10

အလင်းခြုံတဲ့ သတင်း Zone-27

-

 

မင်္ဂလာပါခင်ဗျားးး

အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်…အောင်ဇေမီဒီယာကနေ အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …

 

  • ရွှေပြည်သာစက်မှုဇုန်အတွင်းက အလုပ်သမားသပိတ်စခန်းက အလုပ် သမား ၁၀၀ ကျော်ကို ရဲတပ်ဖွဲ့ ၀င်တွေနဲ့ အရပ်ဝတ်လူတချို့ ပူးပေါင်းရိုက်နှက်ပြီး ကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်း ၊
  • အမေရိက နိုင်ငံသား အဖြစ်နဲ့ မိမိတို့ရဲ့ ကလေးတွေကို မွေးဖွားဖို့ ရောက်လာတဲ့ နိုင်ငံရပ်ခြား ကိုယ်ဝန်ဆောင်တွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ်တွေကို ဝင်ရောက် ဖမ်းဆီးလိုက်တဲ့သတင်း ၊
  • မြန်မာနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအရေးကို US နဲ့ EU နိုင်ငံတွေက အကူအညီပေးနေတဲ့သတင်း၊
  • ဆိုရှယ်လစ်ခေတ်နဲ့ နဝတခေတ်တွေအတွင်းက ပြသခွင့် ပိတ်ပင်ခံခဲ့ရတဲ့                                   ပန်းချီကားတွေကို ပြသမယ့် ပြပွဲသတင်းနဲ့…
  • အစာငတ်ခံ ဆန္ဒပြနေကြတဲ့ ကျောင်းသားများနဲ့ သံဃာတော်များ ၊ တားဆီးပိတ်ပင်နေတဲ့ အစိုးရ တပ်ဖွဲ့တွေနဲ့ အနယ်နယ်အရပ်ရပ်က ထောက်ခံတောင်းဆိုနေသူများအကြားက တင်းမာမှုများ ၊  ကျောင်းသားသပိတ်ဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်များ…
  • မြန်မာ ပြည်တွင်းစစ်ပွဲ ဖန်တီးကြသူတွေအားလုံး ယာယီ အပစ်အခတ် ရပ်စဲပေးဖို့  ကုလ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က တောင်းဆိုလိုက်တဲ့သတင်း
  • နေပြည်တော်ရှိ သမ္မတနေအိမ်မှာ ဦးသိန်းစိန်နဲ့ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသတင်း၊
  • နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံတွင်းက အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူ တစ်ဦး ရရှိသွားတဲ့ သတင်းနဲ့…
  • မလေးရှားနိုင်ငံထဲက မြန်မာလုပ်သား အခြေအနေများ…
  • ပုဂံဒေသနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာသတင်းများ…
  • အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲသတင်းများ…
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ထုတ်ဖော်ပြောဆိုမှုများနဲ့ …
  • သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေ နည်းပါးနေဆဲဖြစ်တဲ့အပေါ် ပြောဆိုဝေဖန်မှုများ…
  • ဆေးခြောက်ကို တရားဝင် စိုက်ပျိုး/သုံးစွဲနိုင်ပြီဆိုတဲ့ US ၊ ဝါရှင်တန်ဒီစီမြို့ရဲ့ သတင်း၊
  • မိကျောင်းကန်သပိတ်စခန်းဆိုင်ရာ နောက်ဆက်တွဲသတင်းများ …
  • စစ်တပ်ကသိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့အရေး တောင်းဆိုဆန္ဒပြကြတဲ့သတင်းများ…
  • ရန်ကုန်မြို့တွင်းမှာ အမေရိကန်စင်တာသစ် ဖွင့်လှစ်မယ့်သတင်းအပါအဝင်…
  • အခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ် ၅ ။

ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်အတွင်းက အလုပ်သမားသပိတ်စခန်းကနေ ရန်ကုန်မြို့ထဲအထိ လမ်းလျှောက်ဆန္ဒပြတဲ့ အလုပ် သမား ၁၀၀ ကျော်ကို ရဲတပ်ဖွဲ့ ၀င်တွေနဲ့ အရပ်ဝတ်လူတချို့ ပူးပေါင်းပြီး ရိုက်နှက်ခဲ့တဲ့အပြင် ကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ထိုင်သပိတ်နဲ့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကိုလည်း လူစုကွဲအောင် ရိုက်နှက်ပြီး                      အလုပ်သမား ၂၀ လောက်ကို ဖမ်းဆီးသွားကြောင်း ထွက်ပြေး လွတ်မြောက်လာတဲ့ အထည်ချုပ် စက်ရုံက အလုပ်သမားတွေက ထုတ်ဖော်ပြောဆိုပါတယ်။

အလုပ်သမားတွေဟာ သူတို့သဘောတူညီချက်တွေ မရသေးတဲ့အတွက် အခုလို မြို့ထဲအထိ လမ်းလျှောက် ဆန္ဒပြဖို့ ကြိုးစားတာဖြစ်ပြီး အလုပ်သမားတွေနဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေ   ရုန်းရင်းဆန်ခတ် ဖြစ်အပြီးမှာ အလုပ်သမားတွေနဲ့အတူ သပိတ်သတင်းသွားယူတဲ့  ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်း နဲ့ ဆဲဗင်းဒေးဂျာနယ် ဓာတ်ပုံသတင်းထောက် ကိုနစ်ကီတို့ကိုပါ  အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းသွားပါတယ်။

အဲဒီနောက်မှာတော့ သတင်းထောက်နှစ်ယောက်ကို မှားယွင်းထိန်းသိမ်းမိတာပါဆိုပြီး သတင်းထောက်တွေကို  ခံဝန်လက်မှတ် ထိုးခိုင်းအပြီးမှာ ဒုရဲမှူးကြီး ကိုယ်တိုင် ကားနဲ့ အိမ်ပြန်လိုက်ပို့ပေးခဲ့တဲ့ကြောင်း သိရပါတယ်။

၂၃

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ် ၄ ။

အမေရိက နိုင်ငံသား အဖြစ်နဲ့ မိမိတို့ရဲ့ ကလေးတွေကို မွေးဖွားလိုတဲ့အတွက် နိုင်ငံရပ်ခြားကနေ ရောက်လာတဲ့ ကိုယ်ဝန်ဆောင်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ် ဆယ်ခုထက်မနည်းကို  US ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ အေးဂျင့်များက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အခုလို ဖမ်းဆီးလိုက်တဲ့ ”ကလေးမွေးဖွားတဲ့ ဧည့်လုပ်ငန်း”ဆိုတဲ့ ဟိုတယ်တွေကို လာရောက်သူအများစုဟာ တရုတ်အမျိုးသမီးများဖြစ်ပြီ အဆိုပါ ဟိုတယ်တွေမှာ တည်းခိုစရိတ်နဲ့ဝန်ဆောင်မှုစရိတ်တို့အတွက် US ဒေါ်လာ (၁၅၀၀၀) ကနေ ( ၅၀၀၀၀) အထိ ပေးဆောင်ရတယ်လို့ သိရပါတယ်။

အခုလို စီးနင်း ဖမ်းဆီးမှုဟာ ဗီဇာ အတုပြုလုပ်တဲ့လုပ်ငန်းတွေကတဆင့် ပတ်သက်ဆက်နွယ်နေတဲ့ ဟိုတယ်တွေကို  ပစ်မှတ်ထားပြီး ဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

