မတ်လသည် မြန်မာပြည်တွင် စနစ်နှင့်သူ၏တော်လှန်ရေးတို့မွေးဖွားရာလဖြစ်သည်။
နှင်းငွေ့၊ နှင်းပေါက်၊ ဆီးနှင်းခဲ ဒဏ်တို့ကို တဆောင်းတွင်းလုံး ကြံ့ကြံ့ခံရပ်တည်ခဲ့ရသော ခြောက်သယောင်းထ သစ်ပင်သစ်ကိုင်းတို့ဝယ် ရွက်နုဝေပွင့် ညွှန့်သစ်ဖူးသောလဖြစ်ပါသည်။
မကြာမှီ ဧပြီဝင်ကာ မြန်မာတို့၏နှစ်သစ်ဦးလာတော့မည်။ ယခုနှစ်သစ်သည် စိန့်ပြည်သားတို့အလိုအရ ဆိတ်နှစ်ဖြစ်ကာ မြန်မာတို့အတွက်မူ ၁၃၇၇ နှစ်ဖြစ်လေသည်။

ပြဌာန်းပြီးအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန်တောင်းဆိုထားခြင်းကို ရက်ပေါင်း၆၀လစ်လျှူရှုခဲ့သဖြင့် မန္တလေးမှသည်ရန်ကုန်သို့ ဇန်န၀ါရီ ၂၀မှစတင်ကာကျောင်းသားထုသပိတ်မှောက်ချီတက်ခဲ့ပြီး ၄ပွင့်ဆိုင်ဆွေးနွေးမှုအရ သဘောတူညီချက်ရပြီးဖြစ်သည်။
မတ်လ ၁၀ရက်နေ့ဝယ် ရန်ကုန်သို့ဆက်လက်ချီတက်ခွင့်တောင်းထားသည့်ကျောင်းသားနှင့်ရဲတို့ လက်ပံတန်းတွင်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကြကာ အကြမ်းဖက်နှိမ်နင်းခံလိုက်ရသည်။
အောင်ပွဲခံ၍ရန်ကုန်ဝင်ရန်အတွက်မစွမ်းနိုင်ခဲ့ပဲ ကျောင်းသားကျောင်းသူနှင့်ရဟန်းရှင်လူ ၁၂၇ယောက်ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရလေသည်။
ရန်ကုန်အရောက်ချီတက်ကြခြင်းကို တားမြစ်ရာတွင် အစိုးရအာဏာစက်နှင့်အတူ မဟနနှင့် မဘသ၏ ၀ီရသူဆရာတော်တို့ကလည်း စာပြန်တမ်းထုတ်ကာ ဓမ္မစက်ပြခဲ့သည်ကိုတွေ့ရပါသည်။
သို့ပါ၍ ယခုလတွင် နိုင်ငံရေးနှင့်ဘာသာရေး အကြောင်း ဤသူမြင်မိသလိုရေးပါမည်။

