လူမုန်းခံတော့မည်

 

ကျွန်တော့ ဘ၀မှာ အကြောက်ဆုံး အရာတစ်ခုရှိခဲ့ပါတယ်။ လူမုန်းခံရမှာကိုပါ။ ဒါကြောင့်လဲ ကျွန်တော်ဟာ အလွန်တရာမှ အငြင်းသန်သူဖြစ်ပေမယ့် လူတွေနဲ့ အတိုက်အခံဖြစ်စေမယ့် ၀ိဝါဒ ကွဲပြားမှုအခြေခံကာ အမုန်းတရားတွေဖြစ်စေမယ့် စကားတွေကို ပြောဖို့အတွက် အတတ်နိုင်ဆုံးရှောင်ရှားခဲ့သူပါ။ ဒီအတွက်ကြောင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ၀င်ရောက်ပြောဆိုခြင်း မပြုခဲ့တာ တော်တော်ကြာပါပြီ။ ဒါပေမယ့် အခုတော့ ကျွန်တော် လူမုန်းပဲခံပါတော့မယ်။ ဟုတ်ပါတယ်။ ဘယ်ဘက်ခြမ်းကိုမှ မလိုက်ပဲ ခြံစည်းရိုးကိုခွထိုင်ပါတော့မယ်။ မြင်သမျှကို ကြားလူအနေနဲ့ ပြောမှာ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက ကျွန်တော့ကို မုန်းကြပါတော့မယ်။ မုန်းကြပါစေတော့။ မုန်းကြပါတော့။

ဒီရက်ပိုင်းအတွင်း ကျွန်တော်အကြိုက်ဆုံးစာသားလေးတစ်ကြောင်းရှိပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ခဲ့တာပါ။ ဘယ်သူရေးမှန်းတော့ မသိ။ “ ကိုက်တတ်တဲ့ခွေးမှန်းသိနေရက်နဲ့ မကိုက်ကိုက်အောင် ခွေးရှေ့သွား မျက်စိနောက်နေမှတော့ အကိုက်ခံရမှာပေါ့”တဲ့။ ကောင်းလိုက်တဲ့စာသားလေး။ ဟုတ်ပါတယ် အဲ့ခွေးက ကိုက်တတ်ပါတယ်။ မယုံမရှိပါနဲ့။ လူတို့ တမျိုးလုံးက ခေတ်အဆက်ဆက် ကိုက်ခဲ့တာပါ။ အခုလဲ ကိုက်လိုက်ပါပြီ။ ဒါမဲ့ ဒီတခါက ဒါဏ်ရာ အနည်းဆုံးပါ။

“ကျွန်တော့ အနေနဲ့ မတ်လ ၅ရက် ၂၀၁၅ခုနှစ် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာဖြစ်ခဲ့တဲ့ ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြသူများအပေါ် တာဝန်ဆိုသည့် အနီရောင် လက်ပတ်ဝတ်ဆင်ထားသူများမှ ၀င်ရောက် အကြမ်းဖက် ဖြိုခွင်းခြင်းအား ပြင်းထန်စွာ ကန့်ကွက်ပါသည်။ ထိုလုပ်ရပ်နှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များ အားလုံးကိုလဲ ရှုံ့ချပါသည်။

          တာဝန်ရှိသူများမှ ဥပဒေနှင့်အညီလုပ်ဆောင်သည်ဟု မည်သို့ပင်ဆိုစေကာမူ ဒါဟာ ပြည်သူအချင်းချင်း ရန်တိုက်ပေးခြင်းသာဖြစ်သဖြင့် အလွန်တရာမှ ရှက်စရာကောင်းသောလုပ်ရပ်ဟုဆိုပါမည်”