US ပြည်တွင်းမှာ ကလေးမွေးဖွားတဲ့ ဧည့်လုပ်ငန်းတွေဟာ ဥပဒေမဲ့လုပ်ငန်းမဟုတ်တာကြောင့် အေဂျင်စီအများစုက အဆိုပါလုပ်ငန်းတွေကို ကလေးမွေး ဖွားပေးရာ ဌာနတွေလို့သာ ကြော်ငြာကြတာဖြစ်ပါတယ်။

အခုလို နိုင်ငံရပ်ခြားသူများ US အတွင်း လာရောက် ကလေးမွေးဖွားခြင်းနဲ့ ကျယ်ပြန့်လာတဲ့လုပ်ငန်းကို ဝင်ရောက် ဖမ်းဆီးလိုက်တာဟာ ပြုလုပ်ခဲသော ဖြိုခွင်းမှု လည်းဖြစ်ကြောင်း သိရပါတယ်။

US နိုင်ငံတွင်း နိုင်ငံခြားသူများ ကလေးမွေးဖွားခြင်းအနေနဲ့ နှစ်စဉ် သုံးသိန်း(၃၀၀၀၀၀) ခန့်ထဲမှာ (၄၀၀၀၀) လေးသောင်း နီးပါးဟာ အဆိုပါ ကလေးမွေးဖွားပေးတဲ့ ဧည့်လုပ်ငန်းများမှ ဖြစ်ကြောင်း မှတ်တမ်းများအရ သိရပါတယ်။

၂၂

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ် ၄။

US အပါအဝင် သြစတြေးလျ၊ ဒိန်းမတ်၊ အီးယူ၊ နော်ဝေး၊ ဆွစ်ဇာလန်နဲ့ ဗြိတိန်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ အခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအရေး မြန်မာအစိုးရနဲ့ NGO အဖွဲ့တွေကိုပါ အကူအညီပေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို အီးယူနဲ့ နိုင်ငံ ၆ ခုရဲ့ သံရုံးတွေက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ပြောဆိုကြေညာလိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုများ  ပြည်တွင်းမှာ မဲပေးခြင်း/ မဲစာရင်းပြုစုခြင်းတွေအတွက် နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ လုပ်ဆောင်နေသလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနဲ့ပတ်သက်ပြီးလည်း ပွင့်လင်းမြင်သာမှုရှိစေဖို့ သင်တန်းတွေပေးနေတယ်လို့ ဆိုပါတယ်။

မဲလိမ်သူတွေကို တားဆီးနိုင်ရေးနဲ့ မဲပေးသူတွေဘက်က ယုံကြည်စိတ်ချမှုတွေ ရှိစေဖို့ကိုလည်း ကူညီဆောင်ရွက်ပေးနေကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲမှာပါဝင်မယ့် အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် ဆွေးနွေးမှုတွေရှိစေရေးနဲ့ ပုံမှန်ဆွေးနွေးပွဲတွေလုပ်ကြဖို့ တိုက်တွန်းထားပြီး တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရေးအတွက် ပံ့ပိုးပေးနေမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘာသာ၊ လူမျိုး မခွဲခြားစေပဲ ပြည်သူအားလုံးပါဝင်နိုင်ပြီး မီဒီယာလွတ်လပ်ခွင့်ကအစ ရှိနေစေဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုထားပါတယ်။

၂၁

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ် ၄ ။

မြန်မာငွေ ကျပ် သိန်း(၇၀၀၀)ကျော် တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြားများနဲ့ လက်နက်ခဲယမ်းများကို ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ အခုနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် မူးယစ်ဆေးအများဆုံး ဖမ်းဆီးရမှုဖြစ်ပြီး တာချီလိတ်မြို့နယ် ၊ ရန်ရှင်းကျေးရွာအနီး တာချီလိတ်နဲ့ တာလေသွားတဲ့ ကားလမ်းမပေါ်မှာ တားဆီးစစ်ဆေးခဲ့ချိန်မှာ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

များပြားလှတဲ့ မူးယစ်ဆေးတွေနဲ့ လက်နက်များ သယ်ဆောင်လာတဲ့သူဟာ အသက် ၃၈ နှစ်ခန့်ရှိတဲ့ လားဟူလူမျိုး ကျရှီးဘို ဆိုသူဖြစ်ကြောင်း သိရပါတယ်။

၂၀

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

မတ် ၄ ။

ဆိုရှယ်လစ်ခေတ်နဲ့ နဝတခေတ်တွေအတွင်း ပြသခွင့် ပိတ်ပင်ခံခဲ့ရတဲ့           ပန်းချီစံမင်းရဲ့ ပန်းချီကားတွေကို Banned Series လို့ အမည်ပေးပြီး တစ်ကိုယ်တော် ပန်းချီပြပွဲအဖြစ် ပြသမယ်လို့ သိရပါတယ်။

အဆိုပါ ပန်းချီပြပွဲကို ဒဂုံမြို့နယ်၊ နဝဒေးလမ်းမှာ ရှိတဲ့ Think Art Gallery အတွင်းမှာ  မတ်လ ၉ ရက်ကနေ ၁၄ ရက်အထိ ပြသထားမှာ ဖြစ်ပါတယ်။

ဆိုရှယ်လစ်နဲ့ နဝတ ခေတ်တုန်းက ယခုပြသမယ့် ပန်းချီကားတွေကို ဆင်ဆာထိတယ်ဆိုပြီး အပယ်ခံခဲ့ရကြောင်း ၊                                                       သံဆူးတွေကြားထဲက နှင်းဆီပန်း အဝါတစ်ပွင့်ကို Installation တစ်ခုအဖြစ် ပြရာမှာလည်း             ဆင်ဆာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်က နှင်းဆီပန်း အဝါပဲ ပန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ခဲ့ကြောင်း သိရပါတယ်။

အရင်အချိန်တွေတုန်းက စိစစ်ရေးတွေအနေနဲ့ ထင်ချင်သလို ထင်ပြီး ပယ်လိုက်တဲ့ပန်းချီကားတွေကို ပြသမှာဖြစ်တယ်လို့ ပန်းချီစံမင်းက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အဆိုပါ ပန်းချီပြပွဲအတွင်း ပြသသွားမယ့် ပန်းချီကားစုစုပေါင်း ၃၀ ခန့်နဲ့ Installation များ ၊ မင်ခြစ်ပန်းချီကားနဲ့ ဗီနိုင်းတို့ကိုလည်း ပြသသွားမှာဖြစ်ပြီး ပန်းချီကားထဲက တချို့ကို ရောင်းချပေးမယ်လို့ သိရပါတယ်။

၁၈

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ် ၄ ။

လက်ပံတန်းမြို့မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ထားတဲ့ကြားက ဆန္ဒပြနေတဲ့   ကျောင်းသား သပိတ် ပင်မစစ်ကြောင်းနဲ့ ရွှေဝါရောင်၊ ရဟန်းပျို သံဃာတော်တွေဟာ  မတ်လ ၃ ရက်နေ့က စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

ရေသန့်ဗူးသောက်ရုံကလွဲပြီး တခြားဘာအစားအစာမှ မစားကြဘဲ သပိတ်စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့ထိ လုံခြုံရေးရဲတွေနဲ့ ဆန္ဒပြသူတွေဟာ နှစ်ဖက်ထိပ်တိုင်ရင်ဆိုင်ဆဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်ရှိ ဆန္ဒပြကျောင်းသားတွေကို အာဏာပိုင်တွေအနေနဲ့ ဖိအားပေး ဖမ်းဆီးတာမျိုးမလုပ်ဖို့လည်း ပင်မသပိတ်စစ်ကြောင်းဦးဆောင်သူ ကျောင်းသားခေါင်းဆောင်တွေက တောင်းဆိုနေပါတယ်။

