မင်္ဂလာပါ ခင်ဗျာ… ။

အပတ်စဉ်တင်ပြပေးနေတဲ့  အလင်းခြုံတဲ့ သတင်းဇုန်ကနေ  အခုတစ်ပတ် တင်ပြပေးမယ့် သတင်းတွေကတော့ …

  • မြတ်နိုးလေးစားဖွယ်ရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတဲ့သတင်း ၊

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ့အရေး ပြောကြားချက်များ…

  • စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်က မြန်မာအစိုးရ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ရှိနေခြင်းက မြန်မာ့နိုင်ငံရေး အခြေအနေကို တည်ငြိမ်စေတယ်လို့ ပြောဆိုလိုက်တဲ့ သတင်း…

  • မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပွါးနေဆဲဖြစ်တဲ့အတွက် မြန်မာအစိုးရအပေါ် အကောင်းမြင်လွန်းနေတဲ့ ဗြိတိန်အစိုးရရဲ့ ဆက်ဆံရေး မူဝါဒတွေပြောင်းလဲဖို့ တိုက်တွန်းလိုက်တဲ့ သတင်း…

  • လူတဦးချင်း ၀င်ငွေနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတဲ့ သတင်း…

  • ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို                                       အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့သတင်းများ..

  • တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုနိုင်ရေး အတွက် ဆွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း…

  • အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို                      သပိတ်လှန်ပြီး နေရပ်ပြန်ဖို့ အစိုးရဘက်က ဖိအားပေးလိုက်တဲ့သတင်း…

  • ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးမှု ဖြစ်မြောက်ရေး ရန်ပုံငွေမလုံလောက်တဲ့အတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း ကြေညာလိုက်တဲ့သတင်း…

  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတဲ့သတင်း…

  • US မှာ ပြီးခဲ့တဲ့ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၀၀ ကျော် ရှိနေပြီ ဖြစ်တဲ့အတွက်               US နေပြည်သူများ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနှိုးဆော်လိုက်တဲ့သတင်း

  • နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ် ခြံဝင်း တံခါးဟောင်းနဲ့                           (၅၄) ဆိုတဲ့ အိမ်နံပါတ်ပြား ဟောင်းတို့ကို လေလံတင် ရောင်းချမယ်ဆိုတဲ့သတင်း…

  • မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူတွေကို စတင် စိစစ်လက်ခံနေပြီဆိုတဲ့ သတင်းနဲ့..

  • အခြား သိမှတ်ဖွယ်ရာ သတင်းထူးများ…

  • US နေ မြန်မာပြည်သူတွေ ပြုလုပ်ကျင်းပမယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများကို စုစည်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်… ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၅ ။

ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်တဲ့ ၂၀၁၅ ခုနှစ်အတွင်း မြတ်နိုးလေးစားဖွယ်ရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး                                        Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြပြီး မြတ်နိုးလေးစားဖွယ်ရာ ပုဂ္ဂိုလ်များစားရင်းထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကြောင်း သိရပါတယ်။

နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ လူပေါင်း ၂သောင်းခွဲဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံ Jolie ၊                                     ကမ္ဘာတဝှမ်း ပညာရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ Gates တို့လို                        လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းသူတွေကို ပိုပြီးမြတ်နိုးကြကြောင်းလည်း သိရပါတယ်။

မြတ်နိုးဖွယ်ရာ အမျိုးသမီးတွေထဲမှာ ဒုတိယအဖြစ် အရွေးခံခဲ့ရသူကတော့ ပါကစ္စတန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ကျောင်းသူလေး Malala Yusafzai ဖြစ်ပြီး ၊ တတိယက Hillary Clinton ဖြစ်ပါတယ်။ ဗြိတိန်ဘုရင်မကြီး အယ်လီဇဘတ်က စတုတ္ထနဲ့ US သမ္မတကတော် Michelle Obama ကတော့           ပဉ္စမ နေရာမှာ ရှိပါတယ်။

မြတ်နိုးလေးစားဖွယ်ရာအကောင်းဆုံး အမျိုးသားတွေထဲမှာ US သမ္မတ Barack Obama က ဒုတိယ၊ တရုတ်သမ္မတ Xi Jinpingက တတိယက ဖြစ်ပါတယ်။                                                        ဟောင်ကောင်မင်းသား Jackie Chan ကတော့ စတုတ္ထနေရာမှာ အရွေးခံခဲ့ရသူဖြစ်ပါတယ်။

အဆိုတော် Celine Dion နဲ့ ရုပ်ရှင်မင်းသမီး Julia Roberts တို့ကိုလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel တို့ထက် လူကြိုက်ပိုများကြတာကို တွေ့ရကြောင်း သတင်းရရှိပါတယ်။

၂၀

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၅ ။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပိုင်ဆိုင်မှုပြဿနာတွေကို ဖြေရှင်းဖို့အတွက် မြန်မာအစိုးရမှာ မူဝါဒသတ်သတ်မှတ်မှတ် မရှိဘူးလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့လွှတ်တော်ကို လာရောက် လေ့လာတဲ့                                  NLD အဖွဲ့ချုပ်ပါတီဝင် ၊ လယ်သမား ၁၅၀ ကျော်နဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံ၊ရဲ့ စီးပွားရေးတိုးတက်ဖို့ဆိုတာ အဓိက ဖြေရှင်းရမယ့် ပြဿနာဖြစ်ပြီး မြေယာပိုင်ဆိုင်မှုပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဟာ         ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

လယ်ယာမြေပြဿနာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဥပဒေပညာရှင်တွေအပါအဝင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ ပူးပေါင်းဖြေရှင်းနိုင်ဖို့ တိုက်တွန်းပေးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၁၉

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၅ ။

မြန်မာအစိုးရ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ရှိနေခြင်းက                         မြန်မာ့နိုင်ငံရေး အခြေအနေကို တည်ငြိမ်စေတာဖြစ်ကြောင်း  စင်ကာပူနိုင်ငံဝန်ကြီးချုပ်ဟောင်း ၊ စင်ကာပူနိုင်ငံ ၀ါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်က ပြောဆိုလိုက်ပါတယ်။

