ပြောတောင်မပြောချင်ပါဘူးဗျာ…
ဒါပေမဲ့လည်း ပြောပြပါရစေအုံး…  :p:
ကျုပ်မှာအကျင့်တစ်ခုရှိသဗျ..အဲ့တာကတော့ နေ့စဉ်အလုပ်ကပြန်ရောက်တာနဲ့
အ၀တ်အစားလဲ၊ ခဏတဖြုတ်ထိုင်နားပြီး လမ်းထိပ်ထွက်
လဘက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေတွေနဲ့လေပစ်လေ့ရှိတာပဲဗျ
ပီးခဲ့တဲ့ စနေနေ့ကလည်း အလုပ်ကပြန်လာပြီး ထုံးစံအတိုင်း
လမ်းထိပ်လက်ဘက်ရည်ဆိုင်ထွက်ခဲ့လိုက်တယ်.. အချိန်ကညနေလေးနာရီခွဲလောက်…လဘက်ရည်ဆိုင်မှာဘော်ဒါတွေနဲ့ လေကန်နေရင်း
၆ နာရီဝန်းကျင်လောက်မှာ ကိုဘလက်ဆီကဖုန်းဝင်လာတယ်…ထုံးစံအတိုင်းမတွေ့တာကြာလို့
ဆိုင်တစ်ဆိုင်ထိုင်ကြမယ်ပေါ့..ကိုအမတ်မင်းလည်းပါမတဲ့…ကျုပ်လည်း၆ခွဲလောက်အရောက်လာခဲ့မယ်
ပြောပြီး လမ်းထိပ်ကဘော်ဘော်တွေနှုတ်ဆက်ပြီး လမ်းလျှောက်ပြီးအိမ်ပြန်ခဲ့တယ်…
အိမ်ရောက်တော့..အ၀တ်အစားလဲ..ပိုက်ဆံအိတ် ကလေးကိုင်ပြီး ထားနေကျ ဘုရားစင်ထောင့်က
ကားသော့ယူဖို့ကြည့်တော့ ကားသော့ကမရှိ..မဒမ်မိုက်ကိုမေးတော့ သူလည်းကျုပ်ရုံးကပြန်လာတော့
အဲ့နေရာကားသော့ထားလိုက်တာမြင်ပါသတဲ့…ကျုပ်လည်းထိတ်ကနဲဖြစ်သွားပြီး
ကမန်းကတန်း အိမ်ပြင်ထွက်၊ ကားရပ်ထားတဲ့နေရာသွားပြေးကြည့်တော့ ကားကမရှိ…
အဲ့မှာတင်ငယ်ထိပ်မြွေပေါက်ခံရသလို ပူထူပြီးပျာယာခပ်တော့တာပဲ…  :b:
တစ်အိမ်လုံးလည်းအုံးအုံးကျွက်ကျွက်တွေဖြစ်…ဘယ့်နယ်ညနေကြောင်တောင်ကြီးကားပျောက်ရတယ်လို့..
အိမ်ထဲဝင်ပြီးသော့ပါယူသွားတာဆိုတော့..တော်တော်စဉ်းစားရကြပ်ကုန်တယ်…
ကျုပ်တို့အိမ်ကလည်း နေ့ဖက်ဆို ဈေးဆိုင်နဲ့အိမ် ကူးချည်သန်းချည်ဆိုတော့
အိမ်ရှေ့တံခါးမကြီးက လော့ချသော့ခတ်လေ့မရှိဘူးဗျ…အဲ့နေ့ကတော့ အိမ်မှာ
မဒမ်မိုက်ပါရှိနေတာ…ဒါပေမဲ့သူက ကျုပ်လမ်းထိပ်သွားတော့ အဲကွန်းဖွင့်ပြီး အိပ်ခန်းထဲနှပ်နေတာ…
ကျုပ်တို့နေတာကလည်းအိမ်ရာဝင်းလည်းဖြစ်၊ အင်းစိန်လမ်းနဲ့ ပြည်လမ်းနှစ်ဖက်လုံး
ပေါက်တဲ့လမ်းဆိုတော့ ဆိုတော့လူပြတ်လှတယ်မရှိ…မဒမ်မိုက်လည်း အိမ်နီးပါးချင်းတွေလိုက်မေး…
ဆိုတော့ ကျုပ်တို့မြကန်သာတိုက်တန်းအတွင်း အုတ်အော်သောင်းနင်းတွေဖြစ်ကုန်ရော
ကျုပ်ကိုလည်း ရဲစခန်းအမြန်ဆုံးသွားတိုင်..ဒါမှ ပိတ်ဖို့ဆို့ဖို့ အချိန်မှီမှာ..ဘာညာပေါ့..
