|| ပြည်သူ့အသံ ||

မရေးတော့ဘူးဟု စိတ်ကူးထားသည်။ မရေးမိအောင် တနေ့လုံး ချုပ်တည်း ထားသည်။ အကုသိုလ် များလွန်း၍ဖြစ်သည်။ ကြာတော့ လူလည်း အဆိုးမြင် ဝါဒီ ကြီး ဖြစ်နေပြီ။

ဇီးပင်ကြီး သင်တန်း (ဗဟို ဝန်ထမ်းတက္ကသိုလ်-ဗဝတ) မှာ နိုင်ငံ ဘတ်ဂျတ် စီမံခန့်ခွဲပုံ အကြောင်းနားထောင် ရဘူးသည်။

ရေ ရေရာရာ နားမလည်သော်လည်း အဆုံးမှာ သ ဘောပေါက် လိုက်သည် က လစာဆိုသည်မှာ တိုးပေးချင် တိုးလို့လွယ်သည့် ကိစ္စ မဟုတ်ဟူ၍။

လူတောထဲ တိုးကာစ သ ဘောဖြူအူစင်း ဆိုတော့ ထို lecture နားထောင်ပြီး ဘတ်ဂျတ် စီမံခန့်ခွဲရသည့် တာဝန် ရှိသူတွေကိုပင် အားနာမိဖူးသည်။

သင်တန်းကျောင်းတွင် ကျွေးသည့် ထမင်းနှင့် ဟင်း ၃လခွဲ စားခဲ့ရသည်။ မစားနိုင် လျှင် လခ ပေး ချိုင့်ဆွဲစား၍ရသည်။ တူညီသည့် ထမင်းနှင့် ဟင်း ကိုပင် ဆီပါဆားပါ ချက်လိုက်တော့ စား၍ဖြစ်သည့် အခ ကြေးငွေပေးရသည့် ထမင်းဟင်း အဖြစ် ပုံစံပြောင်းသွားသည်။ စားဖိုဆောင် တွင် တာဝန် ကျသည့် ရဲဝန်ထမ်း အတွက် ငွေဝင် ပေါက်ဖြစ်သည်။ သို့သော် ထိုတာဝန် ကျဖို့ သူတို့အတွက်လည်း မလွယ်ကူပါ။

စာသင်ချိန် နားချိန်များတွင် စာသင်ဆောင်ဘေး လာရောင်းကြသည့် သွားရည်စာသည် မျိုးစုံ ရှိသည်။ မဲဇာ ရောက်သည့်ပမာ ပြတ်လပ်နေသော သင်တန်းသားများကလည်း လက်မလည်အောင် အားပေးကြ သည်။ ရောင်းသူ ဝယ်သူကြည်ဖြူသော်လည်း ဈေးသည် များမှာ တရားဝင် ရောင်းခွင့်မရှိပါ။ ဈေးဖမ်းလာလျှင် ထွက်ပြေးရသည်။

ထူးဆန်းသည်တခုက ဈေးသည်များမှာ ဗဝတ ရဲဝန်ထမ်းများ၏မိသားစု ဝင် များဖြစ်သည်။ ရဲဝန်ထမ်း တစ်ဦးနှင့် စကားပြောမိတော့ ‘ရောင်းရတာပေါ့ ဆရာမရယ်.. တလ ၄သောင်းနဲ့ ဘယ်လောက်မလဲ။ အပိုဝင်ငွေ ရှာ ရတာပေါ့။ ဒီမှာက outside ရတာ မဟုတ်ဘူးတဲ့။ ‘အညံ့စား ဆန် ဆိုလျင် တောင် တစ်အိတ် ၂သောင်းနီးပါး ရှိနေချိန် တွင် လခ ၄သောင်းနှင့် ရပ်တည် ရသော ဝန်ထမ်းများ အတွက် outside ရှာသည်မှာ အလွန် မဟုတ်တော့ပြီ။

အစိုးရ တော့ မသိ။ ကျမတော့ သူတို့ ဓားပြ ထွက် မတိုက်ကြသည် ကိုပင် ကျေးဇူးတင် မိသည်။

သင်တန်းမပြီးခင် ၃ပတ် အလိုတွင် သတင်းဆိုးတစ်ခု ကြားရသည်။ ဗဝတ မှ ရဲဝန်ထမ်း တစ်ဦး မေမြို့-မူဆယ် လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြင့် သေဆုံး သွားသည်။ မိန်းမမီးဖွားခါနီးသည့်အတွက် စားရိတ် ရှာရန် လိုင် စင် မဲ့ ဆိုင်ကယ်ထုပ်များကို ဆိုင်ကယ် တစ်စီးဖြင့် carry သယ် ရင်း ဖြစ်ပွား ရသည်တဲ့။ အရစ် တရစ်သာ ပုခုံးတင်နိုင် သည့် ရဲဝန်ထမ်း တစ်ဦး carry တစ်ထုပ် အတွက် အသက်ပေးသွားချိန်တွင် အပွင့်ပေါင်း ကြယ်ပေါင်းများစွာ ပုခုံးတင်နိုင် သည့် ဗိုလ်ကြီး တစ်ဦး ဝတ်စုံပြည့်ဖြင့် ယာဉ် အကောင်းစား ပေါ်တွင် carry ထုပ်များ များစွာ တင်၍ ခေါက်တုံ့ခေါက်ပြန် ကူးသန်းနေခဲ့သည် ကို သိနေ မိသည့် ကျမမချိတင် ကဲ ဖြစ် ရသည်။

