ဒီတပတ် အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်

အောင်ဇေမီဒီယာကနေ တင်ပြပေးမယ့် သတင်းတွေကတော့ …

 

 

 

  • အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးမှုဆိုင်ရာ သတင်း…

  • US ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် New Bern မြို့မှာရှိတဲ့ မြန်မာမိသားစုတခုရဲ့အိမ်မှာ ဓားထိုးမှု ဖြစ်သွားတဲ့သတင်း

  • မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးယဉ်ကျေးမှု မထွန်းကားသေးဘူးလို့ Equality Myanmar အဖွဲ့က ဝေဖန်လိုက်တဲ့သတင်း

  • တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြတာနဲ့ ပတ်သက်ပြီး ပုံနှိပ်ဖော်ပြခဲ့တဲ့ မြန်မာပို့စ်ဂျာနယ် တာဝန်ရှိသူတွေကို အစိုးရက ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့သတင်း၊

  • နားကြပ်တပ်ထားတဲ့ ဗုဒ္ဓရုပ်ပုံကို အရက်ဆိုင်ကြော်ငြာအဖြစ် ဖြန့်ဝေအသုံးပြုခဲ့တဲ့   နယူးဇီးလန် နိုင်ငံသားတစ်ဦးနဲ့ မြန်မာနှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် နိုင်ငံတကာရဲ့ သဘောထားများ ၊

  • ၆ ​ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဆိုင်ရာ သတင်းကြေညာချက် ၊

  • ကရင်ပြည်နယ်မှာ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျရောက်နေတယ်ဆိုတဲ့သတင်း ၊

  • တရုတ် – မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာ ဖြစ်ပွါးနေတဲ့ နောက်ဆုံးရ စစ်ရေး အခြေအနေသတင်းများ ၊

  • ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို သံဃာတော်နှစ်ပါးက တရားစွဲဆိုလိုက်တဲ့သတင်း၊

  • ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ ပါတီဝင် ၂ သောင်းကျော်ကို  NLD ပါတီအတွင်းက ပါတီထဲကနေ ထုတ်ပယ်လိုက်ပြီဆိုတဲ့သတင်း၊

  • ရခိုင်ပြည်နယ်အတွင်းက အောင်တံခွန်(၃) သဘောင်္ကြီး နစ်မြုပ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ အသေအပျောက်ဆိုင်ရာ နောက်ဆက်တွဲသတင်းများ၊

  • NLD ပါတီ အဖွဲ့ချုပ် ဥက္ကဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်အဖွဲ့အစည်း ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့သတင်း၊

  • သတင်းမီဒီယာတွေကိုပါ ပစ်မှတ်ထားပြီး အကြမ်းဖက်ထိန်းသိမ်းခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့ မြန်မာသတင်းသမားတွေ စုရုံးလှုံ့ဆော်နေကြတဲ့သတင်းများ၊

  • လတ်တလော ဖြစ်ပွါးနေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်  မြန်မာပြည်တွင်းမှာ စားသောက်ကုန်တွေ ဈေးတက်ကုန်တဲ့သတင်း၊

  • ကျောင်းသားခေါင်းဆောင်တချို့နဲ့ သတင်းထောက် တချို့ကို ထပ်မံ ဖမ်းဆီးတာတွေ ရှိနေတယ်ဆိုတဲ့ သတင်း၊

  • မြန်မာပြည် ရဲတပ်ဖွဲ့အတွက် တရုတ်နိုင်ငံရဲ့ ပို့ကုန် သွင်းကုန်ဘဏ်ကနေ US ဒေါ်လာ သန်း ၄၀ လောက် ချေးယူမယ်ဆိုတဲ့ သတင်းနဲ့

  • အခြား သိမှတ်ဖွယ်ရာ သတင်းဖြစ်စဉ်များကို                                                                             စုစည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၉ ။

 

US ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် New Bern မြို့မှာရှိတဲ့ မြန်မာမိသားစုတခုရဲ့အိမ်မှာ ဓားထိုးမှု ဖြစ်သွားပါတယ်။
ဓါးထိုးခံရတဲ့ အတွက် သား ၃ ယောက် သေဆုံးပြီး၊ မိခင်ဖြစ်သူနဲ့ သမီးကြီးကို ဆေးရုံတင်ထားရပါတယ်။
ဒီဓားထိုးမှုကို ကျူးလွန်ခဲ့တဲ့ လူငယ်ကတော့ မူးယစ်ဆေးဝါး စွဲနေတဲ့ အသက် ၁၈ နှစ်အရွယ် Eh Lar Doh Htoo ဆိုသူ ဖြစ်ပါတယ်။ သူဟာ မိသားစုနဲ့ ရင်းနှီးတဲ့ အိမ်နီးနားခြင်း မိတ်ဆွေတွေဖြစ်ကြောင်း သိရပါတယ်။
တိုက်ခိုက်ခဲသူက မူးယစ်ဆေးကို ဆရာဝန်နဲ့ ဆေးဖြတ်နေရတာဖြစ်ပြီး သောက်လက်စဆေးတွေ ကုန်နေတဲ့အချိန်မှာ ဆေးကြောင်ပြီး ည ၁၁ နာရီလောက်မှာ အိမ်နီးနားခြင်း မိတ်ဆွေအိမ်ကို ဓားနဲ့ ၀င်ထိုးတာဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်၊ ၅ နှစ်နဲ့ ၁၂ အရွယ် ညီအကို ၃ ဦး သေဆုံးသွားပြီး၊ မိခင်ဖြစ်သူနဲ့ သမီးကြီးကတော့ ဓားဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဆေးရုံတင်ထားရတဲ့ မိခင်ဖြစ်သူနဲ့ သမီးကြီးရဲ့ အခြေအနေကတော့ အခုအချိန်မှာ စိုးရိမ်ရတဲ့ အခြေအနေကနေ ကောင်းမွန်တဲ့ အနေအထားကို ရောက်နေပြီလို့ သိရပါတယ်။
US ကို ရွှေ့ပြောင်းနေထိုင်ကြတဲ့ မြန်မာဒုက္ခသည် မိသားစုတွေ အများအပြားရှိတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် New Bern မြို့မှာ ဖြစ်သွားတတဲ့ ဒီဓားထိုးမှုနဲ့ ပတ်သက်ပြီး Eh Lar Doh Htoo ကို ဒေသစံတော်ချိန် ကြာသပတေးနေ့မှာ ရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။
အတိုက်ခိုက်ခံရသူ မြန်မာမိသားစုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထိုင်း-မြန်မာနယ်စပ်ကနေ US ကို ရွှေ့ပြောင်း နေထိုင်တဲ့ ကရင်နီမိသားစုဖြစ်ပြီး ဓားနဲ့ထိုးတဲ့ လူငယ်ကတော့ ကရင်တိုင်းရင်းသားဖြစ်ကြောင်း သိရပါတယ်။

