ဒီနေ့ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့…၂၀၁၄ နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့…
ဘယ်မှလည်းသွားချင်စိတ်မရှိ…သူငယ်ချင်းအချို့ နှစ်သစ်ကူးပွဲဖိတ်ကြတာလည်း
အကြောင်းအမျိုးမျိုးပြပြီးငြင်းပစ်ခဲ့တယ်….
အိမ်က မိသားစုတွေကတော့ အမျိုးတစ်ယောက်အိမ်က နှစ်ကူးအကြို စားပွဲသောက်ပွဲဖိတ်လို့
သွားကြလေရဲ့…ကျုပ်ကတော့ စိတ်မပါလို့ မလိုက်သွားခဲ့ပါဘူး….
တစ်ယောက်ထဲအိမ်မှာ ငေါင်တောင်တောင်ထိုင်နေရင်း…ကိုယ်ဖြတ်သန်းခဲ့ရတဲ့
တကယ့်လက်တွေ့ဘ၀ နောက်ကြောင်းကို..ဖြေးဖြေး ရေးရေး ပြန်တွေးကြည့်နေမိပါတယ်..
တွေးနေရင်း ပထမဆုံးသတိရမိတာက….
အော်…ဘာလိုလိုနဲ့ ကျုပ်ရဲ့မွေးသဖခင် ကျေးဇူးရှင် ကျုပ်တို့ကို စိတ်ချလက်ချထားသွားခဲ့တာ
၂ နှစ်တင်းတင်း ပြည့်တော့မှာပါလား…..အဖေအပင်ပမ်းအဆင်းရဲခံပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့
ကျုပ်တို့တတွေရော…သူဖြစ်စေချင်သလိုဖြစ်နေပါပြီလား………….

လူတစ်ယောက်နဲ့တစ်ယောက် ဘ၀ဖြတ်သန်းခဲ့ရပုံ
ဘ၀အတွေ့အကြုံ ဘယ်လိုမှမတူနိုင်ပါဘူး……….
အဓိကကတော့ ဘယ်သူမဆို ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့်
မရှိခဲ့ကြပါဘူးလေ…ဒါကို တချို့ ကလည်း အတိတ်ကံလို့ပြောကြသပေါ့
ဘယ်လိုပဲပြောပြောပါလေ…ပြောခဲ့သလိုပဲ..“ ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့်
မရှိခဲ့ကြပါဘူး”…..
ဆိုတော့…ဒီနေရာမှာ ဘယ်လိုမှ အားနာစရာ ငဲ့ညှာထောက်ထားစရာ
မလိုတဲ့…ကိုယ့်အကြောင်းပဲ ကိုယ်ပြောပြဝေဖန်ဆန်းစစ်ချင်တာပါ…
တစ်ကနေ နှစ်..သုံး..လေး..ဖြစ်အောင်လုပ်ရတာလွယ်ကောင်းလွယ်ပေမဲ့
သုံည ကနေ တစ် ဖြစ်ဖို့တော်တော်ခက်လှပါတယ်….
ဒါပေမဲ့…မဖြစ်ဘူးလားဆိုတော့…သိပ်ဖြစ်တာပေါ့….
လုပ်တဲ့လူနဲ့ သူ့ဇွဲနပဲ ပေါ်ပဲမူတည်တာပါလေ…
ထီးဆိုင်ကဆိုဖူးသဗျ…`♫♪♫ကူမဲ့သူရှိရင်ဘ၀ဆိုတာ…ပိုပီးတော့များ..လွယ်ကူလေမလား…♫♪♫ ´
တဲ့…အမှန်ပေါ့…ကူမဲ့သူရှိရင် ပိုလွယ်တာ လူတိုင်းသိနေတာပဲ…
ကူမဲ့သူ မရှိရင်ကော….ဘ၀က သွားပြီလား…ဘာမှမဖြစ်နိုင်တော့ဘူးလား…
နိုး နိုး နိုး နိုး
လုံးဝမဟုတ်ပါဘူးခင်ဗျား…………….
ကဲ…ကဲ..ကဲ…ဇတ်လမ်းလေးစလိုက်ရအောင်…
လူနီ ဆိုတဲ့ကောင်ကို စစ်သားတစ်ယောက်ရဲ့ မိသားစုထဲမှာမွေးပါတယ်
လူနီ့ ကလေးဘ၀ကတော့ သိပ်အခက်အခဲမရှိ သူများကလေးတွေလိုပဲ
ပျော်ရွှင်စွာဖြတ်သန်းခဲ့ရပါတယ်….ဒါပေမဲ့…
လူနီ ငါးတန်းအရောက်မှာတော့ အမေက သူ့ဘ၀မှာ ဆယ်ကြိမ်မြောက်
မွေးဖွားခြင်းအနေနဲ့ ညီမလေး အမွှာနှစ်ယောက်ကိုမွေးပါတယ်…
ကလေးတွေကတော့ချစ်စရာလေးတွေ..ကျန်းကျန်းမာမာလေးတွေပါ…
ပြသနာက အမေက နှစ်ယောက်လုံးကို နို့ဝအောင်တိုက်နိုင်လောက်အောင်အားမရှိရှာပါဘူး
ဘယ်လိုအားအင်ရှိနိုင်ပါ့မလဲဗျာ…တစ်နေ့တစ်နေ့ စားနေရတာက အဟာရအသာထားလို့
ဗိုက်ဝဖို့တောင် အနိုင်နိုင်…ဆိုတော့…..
နို့မှုန့်ကူရပါတော့တယ်..ညီမလေးနှစ်ယောက်အသက်ရှင်ရေးဦးစားပေးပေါ့…