ဘာသာကြီး၎ခုနဲ့နိုင်ငံရေး

ဘာသာရေးဟူသည် လူတယောက်ချင်း၏ယုံကြည်ချက်ဖြစ်ကာ နိုင်ငံရေးမှာမူ အများလူထုနှင့်သက်ဆိုင်သည်။
လူသားတို့၏ ယဉ်ကျေးမှုခေတ်ဦးတွင် ဘာသာရေးနှင့်နိုင်ငံရေး ရောသမယှက်တင်ရှိခဲ့သည်ကိုတွေ့ကြရမည်။ ကမ္ဘာ့ဘာသာကြီးအားလုံးလိုလိုပင် စစ်ရေးအားဖြင့်သာသနာပြု အာဏာယူ အုပ်ချုပ်ခဲ့ကြဖူးသည်ကိုလည်းတွေ့ရမည်။
အလယ်ခေတ်ဥရောပ (အေဒီ ၅ရာစုမှ ၁၅ရာစု)တွင် ခရစ်ယန်ဘာသာရေးခေါင်းဆောင်များနှင့်သူတို့၏ကျောင်းတော်များသည် အုပ်ချုပ်သူဘုရင်များအပေါ်သြဇာလွှမ်းမိုးသည်။ ဘုရင်များသည် ဘာသာရေးခေါင်းဆောင်များနှင့် တိုင်ပင်အုပ်ချုပ်ကြရပေသည်။ ၁၈-၁၉ရာစုနှစ်များဖက်ရောက်မှ လစ်ဘရယ်အတွေးအခေါ်များထွန်းကားလာကာ ကျောင်းတော်နှင့် ဘုရင့်အာဏာကို လူထုကကန့်သတ်အုပ်ချုပ်စေခဲ့ကြခြင်းဖြစ်၏။
အရှေ့အလယ်ပိုင်း အာရပ်ဒေသများတွင် မူလနတ်ကိုးကွယ်မှုတို့များသော်လည်း အစ္စလမ်သာသနာ(အေဒီ၆ရာစု)ပေါ်လာပြီးနောက်မူ နိုင်ငံရေးတွင် လုံးဝဥသုံပါဝင်စွက်ဖက်သည်ကိုတွေ့ရ၍ ယနေ့အထိပင် တိုင်းပြည်အခြေခံဥပဒေအထိအစ္စလမ့်သာသနာရေးလွှမ်းမိုးပါတ်သက်နေသည်ကိုတွေ့ရသည်။
ရှရီယာဥပဒေသည် အစ္စလမ်မစ်နိုင်ငံများကျင့်သုံးရသည့် အမြုတေဥပဒေဖြစ်ပြီး မွတ်စလင်များက မည်သည့်နိုင်ငံတွင်နေထိုင်သည်ဖြစ်စေ လိုက်နာကြရပေသည်။
အိန္ဒိယတိုက်ငယ်တွင်ကား ဂေါတမဘုရားရှင်မပွင့်ခင်လက်ထက်ကပင် ဘုရင်မင်းတို့သည်  ဗြဟ္မဏတို့၏ဝေဒ၊ဗေဒင်တို့ဟောပြောပို့ချချက်များအရ တိုင်းပြည်စီမံအုပ်ချုပ်ကြသည်။ ဗုဒ္ဓပွင့်ပြီး(ဘီစီ၅ရာစု)နောက်ဗုဒ္ဓသည် ခမည်းတော်၏ တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါတော်မမူသလို ဗိမ္ဗိသာရမင်းကို သားတော်အဇာတသတ်မှ ထောင်သွင်းခြေခွဲဆားသိပ်နှိပ်စက်နေသည့်တိုင် ၀င်စွက်ဖက်တော်မမူချေ၊ အုပ်ချုပ်ရေးတို့နှင့် များစွာကင်းလွတ်နေထိုင်လေ့ရှိသည့် သာဓကများရှိပေရာ ထိုခေတ်နိုင်ငံရေးတွင် ဘုရားသားတော်များလည်း ၀င်ရောက်စွက်ဖက်မှုနည်းသည်ဟုဆိုနိုင်ပါသည်။ ဤအချက်ကို ဗုဒ္ဓကိုယ်တော်တိုင်ချမှတ်ပေးထားသော စည်းကမ်း ၀ိနည်းများဖြင့်လည်းချိန်ထိုးကြည့်နိုင်သိနိုင်သည်။
သမိုင်းမှတ်တမ်းများအရ ဗုဒ္ဓဘာသာတွင် ဘာသာရေးနှင့်နိုင်ငံရေးရောယှက်သွားသည်မှာ အသောကမင်း(ဘီစီ၂ရာ)လက်ထက် ဖြစ်ပါ၏။