1

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၉ ။

ပညာရေး ဥပဒေကြမ်းအစီရင်ခံစာကို မတ်လ ၂၀ ရက်မှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့မယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်တွင်းမှာ နိုင်ငံရေးပါတီများ၊ ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီ (တကသ) ၊ NNER စတဲ့ အဖွဲ့အစည်းများနဲ့  မတ်လ ၁၇ ရက် အထိ ကြားနာမှုပြုလုပ်ခဲ့တဲ့ ပညာရေး ဥပဒေကြမ်းအစီရင်ခံစာကို  လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့မှာ ဖြစ်ပါတယ်။

 

အဆိုပါဥပဒေကြမ်းနဲ့ ပတ်သက်ပြီး  နောက်ဆုံးကြားနာခဲ့ကြတဲ့                                           ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နဲ့ ဆွေးနွေးပွဲအပြီးမှာ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နဲ့ ၁၉ ရက် (နှစ်ရက်အတွင်းမှာ) အစီရင်ခံစာကို ပြီးပြတ်အောင်လုပ်ထားမှာဖြစ်ပြီး မတ်လ ၂၀ ရက်နေ့မှာ အချောသပ်ပြီးတဲ့အခါ ဥက္ကဋ္ဌကြီးဆီကို ပို့ဖို့ မျှော်မှန်းထားကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေ မူကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအရေးကိစ္စကို ဆွေးနွေးကြားနားကြရာမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊  ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရရှိရေး၊             ပညာရေး ဘဏ္ဍာရေးဆိုင်ရာများ၊

လူတိုင်း အကျုံးဝင်ပညာရေး စတဲ့ အချက်တွေကို NNER က သက်ဆိုင်ရာပညာရှင်များကိုယ်တိုင် ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါဆွေးနွေးပွဲကို NNER မှ အဖွဲ့ဝင် ၂၁ ဦး လာရောက်ဆွေးနွေးခဲ့ပြီး တင်ပြဆွေးနွေးစရာ ရှိတာတွေထဲက သုံးပုံ၊နှစ်ပုံပဲ ဆွေးနွေးနိုင်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မပြီးဆုံးခဲ့ဘူးလို့

အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

 

အရေးကြီးတင်ပြစရာအချက် ငါးချက်လောက် ကျန်ခဲ့တဲ့အတွက် ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အားရကျေနပ်မှုမရှိပါဘူးလို့ ဆိုပါတယ်။

၁၇

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၉ ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးယဉ်ကျေးမှု မထွန်းကားသေးဘူးလို့ ရန်ကုန်မြို့ Orchid Hotel အတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းရှိ အရပ်ဘက်လူမှု အဖွဲ့အစည်း (၃၁) ဖွဲ့ပူးပေါင်း ပြုစုထားတဲ့ လူ့အခွင့်အရေး အစီရင်ခံစာတစ်စောင်ကို မတ်လ ၂၀ ရက်နေ့မှာ       ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြသွားမယ်လို့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

 

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုတွေကို ခွင့်ပြုတာတွေ ရှိပေမဲ့   ကျောင်းသားတွေအပေါ်မှာ ရက်ရက်စက်စက်ရိုက်နှက်ခဲ့တာတွေဟာ    အစိုးရ အနေနဲ့ လူ့အခွင့်အရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားအောင် မလုပ်ဘဲ   အရင်တုန်းကလိုပဲ လူ့အခွင့် အရေးလှုပ်ရှားတဲ့သူတွေကို အမုန်းတရားထားတဲ့ အတွင်းခံစိတ်ဓါတ်တွေရှိနေတုန်းပဲလို့ ဝေဖန်ထားပါတယ်။

 

အဆိုပါ အစီရင်ခံစာကို ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်း ၃၁ ဖွဲ့တို့က မြန်မာနိုင်ငံဒေသအတော်များများမှာ ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတွေကိုကိုးကားပြီး ရေးဆွဲပြုစုလိုက်တာ ဖြစ်ပါတယ်။

 

လာမယ့် နိုဝင်ဘာလအတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံကတင်သွင်းတဲ့ အစီရင်ခံစာတွေကိုလည်း ထည့်သွင်းဆွေးနွေးကြမယ်လို့ သိရပါတယ်။

၁၆

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၉ ။

”ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ” ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြခဲ့တဲ့ မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို မြန်မာအစိုးရက ဖမ်းဆီးလိုက်ပါတယ်။

မွန်ပြည်နယ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က တရားလိုအဖြစ်နဲ့ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တပ်ပြီး တရားစွဲခဲ့တဲ့နောက်မှာ   မော်လမြိုင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

 

”ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ” ဆိုတဲ့ သတင်းဆောင်းပါးကို ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

ထောင်ဒဏ်တွေချမှတ်ခံရတဲ့ မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူနဲ့ ဒု-သတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့ကို မော်လမြိုင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

၁၅

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၈ ။

နားကြပ်တပ်ထားတဲ့ ဗုဒ္ဓရုပ်ပုံကို အရက်ဆိုင်ကြော်ငြာအဖြစ်ဖန်တီးပြီး Facebook စာမျက်နှာပေါ်မှာ ဖြန့်ဝေအသုံးပြုခဲ့တဲ့ နယူးဇီးလန် နိုင်ငံသားတစ်ဦးနဲ့ မြန်မာနှစ်ဦးကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။

 

ဘာသာ သာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်အပြင်   ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် ၆ လ စုစုပေါင်း ထောင်ဒဏ် ၂ နှစ်ခွဲစီကို ဗဟန်းတရားရုံးက ချမှတ်လိုက်တာ ဖြစ်ပါတယ်။

 

ဖမ်းဆီးခံရသူ ၃ ဦးစလုံးက ဘာသာရေးကို စော်ကားလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆိုပါ ကြော်ငြာကို လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူးလို့ တရားရုံးလျှောက်လဲချက်တွေမှာ ထွက်ဆိုခဲ့တဲ့ကြားက ပြစ်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ၀ိုင်းဝန်း ကန့်ကွက်ကြောင်းလည်း သိရပါတယ်။

 

အခုလို အပြစ်ပေးတာဟာ မြန်မာပြည်တွင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို  ချုပ်ချယ် ကန့်သတ်ခြင်း ဖြစ်တယ်လို့ ဝေဖန် ထောက်ပြခဲ့ကြပါတယ်။

 

V Gastro Bar ဆိုင် မန်နေဂျာတွေဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား Philip Blackwood နဲ့ ဦးထွဋ်ကိုကိုလွင် အပါအ၀င် ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်တို့ သုံးဦးကို  ထောင်ဒဏ် စီရင်ချက် ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ပိတ်ပင်တားဆီးလိုက်တာ ဖြစ်ကြောင်း AI အဖွဲ့ကြီးကလည်း ဝေဖန်ထောက်ပြပါတယ်။

 

ဒါ့အပြင် US ၊ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း မြန်မာတရားရုံးရဲ့ အခုဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုဝေဖန်လိုက်ပါတယ်။

