အိမ်ပြန်ရောက်မှ အခန်းတွင်းသို့ဝင်ကာ သားကို သိပ်ပြီး မှ နွယ် အားရပါးရငိုသည်။
နွယ်အတွက် ရွှေတောင်ကြီးပြိုတာထက်ဆိုးသည်လေ….
နွယ်ဘာလုပ်ရင်ကောင်းမလဲမောင်ရယ်…
မောင့်ကို ပွင့်ပွင့်လင်းလင်းပဲမေးရကောင်းမလား …အို ဒါပေမယ့် မောင့်နှုတ်က ဟုတ်ပါတယ်လို့ ၀န်ခံမှာကိုတော့ အရမ်းကြောက်တယ်
နွယ့်မှာ ဘာအပြစ်များရှိလို့လဲမောင်ရယ်….နွယ် အိမ်ထောင်ထိန်းသိမ်းတာ ညံ့နေလို့လား…မောင့်ကို မပြုစုမိလို့လား
ဒါမှမဟုတ် နွယ် မလှတော့လို့လား…
နွယ် မှန်တင်ခုံရှေ့ထိုင်က မိမိမျက်နှာကို ငေးကြည့်မိသည်။
စိတ်ဆင်းရဲတာကြောင့်လား…
မောင့်နှင့်သားလေးသာ အဓိက ဆိုပီး ကိုယ့်ကိုကိုယ် ဂရုမစိုက်မိတာ ကြာလို့လားတော့မသိ…
မျက်နှာက ရှိရင်းစွဲထက် ပိုရုပ်ကျနေသလိုပဲ…
ဟိုကောင်မလေးတွေပြောတာတော့ မောင်အခုတွဲနေတဲ့ ကောင်မလေးက အလန်းလေးတဲ့…
သူနှင့် ယှဉ်ရင်တော့ နွယ်က အဖွားကြီးဖြစ်နေပီလား…
မောင်ပဲ အရင်ကတော့ သဘာဝအလှမို့ ချစ်တာပါဆို…အခု ဆေးဆိုးပန်းရိုက်တွေ ကြိုက်နေတက်ပီလားကွယ်…
ဆံပင်အရှည်ကို မပြုမပြင်နဲ့ ဆံညှပ်နှင့် ကောက်လိပ်တာများတော့ ဆံပင်က လိမ်နေသည။်
အရင် အလုပ်လုပ်တုန်းက တော့ နဲနဲ ပြုပြုပြင်ပြင်နေသေးသည်။
အခုတော့ မောင့်နှင့် သားလေး ဝေယျာဝစ္စ၊အိမ်ဗာဟီရများနဲ့ မို့ နဂိုကလည်းအလှအပ သိပ်စိတ်မ၀င်စားသော
နွယ့် မှန်တင်ခုံမှာ ပရိုမီနာ မိတ်ကပ်တစ်ဘူး နှင့် သနပ်ခါးတုံးများမှလွဲပြီးဘာအလှပြင် ပစ္စည်းမှ ရှိမနေပါ။
နွယ့်ရုပ်ရည်က သာမာန်ရွက်ကြမ်းရေကြိုပေမယ့် အရည်လဲ့နေသော မျက်လုံးလေးများနှင့် သဘာဝအတိုင်းထူထဲနေသော
မျက်ခုံးမွှေများက နွယ့်အလှကို ပံ့ပိုးပေးထားသလို ၀ါဝင်းနေသော အသားအရေ က ဘုရားပေးထားတဲ့ဆုတခု အဖြစ် နွယ်
ပိုင်ဆိုင်ထားသည်။ကလေးတစ်ယောက်အမေပေမဲ့ နေ့စဉ် အိမ်မှုကိစ္စများကို လုပ်နေလို့လားမသိ နွယ်ကိုယ်လုံးက ကလေးမွေးပီးသူတယောက်လို
ပုံပျက်ပန်းပျက် ဖြစ်မနေတာကိုပင် ကျေးဇူးတင်ရမည်။နွယ့်ဘက်မောင်ပြန်ယိမ်းလာအောင် နွယ်ကြိုးစားခွင့် ရှိသေးရဲ့လားမောင်…
မောင့်ကို လည်း လက်လွတ်ဆုံးရှုံးမခံနိုင်သလို သားလေး ကိုလည်း မိတကွဲ၊ဖတကွဲ ဘ၀မှာ မကြီးပြင်းစေချင်ပါ….
မောင့်အပြစ်တွေက နွယ့်အဖို့ နာကျင်ရပေမဲ့ နွယ် ခွင့်လွှတ်နိုင်အောင် ကြိုးစားရဦးမည်။

