အာတီဒုံရဲ့ ၂၀၁၄ လည်ပြန်ကို ဖတ်ပြီး ကိုယ့်ရဲ့ ၂၀၁၄ ကို အလန့်တကြားပြန်ငဲ့ကြည့်မိတော့ စိတ်တိုင်းမကျတာတွေ၊ အချိန်ဖြုန်းခဲ့တာတွေ၊ ဒီလိုလေးလုပ်ခဲ့မိရင် ပိုကောင်းမှာလို့ တွေးမိတာတွေ အများကြီးပဲ…..။

ဒီနေ့က ကောင်းကင်ပြာရဲ့ မွေးနေ့ပါ…..။ အရီးပြောသလို Capricornဖွားပါ။ မကန်းတစ်ကောင်ပေါ့..…။

မွေးနေ့မှာ ပိုစ့်လေးတစ်ပုဒ်လောက်တင်မယ်ဆိုပြီး မှန်းထားပေမယ့် အပျင်းကထူနေသေးတယ်…။ လုပ်ရမယ့် ကိစ္စတစ်ခုကို နေ့ရွှေ့ညရွှေ့ ရွှေ့တတ်တာလဲ Capricorn တွေရဲ့ စရိုက်ပဲ ထင်တယ်…( ကွကိုယ်ပျင်းတာ ရာသီဖွားလိုက်ချီပြီး အဖော်ညှိလိုက်ဦးမယ်)။ မကာရတွေရဲ့ ပေါက်ပေါက်ရှာရှာ စရိုက်လေးတွေလဲ ကြားဖူးတယ်…။ မကာရတွေဟာ ညအိပ်ရင် ဖက်ခေါင်းအုံးရှိနေမှ အိပ်တတ်တယ်ဆိုတာမျိုးတို့…၊ စိတ်ညစ်စိတ်ရှုပ်လာရင် ကိုယ့်သူငယ်ချင်းတွေဆီ ဖုန်းတဂွမ်ဂွမ်ဆက်တတ်တယ် ဆိုတာမျိုးတို့….။ တချို့ လူတွေအတွက် ပုံမှန်လုပ်နေ ဖြစ်နေ၊ တွေးနေတဲ့ သမားရိုးကျကိစ္စတွေကို လှောင်ပြောင်ဆန့်ကျင် ပျင်းရိတယ်ဆိုတာမျိုးတို့…။ ( ဥပမာ….ဒွေး သေလို့ ငိုတာမျိုးတွေ…. )

:k:   :k:     :k:

သူငယ်ချင်းတွေ မင်္ဂလာဆောင်တော့မယ် ကြားတိုင်း…နင်တို့ခလေးကို စက်တင်ဘာလကုန်နဲ့… အောက်တိုဘာလဆန်းကြား ချိန်မွေးနော်လို့ ပေါက်ပေါက်ရှာရှာမှာတတ်တာ ကျမ…။ အဲ့ဒီလိုမှာတိုင်း…. လူကိုအူတိအူကြောင်နဲ့လို့ ဒဲ့ပြောသူက ပြော…၊ ဂေါက်နေသလားဆိုတဲ့ပုံစံနဲ့ ကြည့်တဲ့သူကကြည့်နဲ့ ဒါလဲပဲ အမှတ်က မရှိ…

အဲ့ဒီအချိန် မမွေးဖြစ်ရင်တောင် ဒီဇင်ဘာလကုန်နဲ့ ဇန်န၀ါရီလဆန်းတော့ ရှောင်မွေးဟ လို့…မှာဖြစ်အောင် မှာသေးတယ်..။

ဘာဖြစ်လို့လဲတဲ့…???

မကာရဖြစ်ရတာ … ကျမ အစက တော်တော်ကို သဘောမကျခဲ့တာပါ….။ ပြောရရင် လူဖြစ်ရကျိုးမနပ်လို့ပါ….

ဇုနတ်ဘုရား နတ်ဆိုးတွေဆီမှာ အဖမ်းခံရလေတော့ … Hermes နဲ့ Dryope တို့ရဲ့သား ၊ ငယ်ငယ်ကတည်းက ရုပ်ဆိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အပယ်ခံထားရတဲ့…. Pan က ၀င်ကယ်ပြီး…နောက်ကလိုက်လာတဲ့နတ်ဆိုးတွေကို သူ့အန္တရာယ်တောင်မမှုဘဲ မကန်းကောင်ယောင်ဆောင်ပြီး လမ်းလွှဲတယ်…။ ဒါကတော့ Clash Of The Titans မျိုးနွယ်စုတွေပေါ့လေ…

ပြောရရင် Pan = Capricorn ပေါ့လေ…။ Pan က အနုပညာကို နှစ်သက်တယ်…။ တောတောင်တွေကို ချစ်တယ်..။ သူ့ကိုယ်သူ ဓားစာခံအဖြစ်စတေးပြီး ဇုကို ၀င်ကယ်ခဲ့တယ်…။

