ဒီအကြောင်းအရာလေးကို ဘာလို့ ရေးဖြစ်ရတာလဲဆိုတော့ ပတ်ဝန်းကျင်မှာ ဒီလို အိမ်ထောင်ရေး အဆင်မပြေတာတွေ
တွေ့တွေ့နေရလို့ပါ…အခုခေတ်မှာ လူတွေလိုက်နာရမယ့် နီတိတွေ၊ကျင့်ဝတ်တွေကို တော်တော်များများက မသိတော့တာပဲလား
သိခဲ့ရင်တောင်မှ လိုက်နာဖို့ ခက်ခဲကျတာလား မသိတော့ပါဘူး…ဒါပေမယ့် ကြားကမြေစာပင် ဖြစ်မယ့် ကလေးတွေကိုတော့
သနားတယ်….အချို့သောမိန်းကလေးတွေကလည်း အရွယ်လေးရောက်လာတော့ လှချင်၊ပချင်၊၀တ်ချင်၊စားချင်ကြနဲ့
အခုခေတ်စားနေတဲ့ စပွန်ဆာရှာတာမျိုး၊KTV,Massage ရောက်ကုန်တာမျိုးတွေ တွေ့နေရတယ်…ကောင်းရောင်းကောင်းဝယ်
ကိုယ်တက်တဲ့ ပညာလေးနဲ့ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြတဲ့ မိန်းမကောင်းလေးတွေလည်းရှိပါရဲ့….မိသားစုအတွက်
ရိုးရိုးသားသားရှာဖွေကျွေးမွေးလို့ ရပါလျှက်နဲ့ ဘာလို့များ မိန်းကလေးတွေ ပျက်စီးကုန်ကြတာလဲလို့ ကျွန်မ တခါတလေ တွေးမိတယ်
အိမ်ထောင်ရှင်အမျိုးသားများကလည်း ခဏတာသာယာမှုအတွက်နဲ့ မိသားစုမျက်ရည်တွေ လဲကုန်ကြတယ်….
မိသားစုအပါ် အလွန်ကောင်းပြီး အနစ်နာခံတဲ့ ဖခင်၊မိခင်များကို ဂုဏ်ပြုရင်း ဒီ ၀တ္ထုတိုလေးကို ရေးလိုက်ပါတယ်…..
ခံစားမှုတွေကို စာအဖြစ်အသက်သွင်းရာမှာ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ကြပါလို့…..
နဲနဲရှည်သွားလို့ အပိုင်းနှစ်ပိုင်းခွဲလိုက်ရတာ တောင်းပန်ပါတယ်နော်….

မိန်းမတယောက်ရဲ့ ဖြစ်တည်မှု

“မနက် မောင် meeting ရှိတယ်နွယ် အဲဒါစောစောသွားရမယ်“
“ဟုတ်လား ဘယ်အချိန်သွားရမှာလဲ မောင်“
“မနက် 7.30နာရီလောက်ပေါ့“
“အဲဒါဆို ထမင်းဂျိုင့်အတွက်စောစော ထမှပဲ“
“မလုပ်ပါနဲ့ နွယ်ရယ် တရက်တလေပဲဟာ မောင်အပြင်မှာပဲ သွားစားလိုက်တော့မယ်“
“အယ် ရပါတယ်အပြင်စာတွေက ရောဂါရတယ်မောင်ရဲ့ ညစ်လည်းညစ်ပတ်တယ်“
“မောင်က နွယ်ပင်ပန်းမှာစိုးလို့ပါကွာ “
“ရတယ် ထမင်းဂျိုင့်ထည့်ပေးလိုက်မယ် နော်မောင်“
“ကဲ ပြောမရလည်းနွယ့်သဘောပဲ“

မနက်(၅)နာရီ alarm ကြောင့် နွယ်နိုးသွားသည်။
မောင်နဲ့သားလေး နိုးသွားမှာ စိုးသဖြင့် ph alarm ကို vibrate လုပ်ထားလိုက်သဖြင့်သာ တော်တော့သည်။
ဒီပြင်ဆို အအိပ်ဆတ်သော သားလေးနိုးသွားရင် မခက်လား…
မောင့်အတွက် ထမင်းဂျိုင့် ပြင်ပေးရန် မီးဖိုချောင်သို့ ဖြည်းဖြည်းလေး ခြေဖေါ့နင်းရင်းထွက်ခဲ့သည်။