ကိုလန်ဘတ်စ်ရဲ့ကမ္ဘာသစ်

အမေရိကပြည်သည် ဥရောပမှ ဘာသာရေးကြောင့်ထွက်ပြေးလာသူများနှင့်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
လူသားတို့၏ ခွင့်တူညီမျှမှုကို ပုံဖေါ်ဆောင်သော စာသား “All men are created equal”  ဟူသည် အမေရိက၏လွတ်မြောက်ရေးကြေငြာစာတန်း(၁၇၇၆)တွင်ပါသည်။ ခွင့်တူညီမျှမှုကို ဦးစွာဖွင့်ဆိုပြီးနောက်မှ အမေရိကပြည်ထောင်စုကို တည်ထောင်ခဲ့ကြခြင်းတည်း။
ဘာသာရေးနှင့်နိုင်ငံရေးရောယှက်မှုတို့အား နံရံကာကန့်သတ်တားမြစ်ခြင်းကိုမှု အခြေခံဥပဒေပြင်ဆင်ခြင်း ပထမအကြိမ်(၁၇၉၁)တွင်ထည့်သွင်းခဲ့ပေရာ အခြားနိုင်ငံသားအခွင့်အရေးများတောင်းဆိုတင်သွင်းမှု အားလုံးထက်ပင်ရှေ့ရောက်ပြဌာန်းကြသည်ကိုတွေ့ရမည်။ အခြေခံဥပဒေအရခရစ်ယန်ကျောင်းတော်နှင့် နိုင်ငံရေးဆက်နွယ်မှုတို့ကို  ရှင်ခန်း/သေခန်းဖြတ်ပေးသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ ၉၀ရာခိုင်နှုန်းကျော်နှင့် သမ္မတများ ခရစ်ယန်ဘာသာကိုးကွယ်ကြစေကာမူ တိုင်းပြည်၏ အာဏာခွဲဝေ/ပေးယူမှုတွင် ဘာသာရေးစွက်ဖက်မှုမပါဝင်နိုင်တော့။
အိမ်ဖြူတော်သို့ ခရစ်ယန်ဘုန်းတော်ကြီးများ၏ အာဘော်/သြ၀ါဒပေးနိုင်ရန်လည်းအကြောင်းမရှိချေ။
ဒိမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ကြရာတွင် လွန်စွာအရေးကြီးသောအချက်ဖြစ်သည်ဟုဟူလို။

ရှင်အရဟံမှသည်…

အနော်ရထာမင်းသည် အရည်းကြီးများကို လူဝတ်လဲစေ၍ စစ်တပ်အတွင်းသို့သွတ်သွင်းပြီးနောက် ကြီးမားလာသောစစ်သည်အင်အားဖြင့် ပထမမြန်မာနိုင်ငံတည်ထောင်ပါသည်။ ထေရာများအား ရာဇပုလ္လင်ထက်မြင့်သောနေရာပေး၍ မင်းဆရာ့အကြံဥာဏ်ကိုလေးစားလိုက်နာသည့်သဘောများတွေ့ရသည်။ တိုင်းပြည်၏အခြေခံပညာရေးကို (အဓိက)သင်ကြားပေးနိုင်သူများမှာ ဘုန်းတော်ကြီးများဖြစ်သွားပေရာ မြန်မာတို့၏ ဓလေ့နှင့်ယဉ်ကျေးမှုအထိပင်အမြစ်တွယ်သွားလေ၏။
ထိုမှဘုရင်မင်းအဆက်ဆက်သည် ရဟန်းများကို မင်းဆရာအဖြစ်တင်မြောက်၍ တိုင်းရေးပြည်ရေးဆုံးဖြတ်ချက်များတွင်အကြံဥာဏ်ယူလေ့ရှိသည်။  မြန်မာ့ သက်ဦးဆံပိုင်စနစ်တွင် ဘာသာရေးသည်လွန်စွာသက်ရောက်လွှမ်းမိုးမှုရှိနေသည်ဟု မြင်နိုင်ပါသည်။
မင်းဧကရာဇ်တို့သိတတ်အပ်သော အဌာရသ အသိပညာ သွန်သင်ဆုံးမလမ်းကြောင်းပေးခဲ့သူများမှာ လူဒီသာပါမောက္ခတို့မဟုတ်သည်ကိုတွေ့ရ၏။
မင်းတုန်းမင်း(ငယ်အမည် မောင်လွင်) ငယ်စဉ်က ငါးခြောက်ပြားပျောက်သဖြင့် စံကျောင်းဆရာတော်ကကြိမ်ဖြင့်ရိုက် ဆုံးမခဲ့ခြင်း၊ ညီတော် ကနောင်မင်းသား ရေမြုတ်ဗုံးစမ်းခြင်းကို မင်းဆရာသဘောတော်ကျ ရပ်ဆိုင်းစေလိုက်ခြင်း တို့က နိုင်ငံရေးတွင် ဘာသာရေးဝင်ရောက်စွက်ဖက်ခြင်းပြယုတ်များဖြစ်သည်။

ဦးနု၊ဦးနေ၀င်းမှသည်..