ဒီလိုနတ်ဒေ၀တာတွေရဲ့ အဖြစ်တွေနဲ့ ပတ်သတ်ပြီး… ဒီရာသီဖွားတွေရဲ့ စိတ်က ဘယ်လို…ဘာညာပေါ့… ကောင်းကင်ပေါ်က ကြယ်တွေက ဟိုပုံဒီပုံပေါ့… ။

ယုံလားလို့မေးရင်…၈၇% ယုံတယ်…။ အနားနီးပတ်ဝန်းကျင်က တချို့လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ သူရို့အကျင့်စရိုက်တွေကို စပ်စုလေတော့ အတော်များများတိုက်ဆိုင်တာတွေ တွေ့တယ်…။ ဆရာစံဇာဏီဘိုခေတ်မစားသေးခင်တုန်းကတော့ စိတ်ဝင်စားလို့ အွန်လိုင်းမှာ…ရာသီခွင်တွေရဲ့ စိတ်နေစိတ်ထားတွေကို လေ့လာရင်း…သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ မွေးနေ့တွေကိုစပ်စုရင်း…သိပ်မခင်သေးတဲ့  ဘော်ဒါတွေကို လူတတ်ကြီးလုပ်ပြီး…ဟောခဲ့ပြောခဲ့မှန်းခဲ့သေးတာ….။

ဆရာစံဇာဏီဘိုစာအုပ်တွေပေါ်လာတော့ အရှက်ဟက်တက်ကွဲပါရောလား….

မကာရ ရာသီခွင်ဖြစ်ရတာ သဘောကျလားလို့မေးရင်…သဘောမကျဘူးပဲ ဖြေရလိမ့်မယ်…။ လူ့ဘ၀ဆိုတာ တကယ့်ကို ခဏလေးရယ်…။ အဲ့ဒီခဏလေးအတွင်းမှာ… အနစ်နာခံရတာတွေ၊ မျိုသိပ်ရတာတွေ၊ မျိုချရတာတွေ၊ ရင်ထဲထည့်ထားရတာတွေ၊ အားနာရတာတွေ ပင်ပန်းလွန်းလို့…..။ တစ်ခါတစ်လေတော့ အရီးတို့လို မချွိတို့လို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း…စိတ်ထဲရှိသမျှ ဘွင်းဘွင်းပြောလိုက်ချင်တယ်….။ အခုနောက်ပိုင်းတော့ စိတ်ထဲ အကြွေးမရှိအောင် နေကြည့်နေတယ်….။ မကာရကို ကျမကြိုက်တဲ့ တစ်ခုကတော့ သဘောကျတဲ့ မြောက်ပြန်လေ ခပ်အေးအေးလေးတိုက်တဲ့ ရာသီလေး ဖြစ်နေတာကိုပါ…။

အရီးပြောသလိုပဲ…မကာရတွေဟာ အနုပညာပိုင်းမှာတော့ အားသာချက်ရှိကြတယ်…(ပန်ကလဲ ၇ပေါက်ပါတဲ့ ပုလွေကို တီထွင်ခဲ့ဖူးသတဲ့…) Capricorn တွေက ခံစားလွယ်ကြတယ်…။ ဒါတော့ အဟုတ်။ ဇာတ်နာတဲ့ ဒရာမာများ ကြည့်မိရင်…ကောင်းကင်ပြာတို့ရှေ့ဆုံးက ပုလဲခပြီ…။ ဒါကြောင့် ဇာတ်ကားလေးများ ကြည့်နေရင်း အခြေအနေမကောင်းတော့ဘူးထင်ရင် ကွကိုယ်သိလို့ အိမ်ကလူတွေမရိပ်မိခင် နောက်ဆုံးတန်းကို မသိမသာရွှေ့တယ်…။ ဒါမှ ညက်ရည်တွေ နှပ်ရည်တွေထွက်တာ လူမသိသူမသိ သုတ်နိုင်မှာလေ…။ စာတွေထဲမှာတော့ ထူးချွန်တဲ့ အနုပညာရှင် မကာရတော်တော်များများ ရှိတာကို ဖတ်ဖူးတယ်…။ သူရို့ဟာ…စာပေ၊ ဂီတ၊ အနုပညာပိုင်းမှာ…ဖန်တီးနိုင်သူတွေလဲ ဖြစ်တတ်ကြတယ်…။

ကျမ မကာရကိုသာ မကြိုက်ဘူးပြောတာ….။ ရာသီခွင်တွေကို စွဲလန်းခဲ့လို့ မကာရနဲ့ ပတ်သတ်တဲ့…Sign တွေ ပုံတွေကို အွန်လိုင်းက ရှာခဲ့သေးတာ…။ Gmail Account တစ်ခုကိုတောင်… miss.capricorn06 လို့ ပေးခဲ့ဖူးသေးတယ်…။ ခုတော့ ပတ်စ်ဝေါ့မေ့လို့ ပျောက်ပေါ့…..။