အိမ်စားရိတ်ထဲမှာ နို့မှုန့်ဖိုးက ပိုလာတာပေါ့…
အိမ်ရဲ့တစ်ခုတည်းသော ၀င်ငွေကတော့ အဖေပဲပေါ့….အဖေ့ကိုကြည့်ပြန်တော့…

ကျုပ်မွေးကတည်းက..လက်မောင်းမှာ သုံးရစ်နဲ့အဖေဟာ
ကျုပ်ငါးတန်းရောက်လို့ ညီမလေးအမွှာမွေးတဲ့အထိ သုံးရစ်ခပ်နွမ်းနွမ်းပါပဲ
အိမ်မှာက အဲ့အချိန်က အဖွားအပါအ၀င် မိသားစုဝင် ၁၄ယောက် ရှိနေပြီလေ…
အဖေတစ်ယောက်ထဲဝင်ငွေနဲ့ ကျုပ်တို့မှာ ဆန်ပြုတ်တစ်နပ် ထမင်းတစ်နပ်ပေါ့…
ဒီတော့လည်း..အမေ့ခမျာမနေသာပေဘု..“မောင်တစ်ထမ်း မယ်တစ်ရွက်”ဆို မဟုတ်လား
ဒီတော့ ကြံစီရပြီပေါ့…လူနီ့အထက်က ခပ်လှမ်းလှမ်းအကို အမ တွေကျတော့လည်း
အတန်းကြီး အရွယ်လေးရတော့ ရှက်ရှာမယ်…လူနီနဲ့ လူနီ့အထက်ကပ်ရက်က ကိုလတ်
ကိုအမေပြောတယ်…မင်းတို့နှစ်ကောင်..နေ့စဉ်ကျောင်းကပြန်လာရင် တပ်တွင်းသင်တန်းကျောင်းက
မက်စ် မှာ အကြော်နဲ့ ဟင်းချက်လေးတွေသွားရောင်းတဲ့….မနက်စောစောလည်း ကျောင်းမသွားခင်
မက်စ်မှာပဲ ကောက်ညှင်းပေါင်းနဲ့ အကြော်ရောင်းတဲ့….
ဒီလိုနဲ့ စိတ်ပျက်လက်ပျက် မလွှဲမရှောင်သာ မိခင်ကြီးပေးအပ်တဲ့တာဝန်ယူလိုက်ရသပေါ့
အစပိုင်းသာ စိတ်ပျက်( ရှက်လည်းရှက်ပေါ့လေ)တာဗျ…နောက်တော့ ပျော်သွားရော..
ပျော်ရတဲ့အကြောင်းအရင်း..ခုနေပြန်တွေးတော့…
၁။ မနက် ည ဈေးရောင်းပေးနေတဲ့အတွက် စာမကျက်ရဘူး(အဖေက စာကျက်ဖို့ မနက်လေးနာရီဆိုအားလုံးနှိုးနေကျလေ..ကျုပ်တို့နှစ်ယောက်မပါ)ကျုပ်တို့က ၆နာရီမှထရတယ်
၂။ မနက်ပိုင်း မကုန်တဲ့အကြော် ကျောင်းသွားခါနီး စါးရတယ် (အမေရှုံးတာမြတ်တာတော့မသိ)
၃။ ညနေပိုင်း တပ်က မက်စ်မှာ ဟင်းသွားရောင်းရင်း ထမင်းကျွေးတာဝန်ခံတွေနဲ့
ရင်းနှီးလာတော့…မက်စ်က ရဲဘော်တွေ မကုန်တဲ့( တစ်ချို့လာမစားတဲ့) ထမင်းဟင်းတွေ
အိမ်သယ်လာတော့ တစ်အိမ်လုံး ဆန်ပြုတ်စားနေရာကနေ ထမင်းစားကြရတယ်။

ဒါကြောင့်  အဲဒီတုန်းကနေခဲ့တဲ့ တပ်ကလည်းကျေးဇူးရှင်စါရင်းထဲပါတာပဲပေါ့ဗျာ…
ဆိုတော့ဗျာ…လူနီတို့အဖို့တော့ အလွန်အဆင်ပြေတာပေါ့…ဒါပေမဲ့…
အဖေက မလွယ်ဘူးဗျို့..အလုပ်တစ်ဖက်လုပ်နေရတဲ့ကြားထဲ…စာမေးပွဲ
လပါတ်ကျရင်တောင်ဆော်သဗျ (အဆင့်ကောင်းလောက်အောင်တော့ မတွန်းပါဘူး)
နွေရာသီကျောင်းပိတ်ရက် တွေဆိုလည်း ကျုပ်တို့ညီအကိုတွေ ငွေရမဲ့အလုပ်
မှန်သမျှရှာလုပ်ပေါ့ဗျာ….
အဲ….အဲ့ဒီလိုနဲ့ဖြစ်သန်းလာခဲ့တာ…လူနီ လည်း ဆယ်တန်းရောက်ရောဆိုပါတော့…

အဲ့တော့ ကျုပ်က မန်းတလေးေ၇ာက်နေပါပြီ…
အလုပ်တစ်ဖက် စာမကျက်နိုင်တဲ့ကောင် ဘယ်အောင်လိမ့်မတုန်း…
ဆယ်တန်းမှာဘုန်းကနဲ ကျပါလေရော….ကျုပ်အဖေကလည်း သဘောပေါက်ပါတယ်
ရိုက်ဖို့နေနေသာသာ ဆူတောင်မဆူဘူးဗျ…(အဲ့တုန်းက ဆယ်တန်းအောင်ချက်နည်းလွန်းလို့

ဆယ်တန်းကျတာသိပ်မဆန်းလှဘူး)

