ငယ်ငယ်ဘဝ အသက် ၈ လမှာ

ငါ အဖေနဲ့ ဝေးခဲ့

သိတတ်တဲ့ အချိန်ကစ လွမ်းရ ၊

၂ တန်းအောင်တဲ့ ၇ နှစ်အရွယ်

ငယ်သူငယ်ချင်းတွေကိုထား

ရန်ကုန်သားဖြစ်ရတဲ့အခါ

ငါ သူတို့ကို လွမ်းရပြန် ၊

၁၀ တန်းအောင်တော့လည်း

ခွဲခဲ့ရ သူငယ်ချင်းတို့

ငါ လွမ်းလို့နေပြန်

မဟန်ပါဘူးလေ ၊

တက္ကသိုလ်မြေက အချစ်ဦး

ဘယ်လိုထူးအောင်ချစ်ချစ်

ထားပစ်ခဲ့ပြန်တော့

မပေါ့တဲ့ဝေဒနာ

ရှည်ကြာစွာပြန်ကုစားရ ဒုက္ခ ၊

အဟုတ်ရခဲ့ ငါ့ကြင်ယာ

မမြင်သာ မဟုတ်တဲ့ မတူညီခြင်း

လူစည်ခြင်း မရှိတဲ့ ကွာရှင်းပွဲ

နာခြင်းက နည်းလှ

ကွဲတာကမှ ပိုကောင်းသမို့

ကိုယ့်လမ်းကိုယ်သွား

ကိုယ့်ဘဝကိုယ်ပိုင်

ယိုင်နဲ့တာ မရှိ လျှောက်သည့်လမ်းမှာ

တွေ့လာရသူတစ်ယောက်

ဖြစ်မြောက်ဖို့ကြိုးစား

ဝိုးတဝါးသာသာနဲ့ ကွယ်ပျောက်

ဘယ်ရောက်မှန်းမသိသူအတွက်

အရှက်နည်းစွာ လွမ်းရပြန်

ဟော  အခုတဖန် ကံဇာတ်ဆရာဖန်တဲ့လမ်း

လျှောက်စမ်းရမှာ ငါကြောက်

အလွမ်းတွေ  ရောက်မလာစေဖို့

ရင်မ လို့ ဆုတောင်း

ကောင်းခြင်းများအပြီး လာစေသတည်း

 

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..