Untitled

သပိတ်မှောက်ကျောင်းသားများရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော သူတို့တောင်းဆိုထားတဲ့ ပညာရေးဥပဒေဆိုင်ရာ အချက် ၁၁ချက်ထဲမှာ ကျွန်တော် ကြိုက်တဲ့အချက်တွေရှိသလို နားမလည်တာတွေလဲရှိပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဖြင့် သိပ်ပြီးမလိုအပ်သေးဘူးလို့ မြင်တာလဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့၏ရည်ရွယ်ချက်ဖြစ်သော ကျောင်းသားများ ကောင်းစားဖို့ဆိုသည့် တစ်ချက်ထဲနဲ့ပင် ကျွန်တော် သူတို့ကို ထောက်ခံခဲ့ပါတယ်။ အခွင့်အရေးများရရင် ကိုယ်တိုင်တောင် ၀င်ရောက်ဆင်နွဲလိုက်ချင်သေး။ သေချာတာပေါ့။ ကျွန်တော်တို့ နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုကို မြန်မြန်မြင်ချင်ရင် ပညာရေးကို အမြန်ဆုံး အဆင့်မြှင့်သင့်နေပြီလေ။

ဒီ အချက် ၁၁ချက်ထဲမှာ အဓိက တောင်းဆိုလိုတာဟာ “ကျောင်းသာသမဂ္ဂဖွဲ့စည်းခွင့် ရရှိရေး”ပဲဖြစ်မှာပါ။ ဖြစ်လဲ ဖြစ်သင့်ပါတယ်။ ကျောင်းတစ်ကျောင်းမှာ တကယ်ကို ကျောင်းသားအရေးကို လုပ်ဆောင်နိုင်သူများဖြင့် ကျောင်းသားအကျိုးကို ဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ခု ပြန်လည်ရှိသင့်နေပါပြီ။ သမဂ္ဂအမည်ခံကာ မိမိလက်ခုတ်ထဲကရေများဖြင့် ဖွဲ့စည်းထားသော အဖွဲအစည်းမဟုတ်ပဲ တစ်ကယ့် ကိုယ်စလှယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းရှိသင့်နေပါပြီ။ သို့ပေမယ့် နောက်တစ်ချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျောင်းများဖြစ်ရေးဆိုတာကတော့ နည်းနည်းစောနေသေးသလားလို့။ အဲ့ဒီ့အချက်အောက်မှာ ကျောင်းသားတွေဟာ ကျောင်းရဲ့ အုပ်ချုပ်ခွင့် အထူးသဖြင့် ဆရာ ဆရာများရဲ့ အပြောင်းအရွေ့ကိစ္စတွေကိုပါ စီမံခွင့် ဆိုတာကိုတော့ ကျွန်တော်နည်းနည်း ဘ၀င်မကျပါ။ ဆရာကြီး အလင်္ကာကျော်စွာ ဦးဘဂျမ်းရဲ့ ကာတွန်းလေးတောင် သွားသတိရသေး။

10998655_10204763133851707_4658469815057265817_n

ကျောင်းသားအရေးကို စောင့်ကြည့်နေရင်းခဲ့ရာ သပိတ်စစ်ကြောင်းကို တားဆီးမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် ဆွေးနွေးညှိနှိုင်းမှုနဲ့ ကောင်းမွန်သောရလဒ်များဖြင့် စစ်ကြောင်းဆက်လက်ချီတတ်ခွင့်ရခဲ့တာကိုတွေ့ရမှာပါ။ နောက်ဆုံးမှာတော့ ကျောင်းသားများတောင်းဆိုထားသော လေးပွင့်ဆိုင် ဆွေးနွေးပွဲမှတဆင့် မူအားဖြင့် သဘောတူညီမှုရခဲ့ပါပြီ။ အစိုးရအနေဖြင့် မည်သည့်ချက်ကိုမှ ပြင်ဆင်ခြင်းမပြုပဲ အကြွင်းမဲ သဘောတူခဲ့ခြင်းပါ။ ကျောင်းသားတို့ အောင်မြင်သွားခဲ့ပါပြီ။ မိမိတို့ရဲ့ ဆန္ဒကို စည်းလုံးမှုဖြင့် ရဲရင့်စွာတောင်းဆိုမှုရဲ့ ရလဒ်ဟာ အောင်မြင်မှုဖြစ်ခဲ့ပါပြီ။