ဒါပေမဲ့………..
ကျုပ်ကတော့ ကျောင်းဆက်မတက်ပဲ တပ်ထဲဝင်ချင်နေပြီ
တစ်နေ့အဖေ့ကိုပြောတော့..အဖေတော်တော်စိတ်ဆိုးပြီးဆူသဗျ…
“မင်းတို့ကိုငါ့ထက်တတ်အောင်ငါအငတ်ခံ ကျောင်းထားခဲ့တာကွ…
အရွယ်ရောက်တာနဲ့တပ် ထဲသွင်းမယ်ဆို မူလတန်းကတည်းက
ကျောင်းထုတ်ပြီး မင်းတို့ကိုခိုင်းစားခဲ့မှာပေါ့ကွ”….တဲ့
ကျုပ်အဲ့စကားကိုဘယ်တော့မှ မမေ့ခဲ့ပါဘူး……..
ကျောင်းတော့ဆက်မတက်တော့ပေမဲ့ ရရာအလုပ်လုပ်ရင်း
ညညသူများတွေအိပ်ချိန် ကျုပ်မအိပ်ပဲ စာကိုကြိုးစားခဲ့ပါတယ်
ဒါပေမဲ့ဗျို့…ဂိုက်လုပ်သင်ပေးသူမရှိတော့ သိပ်အရာမရောက်ပါဘူး
ဒုတိယနှစ် ဆယ်တန်း ဘီ လစ် နဲ့ပဲအောင်သဗျ……
အဲ့ချိန်ထိကျုပ်စိတ်မှာ လက်လျှော့ပြီး စစ်ထဲဝင်လိုက်ချင်တုန်းပဲ
ကျုပ်နဲ့ ကျောင်းနေဖက် တပ်ထဲကသူငယ်ချင်းအားလုံးလိုလို တပ်ထဲဝင်ကုန်ကြပြီ…
ကျုပ်အဖေကို မပြောရဲတာနဲ့ပဲ နောက်တစ်နှစ် ကျရာအလုပ်လုပ်ရင်း…
စာမေးပွဲအတွက်လည်းရည်ရွယ်စာလုပ်ရင်း…
တစ်နေ့…ကျုပ်ဆိတ်အုပ်ကိုမောင်းပြီး အိမ်ဖက်ဝင်လာတော့…ကျုပ်တို့လိုင်းခန်း
မှာနေတဲ့ ဆယ်တန်းနှစ်ချင်းပေါက်အောင်သွားတဲ့ သူငယ်ချင်းရဲ့အဖေက..
“လူနီ..မင်းဒီနှစ်ဆယ်တန်းဖြေအုံးမှာလားကွ..လုပ်မနေပါနဲ့ကွာ..
ဆိတ်ကျောင်းနေတာပဲကောင်းပါတယ်..အချိန်တန်တော့လည်း တပ်ထဲရောက်သွားမှာပေါ့”
တဲ့…ဒီလူကြီးဘာကြောင့်ပြောမှန်းမသိပေမဲ့….ကျုပ်ရင်ထဲကိုတော့တော်တော်ပြင်းပြင်း
ကြီးကို လာမှန်သဗျို့..ကျုပ်စိတ်ထဲတနုံ့နုံ့နဲ့….အတော်ခံစားမိသဗျ…..
သူ့ရာထူးကလည်း ကျုပ်အဖေထက်ငယ်တယ်…ကျုပ်အဖေတပည့်ပေါ့ဗျာ
အဲကတည်းက မခံချင်စိတ်ဖြစ်ပြီး ညည ကျုပ်မအိပ်သလောက်ပဲ..စာလုပ်တယ်
ဗမာလိုေ၇းထားတဲ့စာတွေကွာ..တစ်ခါမ၇၇င် ဆယ်ခါ..ဆယ်ခါမရရင်
အခါတစ်ရာဖတ်မယ်…မင်းခံနိုင်ရိုးလားကွ..ဆိုပြီး..အစွမ်းကုန်လုပ်တာဗျို့…
ထပ်ဖြေတော့…အင်း…အောင်သွားတာပေါ့ဗျာ…ဂုဏ်ထူးတွေတောင်ပါသေး…