တပ်မတော်သားတွေ ဥပဒေပြုလွှတ်တော်ထဲမှာ ပါဝင်နေမှုဟာ ဒီမိုကရေစီပြယုဂ် မဟုတ်နိုင်ကြောင်း ပြောဆို ဝေဖန်မှုများရှိနေချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ ဆုံစဉ်ခဲ့တဲ့ မစ္စတာဂို ချောက်တောင်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ လုံခြုံရေးမှာ တပ်မတော်ရဲ့ မရှိ မဖြစ်အရေးပါတဲ့ အခန်းကဏ္ဍကို သိရှိနားလည်ပါကြောင်းနဲ့ ပြည်သူများအနေနဲ့ ဒီမိုကရေစီ အတွေ့အကြုံနည်းပါးပြီး                               စမ်းသပ်ကာလဖြစ်နေတာကြောင့် လွတ်တော်အတွင်းမှာ တပ်မတော်သားများရှိနေခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေ တည်ငြိမ်စေကြောင်း စင်ကာပူ မစ္စတာ ဂိုချောက်တောင်က ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံတပ်မတော်တို့ ဆက်ဆံရေးအထူးကောင်းမွန်လျက်ရှိပြီး ဆက်လက်ပြီးလည်း ဆက်ဆံမှုတွေကို တိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဂိုချောက်တောင်ဟာ ၁၉၉၀ ကနေ ၂၀၀၄ ခုနှစ်အထိ ( ၁၄ နှစ်ကြာ ) စင်ကာပူနိုင်ငံ             ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိ မစ္စတာလီရှန်လွန်းဦး ဆောင်တဲ့ အစိုးရအဖွဲ့မှာ                 ၀ါ ရင့်ဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသူ ဖြစ်ပါတယ်။

၁၈

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၄ ။

ဗြိတိန် ၀ါရင့် လွှတ်တော်အမတ်တချို့ အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသူတွေဟာ…                      မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပွါးနေဆဲဖြစ်တဲ့အတွက် မြန်မာအစိုးရအပေါ် အကောင်းမြင်နေတဲ့ ဗြိတိန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ လက်ရှိဆက်ဆံရေး မူဝါဒကို အထူးစိုးရိမ်မိကြောင်း ထောက်ပြဝေဖန်လိုက်ပါတယ်။

မြန်မာအစိုးရကို အကောင်းမြင်နေတဲ့ ဗြိတိန်အစိုးရရဲ့ ဆက်ဆံရေး မူဝါဒတွေပြောင်းလဲပြီး              မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာဖို့အတွက် ဖိအားပေးစေချင်ကြောင်း … လန်ဒန် ဗြိတိန်နိုင်ငံခြားရေးဌာနရှေ့မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်တဲ့ နှင်းဆီပန်းရောင်လှုပ်ရှားမှု ဆန္ဒပြပွဲမှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ဦးဆောင်တဲ့ နှင်းဆီပန်းရောင် မျက်မှန် လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၁၈ လကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

နှင်းဆီပန်းရောင်လှုပ်ရှားမှုဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံရဲ့ ၀ါရင့် အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ Baroness Glenys Kinnock နဲ့ Baroness Seue Nye တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာကြီးကို စစ်မှန်တဲ့ မြင်ကွင်း ၊ အမြင်မျိုးနဲ့ ကြည့်ချင်ရင် နှင်းဆီပန်းရောင် မျက်မှန်ကို တပ်ပြီးကြည့်ရမယ်လို့ ဗြိတိန်နိုင်ငံမှာ အဆိုရှိတဲ့အတွက်                                                           မြန်မာနိုင်ငံရဲ့ ဆိုးရွားနေတဲ့ လက်တွေ့အခြေအနေကို မကြည့်ဘဲ သာယာစိုပြေနေတယ်လို့ ဗြိတိန်အစိုးရက မြင်နေတာကြောင့် အခုလို နှင်းဆီပန်းရောင် မျက်မှန်လှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်ပါတယ်။

Burma Campaign UK ရဲ့ သဘောထား ကြေညာချက်အရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် ၁၆၀ အထိ တိုးသွားတာတွေ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတဲ့ ဥပဒေပြဌာန်းဖို့ ကြိုးပမ်းတာတွေ၊ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ထောက်ပြ ဝေဖန်ပြီး                                                                  ဗြိတိန်အစိုးရအနေနဲ့ လူ့အခွင့်အရေး မချိုးဖောက်ပဲ စစ်မှန်တဲ့ ဒီမိုကရေစီ မြှင့်တင်ရေးကို အခြေခံတဲ့ မူဝါဒနဲ့သာ ဆက်ဆံဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

၁၆

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၄ ။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးဖြစ်တဲ့ (IMF) က လူတဦးချင်း ၀င်ငွေနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို စာရင်းနဲ့ ဖော်ပြရာမှာ ဆီနီဂေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ နီကာရာဂွာ နိုင်ငံတွေကို အဓိကထားပြီး ထောက်ပြလိုက်ပါတယ်။

မြန်မာနဲ့ အဆိုပါ နိုင်ငံတွေဟာ စိုက်ပျိုးရေးနဲ့ ပြည်ပက ပေးတဲ့ အကူအညီတွေအပေါ် မှီတည်ပြီး နေကြရတဲ့ နိုင်ငံတွေ ဖြစ်ကြကြောင်း IMF က ဝေဖန်လိုက်ပါတယ်။

ဒီနိုင်ငံတွေဟာ ဆင်းရဲမှုနှုန်း မြင့်မားနေပြီး၊ မွေးကင်းစအရွယ် သေဆုံးမှုတွေ များပြားတဲ့အပြင် ပညာရေး အဆင့်အတန်းကလည်း နိမ့်ကျနေတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

ဒီနိုင်ငံတွေအတွင်းနေထိုင်သူတော်တော်များများဟာ Bottom Billion သို့မဟုတ်                               ကမ္ဘာပေါ်မှာ အဆင်းရဲ မွဲတေဆုံး လူသန်းပေါင်း တထောင်ထဲမှာ ပါဝင်တယ်လို့ သတ်မှတ်ထားကြောင်းလည်း သတ်မှတ် ပြောဆိုလိုက်ကြောင်း သိရပါတယ်။