 

CSW (Christian Solidarity Worldwide) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်းညီညွှတ်ရေးအဖွဲ့ကလည်း   မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် … စတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အခြေအနေဖြစ်သွားတဲ့အတွက် စိုးရိမ်မိကြောင်းနဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေကို ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ ကြေညာတောင်းဆိုလိုက်ပါတယ်။

 

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓပုံတော်ကို မလျော်မကန်သုံးပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ကြေညာခဲ့တဲ့အတွက် သူတို့ ၃ ဦးကို ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

 

နယူးဇီလန် နိုင်ငံခြားရေးဌာနအနေနဲ့  Philip Blackwood နဲ့ ဆက်သွယ်မှုရှိနေပြီးသံတမန်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

၁၄

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၈ ။

၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်ရေးနဲ့ ​နိုင်ငံရေး ​ပြဿနာ ​ဖြေရှင်းရေးအကြောင်းတွေ ​ဆွေးနွေးလိမ့်မယ်လို့ ​မျှော်လင့်ရတဲ့ ​၆ ​ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂၀ ရက် ၊ ​သောကြာနေ့မှာ ​ပြုလုပ်ဖြစ်မယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံ သမ္မတ ​ဦးသိန်းစိန်နဲ့ လွှတ်တော် ​ဥက္ကဌ ​၂ ​ဦး၊ 

ကာကွယ်ရေး ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်၊

NLD ပါတီ ဥက္ကဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊

တိုင်းရင်းသားကိုယ်စားလှယ်ဖြစ်တဲ့ ​ဒေါက်တာအေးမောင်တို့

ခြောက်ပွင့်ဆိုင်   တွေ့ဆုံကြမှာ ​ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ … 

သမ္မတ၊ ​လွှတ်တော်၊ ​စစ်ဦးစီးချုပ်တို့နဲ့ ​လေးပွင့်ဆိုင် ​ဆွေးနွေးရေးကိုသာ ပိုမိုလိုလားကြောင်း ​ပြောဆိုခဲ့ပေမဲ့ ​လေးပွင့်ဆိုင်ဟာ ​ဘောင်ကျဉ်းတယ်လို့ အစိုးရဘက်က ပြောဆိုလိုက်ပြီး ​ လေးပွင့်ဆိုင်အစား

ခြောက်ပွင့်ဆိုင်​ဆွေးနွေးမှုလုပ်ဖို့ ​ ပြင်ဆင်ခဲ့တာ ​ဖြစ်ပါတယ်။

၁၃

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၈ ။

အခုမတ်လအတွင်း ခရမ်းလွန်ရောင်ခြည်အညွန်းကိန်းဟာ ကရင်ပြည်နယ်မှာ  လွန်ကဲအဆင့် ကျရောက်နေတယ်လို့ Myanmar Climate Change Watch (MCCW)မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုကြေညာထားပါတယ်။

 

ကရင်ပြည်နယ်အပါအဝင် ဒေသအများစုမှာဖြစ်နေပြီး နိုင်ငံရဲ့လက်ရှိ ပထ၀ီဝင်အနေထားဟာ ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့် ကျရောက်နေတယ်လို့ ပြောဆိုထားပါတယ်။

 

ကရင်ပြည်နယ်တွင်းမှာ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း ၁၁ ဒသမ ၇ ရှိခဲ့ပြီး မတ်လ ၁၈ ရက်နေ့မှာတော့ ၁၂ ဒသမ ၄ အထိ ထပ်မံမြင့်တက်လာပါတယ်။

 

အခုလအတွင်းမှာ အညွန်းကိန်းအနေနဲ့ လွန်ကဲအဆင့်မှာ ရှိနေမယ်လို့  MCCW က ခန့် မှန်းထားပါတယ်။

 

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းဟာ ၈ နဲ့ အထက် ကျော်လွန်သွားတဲ့အခါမှာ ကျန်းမာရေးအတွက် အန္တရာယ် ရှိလာနိုင်တာကြောင့်   ပြည်သူလူထုသိအောင် သတိပေးချက်များ ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။

 

အခုအနေအထားဟာ မနက် ၁၁ နာရီကနေ မွန်းလွဲ ၃နာရီအချိန်အတွင်း နေပူထဲ သွားလာခြင်းကို အတက်နိုင်ဆုံးရှောင်ရမှာဖြစ်ပြီး

နေရောင်အောက် သွားလာရမယ်ဆိုရင် ခြေလက်တွေကို လုံခြုံမှုရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သွားလာဖို့ ၊ နေရောင်ခြည် ကာကွယ်တဲ့ မျက်မှန်တွေကို အသုံးပြုဖို့   MCCW အဖွဲ့ က တိုက်တွန်းထားပါတယ်။

 

ဖားအံမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတချို့ ပြောပြချက်အရ အိမ်ထဲမှာနေတဲ့ကလေးတွေတောင် အပူရှိန်ကြောင့်လို့ ယူဆရပြီး နှာခေါင်းသွေးယိုခြင်းများ ခဏခဏ ဖြစ်နေတာကြောင့် စိုးရိမ်နေရကြောင်း သိရပါတယ်။

၁၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၇ / ၁၈ ။

 

တရုတ် – မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာ ဖြစ်ပွါးနေတဲ့  နောက်ဆုံးရ စစ်ရေး အခြေအနေ သတင်းများ ကို ကြေညာပေးပါ့မယ်။

မတ်လ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာလည်း ကိုးကန့်လက်နက်ကိုင်တပ်တွေကို မြန်မာစစ်တပ်က    ထိုးစစ် အရှိန်မြှင့်ပြီး တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

မတ်လ ၁၇ ရက်နေ့ကတော့ ဗုံးပေါက်ကွဲခဲ့တဲ့ တရုတ်နိုင်ငံတွင်း ဒေသကို  မြန်မာနဲ့တရုတ်အစိုးရ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး

တရုတ်နိုင်ငံတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးဟာ မြန်မာစစ်တပ် တိုက်လေယာဉ်ကနေ ကြဲချခဲ့တဲ့ဗုံးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။

 

မတ်လ ၁၃ ရက်နေ့က တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် လင်ချန်း ခရိုင်တွင်းက တာ့ရွှေရှန်းတု ကျေးရွာအနီးမှာ မြန်မာဘက်ကနေ ကြဲချခဲ့တဲ့ ဗုံး ပေါက်ကွဲပြီး   တရုတ်အရပ်သား ၅ ဦး သေဆုံးခဲ့တဲ့အပြင် ၈ ဦးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

 

ဗုံးဒဏ်ကြောင့် သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားတွေအတွက်  တစ်ယောက်ကို တရုတ် ယွမ်ငွေ ၇ သောင်း (US ဒေါ်လာ တစ်သောင်း တစ်ထောင်ကျော်) လျော်ကြေး ပေးမယ်လို့ မြန်မာအစိုးရက ကမ်းလှမ်းထားပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကတော့ ယူနန်ပြည်နယ်ထဲကို သွားရောက်ပြီး  ဒေသခံ တရုတ်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့အရေး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