အဆိုပါ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့အတူ သံဃာတော်တွေကလည်း       တသားတည်း ရှိနေမယ်လို့ သပိတ်စစ်ကြောင်းမှာ ပူးပေါင်းပါဝင်နေတဲ့ သံဃာတော်တွေက မိန့်ကြားခဲ့ပါတယ်။

သံဃာ ၁၁ ပါးကလည်း ကျောင်းသားတွေနဲ့ အတူ အစာငတ်ခံ ဆန္ဒပြနေတာဖြစ်ပါတယ်။  မတ်လ ၃ ရက်နေ့ကဆိုရင် သပိတ်မှောက် သံဃာ ၁၁ ပါးဟာ နေပူရှိန်ကို အံတုပြီး အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။               ဆန္ဒပြသံဃာတွေရဲ့ မျက်နှာချင်းဆိုင်မှာ သံဆူးကြိုးတွေ ကာရုံထားပြီး          ရဲတပ်ဖွဲ့ဝင် (၃၀၀) ခန့်ကလည်း ယာယီအမိုးတွေအောက်က နေရာယူ ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆို လှုပ်ရှားမှုတွေမှာ  သံဃာတော်တွေပါ ပါဝင်ဆန္ဒပြ တောင်းဆိုနေခြင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ မပူးပေါင်း မပါဝင်ဘဲ သာသနာ့ တာဝန်တွေကိုသာ ထမ်းဆောင်ကြဖို့ ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က သတိပေးထားပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းအနေနဲ့ လက်ရှိအချိန်မှာ တောင်းဆိုထားတဲ့အချက်တွေကတော့ ဆယ်တန်းစာမေးပွဲများ မစခင်မှာ ရန်ကုန်မြို့ထဲကို ၀င်ခွင့်ပေးရေး ၊                                           သာယာဝတီကနေ ရန်ကုန်ကို ကျောင်းသားတွေ ကိုယ်တိုင်စီစဉ်တဲ့ကားတွေနဲ့ဝင်ရာမှာ ကျောင်းသားသမဂ္ဂအလံ လွှင့်တင်ခွင့်ပြုရေးနဲ့ သမဂ္ဂသီချင်းကို သီဆိုခွင့်ပြုရေး ၊                                 အဲဒီနောက် ရွှေတိဂုံဘုရားကိုတက်ရောက်ဖူးမျှော်ခွင့်ပြုရေးတွေ ဖြစ်ပါတယ်။ လက်တလော တောင်ဆိုထားတဲ့ အချက်တွေ ခွင့်ပြုရင် ရန်ကုန်မြို့မှာ သပိတ်ရပ်နားပြီး လူစုခွဲကြဖို့ရည်ရွယ်ထားကြောင်းလည်း ကျောင်းသားတွေဘက်က ပြောဆိုနေပါတယ်။

လက်နက်မဲ့ ဆန္ဒဖော်ထုတ်နေတဲ့ ကျောင်းသားတွေကို အစိုးရဘက်က အကြမ်းဖက်မှုများ မပြုလုပ်ဖို့အတွက်ဆိုပြီး ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း ၊မုံရွာ ၊ မြင်းခြံ ၊ပခုက္ကူ နဲ့ ပြည်… စတဲ့ မြို့ကြီးတွေမှာ ဆန္ဒဖော်ထုတ်ပွဲတွေ စုဝေး လုပ်ဆောင်နေကြပါတယ်။

ဆန္ဒပြကျောင်းသားများနဲ့ သံဃာတော်များ ၊ ထောက်ခံဆန္ဒပြသူများနဲ့ တားဆီးပိတ်ပင်နေတဲ့ အစိုးရလုံခြုံရေးတာဝန်ယူသူများအကြား အခြေအနေတွေက တင်းမာနေဆဲ ဖြစ်ပါတယ်။

လက်ပံတန်းမြို့က ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှာ မဟုတ်ဘူးလို့ ပဲခူးတိုင်းဒေသကြီး အမှတ် ၁၁ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူးကတော့ ပြောဆိုထားပါတယ်။

၁၇

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ် ၃ ။

ပြည်တွင်းစစ်ကြောင့် ဒေသခံတွေ ကစဉ်းကလျားပြေးလွှားနေရတဲ့           ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် စစ်ပွဲ ဖန်တီးကြသူတွေအားလုံး ယာယီ အပစ်အခတ် ရပ်စဲပေးစေလိုကြောင်း ကုလ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းရှိ ကလေးငယ် ၁၇ သန်းအတွက် ဝက်သက်နဲ့ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးပေးနေရာမှာ ကလေးငယ် ၉၅ % အောင်မြင်စွာ ကာကွယ်ဆေးထိုး ဆေးတိုက်နိုင်ခဲ့ပြီဆိုပေမယ့် စစ်ဖြစ်ပွါးနေတဲ့ ကိုးကန့်ဒေသတွင်းက ကလေးငယ်တွေ ကျန်နေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ကုလ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ကိုးကန့်ဒေသရှိ ကျေးရွာပေါင်း ၁၃၄ ရွာထဲမှာ ကျေးရွာ ၁၁ ရွာက ကလေးငယ်တွေ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေတာဖြစ်ပြီး လောက်ကိုင်မြို့ပေါ်က ရပ်ကွက်တခုလည်း ကာကွယ်ဆေးထိုးဖို့ ကျန်နေသေးတယ်လို့လည်း UNICEF ဆိုပါတယ်။

တည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့ လောက်ကိုင်မြို့တွင်းကို သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲတွေ ရှိနေတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အကူအညီပေးရေး ဝန်ထမ်းတွေ စေလွှတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့လကတည်းက စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မတ်လ ၂ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပြီး ကိုးကန့် လက်နက်ကိုင်တပ် MNDAA ဘက်ကရော မြန်မာအစိုးရစစ်တပ်ဘက်ကပါ အကျအဆုံး အထိအခိုက်တွေ ရှိနေတယ်လို့ သိရပါတယ်။

လောက်ကိုင်ဒေသ တိုက်ပွဲတွေကြား အသက်သေဆုံးခဲ့ရသူတွေထဲမှာ အရပ်ဝတ်နဲ့ လူရုပ်အလောင်း ၆၀ ကျော်ကို အခုရက်ပိုင်းမှာပဲ မီးသင်ဂြိုလ်ပေးခဲ့ရကြောင်း အမည်မဖော်လိုတဲ့ မီသင်ဂြိလ်ရေးအဖွဲ့ဝင် တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သေဆုံးသူတွေဟာ သေနတ် ဦးခေါင်းနဲ့ ကိုယ်ခန္ဓာ တွေမှာ ကျည်ဆန်တွေထိမှန်ပြီး သေဆုံးကြတာ ဖြစ်ပြီး သေဆုံးသူအများစုက အမျိုးသမီးနဲ့  သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၆