ဖတ်မိသမျှ ရာသီခွင်တွေထဲမှာ၊ ကြုံခဲ့သမျှ..ရာသီဖွားတွေထဲမှာတော့ တူရာသီ(Libra)ကို သဘောအကျဆုံး။ သူရို့တော်တော်များများဟာ…လက်ရှိ ရှိနေတဲ့အနေအထားမှာ…အကောင်းဆုံးအခြေအနေဖြစ်အောင် win-win situation ကို ဖန်တီးနိုင်ကြတယ်.…။ တခြားရာသီတွေလဲ သူ့တို့ရာသီနဲ့သူတို့ အားသာချက်အားနည်းချက်တွေ ရှိပါလိမ့်မယ်….၊ ဒါပေသိ ကျမစိတ်ထဲ တွေ့ခဲ့ကြုံခဲ့တဲ့ တူရာသီဖွားတော်တော်များများတွေရဲ့… သူရို့စိတ်ဓာတ်တွေ၊ ပြသနာဖြေရှင်းပုံတွေကို အားကျမိရသည်ချည်း…။

 

ဒီနှစ်က မွေးနေ့ မွေးရက် တိုက်တယ်…။ အဂါင်္နေ့ဖွား မကန်းသမားပေါ့လေ…။ တချို့ မွေးနေ့ မွေးရက် တိုက်တဲ့နှစ်မှာ ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ် ကြားဖူးပေမယ့်…ကောင်းကင်ပြာကတော့ အယုံအကြည်မရှိပါ…။ ကြောက်စိတ်လဲ မပေါ်လာ…။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မှာပေါ့လေ….

ဟိုတစ်လောက အမေ တောင်ကြီးမပြန်ခင် မွေးနေ့အတွက် ရည်စူးပြီး စမ်းချောင်းထဲက ဒေါ်ဥာဏစာရီသီလရှင်တိုက်မှာ…လုပ်အားခငွေထဲက လှူခဲ့ပါတယ်…။ မွေးနေ့မှာ…ဘုရားတော့ မတက်ဖြစ်ခဲ့…။ ခရီးက ကတိုက်ကရိုက်ပြန်ရောက်ပြီး အလုပ်ဆီ ချက်ချင်း ပြေးရတာကြောင့်လဲပါတယ်…

IMG20150106112224

တွံတေးက ခလေးတွေကိုလဲ နေ့လည်စာကောင်းကောင်းလေးကျွေးချင်သေးတယ်….။ မုန့်လေးဘာလေးလဲ ဝေချင်တယ်..။ ဒီတစ်လနှစ်လအတွင်းလုပ်ဖြစ်အောင်တော့ ပိုက်ဆံစုလိုက်ပါဦးမယ်လေ….

 

 

 

၂၀၁၅ အစအတွက်ရော၊ နောက်နှစ်နှစ်လောက်နေရင် ထိပ်စီးပြောင်းတော့မယ့် အသက်အရွယ်အတွက်ရော…ကျမ ဒီထဲက အတိုင်း ကြိုးစားကြည့်မယ်…..။

(၁) အချိန်ကို ဒီထက်ပိုပြီး အကျိုးရှိအောင် အသုံးချမယ်

(၂) ငွေရေးကြေးရေးကို ပိုပြီး စေ့စေ့စပ်စပ် စီမံခန့်ခွဲမယ်

(၃) ကိုယ့်အလုပ်နဲ့ပတ်သတ်တဲ့ ဘာသာရပ်တွေကို လေ့လာသင်ကြားမယ်

(၄) လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုပြီးရင်းနှီးနွေးထွေးအောင် ဆက်ဆံမယ်

(၅) အစားအသောက် အပြုအမူ အနေအထိုင်တွေမှာ ပိုပြီးသတိထား ဂရုစိုက်မယ်

(၆) အပြောကောင်းသူတစ်ယောက်ထက် နားထောင်ကောင်းသူ တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်

(၇) ပရဟိတလုပ်ဖို့ အချိန်ပိုပေးမယ်

(၈) စိတ်အခန့်မသင့်ဖြစ်ပြီး မခေါ်မပြောဖြစ်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ ပြန်ပြီး ဆက်ဆံရေး တည်ဆောက်မယ်

(၉) ကျန်းမာရေးနဲ့ ညီညွတ်တဲ အစားအသောက်တွေကို ပိုစားမယ်

(၁၀) မစားဖူးတဲ့အစားအစာတွေကို မြည်းစမ်းစားကြည့်မယ်

(၁၁) အိပ်ရေးဝအောင် အိပ်မယ်

(၁၂) လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပိုပေးမယ်

(၁၃) ခရီးတိုလေးတွေ ခဏခဏထွက်မယ်

(၁၄) ကိုယ့်ကိုယ်ကို အရင်ကထက် ကြင်နာမယ်

 

 

 

ကောင်းကင်ပြာ

 

http://www.shwemyotaw.com/forum/topics/5442636:Topic:5109334

 

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 44 post in this Website..