လွတ်လပ်ရေးအတွက် ဘ၀ဆုံးခံသပိတ်မှောက်သူတို့တွင် ရဟန်းသံဃာများလည်းတွေ့ရပါသည်။
ဦးဥတ္တမ၊ ဦးဝိစာရတို့သည် လွတ်လပ်ရေးသမိုင်းရေးခဲ့သည့်ထင်ရှားသော ဘုန်းတော်ကြီးများဖြစ်ကြသလို ဆန္ဒပြခြင်းကို သပိတ်(ဆွမ်းစားသော ခွက်) မှောက်ခြင်းအားဖြင်တင်စားသည်ကိုကြည့်ရခြင်းဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု ဆန္ဒထုတ်ဖေါ်တောင်းဆိုမှုတို့တွင် ဘာသာရေး၏အခန်းကဏ္ဍမြင်နိုင်သည်။
လူတို့ကြားတွင်နေ၍ ဆွမ်းခံစားကြရသော ရဟန်းတို့တွင် လူထုပြည်သားတို့ စားဝတ်နေရေးအဆင်မပြေဖြစ်ကြပါသော် တိုက်ရိုက်သက်ဆိုင်နေသဖြင့် ၀င်ပါသောနိုင်ငံရေးသည်ကား အောက်မှအပေါ်တက်သော နိုင်ငံရေးမျိုးဖြစ်လေသည်။
မင်းဆရာ အဖြစ် ဘုရင်မှတဆင့် လူထုသို့သွယ်ဝိုက်သြဇာပေး အပေါ်မှအောက်သို့အမိန့်ပေးအုပ်ချုပ်ခြင်းသည်ကား အများလူထု၏ယုံကြည်ကိုးစားမှုကို အလွဲသုံးစားလုပ်သော နိုင်ငံရေးစွက်ဖက်မှုဖြစ်သည်။ ဘာသာရေးသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ဥပဒေပြုရေး၊  မဏ္ဍိုင်ကြီး (၃) ရပ်ကိုတိုက်ရိုက်စွက်ဖက်ခြင်းကား မပြုရာ။
လယ်တီဆရာတော်ကြီး၏နွားမေတ္တာစာကြောင့် နွားများမသတ်ရမစားရဖြစ်ကာ ထိုမှသည် တိုးတိုးသားခိုးစားကြရသည်အထိ ဥပဒေပြုချက်များ ၊ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်အောင် တွန်းတိုက်လုပ်ဆောင်မှုများသည် မြန်မာ့ဝန်ကြီးချုပ်ဦးနု၏ ဘာသာရေးအား မိမိအာဏာရယူလိုမှုအတွက်နိုင်ငံရေးသုံးကစားခြင်းဖြစ်ပေရာ  အခြားတပါးသော လူမျိုးစု၊ သာသနာကိုးကွယ်မှုမတူတိုင်းရင်းသား၊ စာပေစကားကွဲပြားသူများအား ပြည်တွင်းစစ်မီးတောက်လောင်စေရန် ချွန်တွန်းပို့ခြင်းသာဖြစ်စေခဲ့သည်။
အကျိုးဆက်အဖြစ် ရန်ကုန်သာအုပ်ချုပ်ရသည့်အစိုးရဖြစ်သွားသောဦးနုအား ဗိုလ်ချုပ်ကြီးနေ၀င်းမှအာဏာသိမ်းနှိပ်ကွပ်လိုက်၍ တိုင်းပြည်ကို စစ်အာဏာရှင်အုပ်ချုပ်ခံဘ၀တွန်းပို့ခဲ့သည်သာ ရလဒ်ကျန်ပါသည်။
ဦးနေ၀င်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ခေတ်တွင် ပါတီတွင်း၌ ဘာသာရေးရောယှက်နွယ်မှုမရှိအောင်ထားသော်ငြား အကြွင်းမဲ့သြဇာရှိ အာဏာရှင်နိုင်ငံရေးဖြစ်တည်ရန်အတွက် အမျိုးဘာသာ၊သာသနာကို လက်မည်းကြီး၏လက်အိပ်ဖြူအဖြစ်သုံးခဲ့ပြန်သည်။
မြန်မာ့လူထုအပေါ် သံဃာများ၏ သြဇာသက်ရောက်မှုကိုအသုံးချရန်  သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ ဂိုဏ်းပေါင်းစုံ ညီညွတ်ရေး ခေါင်းစဉ်ဖြင့်  နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကို ၁၉၈၀တွင်တည်ထောင်ပေးလိုက်ကာ သံဃာများအားမှတ်ပုံတင်စာရင်းထားချုပ်ယူသိမ်းသွင်းခဲ့သည်။

