စောစောက ယောက်ခမွဆာဆာက ငယ်ဘ၀အကြောင်းလေးရေးပါလားလို့မေးလို့လေ… မျက်မှန်လေး မျက်နှာထောက်ထားပြီးရေးရသေးသာပ……… :mrgreen: ငယ်ဘ၀ဆိုတာ ငယ်ငယ်တုန်းကဘ၀ပေါ့နော…. .. မိဗုံငယ်ငယ်တုန်းက မတရားဆော့တာ… ဆော့တာမှ သူများနဲ့ မတူ .. ပြောရအုံးမယ်… မိဗုံတို့ရွာက အခုထိလွတ်လပ်ရေးမရကြသေးဘူးဗျ… နေထက်လင်းတို့ သီဟတင်စိုးတို့နဲ့ တိုက်ပွဲဝင်ကြတုန်းရှိသေးတယ်… ဒီကားတွေကိုမှလည်း ရွာကလူတွေက ဇာတ်ကားထင်တာရယ်… အဒေါ်တို့အိမ်က ဗီဒီယိုပြတော့ ညနေတောပြန်ချိန်ရေမိုးချိုးပြီးရင် လာကြတော့တာ.. အတုမြင်အတတ်သင်ဆိုသလို မိဗုံတို့ဆော့လိုက်ရင် စစ်တိုက်တမ်း… ငှက်ပျောလက်တွေခုတ်.. သေနတ်လုပ်ပြီး ဆော့ကြတာ… ဆော့စရာကလည်း ပေါမှပေါ.. ငှက်ပျောလက်..သဘောင်္ရိုး.. ငှက်ပျောတုံး .. မရိုးအောင်ဆော့လို့ရတယ်… ဒီလိုနဲ့ တနေ့သောအခါဝယ်ပေါ့လေ.. :mrgreen: ရွာမှာ အိမ်ကိုဘဲအမိုးမိုးတာဘဲဖြစ်ဖြစ် နွားတဲမိုးတာဘဲ ဖြစ်ဖြစ် လူကြီးတွေက အပေါ်ကနေ ထန်းရွက်တွေပစ်ချ ကလေးတွေက အောက်ကနေ နိုင်သလောက် နှစ်ချပ် သုံးချပ် သယ်ပေးရတယ်.. သယ်ပြီးရင် မူးကျင်းထဲ သွားပစ် ..မူးရေတိုးလာတော့ အဲ့အမှိုက်တွေပါသွားရော…. မိဗုံတို့လည်း မနက်လင်းကတည်းကသွားတာ.. အဖေ့ပုဆိုးတစ်ထည် စလွယ်သိုင်းပြီး …. အကြံနဲ့လေကိုယ်က… မသွားခင်တိုးတိုးတိတ်တိတ် တိုင်ပင်ထားကြ သေးတာ… ဒီလိုနဲ့အမှိုက်တွေဒရွတ်ဆွဲလာ.. ရွာလယ်မှာ အပျိုကြီးမ၀င်းရွှေအိမ်ရှိတယ်.. သူက ရွေဘိုမြို့ပေါ်ကနေ ကုန်တွေဝယ် ရွာမှာပြန်ရောင်း.. အဲ့လိုလုပ်တာ အိမ်မှာအမြဲမရှိဘူး… သူ့အိမ်က မိဗုံတို့ ဆော့စရာ… မန်ကျဉ်းပင်… စောင်းလျှားပင်..ဥသျှစ်ပင်..