နွယ်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်သည်။
………………………………………………………………

ထုံးစံအတိုင်း နောက်ကျမှ မောင်ပြန်လာသည်။
“ကားတွေအရမ်းကျပ်လို့လား မောင်…အခုတလော ပိုပိုနောက်ကျလာတယ်နော်“
“အင်း..ဟုတ်တယ် နွယ်..သားလေးရော“
“အခုပဲ ဆော့နေတာ…သူ့ဖေဖေကိုမျှော်နေတာ နေမှာ…သိပ်လို့ကို မရဘူး“
“ဟုတ်လား ပေးပေး မောင်သိပ်လိုက်မယ်“
“ထမင်း အရင်စားပါဦးမောင်ရဲ့..အလုပ်မှာလဲ ပင်ပန်းလာတဲ့ဟာ“
“ထမင်းက စားပီးသွားပီ နွယ်…ရုံးက တစ်ယောက် မွေးနေ့ ရှိလို့ ကြိတ်လာတာ“
“အော်“
“သားရေ..အိပ်သေးဘူးလားကွ..လာ ဖေဖေသိပ်မယ်“

သားကို သီချင်းဆိုသိပ်နေသော မောင်က အခုတော့လဲ သူမဟုတ်သလိုပါပဲလား…
မောင် ဘာလို့ နွယ်တို့ရဲ့ သာယာတဲ့ မိသားစုလေးကို ဖျက်ချင်နေတာလဲကွယ်..
မောင့်အတွက် ပြင်ထားသော ထမင်းဝိုင်းကို သိမ်းရင်း နွယ် မျက်ရည် ပါးပြင်ပေါ်သို့ ကျလာသည်။

“သားအိပ်သွားပီ နွယ်…မောင် ရေချိုးလိုက်ဦးမယ်“
“ဟုတ်“

ညအိပ်ရာဝင်တော့ မောင့်ကို ပြောလိုက်သည်။
“မောင် အိပ်ပြီလား“
“မအိပ်သေးဘူး နွယ် ပြော“
“နွယ် နယ်က အဒေါ်တစ်ယောက်ကို ဒီခေါ်ချင်လို့“
“ဘာလို့လဲ နွယ်က ခေါ်ချင်လို့လား“
“ အင်း အဖော်လေးဘာလေး ရအောင်ပါ“
“ခေါ်လေ နွယ့်သဘော“

ပထမအဆင့်အောင်မြင်သွားသဖြင့် နွယ်ပြုံးလိုက်သည်။စောင့်ကြည့်လိုက်ပါမောင် နွယ်က မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှု၊မိခင်တစ်ယောက်ရဲ့ဖြစ်တည်မှုကို
ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံဘူးဆိုတာ…နွယ့်ယောကျာ်းကို လုယူမယ့်မိန်းကို နွယ်ပြန်အနိုင်ယူပြမယ်….အဲဒီအတွက်တော့ အရင်းအနှီး နည်းနည်းတော့      စိုက်ရမှာပေါ့လေ