 

တရုတ်နိုင်ငံသားတွေ သေဆုံးရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး  တရုတ်အစိုးရက မြန်မာဘက်ကို အပြင်းအထန် ရှုတ်ချခဲ့တဲ့အပြင် တရုတ်-မြန်မာ နယ်စပ်တလျှောက် တရုတ် တိုက်လေယာဉ်တွေနဲ့ ကင်းလှည့်နေပြီ ဖြစ်ပါတယ်။

 

တရုတ်ဘက်ခြမ်းကို မြန်မာဘက်က တိုက်ပွဲတွေဆီက ဗုံးတွေကျရောက်ပေါက်ကွဲခဲ့ပြီးနောက်မှာ တရုတ် မြန်မာနယ်စပ်အနီးကို တရုတ်ဘက်က စစ်အင်အား အလုံးအရင်းချလိုက်တဲ့အတွက် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟာ တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ပိတ်မိနေတဲ့ အနေအထား ဖြစ်နေပါတယ်။

 

လောက်ကိုင်မြို့တ၀ိုက်ရှိ ကိုးကန့်နဲ့ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေကို မြန်မာစစ်တပ်က  အင်းအား အလုံအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ တချိန်တည်းမှာပဲ…

မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေဟာ    အပစ်အခတ် ရပ်စဲရေး ရန်ကုန်မြို့မှာ ဆွေးနွေးနေကြပါတယ်။

 

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ NCCT တို့ဟာ   မေလ ၁၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။

 

အောက်ခြေတပ်တွေမှာ ထိုးစစ်ဆင်နေတာတွေကိုမရပ်ဘဲ

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတာဟာ လက်တွေ့မကျဘူးလို့  တအောင်းပလောင် TNLA တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

 

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တိုက်ပွဲတွေကြောင့်   မြန်မာအစိုးရတပ်ဘက်က (၈၄) ယောက် ကျဆုံးတဲ့အပြင် (၂၁၄) ယောက် ဒဏ်ရထားပြီး၊ ကိုးကန့်ဘက်က တပ်သား အလောင်း (၉၈) လောင်းနဲ့ တပ်သား (၃၀) လောက် အရှင်ဖမ်းမိထားကြောင်း တရုတ်အစိုးရအာဘော်ဖြစ်တဲ့ Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။

၁၁

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၆ ။

၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းပေးဖို့ ဆန္ဒပြသူတွေကို မြန်မာအစိုးရဘက်က ရဲတွေက အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ   ဒဏ်ရာအများဆုံးရခဲ့တဲ့ သံဃာတော်နှစ်ပါးက  ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

 

လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူတွေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ရဲက အကြမ်းဖက်ဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး  ဒဏ်ရာ အများဆုံးရခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏ က ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

 

အဓိကအနေနဲ့ သပိတ်တွေကိုဖြိုခွင်းပစ်မယ်လို့ ကြေညာထားတဲ့ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုနဲ့ ကျန်တဲ့ရဲမှူးကြီးတွေကို တရားခံအနေနဲ့နာမည်တပ်ပြီး တရားစွဲလိုက်တာဖြစ်ပါတယ်။

 

မီးလောင်ဒဏ်ရာတွေ ရထားတဲ့ ဦးဇင်း တိက္ခဉာဏနဲ့ အောက်ပိုင်းတပိုင်းလုံး မီးလောင်ဒဏ်ရာရထားတဲ့ ဦးဝိသုဒ္ဓတို့ နှစ်ပါးအနေနဲ့သာ တရားစွဲဆိုတာ ဖြစ်ပြီး  လက်ပံတောင်း ဆန္ဒပြမှုကို ဖေါ့စဖရပ်စ် မီးလောင်ဗုံးသုံးကာ ဖြိုခွဲခဲ့တဲ့အတွက်   ဒဏ်ရာရသူကတော့ သံဃာအပါး ၁၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

 

ခန္ဓာကိုယ်ရဲ့ ၆၀ % ကျော် မီးသင့်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခကို ဘန်ကောက်ပို့ပြီး ဆေးကုသပေးစဉ်က အထက်တာဝန်ရှိသူတချို့ လာရောက်ကြည့်ရှုခဲ့ပေမဲ့  နောက်ပိုင်းမှာ ဆက်သွယ်မှု မရှိတော့တဲ့အပြင်  အခုချိန်ထိ မီးလောင်ဒဏ်ရာ ရစေသူတွေကို အရေးယူတာမျိုး မရှိသေးတဲ့အတွက်    အခုလို တရားစွဲဆိုရတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 

ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တရားစွဲဆိုနိုင်ဖို့အတွက် သမ္မတထံမှာ ခွင့်ပြုမိန့်တောင်းခံဖို့ လိုအပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ အစိုးရကို တရားစွဲခွင့်ရှိကြောင်း သိရပါတယ်။

 

အခုလို တရားစွဲဆိုဖို့အတွက် သံဃာတော်တွေက ဆားလင်းကြီးရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပေမဲ့ အမှုကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

 

အလားတူ တခြားအမှုတွေကိုလည်း လက်မခံတာတွေ ရှိနေပြီးလက်ပံတောင်း ကြေးနီ စီမံကိန်း အကောင်ထည်ဖေါ်နေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီနဲ့    မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် ကုမ္ပဏီတို့ဘက်ကလည်း ကန့်ကွက်ဆန္ဒပြသူတွေကို ပြန်လည် တရားစွဲဆိုမှုတွေ ရှိနေပါတယ်။

၁၀

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၆ ။

NLD ပါတီအတွင်းက ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ ပါတီဝင် ၂ သောင်းကျော်ကို ပါတီထဲကနေ ထုတ်ပယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ထုတ်ပယ်လိုက်တဲ့ ပါတီဝင် ၂ သောင်းကျော်ရဲ့ အမည်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့လိုက်ကြောင်းလည်း သိရပါတယ်။

ဒါဟာ ရွေးကောက်ပွဲကော်မရှင်က ချမှတ်တဲ့ စည်းမျဉ်းဥပဒေကို လိုက်နာခြင်းဖြစ်ကြောင်း  NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ NLD အဖွဲ့ဝင်ဟောင်းတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ ခုအတွင်းက အဖွဲ့ဝင်တွေဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက အဖွဲ့ဝင်တွေကိုလည်း ဆက်လက်စစ်ဆေးဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို နိုင်ငံရေးပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ရမှာဖြစ်ပြီး ညွှန်ကြားချက်ကို မလိုက်နာပါက ပါတီဖျက်သိမ်းတဲ့အထိ အရေးယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

 

ပါတီတွင်း အဖွဲ့ဝင်တွေကို စီစစ်နေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီဝင်အင်အား ၃ သန်းနီးပါးရှိကြောင်း သိရပါတယ်။