ရှောက်ချိုသီးပင်.. စုံလို့ စုံလို့ ရှိတယ် အိမ်ဝင်းထဲမှာ အုံ့မှိုင်းလို့ အပျိုကြီးဆိုတော့ အပေါက်ကလည်းဆိုးလိုက်တာပြောမနေနဲ့ သူ့အပင်က ဘာသီးမှ တောင်းလို့မပေးဘူး မိဗုံတို့ကတော့မပေးလည်း ခိုးပြီးခူးစားကြတာ…. ဖိနပ်ပေါက်ပြီးတစ်မျိုး… ၀ါးလုံးနဲ့ထိုးပြီး တစ်သွယ်.. ထင်းချောင်းနဲ့ လှမ်းပစ်တာက တဖုံ.. သူ့အပင်တွေခမျာ အတော်ဒဏ်ခံရရှာတာ…. သူမရှိရင်တော့ ခွေးတိုးပေါက်ကနေ၀င်ပြီး မီးကုန်ရမ်းကုန်ဆော့ကြတာ… အဲ..ခုနက ဆွဲလာတဲ့ ထန်းရွက်တွေကို မူးကျင်းထဲ ရောက်အောင်မပစ်ဘဲ ခြံစည်းရိုးအပေါက်ကနေ ခြံထဲပစ်ပစ်ထားခဲ့တာ…. လုံလောက်ပြီဆိုတော့ သွားမသယ်တော့ဘူး…. ခြံထဲမှာ တဲတွေဆောက် ပြီးတာနဲ့ လူစုခွဲ .. ရွာသားတွေ သီဟတင်စိုးတို့က တစ်ဖက် ပုလိပ်တွေကတစ်ဖက်.. ကိုယ်က သူပုန်ခေါင်းဆောင် :mrgreen: ဇတ်လမ်းက ညကကြည့်ထားတဲ့အတိုင်း ရွာထဲကိုဝင် သေနတ်ဖောက် မီးရှို့ … တဲတွေကလည်း အစီအရီဆောက်ထားပြီး..မီးခြစ်ကလည်း အိမ်ကခိုးလာပြီး… ဘာပြောကောင်းမလဲရှို့ထည့်လိုက်တာ…. နွေရာသီလည်း ဖြစ်..ထန်းရွက်တွေကလည်း ဆွေး… မလောင်ချင်မှအဆုံး… အိမ်မိုးနေတဲ့လူကြီးတွေက မီးတောက်တွေမြင်တော့ ပြေးဆင်းလာပြီး အတင်းဝိုင်းပြီး ငြိမ်းကြလို့ အပျိုကြီးရဲ့ မီးဖိုတစ်ခြမ်းဘဲပါသွားတာ… မိဗုံတို့လည်း ခွေးတိုးပေါက်နေထွက်ပြီး ပြေးလိုက်ရတာမှ မှုန်လို့..ရိုက်ခံရမှာကြောက်လို့လေ… ဘယ်သိမလဲနော…ဒီလိုရှို့ရင် ဒီလိုလောင်မယ်ဆိုတာ.. ဇာတ်ကားထဲကလို တစ်ခန်းပြီးသွားတာနဲ့ အသစ်ပြန်ဖြစ်သွားမယ်မှတ်နေတာပေါ့ .. :mrgreen: အဲ့အချိန်ကနေပြီး အပျိုကြီးကဈေးရောင်းမစားတော့ဘူး .. သူ့အိမ်စိတ်မချလို့ ငွေတိုးဘဲပေးစားတော့တာ…

အဲနောက်တစ်ခုက မိဗုံတို့အဖိုးနဲ့ သူငယ်ချင်းလို့ပြောရမှာပေါ့ သူက ရှေးလူကြီးမို့လားတော့မသိဘူး မတရား လျှာရှည်တာရယ်.. ရေနွေးကလည်း တအားသောက်တာ.. အိမ်လာရင်ရေနွေးအိုးချပေးရတာ တလုပ်.. မိဗုံငယ်ငယ်တုန်းက သူ့ဆိုမတည့်ဘူး.. ခြေနင်းသံကြမ်းရင် ကြမ်းပြန်ပြီ… စကားကျယ်ပြောရင် ပြောပြန်ပြီ ဖိနပ်ချွတ်ရင် ညီအောင်မချွတ်လို့… စသဖြင့် စသဖြင့် စုံလို့… အဲ့ဒါမျိုးတွေ မမြင်ချင်ရင် အိမ်မလာနဲ့ပေါ့လို့ ကိုယ်ကပြန်ပြန်ပြောရင် အမေတို့က ဆွဲဆွဲဆိတ်လို့ ပါးစပ်က ပြန်မပြောရဲဘူး.. စိတ်ထဲကတော့ ညှိုးထားတယ်… အဲ့ဒီနေ့ကလည်း လာပါရော.. တောင်ဝှေးကြီးထောက်လို့ .. မိဗုံက လှေကားကို ခြေတစ်ပေါင်ကျိုးလုပ်ပြီး တက်လိုက်ဆင်းလိုက်ဆော့နေတာ.. ဆော့ရမလားဆိုပြီး တောင်းဝှေးနဲ့ ခေါက်သွားတယ်.. စိတ်ကတိုပြီ… အဘိုးက မိဗုံရေ ရေနွေးချပေးလိုက်ပါအုံးဆိုတာနဲ့.. သူသောက်မယ့်အိုးထဲကို လက်ဖက်ခြောက်ကနည်းနည်းလေးဘဲထည့်ပြီး ကွမ်းယာထဲထည့်စားတဲ့ ဆေးရွက်ကြီးခြောက်တွေ ထည့်ပေးလိုက်တာ…. အဲ့နေ့က ချွေးစေးတွေပြန်ပြီး အိမ်မှာတင် ဆရာပင့်ပြီး ဆေးထိုးလိုက်ရတယ်…. (တောင်းပန်ပါတယ် အဘိုးရယ်.. ကလေးတုန်းက မသိလို့.. :mrgreen:

ပြီးတော့လေ ရွာမှာက အိမ်ကိုဧည့်သည်တွေလာရင်.. အိမ်ကကြက်ချက်ကျွေးကြရတာ.. ဈေးတွေဘာတွေလည်း မရှိတော့… အဲ့ဒါနဲ့ အိမ်ကိုဧည့်သည်တွေလာပါလေရော… ကြက်တွေလည်းမျက်ခုံးလှုပ်ပြီပေါ့… မိဗုံကို ဦးလေးက ပေးထားတဲ့ ကြက်မလေးရှိတယ်…. ကိုယ်က သိပ်သံယောဇဉ်ကြီးတော့ အရိပ်တကြည့်ကြည့်နဲ့ပေါ့… သူကကြက်ကလေးတွေပေါက်တော့ ရှစ်ကောင်… ကြက်ကလေးတွေ နည်းနည်း ကြီးလာတော့ ..ကြက်နာကျတာနဲ့ တိုးတယ်… ပါးစပ်ထဲက အရည်တွေထွက်ပြီး မှိန်းနေကြတယ်… အဲ့ဒါကိုမိဗုံက ကြက်ကလေးတွေ နှာစေးနေတယ်လို့ထင်တာ.. ကိုယ်တွေနှာစေးရင် အမေက ဘာမီတွန်တိုက်နေကြဆိုတော့.. ဘာမီတွန်တွေကြိတ် မောင်လေးကို ပါးစပ်ဖြဲခိုင်း ဆေးထိုးပိုက်နဲ့ စုပ်ထည့်ပြီး ကြက်ကိုဘာမီတွန်တိုက်ကြတာ..ပြီးတော့ ပုဆိုးစုတ်တွေနဲ့ အုပ်ပေး..အအေးမမိအောင်လို့…. နေ့လည်လည်းမလှုပ် …ညနေလည်း ထမလာ.. . မနှိုးသောအိပ်စက်ခြင်းနဲ့ အိပ်ပျော်သွားကြလေသတည်းပေါ့…. (အော် ကလေးဆိုတော့ မသိလို့ပါ..