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ် ၃ ။

မြန်မာ့ဆန်တွေကို တရုတ်နိုင်ငံက တရားဝင်ဝယ်ယူဖို့ စာချုပ်ချုပ်ထားခဲ့ပေမဲ့  ပြည်တွင်းမှာ ဆန်တင်ပို့နိုင်တဲ့ ကုမ္ပဏီမရှိတဲ့အတွက် အခက်အခဲနဲ့ကြုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြန်မာ့ဆန် တန်ချိန်တစ်သိန်းကို ကာလပေါက်ဈေးနဲ့ တရုတ်နိုင်ငံထဲ တင်ပို့ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တရုတ် COFCO ကုမ္ပဏီတို့ဟာ သဘောတူလက်မှတ်ရေးထိုး ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလတလျှောက်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆန်အရောင်းအ၀ယ် သဘောတူညီချက် မရှိခဲ့တဲ့အတွက် မြန်မာ့ဆန်တွေကို နယ်စပ်လမ်းကြောင်းတွေကနေပဲ တရုတ်နိုင်ငံထဲ တင်ပို့မှုတွေအပေါ် တရားမဝင် အရောင်းအဝယ်အဖြစ်သာ သတ်မှတ်ခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာ တရားဝင် လက်မှတ်ရေးထိုးကြပြီးတဲ့အခါမှာတော့                 တရုတ်နိုင်ငံရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး အတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေက တဆင့်  ဆန်တင်ပို့ဖို့ လိုအပ်နေပြီဖြစ်ပေမယ့် မြန်မာပြည်တွင်းက ဆန်တင်ပို့မယ့် ကုမ္ပဏီတွေကို လုံလောက်တဲ့ အတွေ့အကြုံမရှိဘူးဆိုပြီး တရုတ်ဘက်က ပယ်ချခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က နောက်ထပ် ဆန်တင်ပို့နိုင်မယ့် ကုမ္ပဏီတွေကို လျှောက်လွှာခေါ်ယူခဲ့ပေမဲ့၊ အခုချိန်ထိ လျှောက်လွှာတင်တဲ့ကုမ္ပဏီ မရှိတဲ့အတွက် ဆင်တင်ပို့မယ့်အရေး အခက်အခဲတွေ့နေရပါတယ်။

၁၉

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

မတ် ၂ ။

မတ်လ ၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ သမ္မတနေအိမ်မှာ ဦးသိန်းစိန်နဲ့ အတိုက်အခံ ပါတီခေါင်းဆောင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပါတယ်။

မတ်လ ၂ ရက်နေ့ ညနေမှာ မိနစ်(၃၀) ခန့် တွေ့ဆုံဆွေးနွေးရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သမ္မတရဲ့ လယ်တောအိမ်ယာမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ကြေညာခြင်းမရှိပါဘူး ။

မြန်မာနိုင်ငံဟာ အခုအချိန်မှာ ကိုးကန့်ဒေသအပါအဝင်နဲ့ အခြားနယ်မြေတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ တိုက်ပွဲများဖြစ်ပွါးနေပြီး စစ်ရေးတင်းမာချိန်၊                                          အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရေး ခရီးရှည် ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကို လုံခြုံရေးရဲတွေက အင်အားသုံး တားဆီးပိတ်ပင်နေချိန်လည်းဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားအခွင့်အရေး တောင်းဆိုပြီး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကိုလည်း အကြမ်းဖက် ဖြိုခွဲခြင်းများအပြင် တခြား နိုင်ငံရေး ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်နေချိန်မှာပဲ                       ထိပ်တန်းခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

၁၄

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ် ၂ ။

ကမ္ဘာ့နိုင်ငံအသီးသီးမှ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို US နိုင်ငံခြားရေးဝန်ကြီးက နှစ်စဉ် ဂုဏ်ပြုချီးမြှင့်နေတဲ့ ၂၀၁၅ ခုနှစ်အတွက် International Women of Courage Award (နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု) ကို မြန်မာနိုင်ငံတွင်းက အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူ မမေစံပယ်ဖြူက လက်ခံ ရရှိသွားပါတယ်။

အဆိုပါဆုဟာ နှစ်စဉ်နှစ်တိုင်းရဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ State Department အနေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေထဲကနေ အမျိုးသမီး လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေထဲကနေ ရွေးချယ်ပေးတဲ့ ဆုဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုရခဲ့သူ မမေစပယ်ဖြူဟာ ကချင်ငြိမ်းချမ်းရေးကွန်ရက် Kachin Peace Network ကို ပူးတွဲတည်ထောင်သူလည်းဖြစ်ပြီး၊ ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူဖြစ်တဲ့အပြင် တန်းတူညီမျှရေးကွန်ရက် Gender Equality Network ကို တည်ထောင်ထားတဲ့ ညွှန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။

ဒီဆုကို ရရှိဖို့အတွက် နိုင်ငံတကာမှာရှိတဲ့ US သံရုံးတွေကနေ အမည်စာရင်း တင်သွင်းပေးရတာဖြစ်ပြီး ၂၀၁၂ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံသူ မဇင်မာအောင် ရရှိခဲ့ဖူးပါတယ်။

US နိုင်ငံခြားရေးဝန်ကြီး John Kerry ကိုယ်တိုင် ဧည့်ခံ ချီးမြှင့်ပေးမယ့် ဆုပေးပွဲအခမ်းအနားကိုတော့ မတ်လ ၅ ရက်နေ့မှာပဲ ဝါရှင်တန် ဒီစီမြို့ရှိ ၊ နိုင်ငံခြားရေးဌာနအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

၁၅

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

မတ် ၁ ။

မ​လေးရှားနိုင်​ငံထဲကို တရားမဝင်​ ဝင်ရောက်​မူ​ကြောင့်​ ပြစ်​ဒဏ်​ကျခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ မြန်​မာနိုင်ငံထဲ ပြန်​လာဖို့ရာ ခရီးစရိတ်​မရှိတဲ့အတွက်  မ​လေးရှားနိုင်​ငံ ဘူဂစ်​ဂျာလီ ထိန်းသိမ်း​ရေးစခန်းမှာ ​သောင်​တင်​​နေတဲ့ မြန်​မာလုပ်​သား ၁၀၀​ ကျော် ရှိနေကြောင်း သိရပါတယ်။ 

ဘူဂစ်​ဂျာလီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်​မာလုပ်​သားများ ၆၀၀​ကျော်​ရှိခဲ့ပြီး အခုလက်ကျန် ၁၀၀​ကျော်​ကတော့ ပြစ်​ဒဏ်​က လွတ်​​မြောက်​ခဲ့ပေမယ့် ပြန်​ဖို့ လမ်းစရိတ်​မရှိ​တဲ့အတွက် ​သောင်​တင်​​နေ​တာ ဖြစ်ပါတယ်။

မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်​တဲ့အခါ မလေး​ငွေ ၆၅၀ (ရင်းဂစ်) ပေးသွင်းရပြီး ​ မြန်မာနိုင်ငံထဲ ပြန်ဖို့ လမ်းစရိတ်မရှိသူတွေထဲမှာ တချို့မြန်မာတွေက ရူး​သွပ်တဲ့ စိတ်ဝေဒနာတွေ ခံစားနေရကြောင်းလည်း သိရပါတယ်။

၁၃

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ် ၁ ။

ပုဂံဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်လာအောင် JICA ရဲ့ အကူအညီနဲ့  ၂၀၁၅ ကနေ ၂၀၁၇ အထိ သုံးနှစ် စီမံကိန်းချမှတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းအရ ပုဂံဒေသတွင်းရှိ ရှေးဟောင်း အမွေအနှစ်များနဲ့ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးကိုလည်း ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး                                       ပုဂံဒေသအတွင်းကို ရောက်ရှိလာတဲ့ နိုင်ငံရပ်ခြားမှ ခရီးသည်များအတွက် Information Counter တွေလည်း ထားရှိသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေပုံများ ဖြန့်ဝေခြင်း၊                                                                       ခရီးသွားလုပ်ငန်းဆိုင်ရာ လူသားစွမ်းအားအရင်းအမြစ်တိုးတက်ရေးသင်တန်းများ၊                   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိကြောင်း … ထောက်ပံ့ကူညီပေးမယ့် JICA အဖွဲ့အစည်းထံက သိရပါတယ်။

JICA အနေနဲ့ ပုဂံဒေသအတွက် ငွေကြေးရော နည်းပညာပါ ကူညီထောက်ပံ့သွားမှာဖြစ်ပြီး   အခုလက်ရှိအချိန်မှာတော့ စီမံကိန်းအတွက် စစ်တမ်းများ ကောက်ယူ မူကြမ်းရေးဆွဲပြီးသွားပြီဖြစ်ပါတယ်။

၁၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဖေဖော်ဝါရီ ၂၈ ။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ခုနှစ်ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေက သဘောတူညီလိုက်ကြပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT ခေါင်းဆောင်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC မှ ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့အဖွဲ့ရောက်ရှိလာပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

၁၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၈ ။

ပြည်သူတွေရဲ့ လိုအပ်ချက်၊ ပြည်သူ့မျှော်လင့်ချက်တွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းပြီး ရှေ့ဆက်ချီတက်မယ်လို့ NLD ပါတီ၊ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၈ရက်က ပြုလုပ်ခဲ့တဲ့ လူထုစည်းရုံးဟောပြောပွဲမှာ တက်ရောက်လာတဲ့ လူထုကြီးကို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲက ပြည်သူလူထုတွေဆီမှာ မျှော်လင့်ချက်တွေ အများကြီးရှိနေပြီး အဲဒီမျှော်လင့်ချက်ကို
တကယ်ဖြစ်လာအောင်လုပ်မှ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း၊
ပြည်သူလူထုအနေနဲ့ ကိုယ့်နိုင်ငံကို ဘယ်လိုလမ်းကြောင်းထဲရောက်စေချင်ပြီး ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကို ပြည်သူလူထုကသာ ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဓနုဖြူကနေ ဇလွန်မြို့နဲ့ ဟင်္သာတမြို့တွေဆီကို ဆက်လက် ထွက်ခွာခဲ့ပြီး ဟင်္သာတမှာ ညအိပ်နားခိုမှာဖြစ်ပါတယ်။ အဲဒီနောက် မတ်လ ၁ရက်မှာတော့ ထူးကြီး၊ မြန်အောင်၊ ကြံခင်းမြို့များသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပဲခူးတိုင်း ပြည်မြို့သို့ သွားရောက်ပြီး လူထုဟောပြောပွဲများ ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဒေသခံ လူဦးရေ ငါးသောင်းခန့် တက်ရောက်ကြတဲ့ ဟင်္သာတမြို့၊ ပြည်သူ့ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့တိုးတက်မှုကို အားရမှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။

၁၀

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဖေဖော်ဝါရီ ၂၈ ။

”ဘုံဘ၀မှာဖြင့်” ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားခဲ့တဲ့ နိုင်ငံရေးသမားကြီး သခင်တင်မြဟာ           ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက် ၇ နာရီခန့်မှာ ကွယ်လွန်သွားပါတယ်။

သခင်မြဟာ ကွယ်လွန်ချိန်မှာ ၉၁ နှစ်ရှိနေပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ သူ့ရဲ့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သခင်တင်မြဟာ မြေအောက်တော်လှန်ရေး ကေဒါများနဲ့ သခင်စိုးအကြား ဆက်သားအဖြစ် အသက်စွန့် လှုပ်ရှားခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ဂျပန်တော်လှန်ရေး သမိုင်းမှာ အဓိက အရေးပါသူတဦးလည်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ပတ်သက်ဆက်နွယ်မှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

သခင်တင်မြရဲ့ ဈာပနကို နိုင်ငံရေးလောက၊ စာပေလောကနဲ့ မိသားစု အသိုင်းအ၀န်းများက လိုက်ပါဆောင်ရွက်ပေးခဲ့ကြပြီး မတ်လ ၂ ရက်နေ့မှာ ရေဝေးသုဿာန်တွင် သင်္ဂြိုဟ်ခဲ့ပါတယ်။

နိုင်ငံရေးသမားကြီး သခင်တင်မြ ကွယ်လွန်ခြင်းကို အောင်ဇေမီဒီယာအနေနဲ့လည်း မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။

၉

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဖေဖော်ဝါရီ ၂၈ ။

 

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပညာရေး အသုံးစရိတ် လျာထားချက် ဘတ်ဂျက် စုစုပေါင်းရဲ့ ၆.၇၇ ရာခိုင်နှုန်း၊ ကျန်းမာရေး အသုံးစရိတ်က ၃.၆၄ ရာခိုင်နှုန်း အသုံးပြုနေချိန်မှာ ကာကွယ်ရေး အသုံးစရိတ်ကတော့ ၁၃ ရာခိုင်နှုန်းအထိ လျာထားတဲ့အတွက် လွှတ်တော်ကိုယ်စား လှယ်တချို့ကြားမှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေ နည်းပါးနေဆဲ ဖြစ်တာကြောင့် ပြည်ထောင်စု လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန် ထောက်ပြနေကြတာဖြစ်ပါတယ်။

၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွက် တိုင်းပြည်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို (ကျပ် ၂၇၅၀ ဘီလီယံ) အသုံးပြုမယ်လို့ လျာထားချိန်မှာ ပညာရေး အသုံးစရိတ်ကတော့ (ကျပ် ၁၄၉.၉ ဘီလီယံ) ၊ ကျန်းမာရေး အသုံးစရိတ်ကတော့ (ကျပ် ၇၅၇.၄၃၆ ဘီလီယံ) သာ ရှိနေပါတယ်။

အာဆီယံနိုင်ငံများအတွင်းမှာ မြန်မာနိုင်ငံက ပညာရေး အသုံးစရိတ် အနည်းဆုံး နိုင်ငံဖြစ်နေပြီး   မလေးရှားနိုင်ငံက ၂၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၁၈ ရာခိုင်နှုန်း အသုံးပြုနေပြီဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ထောက်ပြလိုက်ကြပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေရဲ့ ကျန်းမာရေး အသုံးစရိတ်မှာ မလေးရှားနိုင်ငံဟာ ၂၀၁၂ ခုနှစ်က လူတဦးရဲ့ ကျန်းမာရေး အသုံး စရိတ်အနေနဲ့ US ဒေါ်လာ ၄၁၀  နော်ဝေနိုင်ငံကတော့ လူတဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ်အနေနဲ့ ၂၀၁၂ ခုနှစ်က ဒေါ်လာ ၉၀၀၀ ကျော် အသုံးပြုနေပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အသုံးစရိတ်ကတော့ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၂၀ သာ ဖြစ်ခဲ့ပါတယ်။

အခုလက်ရှိ ၂၀၁၅ ခုနှစ်မှာတော့ ၁၄ ဒေါ်လာခန့်သာ အသုံးပြုတော့ကြောင်း သိရပါတယ်။

၈

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂၇ ။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်း စစ်ရှောင် ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ကိုးကန့်ဒေသမှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ နေရေးထိုင်ရေးတွေ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပြည်တွင်းအနယ်နယ်အရပ်ရပ်ဆီ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ကြသူတချို့ကတော့ မြန်မာအစိုးရ အကူအညီနဲ့ နေရပ်ကို ပြန်နေကြပြီလို့ သိရပါတယ်။
ဒုက္ခသည်တွေကို ဝန်ကြီးအဖွဲ့တွေလည်း လာရောက်ကြည့်ရှုခဲ့ပြီး သမ္မတ ဦးသိန်းစိန်အနေနဲ့ သိန်းသုံးရာ လှူဒါန်းပေးကမ်းသွားကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ လားရှိုးမြို့ကယ်ဆယ်ရေး စခန်းကနေ ကယ်ဆယ်ပြီး ဌာနေပြန်ပို့ပေးနေသူ    ၁ သောင်းခန့် ရှိသွားပြီ ဖြစ်ပြီး ထောက်ပံ့ကြေးအဖြစ် အစိုးရ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနအနေနဲ့ ကျပ် သန်း ၈၀၀ ကျော် သုံးစွဲပြီးပြီလို့ သတင်းရရှိပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၅မှာ ရှိတဲ့ စစ်ပြေး ဒုက္ခသည်စခန်းထဲမှာ စစ်ပြေးဒုက္ခသည် ထောင်နဲ့ချီ ရှိနေပြီး ယူနန်ပြည်နယ်ထဲက ပုန်းဂုန်း၊ မိုက်တိဟော်၊ ဆဟော်၊ ဟော်ဝိုက် စတဲ့ နေရာတွေမှာလည်း ဒုက္ခသည်တွေ ပြန့်ကြဲ ခိုလှုံနေကြရတယ်လို့ တရုတ်နယ်စပ်မှာ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

၇

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဖေဖော်ဝါရီ ၂၇ ။

အဆိုတော် စိုးလွင်လွင် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်   မေလ ၁၄ ရက်နေ့မှုာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမအတွင်း   အမှတ်တရဖျော်ဖြေပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

အခုကျင်းပမယ့်ဖျော်ဖြေပွဲဟာ စိုးလွင်လွင် အမှတ်တရအနေနဲ့ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲအတွင်း စိုးလွင်လွင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းများကို အဆိုတော် ခိုင်ထူး၊ ကိုင်ဇာ၊ ဂျေမောင်မောင်၊ တူးတူး၊ မောင်ဂဠုန်၊ စည်သူလွင်၊ Rဇာနည်၊ ထူးအယ်လင်း၊ ဖြိုးကြီး၊ Cobra ၊ မိုးမိုး၊ ဝေလ၊ ကောင်းကောင်း၊ ဇွဲပြည့်၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ ယုဇန၊ မေသူခိုင်၊ ပွင့်နဒီမောင် တို့က သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ်။

စိုးလွင်လွင်ရဲ့ သားဖြစ်သူ ဒေ၀နဲ့ သမီး ဖြစ်သူ ရွှေအိမ်စည်တို့ကလည်း ဖခင်ရဲ့ အမှတ်တရပွဲမှာ သီချင်းတချို့ ပါဝင်သီဆိုကြဦးမယ်လို့ ဆိုပါတယ်။

စိုးလွင်လွင် အမှတ်တရဖျော်ဖြေပွဲ လက်မှတ်တွေကိုတော့ မန်းသိရီတေးသံသွင်းနဲ့ City Mart တို့မှာ ရောင်းချပေးမှာဖြစ်ပြီး လက်မှတ်ခတွေကတော့ ကျပ် (တစ်သောင်း)ကနေ (သုံးသောင်း) အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

၆

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၇ ။

US ၊ အစိုးရရုံးစိုက်ရာမြို့ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ ဖေဖော်ဝါရီ ၂၆ ရက်ကနေ စပြီး ဆေးခြောက်ကို တရားဝင် စိုက်ပျိုး/သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆေးခြောက် စိုက်ပျိုးခွင့်နဲ့ သုံးစွဲခွင့် ပြုလိုက်ပြီဆိုပေမယ့် တရားဝင် ခွင့်ပြုထားတဲ့ ကော်လိုရာဒိုနဲ့ ဝါရှင်တန် ပြည်နယ်တွေလို ရောင်းဝယ်ခွင့်တော့ မရှိပါဘူး ။ အိမ်မှာစိုက်ပြီး အိမ်မှာသုံးခွင့်သာ ပေးထားပြီး ရောင်းဝယ်လျှင်တော့ ဖမ်းဆီးအပြစ်ပေးမယ်လို့ ကြေညာထားပါတယ်။

ဆေးခြောက် စိုက်ပျိုး/သုံးစွဲခွင့်အရ ဝါရှင်တန်ဒီစီ မြို့တော်အတွင်းမှာ အသက် ၂၁ နှစ်အထက် ရှိသူတွေအနေနဲ့ ဆေးခြောက် ၂ အောင်စကို လက်ဝယ် ထားပိုင်ခွင့်ရှိပါတယ်။

နေအိမ်တွေမှာလည်း ဆေးခြောက်ပင် အပင်ကြီး ၃ ပင်နဲ့၊ အပင်ပေါက် ၃ ပင်၊ စုစုပေါင်း ၆ ပင် စိုက်ပျိုးထားခွင့်ရှိပြီး ဆေးခြောက် ၁ အောင်စကို တခြားသူများအား ပေးပိုင်ခွင့် ရှိပါတယ်။   ရောင်းချခွင့် / ဝယ်ယူခွင့်ကိုတော့ ပိတ်ပင်တားမြစ်ထားကြောင်း သိရပါတယ်။

ဝါရှင်တန်ဒီစီမြို့နေ ပြည်သူများအနေနဲ့ မိမိတို့ရဲ့ နေအိမ်တွေမှာသာ ဆေးခြောက် သုံးစွဲခွင့်ရှိပြီး စားသောက်ဆိုင်များ ၊ ကဖေးဆိုင်များနဲ့၊ ပန်းခြံ၊ ကားပေါ်၊ လမ်းများပေါ် …စတဲ့ အများပြည်သူ သွားလာသော နေရာတွေမှာ ဆေးခြောက်သုံးစွဲနေရင်တော့ ဖမ်းဆီးအရေးယူမယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်ကားပေါ်မှာ ဆေးခြောက် သုံးစွဲခဲ့ရင်တောင် ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် အရေးယူခံရနိုင်ပါတယ်။

ဆေးခြောက်ကို စိတ်အပန်းဖြေဖို့ရာအနေနဲ့ ဆေးဖြစ်ဝါးဖြစ် သုံးစွဲခြင်းကို   ကော်လိုရာဒို၊ အလာစကာ၊ ဝါရှင်တန်ပြည်နယ်တွေမှာ တရားဝင်ခွင့်ပြုထားခဲ့ရာမှာ US တစ်နိုင်ငံလုံးရှိ အခြားပြည်နယ်တွေမှာလည်း အခုလို သုံးစွဲခွင့်ခွင့်ပြုလိမ့်ဦးမယ်လို့ ယူဆရပါတယ်။

၅

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၆ ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကြက်၊ ငုံးမွေးမြူရေး အထူးဇုန်မှာ ကြက်၊ ငှက် တုပ်ကွေးရောဂါတွေ ဖြစ်ပွါးနေတာကြောင့် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက အရေးပေါ်သတင်း ထုတ်ပြန်ထားပြီး ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရပါတယ်။

ကြက်ငှက် တုပ်ကွေးရောဂါ မပြန့်ပွားစေရေးအတွက် မွေးမြူရေး ခြံတွေရဲ့ ဇီဝလုံခြုံရေးကို  အထူး ဂရုစိုက်ဖို့ လိုအပ်ပြီး မသင်္ကာစရာ ရောဂါ လက္ခဏာတခုခုတွေ့တာနဲ့  သက်ဆိုင်ရာကို အမြန် သတင်းပို့ကြဖို့လည်း သတိပေးထားပါတယ်။

မုံရွာမြို့နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာတွေထဲ တရားဝင် ထည့်သွင်းဖေယ်ပြလိုက်ပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကြက်တွေကို သုတ်သင် ရှင်းလင်းခြင်း ၊ ဇီဝလုံခြုံရေးကို မြှင့်တင်ဆောင်ရွက်ခြင်း ၊ ပညာပေးဟောပြောပွဲတွေ စီစဉ်ဆောင်ရွက်ခြင်းအပြင် အခြား တိုင်းနဲ့  ပြည်နယ်တွေဆီကို  ကြက်၊ငှက်၊ လူများ မကူးစက်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ရှိ မွေးမြူရေးဇုန်မှာ ကြက်ခြံပေါင်း ၃၀၀ကျော်နဲ့ ကြက်ကောင်ရေ တသိန်းခွဲနီးပါး၊  ငုံးခြံပေါင်း ၁၀၀ကျော်နဲ့ ငုံးကောင်ရေ ၅သိန်းနီးပါးရှိနေပြီး         ကြက်ဥ အလုံးရေ ၈သောင်းကျော်နဲ့ ငုံးဥ အလုံးရေ ၃သိန်းကျော်ကို နေ့စဉ် ဈေးကွက်ထဲ တင်ပို့နေပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဟာ ၂၀၀၆ခုနှစ်ကစပြီး မြန်မာပြည်အနှံ့မှာ       အနည်းဆုံး ၆ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး လက်ရှိကာလမှာ မြန်မာ၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာလည်း ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။

၎

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂၆ ။

ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ တစ်နှစ်နီးပါးကြာအောင် ဖွင့်လှစ်ဆန္ဒပြနေတဲ့ မိကျောင်းကန်သပိတ်စခန်းကို အစိုးရ စည်ပင်ရဲတွေက ဖယ်ရှားခဲ့ပြီး          ဆန္ဒပြနေသူ (၁၄) ယောက်ကိုလည်း တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၈)၊ စည်ပင်ဥပဒေပုဒ်မ ( ၆၈ ) တွေနဲ့ တရားရုံးမှာ အမှုဖွင့်လိုက်ကြောင်း သိရပါတယ်။

ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က သပိတ်စခန်းကို ဖယ်ရှားပေးရမယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတိပေးခဲ့ပြီး နောက်တစ်ရက်မှာ မနက်အစောပိုင်းမှာတော့ စည်ပင်ရဲဝန်ထမ်း ၂၀၀ ကျော်တို့က သပိတ်စခန်းတွေကို ဖယ်ရှားပစ်လိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁ ၊ ၂ ၊ ၃ ရှိမြေတွေကို တပ်မတော်က သိမ်းဆည်းခဲ့တဲ့အတွက် ပြန်လည်ရရှိဖို့အတွက် မြို့တော်ခန်းမအနီးမှာ ဆန္ဒပြနေကြတာ တစ်နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။

အဆိုပါ သပိတ်စခန်းခေါင်းဆောင် ကိုစိန်သန်းကိုလည်း                                       ပုဒ်မ (၁၈) – တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချထားတဲ့အပြင်   မြို့တော်ခန်းမရှေ့မှာ ပိတ်ပြီးဆန္ဒပြခဲ့တုန်းကလည်း ဆန္ဒပြသူ (၁၄) ယောက်ကို ထောင်ဒဏ် (၆) လစီ ချမှတ်ထားပြီး ဖြစ်ပါတယ်။

၃

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၆ ။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်း စစ်တပ်ကသိမ်းယူထားတဲ့ လယ်မြေဧက ၂၅၀၀ ထဲက ပိုနေတဲ့မြေတွေကို ပြန်ပေးဖို့အရေး ဒေသခံတောင်သူ ၃၀၀ ကျော်ခန့်ဟာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြခြင်းဟာ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း စက်ရုံဆောက်လုပ်ပြီး ပိုလျှံနေတဲ့လယ်မြေတွေကို ပြန်ပေးဖို့ အတွက် ဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်သူတွေက ဆိုပါတယ်။

အဆိုပါ ကာကွယ်ရေးပစ္စည်းစက်ရုံကို လယ်မြေ ၁၀ ဧကလောက် အသုံးပြုကာ ဆောက်လုပ်ထားတာဖြစ်ပြီး အစိုးရဌာနဆိုင်ရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကိုအသုံးမပြုရင် သက်ဆိုင်ရာတောင်သူတွေကို ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့အတွက် အခုလို ပြန်လည် ဆန္ဒပြတောင်းဆိုရတာ ဖြစ်ကြောင်း သိရပါတယ်။

ယခု ဆန္ဒပြတောင်းဆိုကြတဲ့ ပေါက်မြို့နယ် လေးပင်အိုက်၊ မျှားပိုင်း၊ ထန်းပင်ချောင်း၊ အုန်းပင်၊ ခင်အေး စတဲ့ ကျေးရွာ ၁၂ ရွာရှိ လယ်မြေဧက ၂၅၀၀ ဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်စစ်အစိုးရကာလ ကတည်းက စစ်တပ်က သိမ်းယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

၂

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၅ ။

မြန်မာနိုင်ငံမှာ ပညာတတ်လူငယ်တွေ မွေးထုတ်နိုင်ဖို့အပြင်              မြန်မာနိုင်ငံသားတွေများ လူ့အခွင့်အရေး လွတ်လပ်ခွင့်တွေ ပိုမိုရရှိလာစေဖို့ ရည်ရွယ်ပြီး အမေရိကန်စင်တာသစ်ကနေ ကိုယ်စားပြု ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ                                          US သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည့်တည့်မတ်မတ်နဲ့ ရောက်ရှိစေလိုတဲ့                     အမေရိက ပြည်ထောင်စုရဲ့ ဆန္ဒကို လေးလေးနက်နက် ဖော်ပြပေးနိုင်တာဟာ အမေရိကန်စင်တာပဲ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ US သံအမတ်ကြီး Derek Mitchell က အမေရိကန်စင်တာ နေရာသစ် ပန္နက်ရိုက်ပွဲ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ယခု အသစ်တည်ဆောက်တဲ့ အမေရိကန်စင်တာအနေနဲ့ ခေတ်မီနည်းပညာတွေလည်း ထည့်သွင်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ ပိုမိုဝင်ထွက် လေ့လာနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

အမေရိကန်စင်တာ နေရာအသစ်က အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်၊                                                                 လက်ရှိ အမေရိကန်သံရုံးနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့အတွက် ပိုမိုအဆင်ပြေတဲ့အပြင် ရန်ကုန်တက္ကသိုလ်နဲ့လည်း နီးကပ်တဲ့အတွက် ကျောင်းသားတွေလည်း                                   လွယ်လွယ်ကူကူ လာရောက်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်စင်တာကို လွတ်လပ်ရေးရပြီးခါစ ၁၉၄၉ ခုနှစ်တည်းက မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကမ္ဘာတဝန်းရှိ အမေရိကန်စင်တာပေါင်း ၇၀၀ ကျော်ရှိတဲ့အနက် ရန်ကုန်မြို့မှာ ဖွင့်ထားတဲ့ အမေရိကန်စင်တာဟာ လာရောက် လေ့လာ ပညာသင်ကြားသူ အများဆုံးဖြစ်ကြောင်း သိရပါတယ်။