ရေခဲသေတ္တာထဲမှ ၀က်သားပြုတ်ထားသည်ကို ပြန်ကြော်ပေးပြီး အစိမ်းကြော်ကြော်ရန် အသီးအရွက်များသင်လိုက်သည်။
ချက်ပြုတ်ပီး နာရီကြည့်တော့ 6နာရီမထိုးသေး မနက်စာအတွက် ထမင်းကြော်နှင့်ကော်ဖီ ပြင်လိုက်သည်။
မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးဘုရားဆွမ်းတော်ကပ် အကုန်ပီးတော့ 6.20 ရှိပီ မောင့်ကို သွားနှိုးရမည်။
မနှိုးခင် မောင်ရေချိုးဖို့ သွားတိုက်တံ ကို သွားတိုက်ဆေးညှစ်ပီး ဘေစင်ပေါ်တင်ပေးထားသည်။
ရုံးယူနီဖောင်းကို ဗီရိုထဲမှ ထုတ်ပေးထားလိုက်သည်။

မောင့် နဖူးကို အသာနမ်းရင်း ….
“မောင် ထတော့လေ 6.30 ပီ“
“အင်း ဟုတ်လား ထပီ ထပီ“
“ဖြည်းဖြည်းထဦး သားလေးကိုထိလို့ နိုးသွားဦးမယ်“
“ဟုတ်ကဲ့ပါခင်ဗျ“
အိပ်ရာထသွားသော မောင့်ကျောပြင်ကို ကြည့်ရင်း နွယ်ကြည်နူးစွာ ပြုံးလိုက်မိသည်။
နွယ့်ဘ၀က မောင် နှင့် သားလေး ပဲ..သူတို့မရှိရင် နွယ် ဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူးလေ….

မောင်ရုံးသွားတော့ သားလေးအတွက် ပြင်ရသည်။
သားက အခုမှ နို့ပြတ်တော့ အာဟာရဖြစ်အောင် ကြက်ပေါင်းရည် ကို ပဲ၊မုန်လာဥနီ၊ဆန် အနည်းငယ်နှင့် ပြန်ကျိုရသည်။
ပြန်ကျိုနေရင်း မနက်စာ ကို ကသောကမျော စားလိုက်သည်။
စားပြီးပြန်ထွက်လာတော့ သားလေးနိုးနေပီ….
သားလေးကို ကိုယ်လက်သန့်စင်ပေးပီး အာဟာရကျိုထားတာ ခွံသည်။
သားသားစားပီးတော့ သားအမိနှစ်ယောက်လုံး အ၀တ်အစားလဲရင်း ဈေးသွားဖို့ အဆင်သင့်ဖြစ်နေပီ။
ဈေးက အိမ်နှင့် သိပ်မဝေးပါ…သားကိုတော့ စလွယ်သိုင်းကျောပိုးကာ ခြင်းတောင်းငယ်ကိုင်ပီး သွားလာနေကျပါ….
ဈေးမှာ မောင်ကြိုက်တက်တဲ့ ပုဇွန်ဆီလေးတွေ့တော့ ၀ယ်၊ငါးရံ့ နှင့် ဒန့်သလွန်သီးက နွယ့်အကြိုက် ပီးတော့ သားသားအတွက်
ကြက်သားနဲ့ လိုအပ်တဲ့ အသီးအရွက်လေးတွေ ၀ယ်ကာပြန်လာခဲ့သည်။

လစာကောင်းသော မောင့်ကြောင့် နွယ်တို့သားအမိ မပူမပင်နေရတာ… အားလုံး မောင့်ကျေးဇူးကြောင့်ပါ။
ကျောက်မြောင်းလေးလွှာရှိ တိုက်ခန်းကျယ်လေးရယ်၊မောင်ရုံးသွားဖို့ တပတ်ရစ်ကားလေးတစီးရယ် စုမိဆောင်းမိရှိခဲ့တယ်…
တိုက်ခန်းကနယ်ကမောင့်မိဘများကမောင်နဲ့နွယ်တို့ မင်္ဂလာဆောင် လက်ဖွဲ့အဖြစ် ၀ယ်ပေးခဲ့တာ…
ကားကတော့ ၀ယ်ဖြစ်တာ မကြာသေး…မောင်ရာထူးတိုးပီး လစာများလာတော့ အရင်စုမိထားတာလေးတွေနဲ့ တဖြည်းဖြည်းစုပီး ၀ယ်လိုက်တယ်….
ဒါကလဲ နွယ်ကိုယ်တိုင်က အသုံးနဲ့ အဖြုန်းခွဲခြားပီး မောင့်အတွက် စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်ခဲ့တာကိုး…
မောင့်အတွက် နွယ်က အနှောင့်အယှက် တစ်ခု မဖြစ်ချင်ပါ…
………………………………………………………………………………….