သင်တန်းသားများ စုပေါင်းကူသော အကူငွေ ၂သိန်းကျော် နှင့် အတူကလေး တစ်ယောက် ဗိုက် တဗိုက်ဖြင့် ထိုဝန်ထမ်း ၏ အမျိုးသမီးရင် ထဲ ဘယ်လိုများနေမှာပါလိမ့်??ဗမာလူမျိုးမို့ ကံကိုပဲ ပုံချမိနေမလား? ဝဋ်ကျေ အောင် ဆပ် ရ ပေ မပေါ့ လို့တွေးနေ လေမလား? ဒီတော့ ကျမတွေးမိသည်က အောက်ခြေ ဝန်ထမ်းတွေကို အကျင့်ပျက် လာဘ်စားအောင် များ ဒီဘတ်ဂျတ် စည်းမျဉ်းရေးဆွဲထားလေ ရော့လားဟု။

ကျမအတွေးကို ပို၍ ခိုင်မာစေသည့် တစ်ချက်က အစိုးရ အဖွဲ့သစ် တာဝန်ယူချိန်တွင် ဖြစ်သည်။ ဖွဲ့စည်းပုံအသစ် နှင့် ရာထူးတွေအတွက် လစာတွေက ကြောက်ခမန်းလိလိ ဖြစ်သည်။ သိန်း ဆယ်ဂဏန်းမှ မဆင်း။ အစပိုင်းတွင် အားနာ၍ လျော့ယူပေးသည် ကိုပင် ကျေးဇူးတင် ရ သေးသည်။ မကြာပါ လစာ အပြည့်ခံစားကြသည်။ နောက် မကြာပါ လွှတ်တော် ဥက္ကဌ မှ သမ္မတ လစာ သိန်း ၅၀မှာ မလောက်င ဟုပင် ဆိုလာသည်။ ပြောထွက် သည့် ပါးစပ်တွေကို ရွှေချချင် စိတ်ပေါက်ခဲ့သည်။ တန်ဖိုးထားလွန်း၍တော့ မဟုတ်။

နောင် လာ နောက်သားများအား ဤခေတ်တွင် ဤသို့ မင်းကျင့်တရား ပျက်ပြားခဲ့ကြသည်ဟု သိစေလို၍ဖြစ်သည်။ ဒါတောင် အငြိမ်းစား ဘဘကြီး အတွက် အိမ်ထိန်းသိမ်းစရိတ် အထွေထွေ စရိတ် အိမ်တော် ဝန်ထမ်းများ အတွက်အသုံးစရိတ် များထည့်မတွက် ရ သေး။

ယနေ့ လစာတိုးသည့် သတင်းတရားဝင် ကြားသိရသည်။ အခြေခံ ဝန်ထမ်းတွေ အတွက် ထူးမခြားနား ပတ်ပျိုး ဖြစ်၍ အလယ်အလတ် ဝန်ထမ်းတွေ အတွက် ယိုးဒယားက မက လောက်သော်လည်း မတိုးတာနှင့် စာလျှင် တော့ မဆိုး။ အမြင့်ဆုံးရာထူး အထူးသဖြင့် စစ်ဘက် ဝန်ထမ်းများ အတွက်တော့ ဗိုက် ခွေးနမ်းမည့် ကိန်းဖြစ်သည်။ ၁၂ သိန်းမှ သိန်း ၃၀ အထိ မည်သို့တွက်လိုက်သည် မသိ တဟုန်ထိုးပင်။

အခြေခံ ဝန်ထမ်း ဒီထမင်း နှင့် ဒီဟင်းသာ။ အရာရှိပေါက်စ ဒီထမင်း နှင့် ဟင်းတခွက်တော့ တိုးနိုင် သည်။

အငြိမ်းမစားသေးသည့် ဘဘကြီးများ၊ ဗိုလ်ချုပ်ကြီးများ ထမင်းစားပြီးချိန် တွင် ခွေးတွေနှင့် နီးနီးကပ်ကပ် မနေမိရန် သတိပေးရအုံးမည်။ ဗိုက် ခွေးနမ်းခံရမည် စိုး၍ ဖြစ်သည်။

HEK ( ၀န်ထမ်းတစ်ဦး )

About Travis Zaw

Travis Zaw has written 11 post in this Website..