ဒီနောက်မှာ ဆက်ကြားမိတာကတော့ စစ်ကြောင်းဟာ မရပ်နားသေးပါ ဥပဒေပြုပြီးမှ ရပ်နားမည်လို့ဆိုပါတယ်။ ကျွန်တော် နည်းနည်း စဉ်းစားမိသွားပါပြီ။ ဥပဒေတစ်ခု ပြုရေးမှာ မလွယ်ကူပါ။ ဒေါ်အောင်ဆန်းစုကြည့် ပြည်မြို့မှ ကျောင်းသားခေါင်းဆောင်များကို ပြောခဲ့သလို “လွှတ်တော်တွင် ဥပဒေတစ်ခုပြုရန်မှာ အကြိမ်ကြိမ် ဆွေးနွေးပြီးမှာ ဖြစ်တဲ့အတွက် အချိန်ကာလ တစ်ခုတော့ကြာနိုင်တယ်” လို့ထင်ပါတယ်။ ဟုတ်ပါတယ် ဒီနေ့တင် ဒီနေ့အတည်ပြုဆိုတာ ကျွန်တော်တို့မကြိုက်ခဲ့တဲ့ အာဏာရှင် စစ်အုပ်ချုပ်ရေး စနစ်မှာ ထားခဲ့သင့်ပါပြီ။ ကိုယ်စလှယ်ပေါင်းများစွာ ပါဝင်ဆွေးနွေးပြီး အကောင်းဆုံး ရလဒ်ကို ရနိုင်မယ့် အချိန်ကို စောင့်ကြည့်သင့်ပါပြီ။ ဒီနေရာမှာ စစ်ကြောင်း တာဝန်ရှိသူများထံမှ စကားထွက်လာပါတယ်။ “ရန်ကုန်ထိရောက်အောင် ချီတတ်ပါမယ်၊ ရန်ကုန်မြို့မှာ အောင်ပွဲခံပါမယ်။ ပြီးရင်သပိတ်ရပ်မယ်။ ဥပဒေပြုရေးကို စောင့်ကြည့်မယ်” ဆိုတာပါ။ အစိုးရကလဲ စစ်ကြောင်းကို ရန်ကုန်သို့ အ၀င်မခံပါဆိုပြီး ချော့တမျိုး ချောက်တဖုံနဲ့ သတိတွေပေးလာပါပြီ။ ကျောင်းသားတွေကို လက်ပတန်းမှာ ရဲအင်အားအလုံးအရင်းနဲ့ ပိတ်စို့တားဆီးထားလိုက်ပြီ။ ကျောင်းသားများကလဲ စစ်ကြောင်းကို ခေတ္တရပ်နားကာ ဆက်လက်ချီတတ်ရန်အတွက် ခွင့်ပြုပေးဖို့ အစိုးရကို တွန်းအားပေးနေပါပြီ။ ဒီနေရာရောက်တော့ ကျွန်တော် တော်တော်ကို စဉ်းစားခဲ့ပါပြီ။

“ငါတို့အစိုးရက ကျောင်းသားတွေ တောင်းဆိုသမျှကို လိုက်လျောနေရလောက်အောင် သဘောထားကြီးလို့လား”