၁၃

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၃ ။

US သမ္မတ ဘရက်အိုဘားမားက ၂၀၁၆ ခုနှစ်အတွက် အစိုးရအသုံးစရိတ်ကို US ဒေါ်လာ ၄ သန်း ထုတ်ပေးဖို့ ကွန်ဂရက်လွှတ်တော်မှာ အဆိုပြုတောင်းဆိုလိုက်ပါတယ်။

ဒီတင်ပြချက်အတွင်းမှာ ၂၀၁၆ ခုနှစ်အတွင်း လူချမ်းသာတွေကို အခွန်တိုးမြှင့် ကောက်ခံရေး၊ အသုံးစရိတ်ဖြတ်တောက်ခွင့်အာဏာကို အဆုံးသတ်စေရေးနဲ့ …                                   ဘဏ္ဍာရေး ကြပ်တည်းတဲ့ လူလတ်တန်းစားတွေကို ငွေကြေးပိုမိုပေးပြီး ကူညီနိုင်ရေး…စတာတွေလည်း ပါဝင်ပါတယ်။

ဒီမိုကရက်ပါတီရဲ့သမ္မတ မစ္စတာအိုဘားမားက သူ့ရဲ့အဆိုပြုချက်တွေကို လွှတ်တော်မှာရှိတဲ့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေက တင်းတင်းမာမာ ဆန့်ကျင်ခြင်းတွေ ရင်ဆိုင်ရဖွယ်ရှိမှန်း သိထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

လူနည်းစုတစ်စုသာ ကောင်းစားပြီး အများစုမှာ ဘာအကျိုးခံစားရမှုမှ မရှိတဲ့ စီးပွားရေးမျိုးကို                       US အနေနဲ့ လက်ခံသင့်ပါသလားလို့ အမိမြေလုံခြုံရေးဌာနကို သွားရောက်စဉ်မှာ သမ္မတ အိုဘားမားက မေးခွန်းထုတ်လိုက်ကြောင်းလည်း သိရပါတယ်။

၁၅

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီိ ၃ ။

US အခြေစိုက် Heritage Foundation အဖွဲ့ကနေ နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့ နိုင်ငံတွေရဲ့ စီးပွားရေးလွတ်လပ်မှု အခြေပြ ညွှန်းကိန်း ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ အဆင့်က                           ၁၆၁ နေရာမှာရှိနေတယ်လို့ သိရပါတယ်။

ညွှန်းကိန်း ၄၆ . ၉ နဲ့ အဆင့် ၁၆၁ ရခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် ထုတ်ပြန်ချက်မှာတုန်းက ညွှန်းကိန်း ၄၆.၅ နဲ့ အဆင့် ၁၆၂ မှာရှိခဲ့တဲ့အတွက် ဒီနှစ်မှာ အဆင့် တစ်ဆင့် တက်လာတာဖြစ်ပါတယ်။

ကမ္ဘာ့ ပျမ်းမျှညွှန်းကိန်း ၆၀.၄၊ အာရှဒေသတွင်း ပျမ်းမျှ ညွှန်းကိန်းက ၅၈.၈ ဖြစ်တဲ့အတွက်       ဒေသတွင်း ၄၂ နိုင်ငံမှာ မြန်မာက အဆင့် ၃၈ မှာသာ ရှိနေကြောင်း သိရပါတယ်။

Heritage Foundation အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းကတော့                                             မြန်မာ့ စီးပွားရေးလွတ်လပ်မှုဟာ တိုးတက်လာတဲ့ အရိပ်လက္ခဏာပြသခဲ့ပေမယ့် ၊                                 စီးပွားရေးမှာ အစိုးရက နှစ်ရှည်လများ ၀င်ရောက် စွက်ဖက်ခဲ့ခြင်း၊                                                       အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုတွေ အားနည်းခြင်း၊                                                            ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်း … စတာတွေကြောင့် မြန်မာ့စီးပွားရေးဟာ နလန်မထူနိုင်သေးပဲ နိမ့်ကျခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာအနေနဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး၊                                                            ပိုင်ဆိုင်ခွင့်တွေကို အားပေးရေး၊                                                                                  လွတ်လပ်တဲ့တရားစီရင်ရေး စနစ် ဖန်တီးရေး၊                                                                  စီးပွားရေးကို နိုင်ငံတကာဈေးကွက်အထိ ရောက်အောင် ဖွင့်ပေးရေး..စတာတွေကို                          အလေးပေး ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းရေးသားထားကြောင်း သိရပါတယ်။

၁၄

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၃ ။

ထားဝယ်မြို့ခံ တစ်ထောင်ကျော်က ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်မယ့် နဘုလယ်ကျေးရွာမှာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို                                      အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဆိုပါ စီမံကိန်းပေါ်ပေါက်လာတဲ့အခါမှာ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်တာကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့အရေး တောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူတွေက ပြောဆိုခဲ့ပါတယ်။

လယ်ယာကိုင်းကွန်းအပေါ်မှာ မှီခိုနေရသူတွေအနေနဲ့ သူရင်းငှားခတို့ မြေသြဇာလို စိုက်ပျိုးစရိတ်တို့ စက်ကိရိယာ မလောက်ငှမှုတို့ကြောင့် အသက်မွေး ဝမ်းကျောင်းရတာ ခက်ခဲနေပြီး               အလုပ်အကိုင် အခွင့်အလမ်းရယ်လို့လည်း မရှိကြောင်း….                                                                 ဒါကြောင့် ဒီစီမံကိန်းသာ အကောင်အထည် ပေါ်လာ မယ်ဆိုရင် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရလာမယ်လို့ မျှော်လင့်နေကြပါတယ်။