၉

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၃ မှ ၁၇ ထိ သဘောင်္နစ်မြုပ်မှုဆိုင်ရာ သတင်း။

ရခိုင်ပြည်နယ် ၊ကျောက်ဖြူမြို့ကနေ စစ်တွေမြို့ကို ထွက်ခွာလာတဲ့ အောင်တံခွန်(၃) သဘောင်္ကြီးဟာ မတ်လ ၁၃ ရက်နေ့ ညမှာ ည ၈ နာရီကျော်မှာ နစ်မြုပ်ခဲ့ပါတယ်။

 

မြေပုံမြို့နယ်၊ ငပယုန်ကျွန်းနဲ့ မြောက်ကျွိန်ကျွန်းအနီးမှာ လှိုင်းကြီးလာတဲ့အချိန် ရေ၀င်နစ်မြုပ်ခဲ့တာဖြစ်ပြီး အဆိုပါ သဘောင်္ပေါ်မှာ အနည်းဆုံး လူ ၃၅၀ လောက် လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သဘောင်္ပေါ်မှာ ကုန်တွေ အဆမတန် တင်ဆောင်လာပြီး                     သင်္ဘောဟာ စတင်ထွက်ခွာလာစဉ်ကတည်းက သဘောင်္ဝမ်းပေါက်နေတာကို ဘိလပ်မြေနဲ့ ပြန်ပိတ်ပြီး ခရီးဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အောင်တံခွန် ၃ သင်္ဘောဟာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောဖြစ်ပြီး ၁၉၉၈ ခုနှစ်ကတည်းက တရုတ်နိုင်ငံကနေ ရောက်ရှိနေတာဖြစ်ပါတယ်။

 

အောင်တံခွန် သဘောင်္တွေဟာ နှစ်ပေါင်းကြာရှည်လာတာနဲ့အမျှ ပျက်စီးယိုယွင်းနေတာကို ပြန်လည်ပြုပြင်ပြီး ရခိုင်ကမ်းရိုးတန်းသွား သဘောင်္အဖြစ် ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။

 

နစ်မြုပ်နေတဲ့ အောင်တံခွန် ၃ သဘောင်္ဟာ  မှောက်ခုံအနေအထားနဲ့ ရေအောက်ကို ရောက်ရှိနေတာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရ ခက်ခဲနေကြောင်းလည်း သိရပါတယ်။

 

သတ်မှတ် ကုန် တန်ချိန် ၁၂၀ နဲ့ ခွင့်ပြုလူဦးရေ ၁၇၆ ဦးလို့ သတ်မှတ်ထားတဲ့ အဆိုပါ သဘောင်္ဟာ  သတ်မှတ်ချက်ထက်ပိုပြီး ကုန်တန်ချိန် ၁၂၉ တန်နဲ့ လူ ၂၁၈ ဦး တင်ဆောင်လာတယ်လို့  အစိုးရက သတင်းထုတ်ပြန်ခဲ့ပေမယ့်

မသေဘဲ လွတ်မြောက်လာသူတွေရဲ့ ပြန်ပြောပြချက်အရ သင်္ဘောပေါ်မှာ လူပေါင်း ၃၅၀ ကျော် ၄၀၀ နီးပါး ပါလာတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ သေဆုံးသူအလောင်း ၆၄ လောင်းကို ရှာဖွေတွေ့ရှိထားပြီး လူပေါင်း ၁ ရာကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

 

သေဆုံးရုပ်အလောင်းများ ရှာဖွေတွေ့ရှိမှုအရ သင်္ဘောတာဝန်ရှိ ဝန်ထမ်းများထဲက တဦးသာ သေဆုံးခဲ့ပြီး ကျန် သဘောင်္ဝန်ထမ်း ၁၀ ဦးလုံးကတော့ အသက်ကယ် အင်္ကျီတွေ ၀တ်ဆင်ပြီး လွတ်မြောက်ခဲ့ပါတယ်။

 

ရှာဖွေတွေ့ရှိနေတဲ့ ရုပ်အလောင်းတွေဟာ ပုပ်ပွနေတဲ့အနေအထားနဲ့တောင် တွေ့နေရပြီး သေဆုံးသူအများစုကတော့ အမျိုးသမီးများ ၊ ကလေးငယ်များ ဖြစ်ပါတယ်။

 

ဒါ့အပြင် သံဃာတော်တစ်ပါးရဲ့ ရုပ်အလောင်းလည်း တွေ့ရှိထားပါတယ်။

ရခိုင်ပြည်နယ် ၊ နောင်တော်မြစ်အတွင်းမှာ နစ်မြုပ်သွားတဲ့ အစိုးရပိုင်ရေယာဉ်  အောင်တံခွန်(၃) နစ်မြုပ်ရာမှုဟာ အစိုးရမှာ တာဝန်ရှိတာကြောင့်  ပါသွားခဲ့တဲ့ ပျောက်ဆုံးသူ၊ သေဆုံးသူ မိသားစုတွေကို  အစိုးရအနေနဲ့ လျော်ကြေးပေးဖို့ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ကတောင်းဆိုထားပါတယ်။

 

အခုလို အသက်ဆုံးရှုံးမှုတွေ များပြားခဲ့တဲ့ သင်္ဘောနစ်မြုပ်ခြင်းဖြစ်ရပ်ကို ကြားသိရတဲ့အတွက်

နစ်နာဆုံးရှုံးခဲ့တဲ့ ဒေသခံတွေအပေါ် ကိုယ်ချင်းစာ ဝမ်းနည်းမိပါကြောင်း  အောင်ဇေမီဒီယာ မိသားစုကလည်း မှတ်တမ်းတင်အပ်ပါတယ်။

၈

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၅ ။

NLD ပါတီ အဖွဲ့ချုပ် ဥက္ကဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်အဖွဲ့အစည်းမှ ခေါင်းဆောင်တချို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ သတင်းကို တင်ပြပေးပါ့မယ်။

နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပြုလုပ်တဲ့ အဆိုပါ ဆွေးနွေးပွဲမှာ အခြေခံဥပဒေပြင်ဆင်ရေးများနဲ့ ကျောင်းသားသပိတ်ဖြိုခွဲခံရမှုအရေးများ ၊  ၂ဝ၁၅ ခုနှစ်အတွင်း ကြုံတွေ့ရမယ့် နိုင်ငံရေး အခြေအနေများနဲ့ ဒီမိုကရေစီအင်အားစုတွေ ပိုမိုညီညွတ်ကြဖို့ အရေးကိစ္စများ ၊    တိုင်းရင်းသားတွေနဲ့ ပိုမိုပူးပေါင်းရေးကိစ္စများကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ပြောဆိုဆွေးနွေးခဲ့တဲ့အထဲ ကြုံတွေ့ရမယ့် နိုင်ငံရေး လှုပ်ရှားမှုဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရာမှာ  ၈၈ နဲ့ NLD နဲ့ နီးနီးကပ်ကပ်ဆက်ဆံပြီှး ရှေ့ဆက် ချီတက်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲအတွင်း ၈၈ အဖွဲ့အနေနဲ့ ကိုမင်းကိုနိုင်နဲ့အတူ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျေမီ၊ ကိုထွန်းမြင့်အောင် စတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ပြီး NLD ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဇေယျာသော်တို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

