မနေ့ညက အမေ ဖုန်းပြောနေတာပါ….

ကျမက အမေ့ဘေးမှာ စာအုပ်ဖတ်နေတယ်…။ အမေ့ဖုန်းသံကလဲ အတော်ကြည်လေတော့ ဘေးကကျမက ဟိုဘက်က ပြောသမျှ အတိုင်းသားကြားနေရတယ်…

“ဟယ်လို….ဆရာလေး..ဒေါ်———– ပါလား…”

“ဟုတ်ပါတယ်….ဘယ်သူလဲ…..”

“တင်ပ့ါဆရာလေး….တပည့်တော်က…မနေ့က ဆရာလေးကို သီလရှင်ဝတ်ဖို့ လာလျှောက်ထားတဲ့သူပါ…။ မနေ့က ဆရာလေး မအားလို့ အသေးစိတ်မလျှောက်လိုက်ရတာနဲ့….ဖုန်းထပ်ဆက်လိုက်တာပါ…။ တပည့်တော်..ဘာတွေများ…ပြင်ဆင်ဖို့ လိုမလဲ သိချင်လို့ပါ…ဆရာလေး….”

“အင်းးးးး ကမ္ဘာလုံးတည်ရမယ်…..”

ဟင်…စကားလုံးကအဆန်းကြီး…။ တစ်ခါမှ မကြားဖူးလို့ ကျမ..ဖတ်လက်စ စာအုပ်ကနေ အမေ့စကားသံကို အာရုံရောက်သွားတယ်….။ ဆရာလေးဆိုသူက ဒီစကားကို ပြန်ရှင်းပါတယ်…။

“ပဒေသာပင် သီးတာကို ပြောတာပါ…..”
သြော်…ပဒေသာပင် သီးတာကိုး…..အင်းအင်းးး (ကျမစိတ်ထဲကပါ…) ဖတ်လက်စ သုခဘုံစာအုပ်ပေါ် မျက်နှာပြန်လွှဲလိုက်တယ်…။

“အဲ့ဒါ…သုံးသိန်းလောက် လှူပေါ့….”

ငွေကြေးတန်ဖိုးတစ်ခုကို ဆရာလေး ပြောတာကြားလိုက်တော့ ကျမ မျက်မှောင်တော့ ကြုတ်လိုက်မိတယ်….။ သြော်…အလှူပဲလေ……

အမေကလဲ… “တင်ပါ့ ဆရာလေး” ပေါ့….။ ဆရာလေးက ဆက်ပြောတယ်….

“အဲ့ဒါ ပဒေသာပင်ချည်းနော်…။ ဆွမ်းစရိတ်မပါသေးဘူး…ယောဂီတွေပါ အပါဆို အပါး တစ်ရာကျော်တယ်….။ အဲ့ဒါလဲ သုံးသိန်းလောက် လှူလိုက်ပေါ့အေ…”

ဒီလို တိုက်ရိုက် amount တစ်ခုကို ထပ်တောင်းလိုက်တဲ့…စကားကြောင့် ကျမ နည်းနည်းတော့ ဒေါသဖြစ်မိသွားတယ်ထင်ရဲ့……

အင်း…ထားပါလေ….ဆွမ်းစရိတ်တော့ ရှိမှာပေါ့…။ ကုသိုလ် ရပါတယ်….။

အမေလဲ “တင်ပ့ါ…ဆရာလေး” လို့ ဆက်ပြောတယ်…..။

“ပြီးရင် ဆံချတဲ့အခါ ရွတ်ဖတ်ပေးတာ ရှိသေးတယ်….။ အဲ့ဒါ ယောဂီတွေပါ ပါတော့…၁၅ ယောက်လောက်တော့ ရှိမယ်..။ တစ်ဦးကို ၃၀၀၀ ဖြစ်ဖြစ် ၅၀၀၀ ဖြစ်ဖြစ် လှူပေါ့….”

