https://www.facebook.com/notes/733942689997506/

 

5e47883fe81d6437baeba5427d76b0be

 

ခေတ်အဆက်ဆက် အစိုးရအမျိုးမျိုး လူကြီးအထွေထွေအကြိုက်လိုက်ကာ အရောင်အသွေးပြောင်းနေရသော သုခုမ အနုပညာရှင်တွေ (အများစု) ကို လူတွေက ဝေဖန်ကဲ့ရဲ့ကြသည်ကို မကြာခဏ တွေ့ရသည်။

ကိုယ်ပိုင်ခံယူချက်မရှိသူများ သာကူုးများဟူ၍။

အနုပညာသမားဟူသည်ကား ဘုရင်လက်ထက်၊ အင်္ဂလိပ်လက်ထက် ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊  လွတ်လပ်ရေးရအပြီး (၁၉၄၈-၆၂)၊ ၁၉၆၂ တော်လှန်ရေး ကောင်စီတက်ရာမှသည် အသွင်ပြောင်းလာသော မဆလပါတီ လက်ထက်ကတည်းကစပြီး မင်းပွဲစိုးပွဲလည်းတက်  ပြည်သူကိုလည်းဖျော်ဖြေ။ အစိုးရ၏မူဝါဒကိုဖြန့်ရာတွင် ပါဝင်ရ။

 

ဟော.. ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကျတော့လည်း ပြည်သူနဲ့အတူ တက်တက်ကြွကြွရော သူများတွေပါ၍မလွှဲမရှောင်သာလို့ရော ပါလိုက်ကြပြန်။

 

တခါ အာဏာသိမ်းအပြီးကာလ..၁၉၈၉ လှေပြိုင်ကြီးမှအစချီကာ .စစ်အစိုးရက အခြေခိုင်လာသောအခါ န၀တ-နအဖ ကြံ့ဖွံ့ဇာတ်များ သူ့ကျွန်မခံ  ပါပီမတွေ အဖေနဲ့သားတွေ ကြယ်တွေလတွေ တိမ်စင်တွေမှာ   ရေဒီယို တီဗွီ အပြင်ပွဲများမှာ အဆိုတော်တွေ မင်းသားမင်းသမီးတွေ ဒါရိုက်တာတွေ ဇာတ်မင်းသား မင်းသမီးတွေ လူရွှင်တော်တွေ သိုက်သိုက်ဝန်းဝန်း  အားတက်သရော ပါကြပြန်သည်။

ထောင်ထဲက လူတွေကို နည်းနည်းလေးတောင် အားမနာကြ။

ထိုစဉ်က အဓိကဦးတည်ချက်က ရိုးရိုးသားသားအနုပညာထုတ်လုပ်မှုများထက်  ဒီမိုလိုလားပြည်သူ အများ၊ အနောက်နိုင်ငံများနှင့် ဒေါ်စုကိုပုတ်ခတ် စော်ကားဆန့်ကျင်ကာ တပ်မတော်နှင့် ကြံ့ဖွံ့ကြီးကို အမွှမ်းတင်ကြသော ဇာတ်များက ပိုကဲနေသည်။

အနုပညာက ကလောင်သွားလို ထက်လေတော့ အနုပညာသယ်ကိုပြည်သူက အများထက်စိတ်ဝင်စားကြတော့  သူတို့ကို အစိုးရတိုင်းကအသုံးချစမြဲ။

သတင်းအမှား အမြင်အမှားကို ပရိသတ် ဦးဏှောက်ထဲရိုက်သွင်းမှိုင်းတိုက်ဖို့ အရေးတွင် တေးရေးသူ ဇာတ်ညွှန်းရေးသူတို့ကတော့  အဓိက အခရာ တရားခံများ။

ဒါရိုက်တာ သီဆိုသူ သရုပ်ဆောင်သူက ဒုတိယ ပံ့ပိုးပေးသူများ။

အားပေးကြည့်သူ ပရိသတ်က တတိယ။

ထိုအနုပညာအလွဲများကြောင့် မှိုင်းမိသွားသော လူငယ်များ (ခုနေခါ အသက် ၂၀-၃၀ကြား) ထုနဲ့ဒေး။

.