၇

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၅ ။

 

မြောက်ဦးမြို့ရှိ ကြေးသွန်းအရောင်းဆိုင်တွေမှာ တွင်ကျယ်စွာရောင်းချနေတဲ့  ကြေးသွန်း ဗျာလရုပ်တွေကို ပြည် ထိုင်းနိုင်ငံကနေ မှာယူမှုများရှိလာကြောင်း သတင်းရရှိပါတယ်။

 

ထိုင်းနိုင်ငံက မှာယူမှုများလာတဲ့ ကြေးသွန်းရုပ်တွေကတော့ ဗုဒ္ဓဆင်းတုတော်များ

ဝေသာလီခေတ် ဆီးမီးခွက်နဲ့ ဗျာလရုပ်များက အများဆုံး ဖြစ်ကြောင်း သိရပါတယ်။

 

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ဆီကို သွားရောက်လည်ပတ်ကြတဲ့ ပြည်တွင်း၊ ပြည်ပဧည့်သည်တိုင်းလိုလိုက ဗျာလရုပ်တွေကို ၀ယ်ယူကြပြီး အခုနောက်ပိုင်းမှာ ထိုင်းနိုင်ငံကနေ အမှာများလာတာ ဖြစ်ပါတယ်။

 

ဗျာလရုပ်ဆိုတာဟာ သတ္တ၀ါ ကိုးကောင်ရဲ့ အကောင်းဆုံး အင်္ဂါအစိတ်အပိုင်းများနဲ့ ဖွဲ့စည်း ထုလုပ်ထားခြင်းဖြစ်ပြီး ထုလုပ်ထားတဲ့ ဒီဇိုင်းနဲ့ ဟန်ပန်တွေဟာလည်း အမျိုးအစားကွဲပြားမှုရှိကြပါတယ်။

 

လက်ရှိအချိန်မှာ အရောင်းရဆုံး ဗျာလရုပ်ကတော့ တိုက်ခိုက်ရေးနဲ့ ငြိမ်းချမ်းရေး ဟန်ဗျာလရုပ် ဖြစ်ကြောင်း ရောင်းချသူတွေက ဆိုပါတယ်။

 

ကြေးသွန်းဗျာလရုပ်တွေဟာ အရွယ်အစားပေါ် မူတည်ပြီး တစ်ကောင်ကို ငါးထောင်ကျပ်ကနေ တစ်သိန်းကျပ်အထိ ဈေးနှုန်းရှိနေပြီး လက်ရာကောင်းမွန်မှုကြောင့်လည်း ဈေးနှုန်းမြင့်မားမှုရှိကြောင်း သိရပါတယ်။

 

ဗျာလကြေးသွန်းရုပ်တွေကို ဆောင်ထားတဲ့အခါ လာဘ်ကောင်းနိုင်တဲ့အပြင်                               အလုပ်အကိုင် အောင်မြင်ပြီး ဘေးအန္တရာယ်ကင်းနိုင်တယ်လို့ ရခိုင်ဒေသခံတွေက ယုံကြည်ကြပါတယ်။

၎

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၅ ။

ရွှေပြည်သာက အလုပ်သမားသပိတ်နဲ့ လက်ပံတန်းကျောင်းသားသပိတ်တွေမှာ ဆန္ဒပြမှုသူတွေကို အာဏာပိုင်ဘက်က ရဲလုံခြုံရေးတွေက သတင်းမီဒီယာတွေကိုပါ ပစ်မှတ်ထားပြီး                       အကြမ်းဖက်ထိန်းသိမ်းခဲ့တဲ့လုပ်ရပ်တွေကို ရှုတ်ချဖို့  မြန်မာသတင်းသမားတွေ စုရုံးလှုံ့ဆော်နေပါတယ်။

 

မြန်မာပြည်တွင်းက သတင်းမီဒီယာသမားများဟာ အစိုးရရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ရှုတ်ချတဲ့ အနေနဲ့  နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဆိုင်ရာသတင်းတွေကို မဖော်ပြဖို့အရေး သတင်းမီဒီယာတိုက်တွေကို စည်းရုံးလှုံ့ဆော်ကြမယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် မတ်လ ၂၇၊ ၂၈၊ ၂၉ ရက်တွေအတွင်း ရန်ကုန်မှာကျင်းပမယ့် သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတွေပါ တက်ရောက်မယ်ဆိုတဲ့ သတင်းမီဒီယာ ကွန်ဖရင့်ကိုလည်း သတင်းသမားတွေ မတက်ရောက်ဘဲ သပိတ်မှောက်ကြမှာ ဖြစ်ပါတယ်။

 

မြန်မာပြည်မှာ သတင်းမီဒီယာ ပွင့်လင်းလွတ်လပ်လာပြီလို့ ယူဆရတဲ့အချိန်မှာပဲ စစ်ရေးတင်းမာနေတဲ့နေရာတွေနဲ့ သပိတ်မှောက် ဆန္ဒပြတဲ့နေရာတွေဆီ ကိုယ်တိုင်သွားပြီးသတင်းရယူနေတဲ့ သတင်းသမားတွေကို  အာဏာပိုင်တွေဘက်က သတင်းသမားမှန်း သိလျက်နဲ့ ရိုက်နှက်ဖမ်းဆီး / ထိန်းသိမ်းတာတွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ယူဆရကြောင်းလည်း   မြန်မာသတင်းသမားတွေက ပြောဆိုလိုက်ကြပါတယ်။

 

အခုလို သတင်းမီဒီယာသမားများရဲ့ လှုံ့ဆော်မှုတွေကို MJN က ကမကထ လုပ်တာဖြစ်ပြီး အဖွဲ့အစည်းဝင်မဟုတ်တဲ့ အခြားသတင်းသမားတွေလည်း ပါလာအောင် စည်းရုံးသွားမယ်လို့ ဆိုပါတယ်။

 

သမ္မတရုံးအပါအဝင် ပြည်ထဲရေးဌာနနဲ့ ပြန်ကြားရေးဌာနဆိုင်ရာ သတင်းတွေကို ရက်အကန့်အသတ်တခုနဲ့ မဖော်ပြဘဲ စာမျက်နှာအလွတ်ထားပြီး ဘာအတွက်ကြောင့် မဖော်ပြသလဲဆိုတာကို ရှင်းပြတဲ့ စာသားကိုသာ ဖေါ်ပြထားမှာဖြစ်ပါတယ်။

 

အဆိုပါ လှုပ်ရှားမှုကို မတ်လ ၂၇ ရက် သို့မဟုတ် ၂၈ လောက်မှာ စတင်ပြုလုပ်ကြဖို့ လှုံ့ဆော်နေကြကြောင်း သိရပါတယ်။