“နွယ် ရုံးကလုပ်တဲ့ staff party ကို လိုက်ခဲ့ပါလား“
“ဘယ်မှာလဲ မောင်“
“Summit Park View မှာ နွယ်“
“နွယ် မလိုက်လို့မရဘူးလားမောင်“
“ဘာလို့လဲ“
“နွယ် လူတွေကြားထဲနေရတာ မွန်းကျပ်တယ်….ပြီးတော့ နွယ်က မလှမပ၊မ၀တ်တက် မစားတက်နဲ့ မောင် မျက်နှာငယ်မှာ စိုးတယ်“
“မလိုပါဘူး နွယ်ရယ် …လိုက်ခဲ့ပါ“
“သားလေးလဲ ရှိသေးတယ်လေ နွယ် မလိုက်ပါရစေနဲ့..အဲအတွက် တောင်းပန်ပါတယ်မောင်“
“ကျွတ်“ဟု မောင်ညဉ်းတွားပြီး သူ့ဘာသာ ပြင်ဆင်ပြီး ထွက်သွားသည်။
အဲဒီညက မောင်အတော်နောက်ကျမှ ပြန်လာသည်။
နွယ့်ကို စိတ်ဆိုးသွားတာလား? စိတ်ပျက်သွားတာလားမောင်….?
စိတ်တော့ မပျက်လိုက်ပါနဲ့ မောင်ရယ်….

အခုတလော မောင့်ကို ကြည့်ရတာ တမျိုးပဲ…..
မနက်ဆိုလဲ meeting ဆိုပီး အိမ်မှ စောစောထွက် သည်။ည ဆိုလည်း အရင်တုံးကထက်စာလျှင် နောက်ကျသည်။
မေးတော့လည်း“ ကားတွေက အရင်လိုမဟုတ်ဘူး နွယ်ရဲ့ …အရမ်းကျပ်တာပဲ..အဲဒါမို့ နောက်ကျတာပါ“ တဲ့….
ဟုတ်မှာပါ နွယ်ကသာ ဘယ်မှ မသွားမလာနဲ့ ဘာမှ မသိတာနေမှာပါလေ….

ဖုန်းလာရင်လည်း အရင်လို နွယ့်အရှေ့မှာ မပြောပဲ ၀ရံတာဘက်ထွက်ထွက်ပြောတက်သည်။
“ဖုန်းလိုင်းမမိလို့ပါ နွယ်ရယ်“တဲ့…
ဟုတ်မှာပါ မိနွယ်သာ ဖုန်းရှိပေမဲ့ မောင့်ဆီကလွဲပီး ဆက်စရာမှ မရှိတာ..မောင်ကတော့ နယ်branchတွေနဲ့ ဖုန်းပြောရတော့ လိုင်းမမိတာနေမှာပါ…
နွယ့်ဘာသာ နွယ် ဖြေသိမ့်တက်ပါတယ် မောင်ရယ်…
မောင်သာ နွယ်တို့သားအမိကို ချစ်ခင်စောင့်ရှောက်နေရတာ ပင်ပန်းမှာပေါ့..နွယ် တဂျီဂျီ လုပ်နေရင် အလုပ်ပင်ပန်းနေတဲ့ မောင် စိတ်ပျက်သွားမှာ ကြောက်ပါတယ်…

မောင့်အပေါ်သံသယ မ၀င်သင့်ပါဘူး….
မောင်က ရုံးတရုံးရဲ့ Marketing Manager ပဲလေ…ဒီလောက်တော့ အလုပ်ရှုပ်မှာပေါ့…
………………………………………………………………………………….

သားလေးအခုတလော အရမ်းထွားလာတော့ အရင်ဝတ်တဲ့ အင်္ကျီလေးတွေက သေးပီး ကျပ်ကုန်တယ် …..
ယုဇန ပလာဇာ သွားဝယ်ဦးမှပဲ …….
Taxi ဋ္ဌားပီး ထုံးစံအတိုင်း သားအမိ နှစ်ယောက် ထွက်လာလိုက်သည်။
မသွားတာကြာတော့ ဆိုင်တွေ လိုက်ရှာရတာနဲ့ မောလိုက်တာ….
ပလာဇာဘေးက ရွှေကမ္ဘောဇ သွားစားဦးမှပဲ…
“ဆန်စီး တစ်ပွဲပေး ညီမလေး…ပီးတော့ သံပုရာရည်တခွက်လည်းပေးနော်“
စားဖို့မှာရင်း သားလေးကို ကြည့်လိုက်တော့ အိပ်နေပီမို့ ရှေ့ဘက်သို့ပြောင်းပီးပွေ့ချီထားလိုက်သည်။
ဒါတောင် အအိပ်ဆတ်သော သားသား က အင့်ကနဲ တချက် ဖြစ်သွားသေးသည်။
“အေးပါ သားလေးရယ် အိပ်အိပ် ကျွတ်ကျွတ်ကျွတ်“
ဒီဆိုင်လေးက အမှတ်တရလေ ချစ်သူဘ၀တုန်းက မောင် နှင့် နွယ် ထိုင်နေကျ..
နွယ်က အဲတုန်းက ပလာဇာလေးထပ်မှာ ရှိတဲ့ ပရိဘောကဆိုင်က အရောင်းမိန်းကလေးပေါ့…ဘာပဲဖြစ်ဖြစ် မောင်ကြောင့်သာ နွယ် ဒီလို နေနိုင်နေတာ…
အတိတ်တို့ဆီရောက်သွားခိုက်မှာ နွယ့်နောက်ကျောဝိုင်းမှ ကောင်မလေးတသိုက် ရယ်လိုက်သံကြောင့် အာရုံတို့က ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည်။
“အေး ငါ့ကိုလဲ မြင်ရော သူခိုးလူမိသွားတဲ့ အီလည်လည်မျက်နှာကြီးနဲ့ အရမ်းရီရတယ်“
“ဟဲ့ ကိုနေမင်းသူ က အဲ့ဆော်နဲ့သေချာတယ်နော်“
“သေချာတယ်… အသစ်ရောက်တာလေ မကြာသေးဘူး SPG လေဟာ ဆုကလျာ ဆိုတာ အလန်းလေး လေ“
“အော် အေး သိပီ ….ဟုတ်လား “
“မနက်ဆိုလဲ ရုံးအတူတူလာ အတူတူပြန်နဲ့ …အပြင်မှာ စုံတွဲခုတ်တာမြင်တာတော့ ၂ခါ ၊ ၃ခါရှိပီ ။ ထမင်းလည်း အတူတူထွက်စားတယ်လေ “
“အဲ့ ကိုနေမင်းသူမှာ အိမ်ထောင်နဲ့ ကလေးနဲ့ဆို“
“အခုခေတ် ကောင်မတွေကလည်း နံ့နံ့တက်တွေလေ အိမ်ထောင်ရှိတာ ကလေးရှိတာတွေ သိတော့တာမှ မဟုတ်တာ
ကိုနေမင်းသူကလည်း မန်နေဂျာဆိုတော့ ကပ်မှာပေါ့“

နေမင်းသူဆိုသည့် နာမည်ကြောင့် နွယ် နားထင်ကြောတွေစိမ့်သွားသည်။

“အေးလေ………Company က Marketing Manager ဆိုတော့ နည်းတဲ့ အရည်အချင်းလား…လစာလည်း ကောင်းတယ်လေ“

ဘုရား ဘုရား ဟုတလိုက်မိသည်။
ဒါ … ဒါ သူတို့ပြောနေတာ မောင်မှ မောင်အစစ်ပါ…
ဒီနာမည်၊ဒီကုမ္ပဏီ၊ဒီရာထူး ဘယ်လိုမှ မဖြစ်နိုင်ဘူးဟု နွယ်ဘယ်လို ငြင်းရမလဲမောင်…
နွယ်မျက်ရည် ပေါက်ကနဲ ပါးပြင်ပေါ်ကျလာသည်။
မြန်မြန်သုတ်ပစ်လိုက်မှ သားလေးပေါ်ထပ်ကျရင် သားလေးနိုးသွားလိမ့်မယ်…
ရက်စက်လိုက်တာ မောင်ရယ်….
မောင့်မျက်နှာ ကြည့်နေရတဲ့ နွယ်တို့သားအမိအပေါ် မောင်ရက်စက်လိုက်တာ…
နွယ် ဘာဆက်လုပ်ရမှာလဲ မောင်…..

La Yeik

About La Yeik

La Yeik has written 7 post in this Website..