ဆောင်းညတစ်ညမှ….ရုတ်တရက်နိုးထပြီး ငိုကျွေးနေတဲ့ သားဖြစ်သူကို မိခင်ဖြစ်သူက မေးတယ်….

“အိပ်မက်ဆိုးတွေမက်လို့…ငိုတာလား ….သား..”

“မဟုတ်ပါဘူး…မေမေ….”

“ဒါဆို….ကြောက်စရာအိပ်မက်တွေ….မက်တာလား….”

“မဟုတ်ပါဘူး…မေမေ…၊ အရမ်း ပျော်စရာကောင်းတဲ့….အိပ်မက်တွေကိုပဲ…မက်တာပါ…..”

“ဒါဆို…သားက ဘာဖြစ်လို့….ငိုတာလဲ….”

အိပ်မက်တွေက……တကယ်မဖြစ်လာလို့ပါ……”

 

Bitter Sweet

 

 

အသက်အရွယ်လေးပဲရလာလို့…..သူငယ်ပဲပြန်ချင်တာလား မသိ….၊ ကောင်းကင်ပြာ ခုတစ်လော ကာတွန်းကားတွေ ခဏခဏကြည့်ဖြစ်နေတယ်….။ ကြည့်ရင်းနဲ့ ကာတွန်းတွေ၊ ပုံပြင်တွေရဲ့ လွတ်လပ်စွာ….ဖန်တီးနိုင်ခွင့်ကို သဘောကျနေတယ်….။

ဟုတ်တယ်လေ…..

မင်းသမီးလေး တေးဆိုရင် တောပန်းလေးတွေကလဲ ပွင့်ချင်ပွင့်လာမယ်….၊ တောကောင်ငယ်လေးတွေကလဲ သီချင်းသံနဲ့ အတူ…..မြူးထူးကခုန်ကြမယ်….။ Tom ကြီး ဂေါ်ပြားနဲ့လိုက်ရိုက်လို့ Jerry လေးလဲ ပြားပြားကလေး ဖြစ်ကောင်း ဖြစ်သွားလိမ့်မယ်….။ ကာတွန်းတွေဟာ…ဖန်တီးသူရဲ့ အတွေးနဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကန့်သတ်မထားဘူး…..။

ဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေ အဓိပ္ပါယ်ရှိတာတွေ မရှိတာတွေ၊ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေဟာ ကာတွန်းတွေ ပုံပြင်တွေအတွက် မလိုအပ်ဘူး…..။ ဖန်တီးတဲ့သူဟာ….သူစိတ်ကူးရှိရင် ရှိသလောက်….၊ သူဖန်တီးနိုင်ရင် ဖန်တီးနိုင်သလောက်… ဖန်တီးပိုင်ခွင့်ကို ကာတွန်းတွေထဲမှာ…အပြည့်အ၀ ရတယ်….။

 

ပြောချင်တာက..

ကာတွန်းတွေ ပုံပြင်တွေမှာ…ဘောင်မရှိဘူးဆိုတာပါပဲ…

အဲ့ဒီ ကာတွန်းတွေ ပုံပြင်တွေလိုပဲ….ဘောင်မရှိတဲ့ နောက်အရာတစ်ခုရှိသေးတယ်…

အဲ့ဒါ….

 

 

အိပ်မက်…ပဲ

အားလုံး သိတဲ့အတိုင်းပဲ…….

ညကမက်တဲ့ အိပ်မက်ထဲမှာလေ..လို့….အစချီရင်…အဲ့ဒါ ဘာမဆို ဖြစ်သွားနိုင်ပါတယ်….။

++++++++++++++++++++++++++++++++++++++++++++++++

 

အင်း…ဒီလောက်ဆိုရင်…ကောင်းကင်ပြာ…ဘာပြောတော့မယ်ဆိုတာကို…သိလောက်ပြီ…ထင်ရဲ့….

ဟုတ်ပါတယ်…….

:

:

:

:

ကျနော် အိပ်မက်မက်နေတယ်……

++++++++++++++++++++++++++++++++++++++++++++++++

 

ကျနော် အိပ်မက်မက်နေတယ်……

 

 

ဒီတစ်ခါ အိပ်မက်ထဲမှာတော့…..ကျနော်…တောင်ကုန်းမြင့်မြင့်တစ်ခုပေါ်မှာ ရောက်နေတယ်……။ ကျနော့်အနားကို…မြေသင်းနံ့ပါတဲ့…..လေညှင်းအေးအေးလေး…. ဖြတ်တိုက်သွားတယ်….။ ကျနော့်ရဲ့ သိပ်မကြာခင်ကာလမှာ ပုခုံးထိ ရောက်တော့မယ့် ဆံပင်တွေ လေနဲ့အတူ လွင့်သွားတယ်….။

သိပ်မကြာခင်…..နေ၀င်တော့မယ်……။

ကောင်းကင်ပြင်တစ်ခုလုံး…အရောင်အဆင်းတွေစုံပြီး လှချင်တိုင်း လှနေတယ်…..။ ရွှေရောင်၊ အနီရောင်၊ အပြာရောင်၊ ပုဇွန်ဆီရောင်တွေ…..