အမေ့ဘက်မှတော်စပ်သော နယ်မှ ဆွေမျိုးနီးစပ် အဒေါ်အပျိုကြီးကို ခေါ်လိုက်သည်။သားလေးအတွက်စိတ်ချရအောင်ပါ ကျန်တာကနွယ့်ဘာသာလုပ်နိုင်သည်။
နွယ်ဈေးသွားသည့် အချိန်၊အပြင်သွားသည့် အချိန်တွေမှာ အဒေါ်နှင့် စိတ်ချလက်ချ ထားခဲ့လို့ရသည်။အိမ်အတွက်လည်း စိတ်ချရသည်။
ကျန်တာတွေက နွယ့်ဘာသာ လုပ်သွားသည်။သားလေးအိပ်သည့်အချိန်မှာတော့ အဒေါ်ကလည်း သူတက်နိုင်တာ ကူရှာပါသည်။
အဒေါ်ကို နှစ်ပတ်လောက် အသားကျအောင် သင်ပြပြီးသည့်နောက် နွယ် ဒုတိယအဆင့်ကို စတင်လိုက်သည်။
“……Beauty Spa“
ခမ်းနားသည့် ဆိုင်းဘုတ်အောက်မှ တံခါးကို အသာတွန်းဖွင့်ပြီး နွယ်ဝင်ခဲ့သည်။
“ဘာလုပ်မလဲ အမ“
“ဟိုလေ အမမျက်နှာနဲ့ လိုက်မယ်ထင်တဲ့ပုံလေးလုပ်ပေးပါလား…အခုပုံက အရမ်းရိုးနေသလားလို့“
“ဆံပင်ကတော့ အရှည်ကြီးနော် မနှမျောတာ သေချာတယ်နော် အမ“
“အင်းဖြတ်လိုက်တဲ့ ဆံပင်ကို ပြန်ရောင်းမယ် ညီမ ဘုရားလှူလိုက်မယ်“
“ကောက်မလား ဖြောင့်မလား အမ“
“ညီမ ကောင်းသလိုသာ လုပ်ပါကွယ်“
“အိုကေ အမ လှစေရမယ် စိတ်ချ ကဲ ခေါင်းအရင်လျှော်မယ်နော်“
“အင်း“
အရင်က ကိုယ့်အိမ်မှာ ကိုယ်လျှော်၊ပီးတာနဲ့ ရေခြောက်အောင် သုတ်မအားပဲ ဘီးစပတ်ပတ်လိုက်တာများသည်။
အခုလိုဆိုတော့လည်း ငွေက မျက်နှာကြီးသား၊သူများ လုပ်ပေးတာကို ဇိမ်ရှိရှိနှင့် နွယ်ခံယူလိုက်သည်။
“ကဲ အမ ခုံပေါ်ပြောင်းထိုင်ရအောင်“
တဖျတ်ဖျတ်နှင့် ကြမ်းပြင်ပေါ်သို့ကျလာသော ဆံပင်များအား အဓိပ္ပါယ်မဲ့စွာ ငေးကြည့်မိသည်။ထို့နောက် Hair Designer လုပ်သမျှကို မျက်စိမှိတ်ပြီးသာ
ခံယူလိုက်သည်။စုံတော့စုံသည် ဘာတွေ လုပ်မှန်းမသိ ပူလိုက်၊အေးလိုက်နဲ့ သူခေါင်းစောင်းဆို စောင်းပေးလိုက်သည်။သူပြောသမျှ ခေါင်းကို အလိုက်သင့်
လုပ်ပေးရင်း မျက်စိမှိတ်ထားသည်။
အချိန်အနည်းငယ်အကြာမှာ…
“ အမ ကြည့်ကြည့်ဦး ဘာလိုလဲ ပြောနော်“
“အို မယုံနိုင်စရာ ..ဒါဟာ နွယ်တဲ့လား“
မှန်ထဲမှ နွယ်သည် အရင်လို ဆံပင်အရှည်ကြီးနှင့် ခပ်တုံးတုံးနွယ် မဟုတ်တော့။
ကော်ဖီရောင် ဆံပင် အခွေအလိပ်လေးများသည် အသားဖြူသော နွယ့်အား လှပအောင် ပံ့ပိုးပေးထားသည်။
“ကြိုက်ရဲ့လား အမ“
“အင်း ကြိုက်တယ်“
“အမြဲတမ်းတော့ ပြုပြင်ပြီးနေပါ အမရယ်…cosmetic တွေလဲ ၀ယ်လို့ရတယ်နော်“
“ဟုတ်လား..အမ မသုံးတက်ဘူး သင်ပေးပါလား“
“ အို သင်ပေးလိုက်မယ် အမ လာ ကောင်တာကို“

ဆံပင်လုပ်တာနှင့် cosmetic ဖိုး အားလုံးပေါင်း တစ်ထောင်တန် နှစ်အုပ်လောက်ထွက်သွားသည်။
ဒီငွေတွေက မောင် အိမ်သုံးဖို့ပေးထားတာတွေထဲမှ နွယ်ဘာသာ ခြိုးခြံချွေတာစွာ စုဆောင်းထားသောငွေများဖြစ်သည်။
အခုတော့ နွယ်လှမှ ဖြစ်မည်လေ….ခွင့်လွှတ်ပါမောင်…..
ဆံပင်အရှည်ကြီးကို ရောင်းရသောငွေကို ရွှေတိဂုံဘုရားသို့သွားကာ ရွှေသင်္ကန်း ကပ်လှူပြီးဆုတောင်းခဲ့သည်။
“သာယာချမ်းမြေ့စရာ မိသားစုဘ၀လေး ပြန်လည်ပိုင်ဆိုင်ရပါလို၏ အရှင်ဘုရား“
……………………………………………………..

တိုက်ခန်းတံခါးလာဖွင့်သော အဒေါ်မှာ မျက်လုံးပြူး၊မျက်ဆံပြူးဖြင့်
“ဘယ်လိုဖြစ်လာတာလဲ နွယ်“
“နွယ် လှလား ဒေါ်လေး“
“လှပါ့ ဒါနဲ့ ဒီလိုလုပ်တာ မောင်နေမင်းကြိုက်ပါ့မလား…ဆံပင်ရှည်ကြီးတော့ သမျောစရာအေ“
“ဟင်းဟင်းဟင်း သူကြိုက်မှာပါ ဒေါ်လေးရဲ့….သားလေးရော“
“အိပ်နေတယ်“
“အခန်းထဲမှာလား“
“အေး“
“ဒါဆို နွယ်သွားနားလိုက်တော့မယ် ဒေါ်လေး“

အခန်းထဲရောက်တော့ သားလေးမှာ အပူအပင်မဲ့စွာ အိပ်မောကျနေသည်။
သားပါးပြင်လေးကို ညင်သာစွာနမ်းရင်းမှ နွယ်မျက်ရည်ကျလာသည်။
မငိုနဲ့တော့နွယ်..ညဉ်း အရင်လိုနွယ် မဟုတ်ရတော့ဘူး…
သားအတွက် ကြံ့ကြံ့ခိုင်တဲ့ အမေဖြစ်အောင် မေမေကြိုးစားနေတယ် သားရေ…

ဝယ်လာသောအလှပြင်ပစ္စည်းများကို နေရာချရင်းမှန်ထဲမှ နွယ့်ကိုနွယ်ကြည့်ရင်း ကျေနပ်သွားသည်။
အပြင်အဆင်များနှင့် နွယ်သည် အရင်လို ရွက်ကြမ်းရေကျို နွယ်မဟုတ်တော့….
နန်းကလျာဆိုတဲ့ မောင့်ကောင်မလေးကရော နွယ့်ထက်လှသလားမောင်……….
မောင်ပြန်ရောက်မည့်အချိန်ကို မှန်းရု နွယ်အပြင်ထွက်ခဲ့သည်။ဖုန်းကို စက်ပိတ်ထားလိုက်သည်။
မရောက်တာကြာသော ရှော့ပင်းစင်တာများသို့သွားကာ နွယ်ရှော့ပင်းထွက်၊မုန့်စားသည်။
ပျော်တာတော့ မပျော်ပေ။အရင်က အပြင်သွားမည်ဆိုလျှင် မောင်မပါပဲ နွယ်သွားလေ့သွားထမရှိပေ။
အခုတော့ နွယ်တစ်ယောက်ထဲပေါ့လေ….ည ကိုးနာရီထိုးခါနီးမှ နွယ်တက်စီ ဋ္ဌားကာ အိမ်ပြန်ခဲ့သည်။

တံခါးလာဖွင့်ပေးသော ဒေါ်လေးကိုမေးလိုက်သည်။
“မောင်ပြန်ရောက်နေပြီလား ဒေါ်လေး“
“အေး ရောက်တာ ခုနှစ်နာရီထဲကပဲ ..ညဉ်း တခါမှ အဲလိုတစ်ယောက်ထဲ မထွက်သွားဖူးဆို..ဖုန်းလဲ ဆက်လို့မရဘူးတဲ့“
“ဟုတ်လား“

အခန်းထဲဝင်တော့ မောင်က တခါမှ မမြင်ဘူးတဲ့လူလို နွယ့်ကိုကြည့်သည်။
“နွယ် မင်းဆံပင်တွေဘာဖြစ်လာတာလဲ“
“ပုံပြောင်းလိုက်တာလေ မောင် …ဘာလို့လဲ မလှဘူးလား“
“လှပါတယ်…ဒါပေမဲ့ ဘယ်လိုစိတ်ကူးနဲ့…“
“အော် မောင်ကလည်း နွယ်လည်း မိန်းကလေးလေ လှချင်တာပေါ့“
“အိမ်ထောင်ပဲ ကျလို့ ကလေးပဲ ရနေပီ..လှချင်နေတုန်းလားကွာ“
“အော်…နွယ်မလှရင် နွယ့်ယောကျာ်းကို နွယ့်ထက်လှတဲ့ကောင်မလေးတွေ လုသွားမှာစိုးလို့ပေါ့“
မောင်ခေါင်းငုံ့လျှက်“အဓိပ္ပါယ်မရှိတာ…“ဟု တိုးတိတ်စွာ ပြောသည်။
“အခုကော ဘယ်ကပြန်လာတာလဲ“
“နယ်က သူငယ်ချင်းတစ်ယောက် ရောက်နေလို့ အဲဒါ သွားတွေ့တာ“
“မိန်းကလေးလား ယောကျာ်းလေးလား“
“ယောကျာ်းလေးပါ…“
“ဘယ်က သူငယ်ချင်းလဲ“
မောင်နှင့် ရည်းစားဘ၀တုန်းက မောင်သ၀န်တိုခဲ့ဖူးသည့် နယ်မှသူငယ်ချင်းနာမည် ကို ရွတ်ပြလိုက်သည်။
ငါ့ကို ခွင့်လွှတ်ပါသူငယ်ချင်းရယ်..နင့်နာမည်ကို အလွဲသုံးစားလုပ်တာမဟုတ်ရပါဘူး..ငါတို့မိသားစု ဘ၀လေးအတွက်ပါနော်…
“သူနဲ့တွေ့ဖို့ မင်းက အဲလိုပြင်သွားတာလား…လှချင်သွားတာလား“
“အဲလို မဟုတ်ပါဘူး..ဒီလိုပဲပြင်ချင်စိတ်ပေါက်သွားတာ“
“ဘာလို့ ဒီအချိန်ကြီးတွေ့ရတာလဲ…ဖုန်းလည်းပိတ်ထားသေးတယ်..မင်းကိုယ်မင်း ကလေးအမေ အိမ်ထောင်သည် ဆိုတာရော သတိရသေးရဲ့လား“
“အော် မဟုတ်ပါဘူး..သူက မနက်ပြန်ရမှာ ဆိုတော့ ဒီအချိန်ပဲအားတာလေ“
“တော်ပီ မင်းကို ဘာမှ မပြောချင်တော့ဘူး…ယောက်ျားက အလုပ်ကပြန်လာရင် မင်းက ထမင်းဟင်း ခူးခပ်ကျွေးရမှာပေါ့“
“ဒေါ်လေးရှိတာပဲ…ပီးတော့ အခုမှ နွယ်အပြင်ထွက်ဖူးတာပါ..အရင်က မောင်ပြန်လာတိုင်း နွယ် အဆင်သင့် အမြဲခူးခပ်ကျွေးနေတာပဲ..မောင်သာ အပြင်က
စားစားလာတာ…နွယ်ချက်ထားတာတွေ အလကားဖြစ်ကုန်တာ“
“အေး အဲဒါဆို နောက်ညဘက် ဘယ်မှ မသွားနဲ့…မောင်လဲ စောစောပြန်လာမယ်..သွားစရာရှိရင်လည်း ပြော မောင်လိုက်ပို့မယ်“
“အင်း အခုတော့ နွယ်ပင်ပန်းနေပီ..အိပ်တော့မယ်မောင်“
“ဟွန်း လျှောက်သွားတုန်းက သွားပြီး အခုမှ အိပ်ချင်နေတယ်“
ပြောပြီး ဟိုဘက်လှည့်အိပ်သွားသော မောင့်ကို ကြည့်ရင်း နွယ်ရယ်ချင်လာသည်။
အော် မောင် တော်တော်လဲ အတ္တကြီးပါလား…သူ့အလှည့်ကျ ခံစားရမှာတော့ ကြောက်သား…
နွယ်လိမ်လိုက်တာ အဖြူရောင်မုသားပါမောင်…
သ၀န်တိုနေတာ ကြည့်ခြင်းအားဖြင့် မောင်သူမကို ချစ်နေသေးတာ ထင်ရှားတာပဲ..
ဘာပဲဖြစ်ဖြစ် နန်းကလျာကို အနေနီးစပ်မှုကြောင့်သာယာသွားတာလားမောင်…

အဲနောက်ပိုင်းတော့ မောင်သည် ချစ်စခင်စကဲ့သို့ နွယ့်ကို ဂရုစိုက်လာသည်။
အလုပ်ကလည်း စောစောပြန်လာသလို ဖုန်းဖြင့်လည်း ဘယ်မှာလဲ ၊ ဘာလုပ်နေလဲ မေးဖော်ရလာသည်။
တခါတရံ မောင့်အလုပ်သို့ လိုက်သွားကာ မောင့်အတွက် စားစရာများပို့လေ့ရှိသလို မောင့်အပေါ်အရမ်းချစ်သော မိန်းမအဖြစ် ရုံးမှ လူများကို သိစေခဲ့သည်။
အလုပ်နှင့်ပတ်သတ်သော ပွဲလမ်းသဘင်များသို့ မောင့်နှင့်အတူ လိုက်ပါကာ မောင့်အတွက် ဂုဏ်ယူရတဲ့ မိန်းမ အဖြစ် ရပ်တည်ပြီး မောင့်ရုံးမှ လူများနှင့် ခင်မင်ရင်းနှီးအောင်နေထိုင်ခဲ့ခြင်းဖြင့် မောင့်သတင်းတို့ကို တမင်စုံစမ်းစရာမလိုပဲ သိလာရသည်။
နန်းကလျာသည်လည်း အလုပ်မှထွက်သွားသလို မောင်နှင့်လည်းပြတ်ဆဲသွားပြီးဖြစ်ကြောင်း တစ်ယောက်စကားတစ်ယောက်နားဖြင့် ကြားခဲ့ရသည်။

အခုတော့လည်း မောင်သည် နွယ့်အတွက် ခင်ပွန်းကောင်းဖြစ်သလို၊သားအတွက်လည်း ဖခင်ကောင်းတစ်ယောက်အဖြစ်
အလုပ်မှာလည်း ဂုဏ်သိက္ခာရှိသော လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ထို့အတူ နွယ်သည်လည်း
နွယ်သည်လည်း အလှပြင်မြဲ ပြင်လျှက်ရှိသလို မောင် နှင့် သားအတွက်လည်း ၀တ္တရားမပျက် တာဝန်ကျေပွန်သော
အိမ်ထောင်ရှင်မကောင်းအဖြစ် သာယာချမ်းမြေ့သော မိသားစုဘ၀လေးကို တည်ဆောက်နိုင်ခဲ့သည်။

မိသားစုတိုင်း သာယာချမ်းမြေ့ကြပါစေ………………

 

La Yeik

About La Yeik

La Yeik has written 7 post in this Website..