တီဗွီထဲမှာ ကြည့်ဖူးတယ်ဗျာ။ ရာသီကူးပြောင်းချိန် တိရစ္ဆာန်တွေ အုပ်လိုက် နေရာ ပြောင်းရွှေ့တော့ ကျိုးပဲ့ အနာတရ ဖြစ်ကျန်တဲ့ အကောင်တွေ။ တချို့လဲ ကျင်းထဲကျကျန်ခဲ့လို့၊ သစ်ကိုင်းညှိကျန်နေခဲ့လို့.. ပုံမှန် အားဖြင့် တကောင်တည်း ကျန်နေ ငတ်ပြတ် သေရတာပဲ။ ရှားရှားပါးပါး လှည့်ပြန်လာ၊ စောင့်နေပေး ထူမ ကယ်တင်တာ သိပ်ရှားတယ်။ တိရစ္ဆာန်မို့ လုပ်ပေးဖို့ အသိညဏ် မရှိ၊ သူ့သဘာဝကိုယ်၌လည်း ဖြစ်ပါမယ်။ ဘယ်လောက် ရင်နာစရာ ကောင်းလိုက်သလဲနော်။

တိရစ္ဆာန်က ထားတော့.. အသိညဏ်ရှိ ခံစားတတ်တယ်ဆိုတဲ့ လူမှာရော.. ဇယားချကြည့်လိုက်လျင် သိပ် မထူးပါဘူးဗျာ။ ကိုယ်လုပ်မှ ကိုယ်စား၊ ကိုယ်ဖြစ်ကိုယ် ကိုယ်ခံ ချန်ထားခဲ့တာပဲ မဟုတ်လား။ အကူအညီ မပေးတဲ့အပြင် ရေနစ်သူ ဝါးကူထိုးတာ လူမှာ ပိုများပါလိမ့်မည်။

ဘဝမှာ တွေ့ဖူးတဲ့ ကျကျန်သူ အတော်များများသည် လူလတ်တန်းစားများ အပန်းမကြီးတဲ့ ထောက်ပံ့မှုတခု ရလျင်ကို ဆင်းရဲဒုက္ခမှ လွတ်မြောက်သွားနိုင်သူများပါ။ မျက်နှာလွဲ ခဲပစ်ထားလိုက်တဲ့အခါ တပူပေါ်တပူဆင့် မြွေပူရာ ကင်းကိုက်ဖြစ်၊ ပြန်မထူနိုင် ဘုံးဘုံးလဲတာပဲ။ ဥပမာ – ကျူရှင်မတက်နိုင်လို့ ဆယ်တန်း မအောင်ဘဲ ကျပန်းဘဝ ဇာတ်သိမ်းရ။ မများလှတဲ့ ငွေကြေး အရေးကြီး လိုအပ်လို့ ပြည့်တန်ဆာ ဖြစ်ရတဲ့ မိန်းခလေး၊ ဒါ့ထက်ကြီးလျင် အချိန်တခု နောက်ထပ်ပေးမစောင့်လို့ ကြွေးပတ်လည်ဝိုင်း စီးပွားပျက်သွား၊ လူလိမ်ဘဝ တွန်းပို့ခံရတဲ့ လုပ်ငန်းရှင်.. ကိုယ့်ပတ်ဝန်းကျင် မြင်ကြည့်ကြပါ။

လှူ နိုး လှူ နိုးနဲ့ ဆူဖြိုးလာခဲ့ပြီ

လှူ နိုး လှူ နိုး ဆူဖြိုးလာခဲ့ပြီ

သာမန် ဖျားနာရာမှနေ ဆေးမသောက်နိုင်လို့ အိပ်ယာထဲ ဘုံးဘုံးလဲရတဲ့ သာဓကများ၊ သက်တန်းစေ့ ဘဝကို လုံလုံခြုံခြုံ အေးအေးချမ်းချမ်း မဖြတ်သန်း သွားရသူ ဘိုးဘွား ဂိလာနများ..။ အဟာရ ပြည့်မှီအောင် မစားရတဲ့ ကျောင်းနေအရွယ် ခလေးသူငယ်များ..။ အားလုံးကို ကယ်တင်ဖို့ မတတ်နိုင်ပေမဲ့ အတိုင်းအတာ တခုထိတော့ ကျနော်တို့ တတ်နိုင်ကြပါတယ်။ အဲဒီလိုအပ်ချက်တွေအားလုံး ခြုံငုံဖြည့်ဆည်းပေးရာ သဘာဝရိပ်သာဆိုတာ ကြားဖူးကြပါမည်။ ဘဝနေဝင်ချိန် သက်ကြီးရွယ်အိုများ၊ ဖျားနာမကျန်းမမာ ဖြစ်သူများ၊ တရားဓမ္မဖြင့် ကာယ၊ ဝဇီ၊ မနော ကံသုံးပါးစလုံး စွန့်ခြင်းပြုနေသူများ၊ စေတနာ ကျေးရွာနေ လူကြီးလူငယ် ခလေးသူငယ်များအတွက် တဦးကောင်း တယောက်ကောင်းထက် အများစုပေါင်း ဝိုင်းဝန်းမှုဖြင့် မိမိတို့ ကိုယ်စွမ်းညဏ်စွမ်း ရှိသလောက် တတပ်တအား ကူညီရန် နေရာကောင်း အခွင့်ကောင်း ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်လို ကျကျန်နေသူတွေကို ချန်ထားခဲ့မလား။ ချောက်ထဲ ရောက်နေသူကို မကယ်နိုင်ဘူး ဆိုလျင် တွင်းထဲကျနေသူကို ဆွဲတင်၊ သစ်ကိုင်းပိနေသူကို ဖယ်မပေးတာလောက်တော့ လုပ်ကြတာပေါ့။ ပုဂ္ဂလခံစားချက် သတ်မှတ်ချက် မပါ၊ သူ့နေရာ ကိုယ်သာဆိုလျင် ကိုယ်ခြင်းစာစိတ် သက်သက်မျှဖြင့် လုံလောက်ပါသည်။ ဘာအတွက် ညာအတွက် လှူသူတွင် မပါသလို အလှူ ခံရသူများ ကိုယ်တိုင်သည်လဲ ဘာဖို့ညာဖို့ ကိလေသာ အစွဲအလန်းများမှ လွတ်အောင် ကြိုးပန်းနေသူများဆိုလျင် လှူသူသည်စင်ကြယ်၊ အလှူခံပုဂ္ဂိုလ်သည်လည်း မြင့်မြတ်သူမို့ အကျိုးပေးထူးသော အကျိုးပေးသန်သော ပါရမီမြောက်သည့် ဒါန၊ ဓမ္မနှင့်လျော်ညီသော စွန့်ခြင်း၊ သူငါပြတ်သည့် သဘာဝအလှူ ဖြစ်ပါလိမ့်မည် ငါ့ရှင်တို့…။

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 585 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး