( ကျွီ   ကျွီ       ဒုန်း )

ဘရိတ်အုပ်သံ ကားဘော်ဒီချင်းတိုက်မိသံတို့နဲ့အတူ ကျနော့်ကိုယ်ပေါ် ပစ်ကျလာတာက

အိစက်နွေးထွေး မွှေး နေတဲ့ ခန္ဓာကိုယ်တစ်ခု ၊

ရုတ်တရက် သူ မထနိုင် ၊ သူ့မျက်နှာက ကျနော့်ပါးပေါ်မှာ ၊ ကျနော်ကလည်း မလှုပ်ရှားဖြစ် ၊

နောက်တော့ ကန်တော့နော် ကန်တော့ နွယ် တောင်းပန်ပါတယ် ဆိုတဲ့အသံလေး ထွက်လာပြီး သူ ကြိုးစားပြီး ရပ်လိုက်ရှာတယ် ၊

ကျနော် သူ့ကိုမော့ကြည့်တော့ ဒီမျက်နှာ ဒီယူနီဖေါင်း ၊ သြော်  ငါတို့ အမ်အိုင်စီတီဝင်းထဲကပဲ ၊

ဒီလိုဗျ  ဒီမနက် ရုံးအလာ ၂၂၆ ကားပေါ်မှာ ဒီလိုဖြစ်ခဲ့တာ ၊

ကားက အရှိန်တင်မောင်းနေချိန် သုခ နဲ့ သံလမ်းကြား ကွန်ဒိုကြီး ဆောက်နေတဲ့နားမှာ ဖြတ်ဝင်တဲ့အုတ်သယ်ကားနဲ့ ငြိတာ ၊

သိပ်အများကြီးထိသွားတာ မဟုတ်ပေမယ့် သူမှန် ကိုယ်မှန် ရှင်းနေကြတာမို့ ခရီးသည်တွေက နောက်ကားပြောင်းစီးဖို့ ဆင်းနေကြပြီ ၊

ကျနော်ကလည်း သံလမ်း နဲ့ နီးနေပြီမို့ ဆင်းလိုက်ပါတယ် ၊ အဲ   သူလည်းဆင်းလာတယ် ၊

( ဦး ဟင်းတွေစွန်းသွားပြီ ) လို့ပြောမှ ကြည့်မိတော့ စတစ်ကော်လံအဖြူမှာ ဆီတွေစွန်းနေတာ တွေ့မိတယ် ၊

(  ရပါတယ် ရုံးရောက်ရင် လဲလို့ရပါတယ် ၊)

( ဟုတ်လို့လား  ဒါနဲ့ ဦးက အမ်အိုင်စီတီ ကပဲ မဟုတ်လား နွယ်မြင်ဘူးတယ် ၊)

( ဟုတ်ပါတယ် အဆောင် ၄ ကပါ ၊ နွယ်က အဆောင် ၃ ကမဟုတ်လား ၊)

( ဟင်  ဦး ဘယ်လိုသိလဲ ? )

(  ဒီယူနီဖေါင်းက အဆောင် ၃ က   – – –  ကုမ္ပဏီ ယူနီဖေါင်းလေ ၊ )

(  သြော်  အင်း ဟုတ်တယ် ၊ ဦး ဘယ်မှာ နေတာလဲ ဟင် ၊)

(  လှည်းတန်းဘက် မှာပါ ၊ နွယ်က ဆင်ရေတွင်းက မဟုတ်လား ၊)

( ဟင်  ဦး ဘယ်လို သိတာလဲ ? )

(  သြော်  ဒီလိုပဲ သိတာပေါ့ ၊ )

သူ တော်တော်အံ့အားသင့်သွားပုံပဲ ၊ အဲဒီအချိန်မှာ ကျနော် ရုံးလာတိုင်း ထိုင်နေကျ လှိုင်မင်းကဖီးကို ရောက်လာတယ် ၊

သူ့ကို ခေါ်တော့ အားနာပုံလေးနဲ့ လိုက်လာတယ် ၊

နှစ်ယောက်တွဲ ဝင်လာတဲ့ ကျနော့်ကို သိနေတဲ့ စားပွဲထိုးလေးက ဆရာ တစ်ယောက်တည်း မဟုတ်တော့ဘူးလား

