သူမ စိတ်ဆိုးဆိုးနဲ့ ထွက်သာလာရတယ် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ ရန်ကုန်မြို့က သူမအတွက်ကျဉ်းလွန်းနေသလိုပင်။ လမ်းလျှောက်ရင်း သွားစရာနေရာကို အလျှင် အမြန် စဉ်းစားနေရသည်။ သူငယ်ချင်းတွေအိမ်လည်း မသွားချင်။ သူမ အိမ်တွင်းရေးကို သူငယ်ချင်းတွေမသိစေလို။ သူတို့ထင်နေသလို ကံကောင်းသော ပျော်စရာကောင်းသော မိသားစုရှိသူအဖြစ် ဆက်ထင်နေစေချင်သည်။ တကယ့်တကယ် ည ၈နာရီကျော်ဆိုတာ နောက်ကျသော အချိန်မဟုတ်ပေမယ့် အသက် ၃၀ ကျော် အိမ်ထောင်ရှင် အမျိုးသမီးအတွက် သွားစရာနေရာရှားပါးလှပေသည်။

ယောင်တောင်ပေါင်တောင်ဖြစ်နေသော သူမကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားသော လမ်းသွားလမ်းလာများ၏ အကြည့်ကိုလည်း မခံလို။ ပါးစပ်သရမ်းသူတို့၏ မကြားတကြားပြောသံလည်း မကြားချင်ပေ။ နေ့လည်ဆိုလည်းကောင်းသား၊ shopping ထွက်ရင်း beauty spa မှာ ခေါင်းလျှော်ရင်း အချိန်ကုန်ဆုံးစေလိုက်မည်။ ကားမောင်းသင်ပေးမည်ဟု သူပြောတုန်းက မသင်လိုက်မိတာမှားပြီ။ အနည်းဆုံးတော့ ကားလျှောက်မောင်းနေလျှင် ဒီလောက် ယောင်ချာချာဖြစ်မည် မထင်။ ရန်ကုန်မြို့ရဲ့ ထူထဲကျပ်ညပ်သော ယာဉ်ကြောနဲ့ လိုင်းကားကြီးများရဲ့ စည်းကမ်းမရှိ မောင်းနှင်မှုတို့ကြောင့် ကားမောင်းရန်တွန့်ဆုတ်ခဲ့သော သူမရဲ့ ပျော့ညံ့မှုကို ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်။

ကြံရာမရသည့်အဆုံး ပိတ်ချိန်နီးနေပြီဖြစ်သော coffee ဆိုင်ထဲသို့ ၀င်လိုက်သည်။ coffee ကို အချိန်ဆွဲသောက်ရင်း ဖုန်းကို silent လုပ်ကာ screen ကို စိုက်ကြည့်နေလိုက်သည်။ သူပြန်ေ၇ာက်တဲ့အချိန်မှာ သူမအိမ်မှာရှိမနေချင်။ သူအိမ်ပြန်နောက်ကျလျှင် သူမအိမ်မှာ စိတ်ပူကာ တမျှော်မျှော်လုပ်နေရသလို သူ့ကိုဖြစ်စေချင်သည်။ အိမ်ပြန်ရောက်လို့ ဘယ်တွေသွားနေတာလဲမေးရင် ဒီလိုပဲပေါ့ ရှင်လည်းသွားချင်တဲ့နေရာသွား ပြန်ချင်တဲ့အချိန်မှပြန်တာ ကျွန်မလည်းဒီနေ့ကစပြီး အဲဒီလိုပဲလုပ်တော့မယ်ဟု ထီမထင်ဟန်နဲ့ဖြေမည်။

screen မီးလင်းလာကာ hubby ဟုမှတ်ထားသောနံပါတ်မှဖုန်းခေါ်နေသည်။ ဒါဆို သူအိမ်ပြန်ရောက်ပြီးသူမအိမ်မှာ မရှိတာသိပြီပေါ့။ ဖုန်းကဆက်တိုက်ခေါ်နေသည်။ သူခေါ်လို့မရအောင် reject list ထဲထည့်ထားပြီးသား။

ဟိုအရင်လက်ထပ်ပြီးကာစက သူမတို့ သိပ်ပျော်စရာကောင်းသည်။ ယခုလောက် ငွေကြေးအဆင်မပြေသော်လည်း စည်းလုံးနွေးထွေးချစ်ခင်ကြသည်။ ယခုတော့ သူ့စိတ်တွေငွေနောက်လိုက်သွားပြီ။

” ရှင် ဘယ်သူ့အတွက်ရှာနေတာလဲ ကျွန်မတို့အတွက်ဆို အဲလောက်မလိုဘူးနော် ”

” သြော် အလုပ်ဆိုတာ အခွင့်အရေးရတုန်း အကျိုးပေးတုန်း ကြိုးစားရတယ်၊ ကို ရှာတာ မင်းနဲ့ သားသားအတွက်ပဲလေ၊ သားသားအလှည့်ကျရင် ကို တို့လိုမဟုတ်ပဲ နိုင်ငံတကာအဆင့်မြင့် university မှာ ကျောင်းထားချင်တယ် ”

”   ရှိတာမှ ဒီမိသားစုလေး ၃ ယောက်ရှိတာ ဒီမိသားစုကိုခေါင်းထဲ မထည့်နိုင်လောက်အောင် လောဘတက်မနေပါနဲ့ ”

”  အေး ထင်ချင်သလိုသာ ထင်တော့ ”

သူမတို့ စကားနိုင်လု ရန်ဖြစ်ပွဲက စိတ်လာသည်။ တပတ်နေမှ တခါ ညစာ အတူစားဖြစ်သည်။ သူ့ အိမ်ပြန်ချိန်တွေနောက်ကျတာများကာ အိမ်မှာရှိချိန်တွင်လည်း အလုပ်ကိစဖုန်းတွေက အဆက်မပြတ်။ တိုက်နောက်တလွှာတက်ဖို့ သံမှာမည့် စာရင်း၊ နောက်တလုံးဆောက်လုပ်ခွင့် စည်ပင်တင်ဖို့ စာရွက်စာတမ်း file ပြင်ဆင်၊ သူမ ဆွဲထားသည့် Auto CAD drawing ကို စစ်၊ မျက်နှာချင်းဆိုင် အေးအေးဆေးဆေး စကားပြောရန်ပင် အချိန်မရှိ။ နှစ်နှစ်ခွဲ အရွယ် သားသားက ယောက်ကျားလေးပီပီ သူနဲ့ အကြမ်းပတမ်းဆော့ချင်သည်။

coffee ဆိုင်ကပိတ်ရန်ပြင်ဆင်နေပြီ။ ဆိုင်မှာလည်း customer က သူမတစ်ယောက်တည်းရှိတော့သည်။ miss call အရေအတွက်ကြည့်လိုက်သည်။ ၁၆ ခု ၊ အိုကေ ဒီလောက်ဆို ကျေနပ်သည်။ သားသားအိပ်ချင်နေလောက်ပြီ။ သားသား အိပ်ခါနီးသောက်သည့်နို့ကို ဟိုကလေးမလေးက သေချာမှဖျော်ပေးပါ့မလားမသိ။ ဆိုင်မှထွက်လာသည့် သူမခြေလှမ်းတို့ သွက်လာသည်။

သြော် တကယ်တော့ သူမဆိုတာ သူမပါပဲလေ။

lady finger

About lady finger

lady finger has written 5 post in this Website..

There is a will, there is a way.