ဟိုနေ့ကအမေနဲ့ဖုန်းပြောရင်း အလှူကြောင်းပြောရင်း ပို့စ်ရေးဖို့သတိရသွားတယ်… တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလိုပေါ့နော…….. ဒီလိုဗျမိဗုံတို့ရွာမှာ အလှူတစ်ခုလုပ်ပြီဆိုရင် လူပျိုခေါင်း အပျိုခေါင်း(ရွာမှတော့ဒီလိုခေါ်တာဘဲ ) :mrgreen: က ကိုယ့်အပျို လူပျိုတွေ ကိုအရင်ဆုံးနှိုးဆော်ရတယ်..အလှူရှင်က ရက်ရွေးပြီးပြီဆိုရင် သူတို့ကိုအရင်ပြောရတယ်.. စီစဉ်စရာရှိတာစီစဉ်ရအောင်လို့..အပျိုအုပ်စု လူပျိုအုပ်စုက ကျရာတာဝန်ကိုခေါင်းဆောင်ခွဲပေးတဲ့ အတိုင်းယူရပါတယ်…အလှူကြီးဆိုရင်အလုပ်တွေပိုပါတယ်…အရမ်းရှုပ်တယ်ပေါ့ဗျာ…အဓိကကျွေးမွေး ရေးနဲ့ နေရာခင်းကျင်းရေး ဖျာခင်းတာကအစ လက်သုတ်ပ၀ါအဆုံး အကုန်လုံးလူငယ်တွေလုပ်ရတာ.. ရပ်မိရပ်ဖဆိုတဲ့လူကြီးတွေက ထိုင်ရှည်တွေရယ်…ဘာမှလုပ်တာမဟုတ်ဘူး.. :mrgreen: ကျွေးတာကတော့ ပုဇွန်ခြောက်ထောင်းကြော်၊ မှန်ရောင်ဟင်းချို၊ပဲပြုတ်၊ငရုတ်သီးကြော်၊ ပဲတီချဉ်သုပ် အဲ အချိုပွဲက သီးမွှေးငှက်ပျောသီးရယ် ဆေးလိပ်ရယ် လက်ဖက်ရယ်ပေါ့.. ပဲတီချဉ်အတွက် ဖျာတွေပေါ်မှာ သဲတွေခင်း ပဲတီပင်ဖောက်ရတယ်…ပြီးတော့မှ အချဉ်သိပ်.အဲ့ဒါတွေက ကြိုလုပ်ထား .. ပုဇွန်ခြောက်ကြော်အတွက် ကြက်သွန်နီအခွံခွာဖို့ ညနေပိုင်းမှာ အပျိုလေးတွေက ဓားတစ်ချောင်းဆီနဲ့ လူပျိုလေးတွေက ပုဆိန်ကိုယ်ဆီနဲ့ သူတို့ကထင်းခွဲဖို့… အပျိုခေါင်း လူပျိုခေါင်းတွေက လည်တယ်.. လှတပတ လေးတွေကို ကြက်သွန်ခွာခိုင်းတယ်… ချောတောမောတာ လူပျိုလေးတွေကို ထင်းပေါက် ခိုင်းတယ်….မနီးမဝေးမှာပေါ့…ဒီဘက်ကလည်းမျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ခွာတယ်…ဟိုဘက်ကလည်း အားကြိုးမာန်တက်နဲ့ ဗလတွေပြပြပြီး ပေါက်လိုက်ကြတာ… ပုဇွန်ခြောက်တွေကို မောင်းနဲ့ထောင်းတဲ့သူကထောင်း..ရေထမ်းတဲ့သူကထမ်း..ရေထမ်းတယ်ဆိုတာ.. ဘုံဘိုင်ရေကိုမသုံးဘူး တွင်းရေကိုသုံးတာ..အဲ့ဒါကြောင့်ထမ်းရတာ.. အလှူဆိုတာမျိုးက တစ်ခုလည်း မဟုတ်တော့ အားလုံးက သူ့ဟာသူစနစ်ကျ လုပ်တတ်ကိုင်တတ်ကြတယ်…. ကျွေးမွေးရေးအတွက် လုံးပမ်းပြီးတော့မှ အပျိုလေးတွေခမျာ သူတို့ဝတ်ဖို့ လိမ်းဖို့လုပ်ရတော့တယ်…. အလှူ့အမ ကိုရံပေးဖို့ အပျို ၂ ယောက်က ဆင်တူဝတ်ရတယ်… ကျန်တဲ့ ကွမ်းတောင်ကိုင်..ပန်းအိုးကိုင်.. ပရိတ်အိုးရွက်..စသဖြင့် အဲ့ဒါတွေကတော့ ကိုယ်ကြိုက်ရာကိုယ်ဝတ်ပေါ့…အဲ့မှာဖက်ဖူးအုပ်ကိုင်ဆိုတာ ထူးခြားတယ်ဗျ.အဲ့ဒီဖက်ဖူးအုပ်ကအလှူတိုင်းကိုင်ရတာမဟုတ်သလို အပျိုတိုင်းလည်းမကိုင်ရဘူးဗျ..