အဆိုပါ ဆန္ဒပြပွဲမှာ ကျေးရွာ ၁၆ရွာက ဒေသခံ တစ်ထောင်ကျော် ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့                        ပူးပေါင်း အကောင်အထည်ဖော်တာဖြစ်ပြီး ဂျပန်နိုင်ငံကလည်း ကူညီထောက်ပံ့မယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

0

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၃ ။

ကရင်အမျိုးသား အစည်းအရုံး (KNU )၊                                                                                        “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA )၊                                                                             ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့                                 ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ (၄) အဖွဲ့တို့ဟာ                                                     ရှမ်းပြည်နယ်၊ မိုင်းလားမှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ဟာ မိုင်းလားဒေသမှာ ဆွေ့ဆုံဆွေးနွေးရတဲ့                                   အဓိက ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုနိုင်ရေး အတွက် ဖြစ်ပါတယ်။

သမ္မတနဲ့ တိုင်းရင်းသားအဖွဲ့ အများစုကလည်း မကြာခင်ကျရောက်တော့မယ့် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှု တခုခု ရလိုကြကြောင်း သိရှိရပါတယ်။

တနိုင်ငွလု့း အပစ်အခတ်ရပ်စဲရေး NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက်                                                     ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့                                   တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ဟာ                                             ၆ ကြိမ်အထိ ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့အထိ အဖြေမထွက်နိုင်သေးဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့အတွင်း                                                တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပေမယ့်                                                                      တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုတော့ ရပ်တန့်မပစ်စေလိုကြောင်း၊                                                                                                   လက်ရှိ အပစ်အခတ် အခြေအနေတွေဟာ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဖြစ်ပွားနေခြင်း ဖြစ်တာကြောင့် နိုင်ငံရေး နည်လမ်းနဲ့ အဖြေရှာမှသာ တိုင်းပြည် ငြိမ်းချမ်းမှာ ဖြစ်ကြောင်း                         ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူများက ပြောဆိုလိုက်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား                                                              ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေး မူဝါဒများ ပါဝင်တဲ့ သဘောတူ စာချုပ်တစ်ခုကို လာမယ့် ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးလိုကြောင်း                                                                      ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း သမ္မတထံကို စာရေးသား ပေးပို့ထားသေးကြောင်း သိရပါတယ်။

၁၁

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဖေဖော်ဝါရီ ၂ ။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို                      သပိတ်လှန်ပြီး နေရပ်ပြန်ဖို့ ရန်ကုန်မြို့ ၊ စိန်ရတုခန်းမမှာ ပြုလုပ်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံပွဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ထပ်မံ သတိပေး ပြောကြားလိုက်ပါတယ်။

ကျောင်းသားများနဲ့ အစိုးရတို့ ဆွေးနွေးပွဲများ စတင်ပြီ ဖြစ်ပြီး ၊                                         နောက်ထပ်လည်း ဆွေးနွေးပွဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် သပိတ်လှန်ပြီး အိမ်ပြန်ကြဖို့ လိုကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တာပါ။

အဆိုပါ ဆွေးနွေးပွဲအတွင်း ကျောင်းသားများ ထပ်မံ တင်ပြတောင်းဆိုတဲ့ အချက် ၉ ချက်ထဲက သပိတ်မှောက်သူတွေကို သပိတ်နဲ့ ပတ်သက်ပြီး အရေးမယူဖို့ တောင်းဆိုရာမှာတော့                       ၀န်ကြီး ဦးအောင်မင်းက တာဝန်မယူနိုင်တဲ့ သဘော ပြောဆိုလိုက်ပါတယ်။

ဆွေးနွေးပွဲမှာ သမ္မတ မှာကြားလိုက်တဲ့ စကားဖြစ်တဲ့                                                        ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်နေသော ကျောင်းသားတွေနဲ့                                                       မိဘတွေဟာ သပိတ်ရပ်တန့်ဖို့ လိုလားကြောင်းနဲ့                                                        မြင်းခြံတက္ကသိုလ်မှာ ကျောင်းသားတွေက မြန်မာနိုင်ငံ အလံကို ဖြုတ်ချပြီး                                   ကျောင်းသားအလံ တင်ခဲ့ကြခြင်းဟာ နိုင်ငံတော်အလံကိစ္စမျိုးဖြစ်ပြီး သမ္မတအနေနဲ့                       တာဝန် မယူနိုင်ကြောင်း ပြောဆိုမှုခဲ့တဲ့အတွက်                                                               သပိတ်မှောက် ကျောင်းသားတွေကို အရေးယူ ဖမ်းဆီးမယ့် အရိပ်လက္ခဏာ ရှိကြောင်း သိရရှိရပါတယ်။

၁၂

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂ ။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးမှု ဖြစ်မြောက်ရေး ရန်ပုံငွေအတွက်                                ငွေကျပ် တစ်ထောင်က စတင်ပြီး မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း                                        ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ၊ ဘဏ္ဍာရေး တာဝန်ယူထားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကော်မတီ စတင်ဖွဲ့စည်းတဲ့ အချိန်မှာ ရန်ပုံငွေအဖြစ်                   ကျပ်သိန်းပေါင်း ၁၅၀၀ ခန့် ရရှိခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရေးအတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ကြိုးပမ်းခြင်း၊ တခြား အစစ အရာရာ ကုန်ကျစရိတ်တွေကြောင့် သိန်း ၁၀၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း…
သိန်း ၁၀၀၀ ခန့်နဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ မဖြစ်နိုင်တဲ့အတွက် ရန်ပုံငွေ ထပ်မံ ရရှိအောင် မည်သူမဆိုပါဝင်နိုင်တဲ့ တစ်ထောင် ကျပ်ကနေ စတင်လှူဒါန်းနိုင်မယ့် အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း … ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ် အတ္ထုပတ္တိ ရုပ်ရှင်ကို ပြသနိုင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ရန်ပုံငွေ မလောက်ငှတော့တဲ့ အခြေအနေကြောင့် ဇာတ်ဝင်ခန်း လေးခန်းသာ ပါဝင်တဲ့ အမြည်းဇာတ်ဝင်ခန်းများ (Teaser) ကိုသာ ကနဦး ရိုက်ကူးနိုင်ခဲ့ပါတယ်။