၁

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Theravada Dhamma Society,    699 Serramonte Blvd. # Daly City, CA 94015 မှာ ဆရာတော် ဦးဃောသိတာ ဘိဝံသကနေပြီးတော့ ထေရဝါဒ ဓမ္မတရားတော် သင်တန်းတွေကို ပို့ချ သင်ကြားပေးနေပါတယ်။

ဓမ္မသင်တန်းတွေကို ဇွန်လ (၂) ရက်နေ့အထိ နေ့စဉ် ည(၇)နာရီမှာ သင်ကြားပို့ချပေးနေတာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (၆၅၀) ၉၉၃ ၈၇၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ဟေးဝပ်ဒ်မြို့၊ မုဒိတာ ရွှေကျောင်းတည်ရှိတဲ့ 27695 Leidig Ct. Hayward, CA 94544 မှာ ရွှေသိမ်တော်တည်ဆောက်လျက်ရှိရာ သိမ်အောင်ပွဲကို ဇူလိုင်လ ၁၂ ရက် ၊ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဓမ္မမိတ်ဆွေများ ကြွရောက် ကုသိုလ်ယူပါဝင်နိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း 510 574 5442 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

 

 

http://www.azmtv.com/mobile

http://www.azmtv.com/mobile

 

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013

Community Answers

  1. naywoon ni
    3663
    3-5-15
    naywoon ni says:

    အလက်​ဆင်းဒါး​ရေ
    နီ့သတင်း​တွေကလည်း တစ်​ခုမှ စိတ်​ချမ်းသာ စရာမ​ကောင်းလို့ အနိဌာရုံ သတင်းမလွှင့်​တဲ့ MRTV သတင်းပဲ ဖွင့်​နား​ထောင်​​တော့မယ်​ :)

    Was this answer helpful?

    LikeDislike
    • Thint Aye Yeik
      12067
      3-5-15

      ဟုတ်ပါ့ အမ်အာတီဗီ သတင်းတွေထဲမှာတော့
      တိုးတက်သော
      .အေးချမ်းသာယာသော
      ဒီမိုကရေစီရဲ့ အနှစ်သာရကို စားသုံးနေရပြီဖြစ်သော
      .ပြီးပြည့်စုံသော နိုင်ငံတော်သစ်ကြီးကို ဖြစ်လို့. . .
      khwi khwi

      :k:

      ဟိုနေ့ကတောင်
      ညီငယ်က တီဗွီသတင်း တစ်ခု စာတန်းလေးထိုး ကြေညာတာကို ဖတ်နေလို့ နားထောင်မိတယ်
      ရန်ကုန်မှာ ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းမှာ
      မဟုတ် မမှန်ပါကြောင်းးး တဲ့

      .ဟေ့ ညီငယ်
      အဲ့လို မဟုတ်ဘူးလို့ပြောတာ ဘယ်သတင်းထာနလဲလို့ မေးမိပြီး
      ပုံမှန် ရုပ်သံသဒင်းမှန်းလည်း သိရော တခွိခွိနဲ့ ရီမိတာ

      ရီစရာတွေ စိတ်ချမ်းမြေ့စရာတွေ ကြားချင် မြင်ချင်ရင်
      အမ်မာတီဗီသာကျိ အဟိ

      :k:

      Was this answer helpful?

      LikeDislike
      • naywoon ni
        3663
        3-5-15
        naywoon ni says:

        အင်​တာတိမ်းမန့်​ ဆိုလား အဲ့လိုင်း ဓာတ်​ရှင်​ကား​တွေက​ရော ” ​ခေတ်​မှီ ဖွင့်​ဖြိုးတက်​​သော နိုင်​ငံ​ဒေါ်သစ်​ကြီး ” အ​ကြောင်း ရိုက်​ပြထားတဲ့ ဇာတ်​ကား​တွေချည့်​ပဲ ။ ဟို စဂိုင်းနဲ့ ဦးစ လိုင်းက​ကော ဘာထူးလဲ ။ တူတူ နဲ့နူနူ ဘဲ ။ ဂျာနယ်​​တွေ ဖတ်​မှပဲ “၀တ်​လစ်​စလစ်​ တိုင်းပြည်​ ” မျက်​ဝါးထင်​ထင်​ ​တွေ့လိုက်​ရတာပဲ :)

        Was this answer helpful?

        LikeDislike
        • Thint Aye Yeik
          12067
          3-6-15

          မနေ့ကတောင် ဇာတ်ကားလာနေတယ်လေ
          တုနှိုင်းမဲ့သစ္စာ ဆိုတဲ့ စစ်တပ်သာ တိုင်းပြည်အတွက် အားအထားရဆုံး
          တုနှိုင်းမမှီတဲ့ အမှန်တရာ သစ္စာတရားတွေ နဲ့ တဲ့
          အဟက် အဟက်
          ရီစရာ ဟာသကားမဟုတ်ပေမယ့် ရီပြီး ကြည့်မိတယ် အဘနီရေ့

          Was this answer helpful?

          LikeDislike
  2. ဇီဇီ
    12381
    3-6-15
    ခင်ဇော် says:

    ဟီးဟီးးး
    မျက်စိမှိတ်၊ ရင်ဘတ်ဖိပြီးဖတ်သွားတယ်လို့

    :g:

    Was this answer helpful?

    LikeDislike
  3. မြစပဲရိုး
    8068
    3-7-15
    မြစပဲရိုး says:

    သတင်း ဆိုတာ စိမ်ပြေနပြေ ဖတ်မှ ကောင်းတာ။
    ဒီလောက် ရှည်တော့ ဖတ်လို့ မနိုင်။
    တစ်ရက် ဆိုင်ရာ တစ်ပိုဒ် တင်တော့ ဘာဖြစ်တုန်း။
    ဟိ။ :wink: :))

    Was this answer helpful?

    LikeDislike
    • Thint Aye Yeik
      12067
      3-7-15

      တစ်ရက် မြန်မာပြည်ဆိုင်ရာ သတင်းတစ်ပုဒ်လောက်နဲ့…
      US ဆိုင် သတင်း သုံးလေးပုဒ်…
      တပါတ်စာကို ဆယ့်နှစ်ပုဒ် ဆယ့်သုံးပုဒ်လောက်ပဲ ရေးမယ်လို့…တွေးပြီး.. ကောက်နှုတ်တာပဲ…
      သတင်းတွေက..ဟိုဟာလည်း ချန်မထားခဲ့ချင်.. ဒီဟာလည်း ချန်မထားခဲ့ချင်နဲ့… ကပ် ပါလာတာရယ်..
      အဟိ…
      http://www.azmtv.com မှာ ရုပ်သံ ကြေညာပေးရတဲ့ အစ်ကိုတော်နဲ့ အစ်မတော်လည်း…တပါတ် တပါတ် နာရီဝက်စာမက….မောနေလောက်ပြီ…

      .လျှော့ မှ…လျှော့မှ….

      :k:

      Was this answer helpful?

      LikeDislike
  4. Shwe Ei
    1988
    3-9-15
    Shwe Ei says:

    -အမေရိကန်စင်တာမှာ စာသွားဖတ်မဲ့ အစီအစဉ် အကောင်ထည်ဖေါ်တော့မယ် :)

    Was this answer helpful?

    LikeDislike
    • Thint Aye Yeik
      12067
      3-10-15

      good

      :kwi:

      .တို့ရွာသူားတွေ ပူးပေါင်းပြီး ရွာစင်တာ တစ်ခု လုပ်ရကောင်းမလားးးး

      Was this answer helpful?

      LikeDislike

Leave a Comment