ဆရာတော် သျှင်ဥတ္တမကျော်ရေးတဲ့…

“တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်

တိမ်ပြာရောယှက်၊ မရန်းဖက်၍

တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်

မှောင်ခဲ့တခါ၊ ပြာခဲ့တချို့

ညိုခဲ့တလီ၊ ရီခဲ့တဖုံ

မှုန်ခဲ့တချက်၊ ယုဂန်ထက်က 

လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း

နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်

ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့—“ ဆိုတဲ့ကဗျာကို … ကျနော် ခပ်တိုးတိုးရွတ်ရင်း….လောကကြီး သာယာချင်တိုင်း သာယာနေတဲ့ပုံကို မျက်စိစားပွဲထိုင်နေမိတယ်…။ ကျနော်…တောင်ကုန်းပေါ်က မြက်ခင်းစုလေးပေါ်မှာ..ဒီအတိုင်း မြေကြီးပေါ်ထိုင်ချရင်းနဲ့……လှပနေတဲ့ ကောင်းကင်ပြင်ကြီးကိုကြည့်လိုက်တော့ တိမ်တွေဟာ….ကျနော့်မျက်နှာဆီ ရောက်လာကြမှာလားလို့ တွေးမိသွားတဲ့အထိပဲ….။ ဟိုးးးး အောက်ခြေက မှုန်ပြပြမြင်နေရတဲ့….အိမ်စုလေးတွေကို အပေါ်စီးကနေကြည့်လိုက်တော့ ပြေးလွှားကစားနေတဲ့ ကလေးတွေကိုလဲ ကျနော်..အရိပ်အယောင်ပုံလောက်လေး…ခပ်ဝါးဝါးမြင်နေရတယ်….။

ကြည့်စမ်းပါဦး… လောကကြီးက ဘယ်လောက်တောင် သာယာလိုက်သလဲလို့.…..

ကောင်းလိုက်တဲ့ ဘ၀….

အေးချမ်းလိုက်တဲ့…ဘ၀….

သာယာလိုက်တဲ့..ဘ၀…

 

အဲ့ဒီအချိန်မှာပဲ……..

:

:

:

:

’ဒီလိုကျတော့လဲ….သဘာဝအလှက…လူတွေကို အတော်ဖမ်းစားနိုင်တာပဲနော်…ကောင်လေး…..”

ရုတ်တရက် ကျနော့်ဘေးနားက အသံထွက်လာတော့ ကျနော် နည်းနည်းတော့ ထိတ်လန့်သွားတယ်။ ကျနော်က ကျနော်တစ်ယောက်ထဲရှိနေတယ်ပဲ တထစ်ချ တွက်ထားတာကိုး…..

လှည့်ကြည့်လိုက်တော့…ဗိုက်ပူပူနဲ့ လူဝကြီးတစ်ယောက်…..။ သူဘယ်လိုရောက်လာပြီး ဘယ်ချိန်ထဲက ရှိနေသလဲလို့တော့ ကျနော့်ကို မမေးနဲ့..၊ ကျနော်လဲ မသိဘူး…။ ခုလောလောဆယ် ကျနော် သူ့ကို စတွေ့တွေ့ချင်း စိတ်ဝင်စားနေတာကတော့ သူ့ဗိုက်ပူပူကြီးကိုပဲ…။ ။သူ့ရဲ့ ပူနေတဲ့ဗိုက်ကြီးဟာ…မိန်းမတစ်ယောက်သာဖြစ်မယ်ဆိုရင် နေ့စေ့လစေ့လို့တောင် ပြောလို့ရနေပြီ….။ အဲ့ဒီဗိုက်ပူကြီးကိုပဲ…သူကလဲ ရည်ရွယ်ချက်မရှိ…သူ့လက်ကြီး ၂ ဖက်နဲ့ ထိုင်ပွတ်နေတယ်….။ သူ့နဲ့ သူ့ဗိုက်ကိုကြည့်နေရင်း ကျနော် အတွေးတစ်ခုဝင်သွားပြီး သူ့ကို တော်တော်သနားသွားတယ်…။ ဘာကြောင့်လဲဆိုတာ ခင်ဗျားတို့ကို ကျနော်ပြောပါမယ်….

ခင်ဗျားတို့ကို မပြောခင် ကျနော် ကာယကံရှင်ကိုပဲ တည့်တည့်ပြောလိုက်တယ်….

“ကျနော် ခင်ဗျားကို သနားတယ်..”

“ဟေ…ဘာလို့တုန်း…..”