၁၂ မိနစ်ခန့် ကြာမြင့်တဲ့ Teaser ကို ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး
မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများနဲ့ အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်ရန်
စီစဉ်ထားကြောင်း၊ ဗိုလ်ချုပ်မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း တနိုင်ငံလုံးသို့ ပြသသွားနိုင်ရန် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အတွက် အဆိုပါ ရန်ပုံငွေ အစီအစဉ်အတွင်း… ပါဝင်လှူဒါန်းလိုသူများအနေနဲ့ မြန်မာပြည်တွင်း အရပ်ဒေသ အသီးသီးရှိ
မည်သည့် ပြည်တွင်း ပုဂ္ဂလိကဘဏ်က မဆို                                                                                  ဧရာဝတီဘဏ် စာရင်းရှင် နံပါတ် ၀၀၈၀ ၁၀၂၀ ၁၀၀၀ ၃၂၃၀ နဲ့…                                   စုငွေစာရင်းနံပါတ် ၀၀၈၀ ၂၀၂၀ ၁၀၀၂ ၂၆၈၉ တို့ကို ငွေလွှဲပို့နိုင်တဲ့အပြင်                                      ပြည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည်                                            “Bogyoke Aung SanFilm Funding” ထံကို လှူဒါန်းနိုင်ကြောင်း ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

၉

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂ ။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ မိုးမိတ်မြို့အနီးမှာ အစိုးရစစ်တပ်နဲ့                                     တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ရှမ်းပြည်၊ နောင်ချိုမြို့အနီးမှာ ကချင်ပလောင်တပ်ပေါင်းစုနဲ့ အစိုးရစစ်တပ်တို့ဟာ နံနက် ၉နာရီလောက်ကနေ စတင်ပြီး တိုက်ပွဲဖြစ်ခဲ့ပြီး အစိုးရစစ်တပ်မှ တပ်မတော်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သည်။

မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့နယ် စပ် အနီးမှာလည်း အစိုးရစစ်တပ်နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကိုးနာရီခန့်ကြာအောင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရပါတယ်။

မိုးကုတ်မြို့ နယ်စပ်ရှိ ရွှေညောင်ပင်ကျေးရွာနဲ့ ရွှေသာယာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

မိုးမိတ်မြို့အနီးဖြစ်ပွားသော တိုက်ပွဲမှာတော့ TNLA တပ်ဖွဲ့ဝင်တစ်ရာခန့်နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခ့တာဖြစ်ပြီး TNLA ဘက်မှ  တပ်သားသုံးဦးကျဆုံးသွားကြောင်း သတင်းရရှိပါတယ်။

၈

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁ ။

US မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပြီး ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း US ကျန်းမာရေး အရာရှိများက အတည်ပြု ပြောကြားလိုက်ပြီး                                            US ရှိ မိဘပြည်သူများအနေနဲ့ သားသမီးတွေကို ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနှိုးဆော်နေပြီ ဖြစ်ပါတယ်။

US ၊ ကယ်လီဖိုးနီးယားပြည်နယ် တစ်ခုတည်းမှာပဲ ဝက်သက်ရောဂါဖြစ်ပွားသူ ၉၁ ဦး ရှိပြီး အများစုဟာ လော့စ်အိန်ဂျယ်လိစ်၊ ဒစ်စ်နေးလင်းတို့ကနေ စတင်ကူးစက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ယခုအခါ US ရှိ ၊ ပြည်နယ် ၁၄ ခုမှာ ရောဂါကူးစက် ဖြစ်ပွားနေပြီး ဝက်သက်ရောဂါဟာ လေမှာ ပျံ့နှံ့ ကူးစက်နိုင်ပြီး ကာကွယ်ဆေး ထိုးမထားလျှင် ကူးစက်နှုန်း ၉၀ % ရှိပါတယ်။                                       နှာချေ၊ ချောင်းဆိုးခြင်းမှ သာမက သာမန် အသက်ရှူခြင်းကတောင် ကူးစက်နိုင်ပြီး အဆိုပါ ရောဂါ ပိုးဟာ လေထဲမှာ   ၂ နာရီကြာ ရှင်နေနိုင်ကြောင်း သိရပါတယ်။

US မှာ ယခု ကူးစက် ဖြစ်ပွားနေသူတွေဟာ အသက် ၇ လအရွယ်ကနေ ၇၂ နှစ်အရွယ်အထိ ဖြစ်ပါတယ်။

MMR ခေါ် ဝက်သက်၊ ပသိရောင်နဲ့ ဂျာမန်ဝက်သက် ကာကွယ်ဆေးကို US မှာ ကလေးသူငယ်များကို ၁၂ လသားမှာ ပထမအကြိမ်နဲ့ ၄ နှစ်သားမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပေးပါတယ်။

ဝက်သက်ရောဂါပိုး ကူးစက်တဲ့အခါ ၇ ရက်ကနေ ၁၄ ရက်အတွင်း ရောဂါလက္ခဏာပြပြီး ၁၀၄ံအထိ အဖျားပြင်းတဲ့အပြင် နှာရည်ယိုခြင်း၊ မျက်လုံးနီခြင်းနဲ့ ချောင်းဆိုးခြင်း ၊                                          မျက်နှာနဲ့ လည်ပင်းတို့မှ တဆင့် တကိုယ်လုံးအထိ အင်ပြင် အနီကွက်များ ပေါ်ပေါက် ပျံ့နှံ့တတ်ပါတယ်။

