ဒီတစ်ပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…

  • ပြတိုက်အဖြစ် လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ ရှေးဟောင်းအမွေးအနှစ် ဝန်ကြီးများရုံး အရေး နဲ့ ကန့်ကွက်သူများရဲ့ သတင်း၊

  • မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်လင်းစွာသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ထည့်သွင်းရေးသားလိုက်တဲ့ US အခြေစိုက် World Wide Web Foundation ရဲ့ အစီရင်ခံစာ သတင်း၊

  • US အစိုးရ ၊ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard ရဲ့ ရခိုင်ပြည်နယ်ခရီးအပြီး မြန်မာ့အရေး ပြောကြားချက်များ…

  • အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ကျောင်းသား ၁၀၀ ကျော်ဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို စတင်လမ်းလျှောက် ဆန္ဒပြနေကြတဲ့သတင်း၊

  • US ၊ နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်စ်မြို့မှာ သတ်ဖြတ်ခံလိုက်ရတဲ့ မြန်မာလူငယ် ကိုရာပြည့် ခေါ် William Parke ရဲ့ နောက်ဆက်တွဲသတင်းများ…

  • ၂၀၁၅ ရွေးကောက်ပွဲသာ ဆိုးရွားစွာ တရား မမျှတမှုတွေ ဖြစ်ပေါ်လာလျှင် US ဒေါ်လာ ၂ ဘီလီယံခန့် ချေးငွေပေးမယ့်အစီအစဉ် ပြောင်းလဲသွားနိုင်ကြောင်း ပြောလိုက်တဲ့ ဂျပန်အစိုးရရဲ့ ပြောကြားချက်များ..

  • တရားမဝင် သစ်ထုတ်ယူမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၂၀ လောက်ကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ထားဖို့နဲ့ တရားဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ တရုတ်နိုင်ငံရဲ့ သတိပေးချက်များ..

  • မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေပေါ်မှာသာ မူတည်ကြောင်း ပြောဆိုလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက် သတင်း၊

  • ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်စ်မြို့ ၊ လူစည်ကားပြီး အချက်အချာကျတဲ့                           Korea Town အရပ်ရှိ Equitable Life Building အဆောက်အအုံမှာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်တော့မယ်ဆိုတဲ့သတင်း၊

  • မြို့မ ကျောင်းလမ်းရှိ   အမျိုးသား ကဇာတ်ရုံမှာ နိုဗယ် – မြန်မာစာပေပွဲတော်ကို ကျင်းပခဲ့တဲ့သတင်းနဲ့…

  • ”မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေ ဆဲဖြစ်တယ် ” လို့ ပြောဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်များ…

  • ကုလသမဂ္ဂရဲ့ ရခိုင်၊ မွတ်စလင်အရေး တိုက်တွန်းချက်တွေကို သံဃာတော်များ၊ သီလရှင်များအပါအဝင် လူပုဂ္ဂိုလ် ၃၀၀ ကျော်က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့သတင်း၊

 

  • လူ့အခွင့်ရေးချိုးဖောက်မှုကိစ္စတွေကို ဖော်ထုတ်မှတ်တမ်းတင်သွားမယ့် UNDO ဆိုတဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းလိုက်တဲ့သတင်းနဲ့ …

 

  • ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထားဆိုင်ရာ သတင်းများ…

 

  • US မှာ ပြုလုပ်တော့မယ့် ပွဲလမ်းသဘင်ဆိုင်ရာသတင်းများ…အပါအဝင်…. ထူးခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို…စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၁ ။

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ မဟာဗန္ဓုလနဲ့ အနော်ရထာလမ်း၊                     သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင် ကျော်လမ်းတို့အကြားရှိ ဝန်ကြီးများရုံးကို Anawmar Art Group အား BOT စနစ်နဲ့ ငှားရမ်းပြီး ပြတိုက် အပါအဝင် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC က ခွင့်ပြုလိုက်ပြီးဖြစ်ပေမယ့်                           ကန့်ကွက်ဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်နေတာကြောင့် အကောင်အထည် မဖော်နိုင်သေးကြောင်း သိရှိရပါတယ်။

ဝန်ကြီးများရုံးကို ပြတိုက် အပါအဝင် အခြားသော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ဝ ကိုလည်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိ ဝန်ကြီးများရုံးကို ပုဂ္ဂလိကထံ BOT စနစ်နဲ့ ငှားရမ်းလုပ်ကိုင်ဖို့ ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ရှေ့နေများအဖွဲ့များအပါအဝင် ၊ အခြားသော လူမှုအဖွဲ့အစည်းများရဲ့ ကန့်ကွက် ဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်မှုများ ရှိနေသမျှ ကာလမှာ အဆိုပါ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ခက်ခဲနေကြောင်း သတင်းရရှိပါတယ်။

၂၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၁ ။

US ၊ ၀ါရှင်တန် အခြေစိုက် World Wide Web Foundation က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်လင်းစွာသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ထည့်သွင်းရေးသားထားကြောင်း သတင်းရရှိပါတယ်။