ကျွန်တော် ၈၈၈၈ကို မမှီခဲ့ပါ။ ကျွန်တော် မှီခဲ့သလောက်တော့ အခုလူတွေပြောနေတဲ့ အ၀တ်လဲအစိုးရဆိုတာဟာ ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အစတောင်ရှာမရအောင်ကြံစီခဲ့သူ၊ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေကို သွေးမြေကျအောင်လုပ်ခဲ့သူ၊ လက်ပတောင်းမှာ သံဃာတွေကို မီးသင်္ကန်းကပ်ခဲ့တဲ့သူ၊ သပိတ်စခန်းပေါင်းများစွာကို တဖြုတ်ဖြုတ်နဲ့ ခြေမှုန်းနေသူတွေပါ။ အခု ဒီလူတွေက ဒီမိုကရေစီခေတ်ရဲ့ အကြီးမားဆုံး သပိတ်လို့ ဆိုရမယ့် ဒီကျောင်းသား သပိတ်နဲ့ ပတ်သက်ကာ အစစ လိုက်လျောနေတာ တွေ့ရတော့ ကျွန်တော သံသယတွေဝင်လာပါတယ်။ ကျွန်တော် သိသလောက်တော့ “မင်းတို့လဲ တောင်းချင်ရာတောင်း ငါတို့လဲ ပေးချင်မှပေးမယ်။ အေး ဒါပေမယ့် လမ်းပေါ်ထွက်လာရင် ဖမ်းမှာပဲ” ဆိုတဲ့ဒီလူတွေက ကျောင်းသားတွေကိုတော့ အလိုလိုက်နေပါတယ်။ ဒါဟာ ကျောင်းသားထုရဲ့ နောက်မှာ ပြည်သူတစ်ရပ်လုံး ပါလာနိုင်တယ်ဆိုတာသိနေလို့။ သူတို့ကို အကြမ်းဖက်ခဲ့ရင် ပြည်သူရဲ့ ပေါက်ကွဲမှု ပါလာနိုင်တယ်ဆိုတာ သိနေတဲ့အတွက်ပဲ ဖြစ်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်လဲ အမြင်မျိုးစုံနဲ့ သဘောထားမျိုးစုံနဲ့ လူတန်းစားမျိုးစုံရှိတဲ့ ဆူလွယ် နှတ်လွယ် ရန်ကုန်မြို့ကို အ၀င်မခံပဲ ရန်ကုန်မြို့နဲ့ ဝေးနိုင်သမျှ အဝေးဆုံးနေရာမှာ စစ်ကြောင်းကိုပြီးဆုံး စေရန် တောင်းဆိုချက်တွေကို လိုက်လျောခဲ့တာလို့ ကျွန်တော်တော့မြင်တယ်။ ဒီနေရာမှာ ကျောင်းသားတွေမဟုတ်ပဲ အခြားသူများဆို အဲ့စစ်ကြောင်း တစ်ပတ်တောင် မခံဘူး။ ဖြိုခွင်းခံရမှာသေချာတယ်။

ကျွန်တော်ထပ်ပြီး စဉ်းစားမိတယ်။ ကျောင်းသားတွေ လမ်းပေါ်ရောက်လာတာဟာ ဥပဒေပြဌာန်းရေးကြောင့်ပါ။ မန္တလေးကနေ ရန်ကုန်ကို ချီတတ်ဖို့မဟုတ်ပါဘူး။ ဒါမဲ့ အခု ဦးတည်ချက် နည်းနည်းပြောင်းနေပြီ။ ဥပဒေပြုရေး သဘောတူညီချက်ရပြီးနောက် ရန်ကုန်ရောက်ရေးဆိုတာပါလာပြီ။ ဥပဒေပြုရေး တောင်းဆိုတဲ့သူတွေက ရန်ကုန်ရောက်ရေးအတွက်ဖြစ်လာပြီ။ ကျွန်တော် တစ်ခုပြောပါရစေ။ ကလေးတစ်ယော်က သူပူစာတဲ့ အရုပ်ကို မိဘက ၀ယ်ပေးပြီးချိန် ရေခဲမုန့်ဆိုင်နားသွားကာ စားချင်တယ် စားချင်တယ်နဲ့ ငိုယို နေသလို ဖြစ်နေပြီလား။ ကလေးတွေကတော့ မိဘရဲ့ အရိပ်အကဲမသိမကြည့်ဘဲ အလိုက်ကန်းဆိုးမသိစွာ ပူစာမှာပေါ့။ ဒါမဲ့ လူကြီးတွေ အနေနဲ့တော့…။