US နေ ပြည်သူများအနေနဲ့ အဆိုပါ ဝက်သက်ရောဂါလက္ခဏာများ တွေ့ရှိလာတဲ့အခါ ဆေးရုံဆေးခန်းကို ချက်ချင်းမသွားဘဲ အလျင်ဆုံး တယ်လီဖုန်းဆက်ပြီး ကြိုတင် ချိန်းဆိုဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက သတိပေးထားပါတယ်။                                            ဝက်သက်ရောဂါ လက္ခဏာနဲ့ ရောက်လာသူမှတဆင့် တခြားလူနာတွေဆီ ရောဂါကူးစက်မှာကို စိုးရိမ်ရတာကြောင့် အဆင်သင့်ပြင်ဆင် ရှင်းလင်းပြီးမှ ဆေရုံ ဆေးခန်းများသို့ လာစေပါတယ်။ ကြိုတင်အကြောင်းမကြားဘဲ သွားရောက်ခဲ့ပါက ဆေးရုံဆေးခန်းများက ငြင်းဆန်နိုင်ပြီး ကြိုတင်ဖုန်းဆက်ဖို့ အင်္ဂလိပ်ဘာသာစကား အခက်အခဲရှိသူများဟာ အရေးပေါ်နံပါတ် 911 ကို ဆက်နိုင်ကြောင်း သတင်းရရှိပါတယ်။

 

၇

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁ ။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားပေမယ့် ယခင် နှစ်တွေမှာ အစိုးရက ကြီးမှူးကျင်းပလေ့မရှိပါဘူး ။

ယခုနှစ်မှာတော့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကလေးများနေ့အဖြစ် နိုင်ငံအနှံ့ ကျင်းပပေးတော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မြန်မာနိုင်ငံကလေးများနေ့ အဖြစ်သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်မွေးနေ့၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝန်း ရှိ မြို့များမှာ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပသွားမယ်လို့                   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့နဲ့ မြန်မာနိုင်ငံကလေးများနေ့ ဖြစ်တဲ့အတွက် နိုင်ငံတစ်ဝန်းရှိ မြို့များမှာ                         အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ ပြုလုပ်နိုင်ရေး စီမံချက်ကို ပြည်နယ်အသီးသီးထံ ဖြန့်ဝေထားပြီး ဖြစ်ကြောင်း မြန်မာအစိုးရပိုင်သတင်းဌာနတွေကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာ နိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားပေမဲ့ ပြီးခဲ့တဲ့ နှစ်များအတွင်း အစိုးရက ဦးဆောင် ကျင်းပနိုင်ခဲ့ခြင်း မရှိတဲ့အတွက် အများပြည်သူတွေ မသိရှိကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဝေဖန်ခဲ့ပါတယ်။

၆

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁ ။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးတွေကို ကမ္ဘာတ၀န်း လုပ်ဆောင်နေတဲ့                                     ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (ယခင်-ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့-WWF) က အာရှနိုင်ငံတွေမှာ တရားမ၀င်ဖမ်းဆီးရောင်းချခံနေရတဲ့                             အာရှရှားပါး တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်(၁၀)မျိုးစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ စာရင်းထဲမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ တွေ့ရတဲ့ မြန်မာ့ကြယ်လိပ်များလည်း ပါဝင်ပြီး စာရင်းအရ တောရိုင်းတိရစ္ဆာန်များကျန်ရှိရာ နိုင်ငံတွေရဲ့ အစိုးရတွေကိုလည်း                   တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခံရမှုဘေးကို ကာကွယ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

တောရိုင်း တိရစ္ဆာန်တွေကို မှောင်ခိုရောင်းဝယ်တဲ့ ဈေးကွက်အတွင်း ဖမ်းဆီးရောင်းချ ခံနေရပေမယ့် လူသိနည်းသော အာရှမျိုးစိတ် တောရိုင်းတိရစ္ဆာန်များကို ဆိုင်ရာအစိုးရများ ဂရုပြုမိပြီး                      တရားမ၀င် ဖမ်းဆီး  ရောင်းချနေခြင်းများ ကနေ တားဆီးကာကွယ်ပေးနိုင်ဖို့ မီးမောင်းထိုးပြတာဖြစ်ကြောင်း … မျိုးစိတ် ၁၀ မျိုးကို ထုတ်နုတ်ရွေးချယ်ပြခဲ့တဲ့ WFF အဖွဲ့က ပြောပါတယ်။

အဆိုပါ မျိုးစိတ်(၁၀)မျိုးကျက်စားရာ နိုင်ငံများက အစိုးရတွေအနေနဲ့                                                   တရားမ၀င် ဖမ်းဆီးရောင်းဝယ်ခြင်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နင်းဖို့နဲ့၊                             အဲဒီလို ကိုင်တွယ်ရာမှာ နည်းပညာအသစ်များ အသုံးပြုပြီး ထိထိ ရောက်ရောက် ဆောင်ရွက်ဖို့လည်း ပြောကြားတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာသာ ရှိတဲ့ ကြယ်လိပ်မျိုးစိတ်ဟာ မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ် (Critically Endangered Species) ဖြစ်ပြီး အာရှတစ်ခွင်မှာ အသားစားဖို့နဲ့ ရိုးရာတိုင်းရင်းဆေး ဖော်စပ်ဖို့အတွက် မှောင်ခိုဈေးကွက်ဝယ်လိုအား ရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် ကြယ်လိပ်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူဖို့အတွက် ဥရောပနဲ့ မြောက်အမေရိကဒေသတွေကနေ ဒေါ်လာထောင်ချီပေးပြီး ၀ယ်နေခြင်းတို့ကြောင့် ကြယ်လိပ်တွေဟာ သဘာဝတောအတွင်း ဆိုးရွားစွာ လျော့နည်းလာနေကြောင်း WWF က ထောက်ပြလိုက်ပါတယ်။

အဆိုပါ ကြယ်လိပ်များကို မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊                                      လောကနန္ဒာ အမျိုးသားဥယျာဉ်နဲ့ ရွှေစက်တော် ဘေးမဲ့တော စတဲ့ နေရာသုံးခုမှာ ခြံခတ် မွေးမြူပြီး ကောင်ရေတိုးပွားအောင် ပြုလုပ်တဲ့နည်း (Captive Breeding) နဲ့ ကောင်ရေ ပြန်လည်တိုးအောင် ၁၉၉၅ ကတည်းက စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