လို့ နောက်ဖြစ်အောင် နောက်သေးတယ် ၊ ကျနော်က ထုံးစံအတိုင်း လဘက်ရည် ကျဆိမ့် ၊ သူက ကော်ဖီမစ် ၊

( ဦး  စွန်းနေတာကြီးက တကယ် ရပါတယ်နော် )

( သြော် ရပါတယ်ဆိုမှ ၊ ဒါနဲ့ အောင်မြေသာစည်အိမ်ရာမှာ နေတာမဟုတ်လား ၊ )
( ဟင်  ဦးက အကုန်သိနေတာပဲ ၊ )

အမှန်တော့ ရုံးအပြန် တစ်ခါတစ်လေ သူ နဲ့ ဆုံဘူးတယ် ၊ သူ ဆင်ရေတွင်းမှာ ဆင်းတာ မြင်ဘူးတယ် ၊

ရုံးအလာ သူ ဆင်ရေတွင်းက တက်တာကိုလည်း မြင်ဖူးလို့ပါ ၊

ပြီးတော့ မိုးမေတ္တာဆေးရုံ ရှိတဲ့လမ်းထဲ ဝင်သွားတာ မြင်ဘူးတယ် ၊  အဲဒီလမ်းထဲမှာ လုံးချင်းအိမ်ရာတွေ ၊

အဲဒီကလို့ စိတ်ထဲမထင် ၊

အဲဒီတော့ အဲဒီလမ်း ဟိုဘက်က အောင်မြေသာစည်အိမ်ရာက တိုက်ခန်းတွေဘက်ကလို့ မှန်းလိုက်တာ ၊

ဖြစ်ချင်တော့ ဒဲ့ တိုးသွားတယ် ၊

သူ့ပုံစံက မြင်လိုက်တာနဲ့ အရမ်းလှတာပဲ ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး ၊

အသားက နည်းနည်း ညိုချင်တယ် ၊ ဒါပေမယ့် ကျနော့်ထက် ဖြူတယ် ၊

ထူးခြားတာက ရိုးသားတဲ့ မျက်လုံးလေးတွေ  ၊

စကားပြောပုံ လေယူလေသိမ်းက ရန်ကုန်လေသံ မဟုတ် ၊

( နယ်ကနေ လာ အလုပ်လုပ်တာလား ? ) နောက်တစ်ချက် ထပ်ပစ်လိုက်တယ် ၊ ဒီတစ်ခါလည်း ဒဲ့ပဲ ၊

( ဦး ဘယ်လိုသိလဲ ) တဲ့ ၊

အင်းးး  ဟုတ်သား  ငါသိတာ အတော်များနေပြီပဲ ၊

သူ့မျက်လုံးထဲမှာ ကျနော့်ကို အတော်စူးစမ်းနေသလိုပဲ ၊ အင်းလေ   ကျနော်က လျှောက်သိနေတာကိုး

၊နောက်တော့ သူက မြန်အောင်ကြံခင်းဘက်ကဆိုတာရယ် အဆောင်မှာ နေတယ်ဆိုတာပါ သိခဲ့ရပါတယ် ၊
( နောက် တွေ့ရင် ဘယ်လိုခေါ်ရမလဲ ? နွယ် လို့ပဲ ခေါ်ရမလား )

( ရပါတယ် ) တဲ့ ၊

ရုံးတက်ချိန် နီးနေပြီမို့ ဆိုင်က ထ ၊ ဝင်းထဲအတူလျှောက်လာ ၊

အဆောင် ၄ နဲ့ အဆောင် ၃ က ကပ်ရက် ၊

အင်းးးးး  ၃ နဲ့ ၄ လိုတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရအောင်ကလည်း ဒါဟာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာမို့လား ၊

ဗျို့ ကံဇာတ်ဆရာ ဒါ အစလား ကျုပ် သိချင်သဗျာ ၊ ကျီစားတာမျိုး ဆိုရင်တော့ ခင်ဗျား သေပြီ မှတ် ၊

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..