ကျနော်ထင်ထားတာလောက် လူဝကြီးက ရှုးရှုးရှားရှား မဖြစ်ဘဲ… တည်တည်ငြိမ်ငြိမ်ပဲ စကားသံ ခပ်လေးလေးနဲ့ ပြန်မေးတယ်…။ သဘာဝအလှမှာမျောပြီး သူ ကျနော်နဲ့ ရန်ဖြစ်ချင်စိတ် ရှိပုံလဲမရဘူးထင်ပါ့…။

ဒါနဲ့ပဲ ကျနော်လဲ ဆက်ပြောတယ်…..

“ဟုတ်တယ်လေဗျာ….ကိုယ်ဝန်သည်မိန်းမတစ်ယောက်တောင်….၁၀ လကြာရင် ဒါကြီးပြုတ်မယ်ဆိုတဲ့…သေချာမှုရှိသေးတယ် …။ ခင်ဗျားကတော့ ဘယ်တော့များမှ ပေါ့ပေါ့ပါးပါးဖြစ်မယ်ဆိုတာ မသေချာဘဲနဲ့..ဒီကိုယ်ဝန်..အဲ..အဲ…ဒီဗိုက်ကြီးကို တစ်ချိန်လုံး ထမ်းပိုးထားရတာကိုး…။ ပြီးတော့ ကိုယ်ဝန်သည်မိန်းမတွေကိုမှ လူတွေက ဂရုစိုက်တာ၊ ဦးစားပေးတာ၊ ကူညီတာ၊ အလိုလိုက်တာ ရှိသေးတယ်…။ ခင်ဗျားကိုတော့ ဒါကြီးထမ်းပိုးထားလို့လဲ ဘယ်သူကမှ ဖေးကူပြီး သနားနေမှာ မဟုတ်ဘူး…။ မသနားတဲ့အပြင် ဘီယာတွေ နင်းကန်ဒလကြမ်းသောက်လို့ပဲ ဒါကြီး ပူရသလိုလိုနဲ့ ခင်ဗျားမှာသံသယက အ၀င်ခံရဦးမယ်….။ ဒါကြောင့် ကျနော်ခင်ဗျားကို သနားတယ်….”

“’ဒီလိုရှိတယ် ကောင်လေး…၊ မင်း ငါ့ကို သနားလို့ ငါက ဘာမှ မဖြစ်ပါဘူး…။ သံသရာမှာ ကျင်လည်နေတဲ့လူမှန်သမျှကတော့ သူ့ဟာနဲ့သူ သနားစရာကောင်းနေကြတာချည်းပါပဲ….ဒါပေမယ့်.. ဒီဗိုက်ကြီးကတော့ တွေးကြည့်လိုက်ရင်…. အင်းးးး

:

:

:

:

:

အမုန်းနဲ့ တူတယ်ကွ..”

“ဗျာ…”

သူ့စကားကြောင့် ကျနော် နည်းနည်းတော့ နားရှုပ်သွားတယ်….။

သူ့ဗိုက်ပူပူကြီးနဲ့ သူပြောတဲ့ အမုန်းဆိုတာနဲ့က ဘယ်လိုများ ဆက်စပ်ပါလိမ့်…

လူဝကြီးက တွေတွေငေးငေးနဲ့ ဆက်ပြောတယ်…..

“ဟုတ်တယ်လေကွာ….မင်း ဒါကြီးကိုကြည့်..”

လူဝကြီးက ကျနော့်ကိုပြောရင်း…သူ့ရဲ့မနိုင်ရင်ကာပူနေတဲ့ဗိုက်ကြီးကို တဘုတ်ဘုတ်နဲ့ ပုတ်ပြတယ်…..

“အချိန်အတော်ကြာ နည်းနည်း နည်းနည်းစီ မသိမသာစုဆောင်းထားပြီး…မင်းပြောသလို..ဘယ်အချိန်မှ ပျောက်ကွယ်သွားမယ်ဆိုတာ…သေချာမသိနိုင်ဘဲကိုးကွ….။ ပြီးတော့ အကြာကြီး ဆက်သယ်ထားရင် ကျန်းမာရေးလဲ ထိခိုက်နိုင်တဲ့ကိစ္စကွ….”

 

သူပြောမှ…ကျနော် ဟုတ်နိုးနိုးတွေးရင်း…ကျနော်နဲ့ လူဝကြီးကြားမှာ…ခဏတော့ တိတ်ဆိတ်သွားတယ်….

မကြာခင်မှာ…အလင်းရောင်….ပျောက်ကွယ်တော့မယ်….

 

ကောင်းကင်ပြာ

 

မှတ်ချက် ။       ။ စိတ်ကူးပေါက်ရာ ရေးခြင်းသာ ဖြစ်ပါသည်….။ ရွာထဲမှ…ဗိုက်ပူကြသော ရွာလူကြီးများအား…တိုက်ခိုက်လိုခြင်း…လုံးဝ(လုံးဝ) မဟုတ်ပါ…..။ တိုက်ဆိုင်မှုများရှိလျှင် ခွေးလွှတ်ပေးကြပါကုန်…..

:k:

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 44 post in this Website..