WWF က ထုတ်ပြန်လိုက်တဲ့ အာရှဒေသမျိုးစိတ် ၁၀မျိုးဟာ မြန်မာနိုင်ငံအတွင်းသာ တွေ့ရတဲ့ ကြယ်လိပ်နဲ့ မြန်မာနိုင်ငံမှာ ကျန်ရှိကျက်စားနေသေးတဲ့ ဆိုက်ဘေးရီးယားသမင်မျိုးစိတ်တို့ အပါအ၀င် အာရှဒေသတွေမှာ ကျက်စားရှင်သန်တဲ့ ၀က်ဝံ၊ သင်းခွေချပ်၊ တောက်တဲ့၊ သစ်ခွ၊ ထိုင်းသစ်မွှေး၊ မြန်မာ စပါးကြီးမြွေ၊ မျောက်လေပွေ…စတဲ့ မျိုးစိတ်များဖြစ်ပါတယ်။

၅

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၃၁ ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့                                 (၁၀) စုနှစ် နှစ်ခုကျော်ကာလ တလျှောက်မှာ အသုံးပြုခဲ့တဲ့ အိမ် ခြံဝင်း တံခါးဟောင်းကြီးနဲ့                           (၅၄) ဆိုတဲ့ အိမ်နံပါတ်ပြား ဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ်သိန်း ၂,၀၀၀ နဲ့ လေလံတင် ရောင်းချမယ်လို့ သိရပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကနေ                                ပြန်လည် လွတ်မြောက်လာခဲ့စဉ်မှာ တက္ကသိုလ်ရိပ်သာလမ်း အပြည့်ရောက်ရှိစောင့်ဆိုင်း နေတဲ့ လူအုပ်ကြီးကို အဲဒီ ခြံ ဝင်းတံခါးဝကနေ မိန့်ခွန်းပြောကြားခဲ့ဖူးပါတယ်။

ခြံဝင်းဂိတ်တံခါးနဲ့ အိမ် နံပါတ်ကြွေပြားကို သားစဉ်မြေးဆက် သိမ်းဆည်းထားချင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်မွေးနေ့အခမ်းအနားနဲ့ NLD ပါတီ အဖွဲ့ချုပ် ၊ ရုံးချုပ် တည်ဆောက်ရေးအတွက် လှူဒါန်းလိုတာကြောင့် ရောင်းချခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကြမ်းခင်းဈေး ကျပ်သိန်း ၂,၀၀၀ နဲ့ ရောင်းချမယ့် လေလံတင်ပွဲမှ ရရှိမယ့် ငွေအားလုံးကို                       လှူဒါန်းမှာ ဖြစ်ပါတယ်။

အဆိုပါ ခြံဝင်းတံခါးနဲ့ အိမ်နံပါတ်ပြားကို မြန်မာနိုင်ငံသားများသာ မက                                ကမ္ဘာတစ်ဝန်းရှိ လူမျိုးမရွေး၊ နိုင်ငံသားမရွေး ဝယ်ယူနိုင်ကြောင်း သိရပါတယ်။

လေလံပွဲ ကျင်းပမယ့် အချိန်နေ့ရက်နဲ့ အခြား အချက်အလက်တွေကိုတော့ အတိအကျ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး ။

၁၇

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၃၁ ။

မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူတွေကို စတင် စိစစ်လက်ခံနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ရန်ကုန်မြို့၊ ၃၇ လမ်း၊ အမှတ် ၁၁၁ ရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဌာနစိတ်ဟာ ဒီဇင်ဘာ ၂၉ ရက်မှ စပြီး လျှောက်လွှာပုံစံများကို အခမဲ့ ထုတ်ပေးခဲ့ပြီး အချက်အလက်နဲ့ စာရွက်စာတမ်းများ ပြည့်စုံသော လျှောက်လွှာများကို လုပ်ငန်းကော်မတီနဲ့ ဗဟိုကော်မတီထံ အဆင့်ဆင့် တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အမြဲတမ်းနေထိုင်ခွင့် ဆိုတာ တခြားတိုင်းပြည်တွေလို နှစ်အကန့်အသတ်မရှိ နေထိုင်နိုင်မှာ မဟုတ်ပဲ ၅ နှစ်သာ ကန့်သတ်ထားတာကြောင့် ပထမ ၅ နှစ်ပြည့်ပြီးတာနဲ့             သက်တမ်း ထပ်တိုးရမှာ ဖြစ်ပါတယ် ။                                                                                      ဒါ့အပြင် အဲဒီ ၅ နှစ်သက်တမ်းအတွင်းမှာလည်း တစ်နှစ်ပြည့်တိုင်း အခွန်နဲ့ အခြား ကျသင့်ငွေတွေ ပေးဆောင်ပြီးမှ နောက်နှစ်အတွက် သက်တမ်းထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။

အခြားနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံနေသူများ၊                                                                မြန်မာအစိုးရရဲ့ နာမည်ပျက်စာရင်း အသွင်းခံရသူများနဲ့                                             ဒုက္ခသည်ခိုလှုံသူအဖြစ် အခြားတိုင်းပြည်တွေမှာ ပြောင်းရွှေ့အခြေချသူများကတော့                                                                ဒီ အစီအစဉ်မှာ ပါဝင် လျှောက်ထားခွင့် မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး ဦးစီးဌာနက ထုတ်ဖော်ကြေညာထားပါတယ်။

၎

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၃၁ ။

နိုင်ငံရေးဟာ လမ်းကြောင်းမှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေးပြေလည်မှုရှိမှ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်နိုင်မယ်လို့ NLD ဥက္ကဌ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မန္တလေးတိုင်း၊ပျော်ဘွယ်မြို့နယ် ရွှေပြည်သာဘုရားဝင်းအတွင်းမှာ ကျင်းပတဲ့                                      ဗိုလ်ချုပ် နှစ်တစ်ရာပြည့်အကြို  လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

လူတိုင်းဟာ နိုင်ငံရေးကို နားလည်ဖို့ ၊ နိုင်ငံ့အကျိုးကို တတ်နိုင်သမျှ သယ်ပိုးဖို့နဲ့                                  ဗိုလ်ချုပ်ကို ကျေးဇူးတင်တယ်ဆိုရင် ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကိုလိုက်နာပြီး ကျေးဇူးဆပ်ဖို့ ဒေါ်အောင်ဆန်းစကြည်က ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

“မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်ပြီး အားလုံးကလည်း တစ်ချိန်မှာ ကမ္ဘာ့အလယ် လျှမ်းလျှမ်းတောက်ဖြစ်လာမယ့်နိုင်ငံလို့ တွက်ဆထာားပေမဲ့ ထင်သလို မဖြစ်ခဲ့ဘူးကြောင်း ၊                                                                                                     ဘာကြောင့် ဒီလိုမဖြစ်ခဲ့သလဲဆိုရင် နိုင်ငံရေးအကြောင်းတွေကြောင့်သာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံရေးလမ်းမှားသွားတဲ့အတွက် စီးပွားရေးရော၊ လူမှုရေးပါ ခြွတ်ခြုံကျခဲ့ရကြောင်း၊                               ဒါကြောင့် နိုင်ငံရေးက အရေးမကြီးဘူး၊ စားဝတ်နေရေးသာ အရေးကြီးတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝနားမယောင်စေလိုကြောင်း စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

အဆိုပါ လူထုဟောပြောပွဲကို ပျော်ဘွယ်မြို့က ဒေသခံလူဦးရေ ရှစ်ထောင်နီးပါး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

၃

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၉ ။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အခြေနေတွေ သိသိသာသာကျဆင်းလာခဲ့ပြီး                         ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းရရှိထားတဲ့ လူ့အခွင့်အရေးအခြေနေဟာလည်း နှေးကွေးလာကြောင်း US ၊ နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်ရေး စောင့်ကြည်ရေးအဖွဲ့က ၂ဝ၁၅ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေး အစီရင်ခံစာသစ်ထဲမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

မြန်မာအစိုးရဟာ မွတ်စလင် ရိုဟင်ဂျာတွေကို ဖိနှိပ်ထားပြီး ဖွံ့ဖြိုးစဖြစ်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကိုလည်း ကန့်သတ်နေကြောင်းနဲ့ ၊                                                                    ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေကို ပိတ်ပင်ခဲ့တာလည်း တွေ့ရကြောင်း အဆိုပါ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ၊                                          ဘာသာရေးလွတ်လပ်ခွင့် ကန့်သတ်တဲ့ ဥပဒေတွေပြဋ္ဌာန်းဖို့ ဆောင်ရွက်ချက်များနဲ့… လွတ်လပ်စွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေရဲ့ အားနည်းချက်များ…                     ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ စစ်တပ်ကအသာစီးနဲ့ ထိန်းချုပ်ထားတဲ့အချက်များကိုလည်း အဲဒီ့အစီအရင်ခံစာမှာ ထည့်သွင်းရေးသားပြီး ထောက်ပြဝေဖန်ထားကြောင်း သိရပါတယ်။

၂

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၈ ။

ရခိုင်ပြည်နယ် မဒေးကျွန်းကနေ တရုတ်ပြည်ကို ၄၇၈ မိုင်ရှည်လျားတဲ့ ပိုက်လိုင်းကတဆင့် မြန်မာ့ရေနံတွေ တင်ပို့ဖို့သွယ်တန်းခဲ့ပြီးနောက်မှာ ရေနံစတင်စမ်းသပ် ပို့လွှတ်လိုက်ပါပြီ။

အဆိုပါ ရေနံပိုက်လိုင်းကို တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနဲ့ မြန်မာအစိုးရ မြန်မာ့ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်းတို့ ပူးပေါင်းပြီး ၂ဝ၁ဝ ခုနှစ်၊ ဇွန်လကနေ ပူးတွဲတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေနံပိုက်လိုင်းစီမံကိန်းရဲ့ ၅ဝ.၉ ရာခိုင်နှုန်းကို CNPC က ပိုင်ဆိုင်ပြီး၊ ကျန်တဲ့ ၄၉.၁ ရာခိုင်နှုန်းကို မြန်မာက ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ရေနံအစမ်းပို့လွှတ်ပွဲ အခမ်းအနားကို မြန်မာအစိုးရဘက်က ဒုသမ္မတ ဦးဥာဏ်ထွန်းနဲ့ CNPC ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် လျောင်ယန်းယန်တို့ တက်ရောက်ခဲ့ကြပါတယ်။

အခုရေနံပိုက်လိုင်းသစ်ကနေ တရုတ်ကို နှစ်စဉ်ရေနံစိမ်း တန်ချိန် ၂၂ သန်း ပို့လွှတ်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

၁

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများ …

US ၊ နယူးယောက်မြို့၊ P.S .12 James B Colgate တည်ရှိရာ 42-00 72nd Street, Woodside NY 11377 မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ မြန်မာပြည် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲနဲ့ မြန်မာအစားအသောက်ပွဲတော် ကျင်းပမှာ ဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်ကတော့ ဖေဖော်ဝါရီလ (၇) ရက် ၊ စနေနေ့ ဖြစ်ပြီါ် နံနက် ၁၀ နာရီမှ စတင် ကျင်းပသွားမှာ ဖြစ်တဲ့အတွက် မည်သူမဆို လာရောက်ပါဝင်နိင်ပါကြောင်း သတင်းပါးလိုက်ရပါတယ်။

အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း 6466782749 သို့မဟုတ် 9173636978 တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ သာသနာ့ရောင်ခြည် ကျောက်တိုက် တည်ရှိရာ … 11844 Cherrylee Dr., El Momte, CA 91732 မှာ ထမနဲပွဲတော်နဲ့ ဖေဖော်ဝါရီလ မွေးနေ့ရှင်များရဲ့ အလှူပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပွဲတော်ကျင်းပမယ့် ရက်ကတော့ ဖေဖော်ဝါရီလ (၁၆) ရက် ၊ တနင်္ဂနွေနေ့ ဖြစ်ပြီး နံနက် ၁၀ နာရီကနေ စတင် ကျင်းပမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေ အပေါင်းတို့အား ကြွရောက် သုံးဆောင်ကြဖို့ ဖိတ်ကြားထားပါတယ်။

အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း – (626) 4548-5000 သို့မဟုတ် (714) 229-1888 ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရရှိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

www.azmtv.com

www.azmtv.com

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013