စေတနာတွေဗလဗွနဲ့ ပါ) အဲ့ဒါနဲ့ အူးလေးက အစားပြန်ပေးထားတာ ကြက်မလေး .. ခြေထောက်က အမည်းလေးနဲ့ .. ဧည့်သည်တွေလာတော့ ချက်ကျွေးရအောင်ဆိုပြီး ကြက်အုပ်စုကို လိုက်ပစ်ရော…ပစ်တာက တခြားကြက် မှန်တာက မိဗုံကြက်… အကျိုးပေးပုံများ… အဲ့ဒါအူးလေးက မိဗုံသိရင်.. ဆူညံနေလိမ့်မယ်.. ဧည့်သည်တွေနဲ့ဆိုပြီး ဘယ်သူ့မှ မပြောဖို့ပြောထားတယ်… ဒီလိုနဲ့စားချိန်ရောက်.. မိဗုံကလည်း ခြေထောက်နှစ်ချောင်းဆင်း ဇလုံကိုပေါင်ပေါ်တင်ပြီး စားနေပြီကြက်သားနဲ့… အဲ့ဒါကို အပေါင်းအသင်းကလည်း ကောင်းတော့ စားနေတုန်းလာပြောတာ… နင့်ကြက်လေး ဟဲ့ အဲ့ဒါက .. မဟုတ်ဘဲနဲ့ မပြောနဲ့လို့ ဆိုတော့… မန်ကျည်းပင်အောက်မှာ အမွေးတွေတောင်ရှိသေး ငါလိုက်ပြမယ်..ဆိုပြီး သွားကြည့်တော့ အဟုတ်.. ဒါနဲ့စားနေတဲ့ ထမင်းတွေကို အိမ်ရှေ့တင်လင်းထဲ ကို ပက်ပြီး ကြက်တွေကိုခေါ်တာ…. သေချာအောင်လို့ ဟုတ်သား.. ကိုယ့်ကြက်က ပါမလာဘူး… ထမင်းဇလုံကို ပစ်ချပြီး ဧည့်သည်တွေကျွေးနေတဲ့နေရာသွားပြီး ငါ့ကြက်ကို ပြန်ဆက်ပေး… ပြန်ဆက်ပေးဆိုပြီး ဟင်းပုဂံထဲ ရောက်နေတဲ့ ကြက်ကို အကောင်ဖြစ်အောင် ပြန်ဆက်ခိုင်းတာ… စားပွဲခုံကို ခြေကန်ဆွဲပြီး အတင်းအော်ငိုပြီး ကြက်ကို အကောင်ဖြစ်အောင်ပြန်လုပ်ခိုင်းတာ.. ဧည့်သည်တွေလည်း ထမင်းစားပျက်… အမေတို့လည်း စိတ်တွေညစ်ပြီး တစ်အိမ်လုံးဆူညံနေလို့… အူးလေးက တခြားအိမ်က ကြက်နီမကို မရမက ဖမ်းပြီး ဆောင်းနဲ့အုပ် ပြီးမှ မိဗုံကိုခေါ်ပြပြီး ဟိုမှာ ကြက်ဆက်ပြီးသွားပြီး မဆူနဲ့တော့ဆိုပြီး ချော့တာ.. ဒါပေမယ့် အဲ့ဒီကြက်က ခြေထောက်အ၀ါရောင်..မိဗုံကြက်ကခြေထောက်အမည်း… ငါ့ကြက်မဟုတ်ဘူးဆိုပြီး ငိုပြန်ရော.. အူးလေးဖြစ်သူက ခုနက ဆနွင်းမှုန့်နဲ့ချက်လို့ ခြေထောက်က ၀ါသွားတာ ဆိုမှ.. အငိုတိတ်ပြီး ထမင်းဇလုံပြန်ကောက်ပြီး.. ပြန်စားတာ…. ခုန ကြက်သားဟင်းနဲ့…. ( မပြောဘူးလား… ကလေးပါဆို..ဘာသိလိမ့်မတုန်းနော့ ) … :mrgreen:

ဗုံဗုံ

About ဗုံဗုံ

ဗုံ ဗုံ has written 11 post in this Website..