( ဟော  ဦး ဒီကားနဲ့ပါလာတာလား )

( သြော်  ဟုတ်တယ် )

( ထမင်းချိုင့် မပါဘူးလား )

( အင်း  ဆိုင်မှာပဲ ဝယ်စားတာ )

( ပိုကုန်တာပေါ့ ၊ အမျိုးသမီးက မထည့်ပေးဘူးလား )

( ဘယ်က ဘာအမျိုးသမီး ဘာမိန်းမမှ မရှိပါဘူးဗျာ )

( အမယ် ဟုတ်လို့လား ဦးရယ် )

( ဒါ လိမ်စရာလားဗျ ၊ ကိစ္စသေးသေးလေးကအစ ဦး မလိမ်တတ်ဘူး )

စကားပြောရင်း လှိုင်မင်းလဘက်ရည်ဆိုင် ရောက်လာပါတယ် ၊ ဒီတစ်ခါ သူရှင်းမယ်ဆိုတဲ့ ကတိနဲ့ အတူ ဝင်ထိုင်ဖြစ်ပါတယ် ၊

( ဒါနဲ့ ဟိုနေ့တွေက နွယ့်ကို မတွေ့မိဘူး )

( သြော် ဟုတ်တယ် ၊ နယ်မှာ စေ့စပ်ပွဲသွားတာ )

( ဟင် ဘယ်လို ဘယ်လို  စေ့  စေ့စပ်ပွဲ သွားလုပ်တာ ဟုတ်လား )

သေပြီထင်တယ်ဗျာ ၊ စ စမယ် မကြံသေးဘူး ၊

( ဘာလို့ ဒီလောက်လန့်သွားးတာလည်း ဦးရဲ့    ၊ နွယ့်အမ စေ့စပ်တာပါ )

( အမယ်လေး ၊ လန့်တာ မပြောနဲ့လေ ၊ နွယ်ပြောတာက  စေ့စပ်ပွဲသွားတာဆိုတော့ )

( အင်းလေ ၊ စေ့စပ်ပွဲသွားတာပါဆို )

ကိုယ့်ခေါင်းထက်ကြီးတဲ့ အလုံးကြီး ရင်ဝကနေ ပြန်ကျသွားသလိုပဲ ၊

( နွယ့်အမက နွယ်တို့မြို့မှာပဲ ဆရာမ လုပ်နေတာ ၊ သူနဲ့ စေ့စပ်တာကလည်း မြို့ကပါပဲ )

( သြော်  ကျောင်းဆရာပဲလား )

( မဟုတ်ပါဘူး ၊ ကုန်သည်ဆိုပါတော့ ၊ သူ့သမီးလေးက အမဆီမှာ ကျူရှင်တက်တယ်လေ )

( အန်  ဘယ်လို ဘယ်လို )

( သြော် အဲ့တစ်ယောက်က မိန်းမဆုံးထားတာ ၊ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ၊

ဒီ သမီးအကြောင်းပြုပြီး အမနဲ့ စသိခဲ့တာ ၊ သူတို့ စ ကြိုက်တော့ အဘ နဲ့ အမေက တားသေးတယ် ၊

နောက် တကယ်ကို ချစ်နေကြမှန်းသိလို့ သဘောတူလိုက်တာ ၊

အမကလည်း ခေါင်းမာတယ်လေ ၊ ဝါမဝင်ခင် လက်ထပ်ကြလိမ့်မယ် ၊ )

( အင်းပေါ့လေ ၊ တကယ် ချစ်တယ်ဆိုတော့လည်း  )

( အဲဒါ တကယ် ချစ်တာလား အနေနီးသွားလို့လား ဟင် )

( အနေနီးရာက အမက ဟိုလူကို သံယောဇဉ်ရှိသွား ကိုယ်ချင်းစာသွား

ကလေးကိုလည်း သနား အဲဒီကနေ စတာနေမှာပေါ့ ဟုတ်ဘူးလား )

ပြောသာပြောနေရတယ် ၊ ဘယ့်နှယ် ဒီဇာတ်လမ်းမျိုးနဲ့မှ တိုးရတယ်လို့ ၊

အေးလေ ဒီလို သံယောဇဉ်အချစ်မျိုးကို

နွယ် လက်ခံသွားရင်လည်း ကိုယ်နွဲရမယ့်တိုက်ပွဲမှာ အပေါင်းလက္ခဏာ ဖြစ်လာစေမှာလေ ၊

( ကဲ ဦး  နွယ်ကချည်းပြောနေ ၊ ဦးအကြောင်းပြောဦးလေ )

ဘုရား  ကယ်တော်မူပါ ၊ ဘာက စ ပြောရပါ့မလဲ ? ညာာလို့လည်း မဖြစ် ၊

( အင်းးး ဦးဘဝက သိပ်အထူးကြီးတော့ မဟုတ်ပါဘူး ၊ မိန်းမ ရခဲ့ဘူးတယ် ၊

အယူအဆ အတွေးအခေါ် မတူလာကြတော့လည်း ကွဲတာဟာ အကောင်းဆုံးပဲ လို့ ဆုံးဖြတ်ပြီး

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်က ကွာရှင်းခဲ့ကြတယ် ၊ ဟောဒီ ဦးဖုန်းစခရင်ပေါ်က ပုံဟာ ဦး သားပါ ၊

သားကို အုပ်ထိန်းခွင့်ရဖို့ ဦး တောင်းဆိုခဲ့ရတာ ၊

ဒီအတွက် ဦး ပေးဆပ်လိုက်ရတာက ကားတစ်စီး ဆိုပါတော့ ၊ ဦးက ကားတစ်စီးထက် သားသမီးကို ပိုမက်တယ်လေ )

( သြော်  မေးမိတာ ဆောရီးနော် ၊ နွယ် တကယ် စိတ်မကောင်းပါဘူး )

( ဘာ စိတ်မကောင်းစရာ ရှိလို့လည်း ၊ မနေနိုင်တော့လို့ ကွဲတာ အဖြေမှန်ပဲ ၊

အဲ တကယ် ချစ်ရက်နဲ့ အချစ်မခံရတာကမှ ကြေကွဲစရာ မဟုတ်လားနွယ် )

( အင်း  ဟုတ်ပါတယ်လေ ၊ ဒါဖြင့် ဦး နောက်အိမ်ထောင် ပြုဦးမှာလား ဟင် )

( ဦးကလည်း ချစ်မယ် ၊ ဦးအချစ် နဲ့ ဦးဘဝကိုလည်း နားလည်နိုင်သူမျိုးနဲ့ တွေ့ရမယ်ဆိုရင် ဦး တစ်ဘဝလုံး ပုံပေးလိုက်မှာပါ ၊ )

( သြော် အင်းပေါ့  အင်းပေါ့  ဟော ဦး  ၉ နာရီထိုးတော့မယ် ၊ ရုံးထဲ ဝင်စို့နော် )

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..