 

အာဏာပိုင်တွေဘက်က အခုလို သတင်းမီဒီယာသမားတွေကိုပါ အကြမ်းဖက်တိုက်ခိုက်လာတာဟာ မြန်မာပြည်တွင်းမှာ မီဒီယာလွတ်လပ်မှု ယုတ်လျော့လာတဲ့လက္ခဏာဖြစ်ကြောင်း သတင်းမီဒီယာသမားများက ဝေဖန်ပြောဆိုနေပါတယ်။

 

ဒီသပိတ်မှာ ပူးပေါင်းပါဝင်ဖို့အတွက် သတင်းမီဒီယာ အဖွဲ့အစည်းတွေ၊ မီဒီယာတိုက်တွေကို   ရှင်းပြပြီး စည်းရုံးသွားမယ်လို့ Myanmar Journalists Network အဖွဲ့ဝင် သတင်းသမားတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

၆

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၅

မြန်မာပြည်တွင်းမှာ အခြေခံစားသောက်ကုန်တချို့ ဈေးတက်သွားကြောင်း သိရပါတယ်။

 

လတ်တလော ဖြစ်ပွါးနေတဲ့ ကျောင်းသားသပိတ် ၊ အလုပ်သမား ဆန္ဒပြမှုများနဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံရေးမတည်မငြိမ် ဖြစ်လာမှာကို စိုးရိမ်နေတဲ့ ပြည်သူတွေက စားသောက်ကုန်တွေ ၀ယ်ယူစုဆောင်းနေတာကြောင့် ဆန်၊ ဆီ၊ အသားငါး အပါအ၀င် အခြေခံဈေးနှုန်းများ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

 

ဆန်တွေလည်း ဈေးတက်တဲ့အပြင် ပဲဆီဈေးနှုန်းဟာဆိုရင် အခုရက်တွေအတွင်း တစ်ပိဿာကို ကျပ်လေးရာထိ တက်သွားပါတယ်။

 

ဒါ့အပြင် ကြက်သားဈေးနဲ့ အမဲသားဈေးလည်း မြင့်တက်လာကြောင်း သိရပါတယ်။

 

အဓိက ဈေးတက်တဲ့ ကုန်ပစ္စည်းကတော့ ဆန်ဖြစ်ပါတယ်။

ဆန်ကို ငွေကြေးပြည်စုံသူတွေက   ၀ယ်ယူ စုဆောင်းနေတာတွေကြောင့်ဖြစ်ပြီး ပွဲရုံတွေကလည်း ထုတ်ရောင်းခြင်းမပြုဘဲ ထိန်းချုပ်ရောင်းချနေပါတယ်။

 

သမ္မတ စီးပွားရေးအကြံပေး ဦးတင်ထွဋ်ဦးကတော့    အခုလို အခြေခံ စားသောက်ကုန်များ ဈေးတက်လာတာဟာ လတ်တလောဖြစ်နေတဲ့                   နိုင်ငံရေး အုံကြွမှုတွေကြောင့်လို့တော့ ကောက်ချက်မချနိုင်ကြောင်း၊ လစာတိုးမယ်ဆိုတဲ့ သတင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။

၅

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၄ / ၁၅

ကျောင်းသားခေါင်းဆောင်တချို့နဲ့ သတင်းထောက် တချို့ကို ထပ်မံ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတချို့ကို ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျောင်းသားခေါင်းဆောင်တချို့နဲ့ သတင်းထောက် တချို့ကို ထပ်မံ ဖမ်းဆီးနေကြောင်း သိရပါတယ်။

 

အစိုးရ အာဏာပိုင်တွေက ရန်ကုန်မြို့၊ အလုံမြို့နယ်အတွင်းရှိ တိုက်ခန်းတစ်ခန်းကို ၀ိုင်းပြီး ဧည့်စာရင်းစစ်တာဆိုပြီး အထဲမှာရှိနေတဲ့ ကျောင်းသား လူငယ် ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အဖမ်းခံရသူ ဗကသ ခေါင်းဆောင်တဦးဖြစ်သူ မဟန်နီဦးရဲ့ ဖခင်က ဆိုပါတယ်။

 

ဖမ်းဆီးသွားတဲ့ သားသမီးတွေနဲ့ တွေ့ခွင့်ပေးဖို့ အလုံရဲ့စခန်းက တာဝန်ရှိသူတွေကို  အကြိမ်ကြိမ် တောင်းဆိုကြပေမယ့် တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။

အခုလို ထပ်မံအဖမ်းခံလိုက်ရတဲ့ ၅ ဦးဟာ ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက်  ပါဝင်လှုပ်ရှားနေကြတဲ့ ဗကသ – ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တွေဖြစ်ပါတယ်။

 

ကိုသီဟ၀င်းတင်၊ မဟန်နီဦး ၊ ဇန်ဇန်၊ သတင်းထောက် မိုးထက်နေနဲ့ AFP သတင်းဌာနက သတင်းထောက် ကိုဖြိုးဟိန်းကျော်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ကျောင်းသားတွေနဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးခရိုင်က ကိုဇန်ဇန်၊ AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်နဲ့ အခြားသူတချို့ကိုတော့ နောက်တနေ့မှာ ပြန်လွှတ်ပေး လိုက်ကြောင်း သိရပါတယ်။

 

မတ်လ ၁၂ ရက်နေ့ည သန်းခေါင်ကျော်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုသီဟဝင်းတင်၊ ကိုမိုးထက်နေနဲ့ မဟန်နီဦးတို့ ၃ ဦးကိုတော့ လက်ပံတန်း ကပင်မကျောင်းသားသပိတ် နဲ့ဆက်နွယ်နေတဲ့အတွက် ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေး လိုက်တာဆိုပြီး ရဲတပ်ဖွဲ့တွေက သာယာဝတီထောင်ကို ပို့လိုက်ပါတယ်။

 

ကျောင်းသားသပိတ် ဖြိုခွင်းခံရပြီးနောက်မှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့အတွင်း ဧည့်စာရင်းဝင်ရောက် စစ်ဆေးနေပြီး လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကနေ

ထွက်ပြေး လွတ်မြောက်သွားတဲ့ ကျောင်းသားတချို့ကို သက်ဆိုင်ရာက လိုက်လံစုံစမ်း ဖမ်းဆီးနေဆဲဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၄ ။

မြန်မာအစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ သပိတ်မှောက်ကျောင်းသူကျောင်းသားတွေကို     ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တောင်းဆိုလိုက်ပါတယ်။

 

ဒါ့အပြင် သပိတ်ကို ဖြိုခွဲနှိမ်နှင်းရာမှာလည်း ရဲအင်အား မတန်တဆသုံးပြီး အကြမ်းဖက်ခဲ့တဲ့အတွက် မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂက ပြစ်တင်ဝေဖန်စကား ပြောကြားလိုက်ပါတယ်။