 

တခါ  ၂၀၁၂ ။

ဒေါ်စု လွတ်လာသောအခါ သူမအနား အပြေးသွားကာ ၀န်းရံကြ။ ရင်ထဲကပါ၍လား ပေါ်ပင်လား။ ဒေါင်းပါတီကို ထောက်ခံဆောင်ရွက်ပေးကြ။

အခုတခါ သမတကြီး က တွေ့ချင်သည်  ဆိုတော့လည်း ပြုံးပြကြ လေးစားညွှတ်တွားကြ။ အပြစ်ပြောလို့လည်းမရပါ။ အမည်တွေဖော်ပြရန်မလို။

သို့သော်လည်း စစ်အာဏာရှင်တို့၏ လက်ကိုင်ဒုတ် ၀ါဒဖြန့် သီချင်းရုပ်ရှင် ဇာတ်လမ်းများတွင် မည်သည့်အနုပညာရှင်တို့က မည်မျှတက်ကြွခဲ့သည် … မည်သူတို့က ၀တ်ကျေတန်းကျေလုပ်ခဲ့သည်… မည်သူတို့က အတတ်နိုင်ဆုံးဆန့်ကျင်ရှောင်ရှားခဲ့သည်…မည်သူတို့က မည်မျှအနစ်နာခံ ဘ၀ပျက်ခဲ့သည်… မည်သူတွေက အရောင်အမျိုးမျိုးပြောင်းတတ်သည် …ကိုတော့ စိတ်ဝင်စားစောင့်ကြည့်သူများ အားလုံးသိကြပါသည်။

ပြည်သူချစ်သော အနုပညာရှင်အချို့လည်း  ပြည်သူမုန်းသောသူများဖြစ်သွားခဲ့ရသည်။

 

အနုပညာရှင်တို့ အနေအထားကလည်းအတော်ဂွကျသည်။

ပရိယေသန ၀မ်းစာရေး … မှန်းကာတွေး ကွေးနေအောင်လည်း  ကခဲ့ရတယ်..ဟူသော ရှေးက တေးစာသားလို   အနုပညာဖြင့်ဘ၀ကိုရပ်တည်နေရသောကြောင့် ပရိသတ် ပြည်သူကျွေးသောထမင်းကို စားနေရသဖြင့် ပြည်သူကိုလည်းလေးစားရ။

မင်းတို့၏ ငြိုငြင်ခံရကာ အနုပညာလုပ်ဆောင်လှုပ်ရှားခွင့် ပိတ်ပင်ခံရပြန်က ထမင်းအိုးကွဲဦးမည်ကို လည်းစိုးရိမ်ရသည်။

ထိုမှတဆင့် လောဘဆင့်လာကာ မြေတွေကားတွေပါမစ်တွေ အခွင့်အရေးများကိုမျှော်ကိုးပြီး ပါဝင်ကြလည်းရှိသည်။

မိမိလက်ထပ်မိသူက ဘယ်ကမို့ ဘယ်သူ့သားမို့ အရောင်ပြောင်းကုန်ကြသည်လည်းရှိသည်။

မြန်မာ့ယဉ်ကျေးမှုအရ စိတ်ထားနူးညံ့ ပျော့ပြောင်းကြရခြင်း အပြင် ဂါရ၀တရားဆိုတာကြီး ကလည်းရှိနေပြန်သေးသည်။

တိတိကျကျပြတ်သားစွာ ရပ်တည်ရခက်နေရသူ အနုပညာရှင်များကို ပြည်သူကလည်း နားလည်ပါသည်။

သို့သော်………….။

 

မလွှဲမရှောင်သာ၍ ရုပ်ခန္ဓာကြီးအရောက်သွားရသည်မျိုးမဟုတ်ပဲ

ရင်ထဲက ခံယူချက်ရေရေရာရာ မခိုင်မာပဲ

ပွဲတကာတွင် လှတပတ ဖလန်းဖလန်းနှင့်ပါနေရဖို့  ၊

အာဏာပါဝါရှိသူမည်သူ့ကိုမဆို ပိုပိုသာသာဖော်လံဖားဖို့  ဖြစ်နေကြမည်ဆိုလျှင်တော့

နိုင်ငံတွင် ဘာက သေရေးရှင်ရေး အရေးကြီးနေပြီ၊  ပြည်သူအများက ဘာကိုလိုလားနေသည်ကိုသိပါလျက် မျက်ကွယ်ပြုနိုင်ကြသော ၊ (ပြည်သူချစ်သော အနုပညာရှင်)ဟူသော ၀ိသေသနှင့် မကိုက်ညီတော့သော၊

(သုခုမုပညာဖြင့် လုပ်စားနေသော ခံယူချက်မဲ့ စီးပွားရေးသမားများ) ဟုသာ ယူဆ သတ်မှတ်ရပေလိမ့်မည်။

 

About Travis Zaw

Travis Zaw has written 11 post in this Website..