ကဲ   အဲဒီ မှန်းရခက်လှတဲ့ အချစ်ဆိုတာအတွက်

ဟောဒီရင်ဘတ်ကြီးနဲ့ ရင်းပြီး ကြေငြာလိုက်တဲ့အချိန်မှာ

မြှောက်ပင့် အဲ အဲ ဟုတ်ပါဘူး အားပေးမှုများစွာ ရခဲ့လို့

ကျုပ်ရဲ့   အချစ်ရှာပုံတော်တိုက်ပွဲ ဆင်နွဲတော့မယ်လို့

နှလုံးသားလွှတ်တော်က ကန့်ကွက် နဲ့ ကြားနေမဲ မရှိပဲ တခဲနက်ထောက်ခံအတည်ပြုလိုက်ပါပြီ ၊

ဒီတော့ကာ ဘယ်လိုဗျူဟာ သုံးရမယ်ဆိုတာ အရေးပါခဲ့ပြီပေါ့ ၊

၁ ၊ ပစ်မှတ်က ဘယ်လိုလူမျိုးကို ထားမလဲ ?

ကျုပ်က အသက် ၅၀ ၊ စပွန်ဆာပေးဖို့ နေနေသာသာ လမကုန်ခင် ဘိုင်ပြတ်တဲ့ကောင် ၊

ရုပ်ကလည်း ပြေတီဦးတို့ နေတိုးတို့နဲ့ တစ်ခြားစီ

မွှေးကြိုင်နေတဲ့ စမတ်ကျကျ ပုံလည်းမဟုတ် ၊ ရိုးလ်အွန်လေးတောင် ကျုပ်သားဟာ ခိုးသုံးနေရတာ ၊  :)

ရွှေငါးတို့ မာစီဒီးတို့ ဘီအမ်ဒဗလျူတို့ အသာထား တက်စီတောင် နပ်မမှန် ၁၀၀တန် ဘတ်စ်ကားနဲ့ နှစ်ပါးသွားရသူ

ဘဝကို လှည့်ကြည့်လိုက်တော့ အနောက်မှာ ကလေး ၃ကောင်    အင်းးးး  အတော်အားတက်စရာ စီဗွီဖောင် ပါလားကွယ်ရို့  ၊

ဘာ ဖြစ်ဖြစ်လေ ဟို သဂျီးက အစ ခိုင်ဇာ နဲ့ သဂျား ကချင်နုထွား နဲ့ ကောင်းကင်ပြာ ၊

ဟောင်ကောင်ကျွန်းသား နဲ့ အဘနီ  စီစီရီရီ အားပေးမှုကို တွန်းအားလိုသုံး ရုန်းရပေဦးမပေါ့ ၊

ကိုယ့်စီဗွီဖောင်အနေအထားအရ ဝတ်မှုန်ရွှေရည်လိုဟာမျိုး ပစ်မှတ်ထားလို့ မဖြစ် ၊

ဟိုက ကိုယ့်ကို အိပ်မက်ထဲတောင် အပါခံမှာ မဟုတ် ၊

ဒီတော့ကာ ရူပါက သိပ်လှသူ မဟုတ်လည်း အိုကေပါ  ၊

အရိုးခံမျက်နှာလေးနဲ့  နည်းနည်းကြည့်ပျော်ရူပျော်ဆို တော်ရောပေါ့နော့ ၊ ရုပ်ရှင်ရိုက်မှာမှ မဟုတ်တာ ၊

အသက်က ၂၀ လောက်ဆို ကိုယ့်ကို အဘ ခေါ်နေဦးမယ် ၊ ဖြစ်သေးပါဘူး ၊  :)

အင်းးးး  ၂၅  . . .   ၂၅ ဆို နည်းနည်းငယ်ဦးမလား မသိ ၊

အို  ကြာတယ်ကွာ  ၂၅ နဲ့ ၃၅ ကြား   ဟဲ ဟဲ  အဲ့လောက်ဆို မဆိုးလောက်ပါဘူးလေ ၊

၄၀ နားဆိုရင်တော့ နိုးနော် ၊  သံရည်ကျိုစက်ပို့ရခါနီးနေပြီ ၊ :)