အဆိုပါ အစီရင်ခံစာအရ မြန်မာ၊ ဟေတီ နဲ့ မာလီနိုင်ငံရဲ့ အစိုးရတွေဟာ သတင်းအချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးမှု အဆင့်အနိမ့်ဆုံးအဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရရှိရပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G7 နဲ့ G20 နိုင်ငံများ စည်းဝေးပွဲတွေမှာ                                    အစိုးရဆိုင်ရာ အကျင့်ပျက် ခြစားမှုလျှော့ချရေးနဲ့ အစိုးရသတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ရေး တိုက်တွန်းခဲ့ပေမဲ့ ကမ္ဘာ့နိုင်ငံများရဲ့ အစိုးရ ၉၀ ရာနှုန်းကျော်ဟာ အချက်အလက်တွေကို ဖုံးကွယ်ထားကြဆဲပဲလို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

World Wide Web Foundation ရဲ့ အစီရင်ခံစာမှာ ဗြိတိန်နိုင်ငံက ပွင့်လင်းမြင်သာမှု အရှိဆုံးအဖြစ် စာရင်းရဲ့ထိပ်ဆုံးမှာ (၂) နှစ်ဆက်တိုက် ရှိနေပြီး၊ ဗြိတိန်ရဲ့ နောက်မှာတော့ အမေရိက ပြည်ထောင်စု၊ ဆွီဒင်၊ ပြင်သစ် နဲ့ နယူးဇီလန်နိုင်ငံတွေ ရှိကြောင်း သိရပါတယ်။

၁၄

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၀ ။

မှားယွင်းပြီး နှစ်ရှည်လများ ထောင်ချခံနေရသူလို့ US အစိုးရက ယူဆထားတဲ့ အကျဉ်းသားဖြစ်သူ ရခိုင်ပြည်နယ်က ဒေါက်တာ ထွန်းအောင်ကို သမ္မတ ဦးသိန်းစိန်က အထူးလွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့အတွက် US အစိုးရက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

ဦးသိန်းစိန်အနေနဲ့ ဒေါက်တာထွန်းအောင်ကို အထူးလွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဟာ US နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လိုက်သလိုပါပဲလို့                                                                                                  မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ US အောက်လွှတ်တော် အမတ် Aaron Schock က ပြောဆိုလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံအကြား ကောင်းမွန်နေတဲ့ဆက်ဆံရေးကို ပိုပြီးတိုးတက်လာအောင် ဆောင်ရွက်ပေးတာလို့ ယူဆပြီး US အောက်လွှတ်တော် အမတ်တစ်ဦိးအနေနဲ့ US ကို ပြန်ရောက်သွားတဲ့အခါမှာ လွှတ်တော်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေကို ဒီသတင်းကောင်းပြောပြပြီ့း  ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေးအစီအစဉ်တွေကိုလည်းထောက်ခံပေးကြဖို့ တိုက်တွန်းမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

၁၇

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၀ ။

US အစိုးရ ၊ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard က ရခိုင်ပြည်နယ်ခရီးအပြီးမှာ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်လူနည်းစုတွေအပေါ် ချမှတ်ထားတဲ့ မူဝါဒတွေဟာ လူမျိုးရေး ဘာသာရေးကြောင့် ဒုက္ခရောက်နေသူတွေကိုပါ ထပ်မံ ဖိနှိပ်ကန့်သတ်နေသလိုဖြစ်နေကြောင်း ပြောဆိုဝေဖန်လိုက်ပါတယ်။

လက်ရှိအခြေနေတွေဟာ အလွန်တရာ ဖိနှိပ်ကန့်သတ် ထားရာရောက်နေပြီး ၊                             လူမှုအသိုင်း အဝိုင်း ၂ ဖက်စလုံး အဆက် အဆံလုပ်နေတဲ့နေရာဆိုလို့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဈေးတစ်ခုသာရှိကြောင်း၊ ကျန်နေရာတိုင်း ဘာသာရေး စည်းခြားပြီး ဆက်ဆံနေထိုင်နေကြတာကို တွေ့ရကြောင်းလည်း Ms. Richard က ပြောဆိုပါတယ်။

ဒီလို လူမျိုးရေး ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် ဒေသခံအာဏာတွေချည်းပဲ ဖြေရှင်းနေလို့မရဘဲ

နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု ဗဟိုအစိုးရကိုယ်တိုင် ဝင်ရောက်ဆောင်ရွက်သင့်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

US အစိုးရ ၊ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard ဟာ            ဇန်နဝါရီလ ၁၇ ရက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေကို သွားရောက်လေ့လာခဲ့တာဖြစ်ပြီး ခရီးစဉ်အပြီး တွေ့ရှိချက်တွေကို US နိုင်ငံခြားရေးဝန်ကြီးနဲ့ US လွှတ်တော်အတွင်းမှာ တင်ပြမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

၁၉

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၀ ။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ အစိုးရဘက်က ရက်ပေါင်း ၆၀ ကျော်တဲ့အထိ တုန့်ပြန်မှုမရှိတာကြောင့် ကျောင်းသား ၁၀၀ ကျော်ဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို စတင်လမ်းလျှောက် ဆန္ဒပြနေကြပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး လမ်းလျှောက်ဆန္ဒပြကြတဲ့ ကျောင်းသားတွေဟာ                          မန္တလေး – ရန်ကုန်ကားလမ်းမဟောင်း အတိုင်း ရန်ကုန်မြို့အထိ ချီတက်မှာဖြစ်ပြီး  ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့တွေကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။                         ဆန္ဒပြရာလမ်းကြောင်းတစ်လျှောက်မှာလည်း ဟောပြောပွဲတွေကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ လမ်းလျှောက် ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေ အပြင် ၊ လူ့ဘောင်သစ် လူငယ်အဖွဲ့ဝင်တွေလည်း ပါဝင်ကြပါတယ်။ ပခုက္ကူနဲ့၊ ထားဝယ်မြို့က ဆန္ဒပြကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တွေကလည်း    ရန်ကုန်မြို့မှာ လာရောက်ပူးပေါင်းဆန္ဒပြကြမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