ကျုပ်လည်း ကိုဘလက်ကိုဖုန်းခေါ်..အကျိုးအကြောင်းပြောပြ..ကျုပ်အိမ်ကိုပဲချက်ချင်းလာခဲ့ဖို့ပြောရတာပေါ့
ကိုဘလက်နဲ့ ကိုမတ် ရောက်လာတော့ ကားနဲ့ပါတ်သက်တဲ့ဖိုင်အိပ်လေးယူပြီး သူ့ကားနဲ့ပဲ ကမာရွတ်ရဲစခန်းကိုသွားလိုက်တာပေါ့…စခန်းမှာအကြောင်းစုံပြောပြီး အမှုဖွင့်တော့..
တာဝန်ကျရဲအုပ်ကတော်တော်အံ့သြနေတာ…ဒီနယ်မြေမှာ ခုနောက်ပိုင်း ဒီလိုကားပျောက်တာ
မရှိပါဘူးပေါ့…အဲ့အချိန်အတွင်းမှာပဲ ကိုဘလက်က ကျုပ်ကားဓါတ်ပုံတွေကို ဖုန်းကင်မရာနဲ့ရိုက်ပြီး ဖွဘုတ်တော်ကြီးမှာတင်လိုက်ပါလေရော…အဲ့တော့..ကျုပ်မိတ်ဆွေသင်္ဂဟ အပေါင်းကြားမှာလည်း
ညတွင်းချင်း ဟိုးဟိုးကျော်ပေါ့…..  :chee:
ဒါနဲ့ကျုပ်ကိုစစ်ချက်ယူပြီးတာနဲ့ ကျုပ်အိမ်ဖက်ကို သူနဲ့သူ့တပည့်တစ်ယောက်လိုက်လာတယ်
အိမ်ကလူတွေကိုစစ်ဆေး၊ ဘယ်အချိန်ဘယ်သူကဘယ်မှာ ဘာလုပ်နေ..ဘာညာပေါ့ဗျာ..
ပါတ်ဝန်းကျင်လည်းအနှံ့လျှောက်စစ်မေးပေါ့ဗျာ…ကျုပ်အိမ်ရှေ့တည့်တည့်မှာခေါင်းတည်ပြီးရပ်ထားတဲ့
Kluger ကားကိုတွေ့တော့..ပတ်ကြည့်ပြီး..ကျုပ်ကိုဘယ်အိမ်ကကားလဲတဲ့…ကျုပ်ကလည်း
အပေါ်လေးလွှာက ကားဖြစ်ကြောင်းပြောတော့ …ရဲအုပ်က..ဒီကားမှာကင်မရာပါတယ်ဗျ..
ပိုင်ရှင်ကို မေတ္တာရပ်ပြီး ကင်မရာကမန်မိုရီလေးတောင်းပေးပါတဲ့…ကျုပ်လည်းလေးလွှာကအိမ်ကိုသိနေတော့
ဖုန်လှမ်းဆက်ကြည့်တော့ အိမ်မှာတစ်ယောက်မှမရှိ..ဒင်နာပွဲတစ်ခုရောက်နေသတဲ့…
ဒါနဲ့ရဲအုပ်လည်း သူတို့ပြန်လာရင်သာ တောင်းပြီးကွန်ပြူ တာနဲ့ကြည့်ထားပါမှာပြီး ပြန်သွားလေရဲ့
ညဆယ်နာရီလောက်မှ အပေါ်ထပ်ကလူတွေ ပြန်လာတော့ မန်မိုရီစတစ်တောင်းပြီးကွန်ပြူတာမှာ
ကြည့်တော့..ဘာမှထူးခြားတာမတွေ့…..ကျုပ်လည်းသက်ပြင်းချရုံကလွဲလို့..ဘာများတတ်နိုင်မှာလည်း…
မအိပ်ခင်စပ်ကြား ကျုပ်သေချာပြန်စဉ်းစားကြည့်တယ်….ဘယ်လိုလူကများဒီလိုလုပ်သွားတာလည်းပေါ့
ကျုပ်တို့အိမ်အ၀င်အထွက် အနေအထားကို သေချာစောင့်ကြည့်နေပြီး
ကျကျနနကြံစည်သွားတာပဲလို့လည်းတွေးမိတယ်..