ဆယ်တန်းအောင်မဲ့နှစ်မှာ ရန်ကုန်ပြောင်းခဲ့ရပြီ…..
…………………
………….
……

..
ကျုပ်အာအိုင်တီ တတိယနှစ်ပြီးကျောင်းပိတ်တော့ မန်းလေးကို
တကူးတက ကြိုးစားသွားပြီး
အပေါ်ကပြောခဲ့တဲ့ ကျုပ်သူငယ်ချင်းအိမ် သွားလည်သေးတယ်….
အဲ့အချိန်မှာ နှစ်ချင်းပေါက်အောင်ခဲ့တဲ့ ကျုပ်သူငယ်ချင်းက ဘွဲ့ရပြီး
မိန်းမရ လုပ်စရာအလုပ်မယ်မယ်ရရ မရှိပဲ မိဘအိမ်ကပ်စားနေသဗျ
သူ့အဖေက ကျုပ်ကို ထူးထူးဆန်းဆန်းပြောသေးတယ်…
“လူနီရာ..မင်းလိုဖြစ်မယ်မှန်းသိရင် ငါ မင်းသူငယ်ချင်း xxx ကို
ဆိတ်တွေဝယ်ပေးခဲ့ပါတယ်”..တဲ့…ကျုပ်သူပြောတာကိုဒီနေ့ထိနားမလည်ပါဘူး..

(နောက်တာဖြစ်မှာပေါ့)
တစ်ခုပဲ..ကျုပ်သူ့ကိုတော်တော်ကျေးဇူးတင်နေမိတာတော့ဒီနေ့တိုင်ပါပဲဗျာ…
သူကြောင့်ကျုပ်မခံချင်စိတ်…ကျုပ်အဖေက သူ့ထက်ရာထူးကြီးရဲ့သားနဲ့
ကျုပ်ညံ့ဖြင်းမှုကြောင့် သူ့လိုသားသမီးအတွက်ဂုဏ်မယူနိုင်ရလေခြင်း…
ဆိုပြီး မခံချင်စိတ်လေးနှိုးဆွပေးခဲ့လို့ပါပဲ…….
ဒီဇာတ်ထုတ်ကိုရေးရ ချင်းရည်ရွယ်ချက်က…
ဒီနေ့ဟာ နှစ်သစ်ရဲ့ အစနေ့ပါ
နှစ်သစ်ကူးစအခါသမယမှာ ကျေးဇူးရှင်တွေကိုလည်းသတိရတမ်းတရင်း..ကျေးဇူးတင်ရင်း..
လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ် ဇန္န၀ါရီလ ၆ရက်နေ့က ကွယ်လွန်သွားခဲ့ရှာသော..သားသမီး ၁၂ယောက်ကို

မငြို မငြင် လုပ်ကိုကျွေးမွေး ပညာသင်ပေးခဲ့တဲ့ အံ့ဖွယ်
သံမဏိလူသားကြီး ကျုပ်ရဲ့မွေးသဖခင် စစ်သားကြီး အားအမှတ်ရ လွမ်းဆွတ်ရင်း…
ကျုပ်လက်ရှိကျင်လည်ကျက်စားနေသော မန်းဂဇက်( မြန်မာ့ဂဇက်) ရွာထဲမှလူငယ်လူရွယ်များကို
ဇီးရိုး ဘ၀မှသည် တစ်လုပ်နိုင်ကြောင်း နှစ်သစ်ကူးလက်ဆောင်ပါးလိုက်ပါသည်ခင်ဗျား။

 

အဖေ နုစဉ်က

အဖေ နုစဉ်က

 

 

နှစ်သစ်မှာရွာသူားအပေါင်းရွှင်လန်းချမ်းမြေ့ပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေ…

10646989_785121921553557_1800627608998054607_n

 

 

 

 

 

 

 

 

 

 

လေးစားခင်မင်စွာဖြင့်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၁၊ ၁၊ ၂၀၁၅

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 93 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)