ကျွန်တော် တစ်ခုမေးချင်တယ်။ ဒီသပိတ်စစ်ကြောင်း ရန်ကုန်ကို ရောက်ကို ရောက်ဖို့ လိုအပ်လို့လား။ အာဏာပိုင်တွေက တူးတူးခါးခါး ငြင်းဆန် တားမြင့်နေတဲ့ကြားက ဘာကြောင့်မို့ သွားချင်နေတာလဲ။ တောင်းဆိုတားတဲ့ ဥပဒေကို ပြဌာန်းပေးဖို့ လွှတ်တော်မှာ ဆွေးနွေးတော့မယ်။ ကိုယ်တွေက အသာလေး ထိုင်ကြည့်ပြီး သူတို့မဟုတ်တာမလုပ်အောင် တွန်းအားပေးနေရုံပဲလေ။ ဘာကြောင့် ရန်ကုန်ကို သွားရမှာလဲ။ ဒီအချိန်မှာ ထပ်ကြားမိတယ်။ “ပြည်သူတွေ လာပါ။ အလုပ်သမားတွေ လာပူးပေါင်းပါ” တဲ့။ ဟာ…။ ဘာတွေလဲ။ ဒါဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်တာ မဟုတ်တော့ဘူး။ အထွေထွေ သပိတ်ကို ဦးတည်နေတာ။ အစိုးရကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ။ ဒါ ကျွန်တော့အမြင်။ ဆက်ပြောမယ်။ ကျွန်တော် ကြားဖူး ဖတ်ဖူး မှတ်ဖူးခဲ့တဲ့ ၈၈၈၈ ကျောင်းသားလှုပ်ရှားမှုနဲ့ ဒီကျောင်းသားလှုပ်ရှားမှု လုံးဝမတူဘူး။ ၈၈က အာဏာရှင် စနစ်ကို တွန်းလှမ်ဖို့ ပြည်သူကို ကိုယ်စားပြုပြီး ဖြစ်ခဲ့တာ။ အသွင်လဲ မတူဘူး။ အဓိပ္ပါယ်လဲမတူဘူး။ ဒါပေမယ့် ဒါကို မတူတူအောင် လုပ်ယူနေတယ်လို့ ကျွန်တော် မြင်လာတယ်။

မပြေလယ်မှုတွေစတင်လာခဲ့ပါပြီ။ ရန်ကုန်ကို လုံးဝအ၀င်မခံဘူးဆိုတဲ့သူနဲ့ ရန်ကုန်မှ ရန်ကုန် ရောက်အောင်သွားမယ်ဆိုတဲ့ သူတွေကြား ဖွဲမီးကစလာပြီ။ ဒေသအသီးသီးမှာ “ကျောင်းသားတွေကို ၀န်းရံကျ”ဆိုတဲ့ လှုပ်ရှားမှုတွေဖြစ်လာတယ်။ မတ်လ ၅ရက်နေ့မှာတော့ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေ အကြမ်းဖက်ခံလိုက်ရပြီ။ ဒီနေရာမှာ အသားထဲကလောက်ထွက်တဲ့ ရွံ့စရာလူတွေကို ကျွန်တော်တို့ တွေ့လိုက်ရတယ်။ တာဝန်ဆိုပြီး စားထားတဲ့ ကျားရိုးအရှိန်နဲ့ မြင်မြင်ရာလိုက် ကိုက်တဲ့ အကောင်တွေကို။

နောက်ဆုံးမှာ ကျောင်းသားတွေဘက်က ရန်ကုန်ကို ဆက်သွားဖို့အတွက် တောင်းဆိုချက်တစ်ခုကို တင်တယ်။ အစိုးရက သဘောတူတယ်။ ဒါမဲ့ ချွင်းချက်တွေနဲ့။ ဒါကို ကျောင်းသားတွေက လက်မခံဘူး။ သူတို့ ပြောသလိုလုပ်ဆိုတာမျိုးလုပ်လာတယ်။ ကျွန်တော် စိုးရိမ်လာတယ်။ သူတို့တွေ ခွေးရူးရှေ့မှာ ဘရိတ်ဒန့်စ် သွားကနေပြီလား။