ခွီးးးးးးး ကျမ တော်တော်တော့ တင်းလာပြီ…။

ငါ သူတပါး ယောကျာင်္း မိန်းမ ရွတ်ဖို့က ၁၅ ယောက်လိုလား…..။ ပြီးတော့ ယောဂီတွေက ဘာဆိုင်သတုန်း…သူတို့ဟာသူတို့ တရားလာအားထုတ်တာမှာ…ဒါလာရွတ်တာနဲ့ လှူရမယ်တဲ့လား….။ ပြီးတော့ ဒါရွတ်မှ သီလရှင်ဖြစ်ရမှာလား…။ ဘုရားရှင်ရှိစဉ်ကရော…ဒီလို ရွတ်ဖတ်ပြီးမှ သာသနာ့ဘောင်သွင်းတာလား…..။

ကျမ ဖတ်လက်စ စာအုပ်ကို….အသံမြည်အောင် ချလိုက်တော့ အမေက ကျမကို လှမ်းကြည့်တယ်….။ အမေလဲ နည်းနည်းတော့ စိတ်အနှောင့်ယှက် ဖြစ်နေတဲ့ မျက်နှာနဲ့…..။ ဒါပေမယ့်…..ကျမဆီက ပီယ၀ါစာတွေ ထွက်လာမှာစိုးလို့ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး တိတ်တိတ်နေဖို့ အချက်ပြတယ်…။

အမေက ဟိုဘက်ကို စကားပြန်ထောက်တယ်..

“၁၅ ယောက်ဆိုတော့ မများဘူးလား ဆရာလေး…။ ပြီးတော့ ယောဂီတွေလဲ မလိုလောက်ဘူးလို့ တပည့်တော်တော့ ထင်တာပဲ…”

“အင်းလေ……ညည်းက လူများတယ်ထင်ရင်လဲ ၁၀ ယောက်ပေါ့…..။ ငါ့တုန်းကဆို လှူတာ သိန်း ၈၀ ကျော်တယ်…..”

ငင်…..သွသူ လှူတာပဲ။ သိန်း ၈၀ ကျော် ဟုတ်ချင်လဲဟုတ်မယ်….။ ဟုတ်နေရင်တောင် သူသိန်း ၈၀ကျော်လှူတာနဲ့ပဲ တခြားလူတိုင်းက လိုက်လှူရရောလား…..။ ကျမ စိတ်ထဲ ဒေါသတော့ တော်တော်ထွက်နေပြီ….။

အမေကလဲ…တင်ပ့ါ…လို့ စကားထောက်တယ်…..

“ပြီးတော့ တန်းဆွမ်း ကျန်သေးတယ်…..။ ငါ ခုနက ပြောတယ်နော်…..။ အပါး တစ်ရာကျော်ဆိုတာ…..”

ဟင်!!!!

“အော… နောက်ထပ်…ညည်း သီလရှင် ၀တ်စုံချုပ်ရင်…ငါ့အသိဆိုင်မှာ ချုပ်…ငါပြောပေးမယ်….သိလား…ဈေးတော့ နည်းနည်း များပေမယ့် … လက်ရာကတော့ ကောင်းပါတယ်….”

အမေက တင်ပါ့ဆရာလေးနဲ့ အဆုံးသတ်တော့…ဟိုဘက်က ဆရာလေးကလဲ အေး..အေး..ဒီလောက်ပါပဲလို့ ပြောရင်း ..ဖုန်းချလိုက်တယ်….။

ကျမ တော်တော်တော့ စိတ်ညစ်ညူးသွားပါတယ်….

 

အလှူတစ်ခုကို ပိတ်ပင်ရင် ငရဲကြီးသလား…..???

ကျမကိုယ်တိုင်လဲ အရင်က ဒီလိုပိတ်ပင်ဖို့ မပြောနဲ့…ကိုယ်တိုင်တောင်…တစ်ကယ်လိုအပ်တဲ့နေရာဆိုရင် မလောက်လေးမလောက်စား လစာလေးထဲက ဖဲ့လှူပါတယ်….။

သို့သော်….ဒီအလှူကတော့……….

အမေက…ကျမ ဘာပြောတော့မယ်ဆိုတာကိုသိလို့….အေးပါ… ဒီကျောင်းမှာ သီလရှင်ဝတ်ဖို့ အမေလဲ စဉ်းစားပါဦးမယ်လို့…ပြောတယ်….။

သင်္ကန်းခြုံ ပြီး အလှူဆိုတဲ့ ခေါင်းစဉ်နဲ့ အနုကြမ်းစီးတဲ့သူတွေကို ကျမ…ရွံတယ်…။ သူတို့ အကုသိုလ်သူတို့ယူပါလိမ့်မယ်…လို့ ဖြေတွေးတွေးလို့…ရပေမယ့်….ကျမစိတ်ထဲ ဖြစ်သွားတဲ့ မသတီမှုခံစားချက်ကတော့…ကျမပဲ မရင့်ကျက်နေသေးလို့လားတော့မသိ…. ဖျောက်မရနိုင်ဘူး…..

 

ကောင်းကင်ပြာ

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 44 post in this Website..