လောကီနွယ်လောကုတ္တရာ

ရှေးမှတ်တမ်းများအရမူ ဗုဒ္ဓဘာသာတွင် သံဃာကိုအုပ်ချုပ်ရန်အတွက် သာသနာပိုင်သံဃာခေါင်းဆောင်ထားခြင်း မှတ်ပုံတင်ခြင်းအားဖြင့် ဂိုဏ်းဂဏထားအုပ်ချုပ်ခြင်းတို့အား ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ခွင်ပြုတော်မမူခဲ့ပါချေ။
မြတ်စွာဘုရားသည် ငွေကြေးဥစ္စာစီမံခန့်ခွဲမှု တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရမှုကို ရွံ့ရှာစက်ဆုပ်ကာ တောထွက်၍ဘုရားဖြစ်ခဲ့သူဖြစ်သည့်အလျှောက် ထိုဘ၀အခြေအနေများနှင့်လည်းကင်းအောင် သားတော်သံဃာတို့အား ၀ိနည်းထား တားမြစ်ခဲ့သည်။
အမှန်တကယ်လည်း ငွေကြေးစီမံခန့်ခွဲ၍ ဂိုဏ်းဂဏအားအုပ်ချုပ်မှုသည် အလွန်တရာမှရှုပ်ထွေးလှပါ၏။ ထိုပညာရပ်တို့ကို ကမ္ဘာနိုင်ငံကြီးများ၏ တက္ကသိုလ်များ၌ပင် မာစတာ၊ဒေါက်တာဘွဲ့အထိ သတ်မှတ်ပေး၍ စနစ်တကျသင်ယူကြရပေရာ ထိုမျှရှုပ်ထွေးသော လောကီအသိုင်းအ၀ိုင်းအတွင်းသို့ ရဟန်းတို့အား ပါဝင်ပါတ်သက်မှုရှိနေခြင်းအား ခွင့်ပြုတော်မမူခြင်းမှာများစွာသဘာဝကျသည်ဟုဆိုရမည်။
သို့သော်ငြား ဦးနေ၀င်းတည်ထောင်ပေးထားခဲ့သော မဟန(သံဃာ့မဟာနာယက)နှင့် ယခုခေတ်တွင် အမျိုးဘာသာသာသနာ ဆောင်ပုဒ်နှင့်သိမ်းသွင်းဝင်လာသော မဘသ(အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့)တို့သည် ဒီမိုကရေစီမြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် အရေးကြီးသောအချိန်တိုင်း ထဲဝင်ပါဝင်ပါတ်သက်လေ့ရှိသည်ကိုတွေ့ကြရမည်။ အာဏာရှင်စနစ်ကို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ထားသောစနစ်ပေတည်း။

