူးလို့တော့
မပြောနိုင်ဘူးလေ။တော်တော်လေးကိုလေ့လာပြီး အခုလိုရေးသားတင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ နောက်နောင်
လည်းလည်းဒီတက်မက ပို့ကောင်းလေးတွေတင်ပေးပါဦးလို့ ပြောလိုက်ပါရစေ။
Was this answer helpful?
LikeDislikeအခုလိုတင်ပေးတဲ့အတွက် မိန်းကလေးတွေအတွက် ကိုယ့်ကိုယ်ကိုကာကွယ်ရှောင်ရှားလို့ရတာပေါ့…..ဖော်ပြပေးတဲ့ အတွက် ဗဟုသုတလည်းတိုးစေတာပေါ့…ကျေးဇူးပါ….
Was this answer helpful?
LikeDislikeအော် ကြောက်စရာတွေပါလား … မကောင်းတဲ့ကောင်တွေအတွက်တော့ ပျော်စရာကြီးပဲ …
Was this answer helpful?
LikeDislike