အလယ်အလတ်ရှိတဲ့ဆွမ်းအုပ်လိုပုံစံမျိုးထဲမှာ ငှက်ပျောရွက်အ၀ါနဲ့အစိမ်းကိုတကန့်စီကန်တော့ချွန် လေးတွေပုံစံထိုးတာတာ..တော်တော်လှတယ်…မနက်ဖြန်လိုအလှူလှည့်မှာဆိုမှ ဒီနေ့လိုမျိုးထိုးရတာရယ်… လူတိုင်းလည်းမထိုးတတ်ဘူး…ပြီးရင်တခြားကွမ်းတောင်..ပန်းအိုးတွေအလယ်မှာတင့်တင့်တယ်တယ် ကြီးတင်ထားတယ်… အဲ့ဒီဖက်ဖူုးအုပ်ကို ကိုင်မယ့်အပျိုက ရုပ်ဆင်းအင်္ဂါလည်း ပြေပြစ်ရမယ်…မိဘမျိုးရိုးကလည်း ကောင်းရမယ်..စီးပွားရေးလည်းသင့်တင့်ရမယ်..ကိုယ်ကျင့်သိက္ခာ လည်းကောင်းရမယ်..အနေအထိုင်က ဗိုင်းကောင်းကျောက်ဖိဖြစ်ရမယ်…အမလေး….ဘာဖြစ်ရမယ်..ညာဖြစ်ရမယ်တွေများချက်ကတော့ ပြောလို့ကုန်မယ်မထင်ဘူးအရပ်ကတို့…. အဲ့လိုဖက်ဖူးအုပ်ကိုင်ဖြစ်ရင် ဈေးကလည်းကြီးသဗျား..သူ့ကြိုက်တဲ့သတို့သားတော့ကုန်ပြီသာမှတ်.. လယ်၁၅ ဧကနဲ့ နွား ၃ရှည်းတို့ သိန်းတရာနဲ့ဆီစက်တစ်လုံးတို့ဖြစ်ကုန်တာ..   :mrgreen: ဖက်ဖူးအုပ်ကိုင်ရတဲ့သတို့သမီးသည် အစစအရာရာပြည့်စုံပါကြောင်းရွမိရွဖ အဲ ရပ်မိရပ်ဖနဲ့ ရွာလူကြီးအပေါင်းသူတော်ကောင်းတို့က အလှူမှာ ပွဲထုတ်ရင်းထောက်ခံလိုက်တဲ့သဘော…အဲ့လိုချွေးမမျိုးကိုလည်းယောက်ခမတွေက အတော်သဘောကျတယ်ဗျိုး.. ဘယ်သူ့သားလေးကတော့ ဟိုဘက်ရွာကဖက်ဖူးအုပ်ကိုင်လေးနဲ့ ရတယ်တဲ့တော့်….စသဖြင့်ဂုဏ်ယူကြတာ….. အဲ့နေ့ကလည်းမိဗုံအဘိုးက ရပ်မိရပ်ဖထဲပါလေတော့ ဖက်ဖူးအုပ်ကိုင်ရွေးလာခဲ့တယ်နဲ့တူပါရဲ့ ..အိမ်အောက်မှာရေနွေးကြမ်းသောက်နေတဲ့သူ့ကို လှေကါးပေါ်ကနေလှမ်းမေးလိုက်တယ်……

 “အဘိုးဖက်ဖူးအုပ်ကိုင်ကဘယ်သူ့ရွေးသတုန်း”

  “အလှူနေ့သိလိမ့်မယ်ပ” တဲ့ ကြည့်လေ..မခန့်လိုက်ပုံများနှယ်…….

“ နေပါအုံးအဘိုးရဲ့..ကျုပ်ကျတော့ဘာပြုလို့ဖက်ဖူးအုပ်မကိုင်ရသလဲ…ကျုပ်မလည်းရှိပါ့              ဟောဟိုမယ် လှည်းတွေ.နွားတွေ… “

“ အံမာဗျာ.. နင့်လိုကဆုန်စိုင်းပြီး တစ်ရွာလုံးမီးနဲ့တက်ရှို့နေတဲ့သူက .. ကိုင်ရလိမ့်မယ် ဖက်ဖူးအုပ်ကြီး.. မတန်မရာ..အောင်နက်နဲ့အော်ဒီကလုံး “

“   ဂိန် “

“အောင်မယ်..ကျုပ်ကတော့အဲ့လိုမထင်ဘူး…..မျိုးရိုးများမကောင်းလို့လေလားလို့.တွေးမိတယ်

သွား..သွား မိဗုံတော်ရာသွားနေ….ငါရေနွေးအိုးနဲ့ပေါက်မိမယ်…..

“သွားရသေးတာပ….ဟဲ့မဲညို ၀က်ခြံပေါ်ထဘီမလှန်းနဲ့”

ဝက်ခြံပေါ်ထဘီလှမ်းနေတဲ့မဲညိုကို ဘာမဆိုင်ညာမဆိုင်လှမ်းငေါက်လိုက်တယ်..

မဲညိုကနှုတ်ခမ်း ကွဲလေးနဲ့…

ဘာကျု့လို့လဲမွားဗုံ တဲ့

အဲ့ဒါဆွမ်းဟင်းတွေ..၀ါတွင်းကျလောင်းရမယ့်ဟင်းတွေ..ငရဲကြီးမှာမို့ပြောနေတာဆိုပြီး ၀က်ခြံကိုခြေထောက်နဲ့လှမ်းကန်လိုက်တယ်.. နာလိုက်တာပြောမနေနဲ့..

နောက်ကနေလှမ်းပြောနေတဲ့အဘိုးအသံကို ကြားလိုက်ရသေး..

“ ဒီပုံစံနဲ့များ ဖက်ဖူးအုပ်ကိုင်ချင်ရတယ်လို့တဲ့”

(သွား ခီညားတို့လည်းနောက်တစ်ပိုင်းမှ ဆက်ဖတ်ဂျ) :mrgreen: :mrgreen:

ဗုံဗုံ

About ဗုံဗုံ

ဗုံ ဗုံ has written 11 post in this Website..