ထမင်းရည်ပူစည်း

သို့ဆိုပါသော် သခင်အောင်ဆန်းက စည်းတားခြင်းပြုချင်သော ဘာသာရေးနှင့်နိုင်ငံရေး ရောယှက်နွယ်မှုကို မည်သို့စခန်းဖြတ်ရမည်နည်းမေးခွန်းထွက်လာပါသည်။
ဤသူ၏အယူအဆမှာရိုးရှင်း၏။ ပြည်သူလူထုအားပညာပေး စည်းရုံးယူရမည်ဖြစ်ပါသည်။ မတတ်သာသေး အချိန်မကျသေးဟုမဆိုလင့်..။ ယနေ့စလုပ်ကြပါလျှင်နောင်မျိုးဆက် ၃ခုလောက်တွင်မှ ပြတ်ရွေ့လျှော့ကျသွားမည့်သဘောရှိပေရာ စလုံးရေစ,သည် အခြေခံပညာရေးမှဖြစ်ရမည်။
ယခုတွင်ပင်လွှတ်တော်တွင် ကျောင်းသားသမဂ္ဂမှတင်ထားသော ၁၁ချက်တောင်းဆိုချက်များနှင့်အညီ ဘာသာရေးနွယ်ကျောင်းများအား ဥပဒေအရပိတ်ပစ်တားမြစ်ရမည်ဖြစ်သည်။
အထူးသဖြင့် ကလေးသူငယ်ပညာရေးဟူသည် သာသနာ့ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာအလုပ်ကားမဟုတ်၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအတွက်မူ နှစ်ရာချီသွန်သင်ဆုံးမခဲ့ပေးကြသော်ငြား ပင်စင်ယူရပ်နား၍လောကုတ္တရာကိုသာ အားစိုက်လုပ်ကိုင်ကြပါစေ။ ကလေးသူငယ်များအားပြုစုပျိုးထောင်ခြင်းတည်းဟူသော အလွန်တရာရှုပ်ထွေး အလုပ်များသည့်လောကီအလုပ်မျိုးကို သာသနာ့ဝန်ထမ်းများအား မထမ်းစေလင့်။ ၀ိနည်းတော်နှင့်လည်းမလျှော်ညီ။
လွှတ်တော်မှ ထိုက်သင့်သော ဘက်ဂျက်ရံပုံငွေထားကာ ခေတ်ပညာတတ်ဘွဲ့ရကျောင်းအုပ်များက စီမံခန့်ခွဲသော ဆရာများဖြင့်သင်ကြားခွင့်ရှိရမည့် အခြေခံပညာရေးမှစသင့်သည်ဟုဆိုလိုပါသည်။
ထိုမှသည် မျိုးဆက်သစ်တို့တွင် ဘာသာရေးနှင့်နိုင်ငံရေးစည်းခြားလာကာ တဖြည်းဖြည်းကွဲပြားသွားမည့်သဘောရှိသည်။
ဘာသာရေးကိုနိုင်ငံရေးနှင့်ရောထွေးထားသောနိုင်ငံတို့သည် မြေကြီးမှရွှေသီးနေကြစေ အတွင်းပဋိပက္ခကြီးသော နိုင်ငံများဖြစ်နေကြသည်ကိုတွေ့ကြရမည်။

မြန်မာပြည်သည် မတူကွဲပြားသောလူမျိုးစု၊ဘာသာစကား၊သာသနာတို့ဖြင့် တည်ဆောက်ထားသည့်ပြည်ထောင်စုနိုင်ငံဖြစ်ပေရာ ဘာသာရေးကိုရှေ့တန်းတင်၍နိုင်ငံရေးနှင့်ရောယှက်လေသမျှ တိုင်းရင်းသားများနှင့်ကြီးစွာသော ပဋိပက္ခတို့သာမြင်ကြရလိမ့်မည်။ အမေရိကပြည်တွင် အမေရိကန်တို့ပြုခဲ့သကဲ့သို့ အခြေခံဥပဒေကို ပထမဆုံးပြင်ဆင်မှုပြုရာတွင် ဘာသာရေးအာဏာဓမ္မစက်နှင့် နိုင်ငံရေးအာဏာစက်ကိုသီးသန့်စီခွဲထုတ်သင့်လှသည်။
ထိုမှသည်အနာဂတ်တွင် များလူခတ်သိမ်းငြိမ်းချမ်းကြသည့် ခွင့်တူညီမျှဝါဒဖြူစင်သော ရွှေပြည်ကိုမြင်ကြရပေလိမ့်မည်။  ။

kai

About kai

Kai has written 853 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.