 

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသူကျောင်းသားတွေကို အစိုးရက အင်အားသုံး ဖမ်းဆီးခဲ့တဲ့ အခြေအနေဟာ  ကုလသမဂ္ဂအနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း  လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

အဲဒီထဲက တချို့ကို ပြန်လွှတ်ပေးလိုက်ပြီ ဆိုပေမဲ့ အများစုဟာ သာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရပါတယ်။

 

အစိုးရအနေနဲ့ အင်အား သုံးမယ်ဆိုရင်တောင် မဖြစ်မနေ လုံးဝ လိုအပ်နေတဲ့အခါမှ  တဖက်က ဆန္ဒပြသူတွေကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာပေါ်မှာ မူတည်ပြီးမှသာ  အင်အားကို ချိန်ဆ သုံးသင့်ကြောင်း ကုလအရာရှိတွေက ဝေဖန်ပြောဆိုခဲ့ပါတယ်။

 

အဲ့ဒီနောက် လွတ်လပ်စွာ ထုတ်ဖေါ်ဆန္ဒပြခွင့်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့  ပုဒ်မ (၁၈)လို ဥပဒေမျိုးကိုလည်း ပြင်ဆင်ပေးစေဖို့ ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းထားပါတယ်။

 

မြန်မာပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်း စဉ်တွေဟာ အရှုပ်အထွေးတွေကြားမှာ ရောက်နေပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်               UNDP အကြီးအကဲ ဟယ်လင်န် ကလာ့ခ် (Helen Clark) ကလည်း ပြောဆိုလိုက်ပါတယ်။

 

မြန်မာပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တွေ ပြည့်မီရေးကို ကူညီပေးဖို့

ကုလသမဂ္ဂက သန္နိဋ္ဌာန်ချထားဆဲဖြစ်ပါကြောင်းလည်း ပြောဆိုပါတယ်။

၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၂ ။

မြန်မာပြည် ရဲတပ်ဖွဲ့အတွက် ယာဉ်နဲ့ စက်ကိရိယာတွေ ၀ယ်ယူဖို့  တရုတ်နိုင်ငံရဲ့ ပို့ကုန် သွင်းကုန်ဘဏ် EXIM Bank of China ဆီကနေ US ဒေါ်လာ သန်း ၄၀ လောက် တန်ဖိုးရှိတဲ့ (တရုတ်ယွမ်ငွေ၂၄၆သန်း) ချေးယူခွင့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

 

အဆိုပါ ငွေချေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး မတ်လ ၁၁ရက်နေ့က ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲ ၃၉၇ မဲ ကန့်ကွက်မဲ ၅၁ မဲ ကြားနေမဲ ၁၃ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

 

ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြည်သူတွေရဲ့ လူနေမှုဘ၀ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို အလေးအနက်ထား ဆောင်ရွက်နေရကြောင်းနဲ့၊ လက်ရှိ မြန်မာရဲတပ်ဖွဲ့ ဖွဲ့စည်းပုံရော ၊ တပ်ဖွဲ့ဝင် အင်အားများကအစ တိုးချဲ့နေရတဲ့အတွက် လုပ်ငန်းသုံး အုပ်ချုပ်ရေးယာဉ်များ ၊ စက်ကိရိယာများလည်း လိုအပ်နေကြောင်း၊ လွှတ်တော်အတွင်း တင်ပြခဲ့ပါတယ်။
အဆိုပါ ချေးငွေအရေးနဲ့ ပတ်သက်ပြီး NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့   သနပ်ပင် မဲဆန္ဒနယ်က ဦးမြင့်ဦး၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်နဲ့   NDF ပါတီ အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည် တို့ကတော့ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

 

ချေးငွေတွေဟာ ၀န်ထုပ်ဝန်ပိုးဖြစ်နိုင်တဲ့အတွက် စဉ်းစားသုံးသပ်ဖို့နဲ့ ချေးငွေတွေကို ပြည်သူ့အကျိုးပြုကိစ္စတွေမှာပဲ သုံးစွဲစေလိုတဲ့အတွက် ပြည်သူကို ထိခိုက်နစ်နာစေမှုရှိနိုင်တဲ့ ဘယ်လိုကိစ္စမှာမှ အသုံးမပြုစေလိုကြောင်း ကန့်ကွက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲက များနေတဲ့အတွက် အဆိုပါ ချေးငွေ သဘောတူညီချက်အရ ဆိုင်းငံကာလ (၅)နှစ် ပြန်ဆပ်ကာလ (၁၅)နှစ် ဖြစ်ပြီး အတိုးနှုန်းကတော့ ၄ဒသမ ၅ ရာခိုင်နှုန်းဖြစ်နေတဲ့အတွက် တရုတ်ဘဏ်ကို ပေးရတဲ့အတိုးဟာ အင်မတန် များလွန်းတယ်လို့ ပြည်သူလူထုက ဝေဖန်သုံးသပ်နေပါတယ်။

၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဥက္ကလံမြို့ ရှိ ဓမ္မ အေးရိပ်ကျောင်းတိုက်မှာ မြန်မာနှစ်သစ်ကူး သင်္ကြန် ပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

ဧပြီလ ၁၈ ရက် ၊ စနေနေ့မနက် (၁၀)နာရီမှာ စတင် ကျင်းမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေ မြန်မာနွယ်ဝင်များကို ဖိတ်ခေါ်ထားပါတယ်။

ပွဲတော်ကျင်းပမယ့် တည်နေရာကတော့ ဓမ္မအေးရိပ်ကျောင်းတိုက် ၊ 2832, International Blvd, Oakland CA, 94606 (Safe Location) ဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုသူများအနေနဲ့… ဖုန်း ၅၁၀-၅၈၅-၆၇၇၃ ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ဟေးဝပ်ဒ်မြို့၊ မုဒိတာ ရွှေကျောင်းတည်ရှိတဲ့ 27695 Leidig Ct. Hayward, CA 94544 မှာ ရွှေသိမ်တော်တည်ဆောက်လျက်ရှိရာ သိမ်အောင်ပွဲကို ဇူလိုင်လ ၁၂ ရက် ၊ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဓမ္မမိတ်ဆွေများ ကြွရောက် ကုသိုလ်ယူပါဝင်နိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း 510 574 5442 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Theravada Dhamma Society,  699 Serramonte Blvd. # Daly City, CA 94015 မှာ ဆရာတော် ဦးဃောသိတာ ဘိဝံသကနေပြီးတော့ ထေရဝါဒ ဓမ္မတရားတော် သင်တန်းတွေကို ပို့ချ သင်ကြားပေးနေပါတယ်။

ဓမ္မသင်တန်းတွေကို ဇွန်လ (၂) ရက်နေ့အထိ နေ့စဉ် ည(၇)နာရီမှာ သင်ကြားပို့ချပေးနေတာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (၆၅၀) ၉၉၃ ၈၇၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

 

 

www,azmtv.com

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013