၁၆

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၀ ။

US ၊ နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်စ်မြို့မှာ မွေးနေ့ပါတီ တခုအပြီး မြန်မာလူငယ် ကိုရာပြည့် ခေါ် William Parke ကို အသက်သေဆုံးအောင် လက်သီးဖြင့် ထိုးကြိတ်ခံခဲ့တဲ့ တရားခံကို ကယ်လီဖိုးနီးယားပြည်နယ်တွင်းရှိ လမ်းတခုပေါ်မှာ ဖမ်းဆီးမိပြီလို့ သတင်းရရှိပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ တာဟေးမားခရိုင်မှာ လိုင်စင်သက်တမ်းကုန်နေသော နံပါတ်ပြားနဲ့ အနီရောင် ဖို့ဒ် ပစ်ကပ်တစင်းကို ရဲတပ်ဖွဲ့ဝင်များက မသင်္ကာတာကြောင့် စစ်ဆေးခဲ့ရာမှာ                 ကားထဲမှာ လိုက်ပါလာတဲ့ အသက် ၂၁ နှစ်အရွယ်ရှိ လူသတ်တရားခံ အဲလက်စ် ဗွန်ဆိုပန်ကို တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

လူသတ်မှုနဲ့ ဝရမ်းအထုတ်ခံထားရတဲ့ အဲလက်စ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆာကရာမန်တိုမြို့မှာ မွေးဖွားခဲ့တဲ့ လာအိုလူမျိုးအနွယ် ဖြစ်ကြောင်း သိရပါတယ်။

အထိုးကြိတ်ခံရပြီး အသက်သေဆုံးခဲ့ရတဲ့ ကိုရာပြည့်ဟာ ၂၀၀၄ ခုနှစ်က မိဘနှစ်ပါး၊ ညီငယ်တို့နဲ့အတူ US ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆရာဝန်ဖြစ်ဖို့ ရည်မှန်းချက်နဲ့ လတ်ဗီးဂတ်တက္ကသိုလ်မှာ ဇီဝဗေဒ နောက်ဆုံးနှစ် ပညာသင်ယူနေသော ကျောင်းသားလည်း ဖြစ်ပါတယ်။

၁၅

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၀ ။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် US ဒေါ်လာ ၂ ဘီလီယံခန့် ချေးငွေပေးမယ်ဆိုတဲ့ ဂျပန်အစိုးရအနေနဲ့ မကြာခင်ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲသာ ဆိုးရွားစွာ တရားမမျှတမှုတွေ ဖြစ်ပေါ်လာလျှင် ထောက်ပံ့ကူညီမှုများ ပြောင်းလဲသွားနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ ဂျပန်အစိုးရဟာ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေအတွက် ကတိပြုထားတဲ့ ချေးငွေပမာဏရဲ့ ၁၀ ရာခိုင်နှုန်း နဲ့ ၁၅ ရာခိုင်နှုန်းကြားကို ပေးအပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဟိုးအရင်က ဖြစ်သလိုမျိုး ရွေးကောက်ပွဲရဲ့ ရလဒ်ကိုမကြည့်ဘဲ အကြမ်းဖက်တဲ့နည်းနဲ့ စစ်တပ်က အာဏာသိမ်းတာမျိုးတွေ ဖြစ်လာရင်တော့ ဂျပန်အနေနဲ့လည်း ထောက်ပံ့မှုပေးနေတာတွေကို ပြောင်းလဲလိုက်မှာဖြစ်ကြောင်း ၊                 ဆိုးရွားတဲ့ တရားမမျှတမှုသာ မဖြစ်လာလျှင်တော့ ဂျပန်-နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီအနေနဲ့ ချေးငွေတွေဟာ မြန်မာပြည်သူတွေကို ထောက်ပံ့တာဖြစ်တဲ့အတွက်                     သမ္မတဟာ ဘယ်သူဖြစ်နေ ဖြစ်နေ ပြည်သူတွေကိုသာ ထောက်ပံ့တာ ဖြစ်တဲ့အတွက် ထောက်ပံ့မှုက ဆက်လက်ရှိနေမှာဖြစ်ကြောင်း ၊ ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ မစ္စ တာတာနာကာမာဆာဟိုင်းက ပြောဆိုလိုက်ပါတယ်။

၁၃

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၀ ။

မကြာသေးခင်က တရားမဝင် သစ်ထုတ်လုပ်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၂၀ လောက်ကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ထားဖို့နဲ့ တရားဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး  မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဒီကာလအတွင်း ဖမ်းဆီးခံထားရသူတွေရဲ့လုံခြုံရေးနဲ့ ဥပဒေအရခံစားခွင့်တွေကို လေးစားလိုက်နာပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုကြေညာခဲ့တာဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မကင်းတဲ့ သဘောထားကို အလေးထားပြီး အမှုမှာပါဝင် ပတ်သက်နေသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