အဲဒီ ၂၅ – ၃၅ အရွယ်ဆိုတော့ သူတို့မှာလည်း အချိန်သိပ်မရှိတော့ဘူး ၊

ဈေးကွဲစအချိန်ဆိုတော့ တော်ရုံအမြတ်နဲ့ ထုတ်ရောင်းရတော့မှာလေ ၊

ခန္ဓာအချိုးအစားက ၃၃ – ၂၂ – ၃၆ မဖြစ်လည်း ရပါတယ်ကွယ် ၊ မယ်ရွေးမှာမှ မဟုတ်တာပဲလေ နော့ ပိတ်သတ်ကြီးရေ ၊

ကျုပ်က ပေါင် ၁၁၀ ဆိုတော့ သူ့ဘက်က ဟဲဗီးကြီး ဖြစ်လို့မဖြစ် ၊ ငါးရံ့ လို ခပ်သွယ်သွယ်ဆို တော်ပြီ ၊

အဲ   ဆံပင်   ဆံပင်   ဆေးဆိုးနီကျင့်ကျင့်တွေ ကျုပ် ကြည့်မရ ၊ ဆံပင်အနက် ကျောလယ်လောက် ပုံဆို သားသားအကြိုက် မွန်းလိုက် ၊

အင်းးး  အလုပ်  အလုပ်ကတော့ ရှိနေမှ ကောင်းမယ်ထင်တယ် ၊

ကျုပ် တစ်လစာတည်းနဲ့ ဆိုရင်တော့ ဟိုဝန်ဂျီးပြောသလို တစ်နပ်လျှော့စားနေရလိမ့်မယ် ၊

အဲ  ကျုပ်ထက် လစာများလို့လည်း မဖြစ်ဘူးဗျ ၊ ဒင်းတို့က လစာများးလာရင် ဟိုအရင်ကောင်မလို ခြေရာချင်း တိုင်းလာဦးမယ် ၊

လစာအတော်အသင့်ရှိသူ ၊ ဟုတ်ပြီ  ဒါပေမယ့် သူ ရသမျှ ဝမ်းဆက်ဝယ် ဟိုဝယ် ဒီဝယ် သိပ်လုပ်တတ်သူ မဖြစ်ဖို့လည်း လိုသဗျ ၊

သိပ်အလှပြင်တာမျိုးလည်း ကျုပ်က မကြိုက် ၊

အဝတ်အစားသက်သာအောင် ယူနီဖေါင်းဝတ်ရသူမျိုးဆို ပိုဟန်ကျမယ် ၊

တစ်ပါတ်ကို ၆ ရက်က ယူနီဖေါင်းနဲ့ဆိုတော့ အဝတ်အစား သက်သာသပေါ့ ၊

ရုံး ကင်န်တင်းမှာ ထမင်းစားသူ မဟုတ်ရ ၊ ထမင်းချိုင့်ပါသူ ဖြစ်ရမည် ၊ ပိုက်ပိုက် ကုန်သလေ ၊

အို  သူမချက်တတ်  ကျုပ် ချက်မပေါ့ ၊

အဲ့နောက်  အသံ  အသံ  တစ်ချို့က လှပါရက်နဲ့ အသံသြသြကြီးတွေ ၊

ဟို အက်ဖ်အမ်ရေဒီယိုက မဒီလေးတွေအသံဆို နားထောင်ရင်းနဲ့ကို ရင်ထဲကျလိ ကျလိ   ဟီး ဟီး

ဒီလောက်ဆို စုံလောက်ပြီထင်တာပဲဗျ ၊

ကဲ ပိတ်သတ်ကြီးရေ  ဒီဗျူဟာ ပိတ်သတ်ကြီး ဒီကနေ့ သဘောတူနိုင်တယ်ဆိုရင် မနက်ဖြန် ထိုးစစ် စမယ်ဗျာ ၊

1

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..