ကျွန်တော်တို့ အားလုံး မျှော်မှန်းပြီးသား အချိန်တစ်ခု မတ်လ ၁၀ရက်နေ့မှာ ရောက်လာပါပြီ။ စည်းတားထားသော ရဲများကို ထိုးဖေါက်ကာ ကျောင်းသားများ ရှေ့ဆက်ရန် ကြိုးစားကျပြီ။ ဆူပူမှုလို့ မဆိုသာသေးပေမယ့် သူတို့ရဲ့ မူလသံဓိဌာန်ဖြစ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ချင်းဆိုတဲ့စကားကို နေပူရှိန်ကြောင့် အားနည်းစွာမူလဲကျသွားတဲ့ ကျောင်းသားတွေနဲ့အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူနာတင်ကားပေါ် တင်ပေးလိုက်တယ်။ ထိုကားကြီး ဝေးသွားလေလေ ကျန်ခဲ့တဲ့ အခြေအနေတွေဟာ ငြိမ်းချမ်းမှု ပျောက်ဆုံးသွားလေလေ။ စိတ်ရဲ့ လှုံ့ဆော်မှုကြောင့် စီးကျလာတဲ့မျက်ရည်တွေနဲ့ ငြိမ်းချမ်းမှုပါသွားပြီ။ ယခင်နေ့တွေက ရယ်မောရင်စကားပြောနေတဲ့ ရဲသားနဲ့ ကျောင်းသားတွေ အခု တွန်းထိုးကုန်ပြီ။ ဆဲဆိုနေပြီ။ ကျောင်းသားတွေကလဲ “သူတို့ဟာ ငါတို့ကို နေပူအောက်မှာနေခိုင်း မြူမှုံအောက်မှာ အိပ်ခိုင်းတဲ့သူတွေ၊ ငါတို့ကို မတရားတားစီးတဲ့သူတွေ” အဖြစ် ရဲတွေကလဲ “မင်းတို့တွေကြောင့် ငါတို့မှာ အိုးပစ်အိမ်ပစ်နဲ့ လမ်းပေါ်မှာ ရက်အတော်ကြာ နေခဲ့ရတာ” ဆိုပြီး မြင်လာပြီ။ အငုတ်စိတ်လေးတွေ ပေါ်လာပြီ။ ရဲတွေရဲ့ ကာထားတဲ့ စည်းရိုးတွေ ရိုက်ချိုးခံလိုက်ရပြီ။ အမိုးတွေ ဖျက်စီးခံလိုက်ရပြီ။ ဒေါသတွေလာ လွင့်တက်လာတဲ့ ဖုန်မှုန့်တွေနဲ့အတူ ခြုံလွှမ်းသွားပြီ။

ဒီအချိန်မှာ ကျောင်းသားတစ်ဦး (ကျွန်တော် နာမည်သိပေမယ့် မလိုဘူးထင်လို့ ချန်လှပ်ခဲ့ပါမယ်) ပစ်လိုက်တဲ့ ရေသန့်ဘူး ရဲတွေဖက် ကျသွားတယ်။ ဒီရေသန့်တစ်ဘူးကစတဲ့ ပြသနာဟာ အားလုံးသိထားပြီးကျတဲ့အတိုင်း စိတ်မကောင်းစရာ ဖြစ်ရပ်ကို ဦးတည်လိုက်ပါပြီ။

ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာပါ။ ရဲတွေရဲ့ သပိတ်ဖြိုခွဲမှုပုံစံပါ။ ဆန္ဒပြသူများကို တာဝန်ရှိရဲများက ဟန့်တား ဖြိုခွင်းရာမှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု အနည်းနဲ့ အများတော့ရှိတတ်ကျပါတယ်။ နိုင်ငံတကာမှာလဲ ဒီလိုပါပဲ။ ဖြိုခွင်းနေစဲအချိန်မှာ ဆန္ဒပြသူများဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုတဲ့ပုဒ်မကို ကြူးလွန်ထားသူများဖြစ်တဲ့အတွက် လက်ရဖမ်းစီးရန် တာဝန်ရှိပါတယ်။ ဖမ်းစီးရာမှာလဲ “သားကြီးတို့ရယ် မင်းတို့တွေအဖမ်းခံပါကွာ” ဆိုပြီး တောင်းပန်ရုံမက ထိုင်ရှစ်ခိုးနေလို့ပါ မဖြစ်တဲ့အတွက် ပြောခဲ့သလို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဆိုတာ ရှိသွားမှာပါ။ ဒါကို နားလယ်ပေးရပါမယ်။

ဒါပေမယ့် “လက်ရ ဖမ်းစီးမိထားသော ကျောင်းသားများအား ရဲများက ၀ိုင်းကာ ရိုက်နှက်ခဲ့ခြင်းကို ရှုံ့ချပါတယ်။ ထိုသို့ ရိုက်နှက်နေသောသူများအား မပြုလုပ်ရန်တားစီးခဲ့သော ရဲများကိုလဲ ချီးကြူးပါတယ်” ။

အခုတော့ အားလုံးဟာ ပြီးသွားပါပြီ။ မီးမှန်းသိရက်နဲ့ သွားကိုင်ဖို့ကြိုးစားခဲ့လို့ အခုတော့ အပူလောင်သွားပါပြီ။ ကျွန်တော် လူသားချင်းစာနာပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်မယ်မှန်းသိသိကြီးနဲ့ ဇွတ်အတင်းလုပ်ခဲ့တဲ့အတွက် သိပ်တော့ ၀မ်းမနည်းပါဘူး။ ဒါဟာ အစောကြီးကတည်းက မျှော်လင့်ထားပြီးသား အဖြေပါ။ ဒီလိုပဲ သာမန်ထက်လွန်ကဲစွာ ဒေါသကိုရှေ့တင်ကာ ရိုက်နှက်ခဲ့သူတွေကိုလဲ စက်စုတ်ပါတယ်။ နောက်ဆုံးရလဒ်ကတော့ နဂိုလ်ရှိပြီးသား အမုန်းတွေ ပိုကြီးထွားသွားပြီ။ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု ဆိုတဲ့ အရာဟာ ပျောက်ရှသွားပြီ။

ကျွန်တော့ အမြင်အရတော့ ဒီပွဲမှာ ကျောင်းသားတွေ မနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ ဆန္ဒကိုရှေ့တန်းတင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေကို ကျော်ကာ လုပ်ကိုင်ခဲ့လို့ပါ။ အစိုးရလဲ မနိုင်ပါဘူး။ မည်သို့ပင် ပြောင်းလဲသွားပြီဆိုဆို အရင်လို နိုင်ရင်နင်းမယ် ပြိုင်ရင်ဗျင်းမယ်ဆိုတဲ့ စိတ်ထားမပျောက်သေးမှန်း ပေါ်လွင်ခဲ့လို့ပါ။

ဇာတ်ပေါင်းလဲ ထုတ်ရော “ကိုက်တတ်တဲ့ ခွေးဟာ ကိုက်လိုက်ပါပြီ။ အကိုက်ခံရအောင် သွားလုပ်တဲ့သူလဲ အကိုက်ခံလိုက်ရပါပြီ”။ ဘယ်သူမှ မလွန်ပါ။ နိယာမ သဘောတရားအတိုင်း ဖြစ်သွားခဲ့ခြင်းသာ ဖြစ်ပါသည်။  ။ ကျွန်တော့ကို ဆဲကြပါကုန်။

Courage

About Courage

has written 44 post in this Website..