မကြာသေးခင် ရက်ပိုင်းတွေက ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ ရာဂဏန်းလောက်ရှိတဲ့ စစ်ဘေးဒုက္ခသည် အရပ်သားတွေထဲမှာ တရုတ်နိုင်ငံသား အများအပြားလည်း ပါဝင်နေကြောင်း တရုတ်ကွန်မြူနစ် ပါတီ အာဘော် Global Times သတင်းစာက ဖော်ပြထားကြောင်းလည်း သတင်းရရှိပါတယ်။

၁၁

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၉ ။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံမေးမြန်းရာမှာ ” မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေပေါ်မှာသာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး လမ်းကြောင်းကို သွားနေတာဖြစ်ပါကြောင်းနဲ့                                   အဆိုပါ ငြိမ်းချမ်းရေးလမ်းကြောင်းဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုကြောင်း Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ တစ်ဘက်သက်အာဏာသိမ်းမှာတော့ မဟုတ်ပေမဲ့၊ တိုင်းပြည်မှာအရေးပေါ် အခြေအနေ ကြေညာရပြီဆိုရင်တော့ ငြိမ်ဝပ်ပိပြားရေး အတွက် ဆောင်ရွက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း လက်နက်ကိုင် အဖွဲ့တွေထဲမှာ ငြိမ်းချမ်းရေး မလိုချင်တဲ့ အစိတ်အပိုင်းတချို့ ရှိနေပြီး၊ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေတယ်လို့ ယူဆကြောင်း သူရဲ့အင်တာနက် Facebook စာမျက်နှာပေါ်မှာ ရေးသားထားကြောင်း Channel News Asia သတင်းက ဖော်ပြထားပါတယ်။

၁၈

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၉ ။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေကြောင့် ပဋိပက္ခတွေပိုမို ဆိုးရွားလာပြီး ၊ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ရှိတဲ့အတွက် စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်အဖွဲ့ အပါအဝင် တခြားအဖွဲ့အစည်း ၁၃၁ ဖွဲ့ နဲ့ ဒေသခံ ခြောက်သောင်းကျော်က လက်မှတ်ရေးထိုးပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်နဲ့ ထိုင်းသံရုံးတွေကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

ကရင်ပြည်နယ် ၊ သံလွင်မြစ်မှာ အကောင်အထည်ဖော်နေတဲ့ အဆိုပါ ရေကာတာတွေအနီးမှာ အစိုးရစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က ဒီကေဘီအေတပ်ဖွဲ့တွေကို ထိုးစစ်ဆင်မှုတွေ ရှိခဲ့တာကြောင့် ဒေသခံတွေနေရပ်ရွှေ့ပြောင်းခဲ့ရပါတယ်။

အခုအချိန်ထိလည်း နောင်ဖာနဲ့ ကွမ်းလုံရေကာတာ စီမံကိန်းတွေအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အားတင်ပို့ဖို့ ကွမ်းလုံရေကာတာ စီမံကိန်း လုပ်ငန်းတွေ စတင်နေပြီဖြစ်တဲ့အတွက် ကျေးရွာ ၆ဝ က ဒေသခံတွေဟာ မြေယာနဲ့အိုးအိမ်တွေ ဆုံးရှူံးခဲ့ရကြောင်း ၊ ရေကာတာ စီမံကိန်းတွေကြောင့် သံလွင်မြစ်ရဲ့ သဘာဝဂေဟစနစ်ပျက်ပြားပြီး မြစ်ကြောင်းတလျှောက်က ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းများ၊ ထိခိုက်ရုံမက ရေကာတာကျိုးပေါက်တဲ့အခါ ရေလွှမ်းမိုးမယ့် အန္တရာယ်တွေလည်း ရှိနေကြောင်း ပြောဆိုကြပါတယ်။

အဆိုပါ သံလွင်မြစ် ရေကာတာစီမံကိန်းတွေကို ထိုင်းနိုင်ငံက EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံက Three Gorges Corporation, နဲ့ China Datang Overseas Investment Co. Ltd. များနဲ့                 မြန်မာနိုင်ငံက International Group of Entrepreneurs Co. Ltd. ရွှေတောင်ကုမ္ပဏီနဲ့                        Asia World ကုမ္ပဏီတွေ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာဖြစ်ကြောင်း သိရှိရပါတယ်။

၁၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၉ ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု လွှတ်တော်ထံကို ပေးပို့ခဲ့တဲ့ သ၀ဏ်လွှာထဲမှာ       ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ “စုပေါင်းညှိနှိုင်းဖြေ ရှင်းတဲ့ သဘောတရား” ကို အခြေခံထားတာကြောင့် ကြိုဆိုကြောင်း ထည့်သွင်းရေးသားထားတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၁၉ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖတ်ပြခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးပါဝင်တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ တောင်းဆိုထားခြင်းဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာထဲမှာတော့ ၆ ပွင့်ဆိုင်ထက် ပိုကျယ်ပြန့်စွာနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အတော်များများပါဝင်နိုင်မယ့် ဆွေးနွေးပွဲမျိုး ဖြစ်ဖို့အတွက်ကို တိုက်တွန်းထားကြောင်း သတင်းရရှိပါတယ်။

၁၀

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US – မြန်မာ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်အရ လော့စ်အိန်ဂျယ်လိစ်မြို့rSm မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဖို့အတွက် နေရာရှာဖွေ ရွေးချယ်ခဲ့ရာ                        ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်စ်မြို့ ၊ လူစည်ကားပြီး အချက်အချာကျတဲ့                           Korea Town အရပ်ရှိ Equitable Life Building အဆောက်အအုံမှာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်မှာ ဖြစ်ကြောင်း သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံနဲ့ အမေရိကပြည်ထောင်စုတို့ရဲ့ ၁၉၄၇ ခုနှစ်မှ စတင်ထူထောင်ခဲ့တဲ့ သံတမန်ဆက်ဆံရေးသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါတယ်။

အဆိုပါ ကောင်စစ်ဝန်ရုံးဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ အမြင့်ဆုံး အဆောက်အအုံများမှာ နံပါတ် ၂၆ ဖြစ်ပြီး ၁၇ ထပ်မှာ မြန်မာကောင်စစ်ဝန်ရုံးအဖြစ် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။                                 လာမယ့် ဧပြီလဆန်းက စတင်ပြီး ကောင်စစ်ဝန်ဆိုင်ရာ လုပ်ငန်းကိစ္စများ စတင် ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

လော့စ်အိန်ဂျလိစ် မြန်မာကောင်စစ်ဝန်ရုံးအနေနဲ့ ပြည်နယ် ၈ ခု အပါအဝင်                                   အမေရိကပိုင် နယ်မြေတချို့အတွက် ပတ်စပို့၊ ဗီဇာနှင့် ကောင်စစ်ဝန်လုပ်ငန်းဆိုင်ရာများကို တာဝန်ယူ လုပ်ဆောင်သွားမှာဖြစ်ပြီး အာလာစကာ၊ ကယ်လီဖိုးနီးယား၊ အော်ရဂန်၊ ဝါရှင်တန်၊ နီဗားဒါး၊ အရီဇိုးနား၊ နယူးမက္ကဆီကိုနဲ့ ဟာဝိုင်ယီ …စတဲ့ ပြည်နယ်၈ ခုနဲ့ ဂူအမ်၊ မာရှယ်အိုင်းလင်း စသော ပစိဖိတ်နယ်မြေများအထိ အကျုံးဝင်ကြောင်း သိရပါတယ်။

အခုလို ကောင်စစ်ဝန်ရုံးဖွင့်လှစ်လိုက်တဲ့အတွက် ယခင်ကလို မြန်မာနိုင်ငံကို သွားချင်လျှင်               ဗီဇာရဖို့ မိုင် ၃,၀၀၀ ကျော်ဝေးတဲ့ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးကို ပေးပို့နေစရာမလိုတော့တာကြောင့် ပို၍ လွယ်ကူ အဆင်ပြေစေတော့မှာ ဖြစ်ပါတယ်။

ကောင်စစ်ဝန်ရုံးကို မြန်မာ လူဦးရေပိုများပြီး တခြားမြို့တွေနဲ့လည်း သွားလာရေး အချက်အချာကျတဲ့ လော့စ်အိန်ဂျလိစ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။

၈

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၈ ။

နော်ဝေးနှင့် ဆွီဒင်ရှိ စာပေ နှင့် သက်ဆိုင်သော အဖွဲ့များ၏ အကူအညီနဲ့ မြန်မာစာရေးဆရာများ စုပေါင်းဦးဆောင်တဲ့ ပထမဆုံး နိုဗယ် – မြန်မာစာပေပွဲတော်ကို မြို့မ ကျောင်းလမ်းရှိ                        အမျိုးသား ကဇာတ်ရုံမှာ ဇန်န၀ါရီ ၁၇ ရက်ကနေ ၁၉ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။

စာအုပ်အရောင်းဆိုင်များစွာကလည်း စာအုပ်တွေကို ၁၀ % ကနေ ၂၀ % ထိ ဈေးလျှော့ပြီး ရောင်းပေးကြပြီး စာပေနိုဘယ်ဆုရ စာပေရေးသားသူများရဲ့ ဓာတ်ပုံများ ၊                           မူရင်းစာအုပ်များအပြင် ဘာသာပြန်ထားပြီးသား မြန်မာပြန်လက်ရာစာအုပ်တွေကိုပါ ပြသထားပြီး ရောင်းချမှုတွေလည်း လုပ်ခဲ့ပါတယ်။

အဆိုပါ နိုဘယ်-မြန်မာ စာပေပွဲတော်အတွင်းမှာ ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲများ၊                                   ရသ၀တ္ထု ရေးသူ စာရေးဆရာများ ၀တ္ထုတိုဖတ်ပွဲ အစီအစဉ်များ၊                                             ရေးသူဖတ်သူ ဆွေးနွေးခန်းများနဲ့ စာပေနယ် အသီးသီးမှ စိတ်အားထက်သန်သူ ပုဂ္ဂိုလ်များ… ပါဝင်ဆွေးနွေးကြတဲ့ စာပေစကားဝိုင်း အစီအစဉ်များလည်း ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ဓာတ်ပုံနဲ့ ပိုစတာပြပွဲ၊ ကာတွန်း ပြပွဲများ၊ ကယ်ရီကေးချားရေးဆွဲခြင်းများလည်း ပါဝင်ပါတယ်။

နိုဘယ် မြန်မာ စာပေပွဲတော်ဖွင့်ပွဲအတွက် ဖွင့်ပွဲနေ့ဖြစ်တဲ့ ဇန်န၀ါရီလ ၁၇ ရက်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ စာတစ်စောင်ပေးပို့ခဲ့ပြီး     နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူမကိုယ်တိုင် ပြောကြားထားတဲ့ ရုပ်သံ သ၀ဏ်လွှာ ပေးပို့ခဲ့တဲ့အတွက် ပွဲတော်အတွင်း ပြသခဲ့ပါတယ်။

၇

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၇ ။

ထိုင်းလူမျိုး မူးယစ်မှောင်ခိုကုန်သည်တွေဖြစ်တဲ့ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက်ဟာ ယာဘ ခေါ် မက်သာဖက်တမင်းစိတ်ကြွဆေးပြားတွေ ကျယ်ကျယ်ပြန့်ပြန့် မှောင်ခိုသယ်ဆောင်နေကြတဲ့အတွက် ဖမ်းဆီးပေးဖို့အရေး မြန်မာနဲ့ တရုတ် အာဏာပိုင်တွေကို              ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန်း ကူးချာယာက တောင်းဆိုလိုက်ပါတယ်။

အဆိုပါ မုးယစ် ဆေးဝါးမှောင်ခို ကုန်သည် ၁ဝ ဦးဟာ အလွန်အရေးကြီးတဲ့ မူးယစ်မှောင်ခိုတွေဖြစ် ကြပြီး၊ လက်ရှိအချိန်မှာ မြန်မာနဲ့ တရုတ် ပြည်တွင်းကို ဝင်ရောက်တိမ်းရှောင် ပုန်းအောင်းနေတယ်လို့ ယုံကြည်ထားကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုထားပါတယ်။

မူးယစ်မှောင်ခိုသမားတွေရဲ့ အမည်စာရင်းကိုတော့ ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးက ကြေညာထားပြီး၊ ဖမ်းဝရမ်းလည်းထုတ်ပြန်ထားကြောင်း သတင်းရရှိပါတယ်။

၉

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၇ ။

ဇန်နဝါရီလ ၊ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့                                                                   တတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့ပါက ဦးသိန်းစိန်အနေနဲ့ အစိုးရအဖွဲ့အတွင်း ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိပါက ဘ့ယ်လိုတာဝန်ပေးမယ်ဆိုတာကို ပါတီကော်မတီအသီးသီးရဲ့ ဆုံးဖြတ်ချက်နဲ့သာ စဉ်းစားဆောင်ရွက်မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လာမယ့်၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးကိုသာ     ဦးစားပေးဆောင်ရွက်မှာ ဖြစ်ပြီး အနိုင်ရရှိပြီးနောက်မှာတော့ မည်သူကို သမ္မတ အဖြစ် ရွေးချယ်မယ်ဆိုတာ ဆက်လက် စဉ်းစားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ တရားဝင်ဥက္ကဋ္ဌဟာ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ နှစ်ယောက်ထဲက ဘယ်သူ ဖြစ်တယ်ဆိုတာကို တိတိကျကျခွဲခြားသတ်မှတ်ထားခြင်း မရှိတဲ့အတွက် တချို့သော ကိစ္စရပ်များဆောင်ရွက် ရာမှာ ပါတီအနေနဲ့ အငြင်းပွားဖွယ်ရာတွေ ဖြစ်ပေါ်နေကြောင်း ၎င်းပါတီရဲ့ ဗဟိုကော်မတီဝင်တချို့က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ပါတီအစည်းအဝေးအတွင်း                 ၂၀၁၅ရွေးကောက်ပွဲအတွက်ဗဟို အောင်နိုင်ရေးကော်မတီကို ဖွဲ့ စည်းခဲ့တဲ့အပြင်၊                    ပါတီရှေ့လုပ်ငန်းစဉ်များအဖြစ် လာမယ့် ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းအား ထုတ်ဆောင်ရွက်ရေး၊                                                                         အခြေခံဥပေဒကို နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမယ့် ပြင်ဆင်သင့်တာတွေ ပြင်ဆင်နိုင်ရေး… အစရှိတဲ့ အချက်တွေကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

၆

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၇ ။

မန္တလေး တိုင်းဒေသကြီး ၊ ရမည်းသင်းမြို့နယ်မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က               ”မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေ ဆဲဖြစ်တယ် ” လို့ ပြောဆိုဝေဖန်လိုက်ပါတယ်။

၁၉၄၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို သဘောတူလက်မှတ် ရေးထိုးထားပေမယ့် မလိုက်နာဘဲ                                                   လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေကြောင်း ဝေဖန်ပြောကြားခဲ့တာပါ။

ဒါ့အပြင် ”လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ အင်မတန်မှ ကြီးမားတဲ့ပြစ်ချက်ပဲ လို့ မြင်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

အဆိုပါ လူထုဟောပြောပွဲအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကို နမူနာယူကြဖို့ လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ရမည်းသင်းမြို့နယ် ၊ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ ကျင်းပခဲ့တဲ့ အဆိုပါ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲ ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းမှုတွေရှိခဲ့တာကြောင့် တက်ရောက်အားပေးသူ နည်းပါးခဲ့တယ်လို့ သိရပါတယ်။

၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၆ ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms. Yanghee Lee က သူ့ရဲ့    မြန်မာနိုင်ငံခရီးစဉ်တွေ အဆုံးသတ်ပြီးနောက်မှာ သတင်းမီဒီယာတွေကို ရန်ကုန်မြို့၊ဆီဒိုးနားဟိုတယ် မှာ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်ရဲ့ပြသနာဟာ နိုင်ငံတကာ အတွက်ပါ အရှုတ်အထွေးတွေဖြစ်လာနိုင်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ဒီကိစ္စအပေါ် အခြေတည်ပြီး အသက်ဆုံးရှုံး မှုတွေ အထိပါ ကြုံတွေ့နေရတယ်လို့ မစ္စယန်ဟီးလီကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် အသိုင်းအဝိုင်းအကြားမှာ ရန်လိုမှုတွေ ရှိနေဆဲပဲလို့                     ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကလည်း သူမကို ပြောဆိုခဲ့ကြောင်းလည်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စောင့်ကြည့်နေတဲ့ မျိုးစောင့်ဥပဒေ ၄ မျိုးနဲ့ ပတ်သက်ပြီးလည်း ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ သာယာဝပြောရေး၊ အမျိုးသမီးအခွင့်အရေးတွေကို အကာအကွယ်ပေးပြီး အသိအမှတ်ပြုဖို့ လိုအပ်တာကြောင့် အပြန်အလှန် နားလည်သီးခံမှုနဲ့ အားလုံးသဟဇာတအတူတကွ ယှဉ်တွဲနေထိုင်ကြဖို့အတွက် ဒီဥပဒေကြမ်းတွေကို သေသေချာချာ လေ့လာ သုံးသပ်စေချင်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လိုက်နာမှုပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရတယ်လို့လည်း မစ္စယန်ဟီးလီး က သူ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။

မစ္စယန်ဟီးလီးဟာ နေပြည်တော်မှာ ၃ ရက် ကြာနေထိုင်ပြီး အစိုးရ ထိပ်ပိုင်းအရာရှိတွေ နဲ့ တွေ့ဆုံခဲ့တဲ့အပြင် အစိုးရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း                       သီးသန့် တွေ့ဆုံခဲ့ပါတယ်။

မစ္စယန်ဟီးလီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရှင် ၀ီရသူ ဦးဆောင်တဲ့ လူအုပ်ကြီးက လက်သီးလက်မောင်း တန်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူတွေဟာ အကြမ်းဖက် အစ္စလာမ်ဝါဒဆန့်ကျင်ရေးကို ရည်ရွယ်ပြီး

Stand Together Against Islamic Terrorism စာတမ်းပါ ရှပ်အကျီ င်္တွေကို ၀တ်ဆင်ထားကြပြီး ဆန္ဒပြခဲ့ကြတာကို မစ္စယန်ဟီးလီး အနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၁

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၆ ။

ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ဖြစ်တဲ့ ”မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ တန်းတူအခွင့် အရေးတွေပေးဖို့ ” တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတယ်ဆိုပြီး သံဃာတော်များ၊ သီလရှင်များအပါအဝင် လူပုဂ္ဂိုလ် ၃၀၀ ကျော်က ဇန်နဝါရိလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ကနေ တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်ကွင်း အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ၊ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်တို့က ကန့်ကွက်ဆန္ဒပြတဲ့အကြောင်းတွေ ကို ဟောပြောခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မြန်မာနိုင်ငံသားအားလုံးက ဝိုင်းဝန်းကာကွယ်ဖို့ လိုအပ်ကြောင်းလည်း တောင်းဆိုခဲ့ကြပါတယ်။

၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၆ ။

လူ့အခွင့်ရေးချိုးဖောက်မှုကိစ္စတွေကို ဖော်ထုတ်မှတ်တမ်းတင်သွားမယ့် UNDO ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို အဖွဲ့ဝင် အယောက် ၄၀ ပါဝင်ပြီး ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ က ဦးဆောင် ဖွဲ့စည်းလိုက်တာဖြစ်ပြီး ရန်ကုန်၊ ပြည်လမ်းက ယုဒဿန်ရိပ်သာမှာကျင်းပတဲ့ အခမ်းအနားမှာ                        ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ UNDO အနေနဲ့ စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုး ဖောက်ခံရ သူတွေအကြောင်းကို စုံစမ်းပြီး မှတ်တမ်းတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအဖွဲ့အစည်းဟာ ၁၉၈၈ ခုနှစ်ကနေ ၂ဝ၁ဝ ခုန်နှစ် အတွင်း နဝတ၊ နအဖ စစ်အစိုးရနှစ်ခုအတွင်း လူ့အခွင့် အရေးဖောက်ဖျက်ခြင်းကို ခံခဲ့ရသူများ… ဘယ်သူ ဘယ်ဝါဟာ၊ ဘယ်ပုံ ဘယ်နည်းနဲ့ လူ့အခွင့် အရေး ဖောက်ဖျက်ခြင်းခံရကြောင်းတွေ စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

၅

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

———————————————————————–

 

US ၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ဗုဒ္ဓဘာသာမိသားစုများ စုပေါင်းပြီး ဖေဖော်ဝါရီ ၁၄ ရက်နဲ့ စနေနေ့တွေမှာ မဟာဒုက် စာရေးတံမဲ နဲ့ ထမနဲပွဲ ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်၊ သောကြာနေ့ ညနေပိုင်းမှာ မြန်မာမိသားစုများ တပျော်တပါး စုပေါင်းပြီး ထမနဲထိုးကြကာ မဟာဒုက် ကံထူးရှင်ရွေးပွဲကိုလည်း ကျင်းပပါမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ မနက် ၁၀း ၃၀ နာရီမှာတော့ မြတ်စွာဘုရား အမှူးထားပြီး သံဃာတော်များကို စုပေါင်း ဆွမ်းကပ်လှူပူဇော်ကြမှာဖြစ်ပြီး ကြွရောက်လာတဲ့ ပရိသတ်များကို နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေးမှာဖြစ်ပါတယ်။

အဲဒီနောက် နေ့လည် ၁ နာရီမှာ တရားနာ ရေစက်ချ အမျှပေးဝေမှာ ဖြစ်ပါတယ်။

စာရေးတံမဲ တစ်မဲကို ၅ ဒေါ်လာ၊ ထမနဲတစ်အိုးလျှင် US ဒေါ်လာ ၃၀ နှုန်းနဲ့                                       ဆက်သွယ် လှူဒါန်းလိုသူများအနေနဲ့ ဦးခင်မောင်သန်း (၃၀၃-၅၃၂-၇၀၈၃) ၊ ဦးမျိုး (Greeley) (၉၇၀-၃၈၈-၅၉၅၄)တို့ထံကို ဆက်သွယ်ပြီး ကုသိုလ်ပြုနိုင်ပါတယ်။

ယခုနှစ်မှာ ဘုရားဒကာမဲ ပေါက်သူကို ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ သံဃာတပါး နေအိမ်ကို ပင့်ဆောင် ဆွမ်းကပ်လှူခွင့်နဲ့ ထီလက်မှတ် ၁၀ စောင် ချီးမြှင့်မှာ ဖြစ်ပါတယ်။

မဟာဒုက်ကံထူးရှင်ရွေးပွဲ ကတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၃ နာရီဖြစ်ပြီး၊
ထမနဲပွဲ ကတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၃ နာရီ နှင့် ၁၄ ရက်နေ့ နံနက် ၈ နာရီ ဖြစ်ပါတယ်။
နေရာကတော့ ဓမ္မပါလကျောင်း
3096 Wheeling St
Aurora. CO 80011
Tel : 303-343-3691 ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဖျော်ဖြေပွဲနဲ့ မြန်မာအစားအသောက် ပွဲတော်ကို US ၊ မြို့ကြီးများ အသီးသီးမှာ ကျင်းပကြဖို့ စီစဉ်နေကြပါတယ်။                         နယူးယောက်မြို့မှာလည်း ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အမိမြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ ကြွရောက်လာတဲ့ ပရိသတ်တွေကို မြန်မာ အစားအသောက်များနဲ့ ကျွေးမွေးဧည့်ခံခြင်း..စတဲ့ အစီအစဉ်များ ပါဝင်မယ့် ပွဲတော်ဖြစ်ပါတယ်။

ဗိုလ်ချုပ် ရာပြည့် မွေးနေ့အမှတ်တရ အဖြစ် ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ပန်းချီကားများ ပြသခြင်း၊
မြန်မာမိသားစု ကလေးများမှ ကဗျာရွတ်ဆိုခြင်း၊ သီချင်းသီဆိုခြင်း၊ တေးသရုပ်ဖော်၊ ပြဇာတ် တင်ဆက်ခြင်း၊ ဗိုလ်ချုပ် မွေးနေ့အမှတ်တရ စာတမ်း၊ သ၀ဏ်လွှာဖတ်ကြားခြင်း စတဲ့ အစီအစဉ်များလည်း ဝေဝေဆာဆာ ထည့်သွင်း ကျင်းပမှာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ပရိသတ်ကို စတုဒီသာ ကျွေးမွေးဧည့်ခံဖို့အတွက် အစားအသောက် လှူဒါန်းလိုသူများလည်း လှူဒါန်းနိုင်ပြီး ယခုလောလောဆယ်မှာတော့ အစားအသောက် ၁၅ မျိုး ကျွေးမွေးနိုင်ပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ အခမ်းအနားကို တက်ရောက် အားပေးဖို့အတွက် ရန်ပုံငွေ              ၁၅ ဒေါ်လာ သတ်မှတ်ထားပြီး အဆိုပါ ရန်ပုံငွေများကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ကို ရည်စူးပြီး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့                                          ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

နေ့ရက် ၇ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၁၅ (စနေနေ့)
အချိန် နံနက် (၁၀း၀၀) မှ ညနေ (၅း၀၀) နာရီ
နေရာ P.S. 12 James B Colgate,
42-00 72nd Street, Woodside NY 11377

ဆက်သွယ်ရန်

ကိုအောင် 646-678-2749
ကိုဇော်မင်းသိန်း 917-363-6978
ကိုနေတင်မြင့် 347-944-7341
ကိုမြင့်လှိုင် 917-975-2349
ကိုရန်နိုင်စိုး 347-730-8770
မမြမြစိုး 917-797-2134
မဝေဝေနိုင် 917-363-6882
မစန္ဒာ 347-840-0282
။။။။။။။။။။။။။။။။။။။။။။။

 

######################################

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

azm

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013