ဒါဆိုဘယ်သူဖြစ်မလဲ…စဉ်းစားရင်းချာချာလည်နေပါတော့တယ်…
ညဖက်လည်းအိပ်မက်ဆိုးတွေမက်ပြီး လန့်လန့်နိုးလို့ အိပ်ရေးကမ၀…
မနက်လင်းတော့ ရေမိုးချိုးပြီး ကော်ဖီတစ်ခွက်နဲ့ ထိုင်စဉ်းစားတော့လည်း..ဘာမှဆက်စပ်မရ…
ဒီလိုနဲ့ ၈နာရီလောက်ကျတော့…ရဲစခန်းသွား ဘာသတင်း များထူးလည်း စနည်းနာအုံးမှပါလေဆိုပြီး
အင်းစိန်လမ်းထိပ်ဘက် ထွက်လာခဲ့တယှ် လမ်းထိပ်ရောက်မှ တက္ကစီငှားသွားမယ်ပေါ့….
လမ်းထိပ်မရောက်ခင်လေး မှာကားရေဆေးဆီထိုးဆိုင်လေးတစ်ခုရှိတယ်..ကျုပ်ဆေးနေကျ
ဆိုင်ပါပဲ…ကျုပ်အဲ့ရှေ့အနားရောက်ခိုက်မှာပဲ ဆိုင်ခြံဝန်းတံခါးကိုဖွင့်တော့အမှတ်မထင်လှည့်ကြည့်မိတယ်
အိုး…ကျုပ်ရုတ်တရက်မျက်လုံးတွေပြူးသွားအောင်အံ့သြသွားတယ်…  :n:
ရှင်းနေတဲ့ ရေဆေးခုံဘေးမှာ ကျုပ်ကားတစ်စီးတည်းရပ်လို့…
လက်စသတ်တော့ မနေ့ညနေက လမ်းထိပ်အထွက်မှာခါတိုင်းလိုလမ်းလျှောက် မထွက်ပဲ
ကားနဲ့ထွက်ပြီး ကားကိုရေဆေးခုံမှာ ကျုပ်ကိုယ်တိုင်ထားခဲ့တာပါလား…
ကျုပ်လုံးဝမမှတ်မိတော့ဘူး…ထူးဆန်းတာက ကျုပ်ကားထိုးခဲ့ပြီးမှ လမ်းထိပ်လက်ဘက်ရည်
ဝိုင်းမှာ ဘော်ဒါတွေနဲ့ ပြောခဲ့တာတွေကျတော့ အကုန်မှတ်မိနေသေးတယ်….
ကျုပ်ကိုယ်တိုင်ကားလာထိုးခဲ့တာတစ်ခုပဲ ကွက်မေ့နေတာဗျို့….ဒါနဲ့ပဲ
ကျုပ်ဝင်သွားပြီးကောင်လေးကိုမေးတော့…ဦးလေးမနေ့ကကားထိုးပေးသွားပြီး
တစ်ညလုံးဘာလို့လာပြန်မယူတာတုန်းတဲ့..ဗုဒ်ဓေါ…ကျနော်တို့လည်းဦးလေးကို
ဘယ်လိုဆက်သွယ်ရမှန်းမသိလို့တဲ့…ဟုတ်ပ..
ကျုပ်လည်းခပ်တည်တည်နဲ့ အေးကွာ..မနေ့ညနေက အရေးပေါ်ကိစ္စတစ်ခုပေါ်လာလို့
လိုက်သွားပြီးအချိန်မီပြန်မရောက်လို့ပါလို့ပြောပြီး…ကားဆေးခသုံးထောင်ပေးပြီးကားမောင်းပြန်ခဲ့တယ်
အိမ်နားေ၇ာက်တော့ ဆိုင်မှာရှိနေတဲ့ မဒမ်မိုက်အပါအ၀င် အိမ်အနီးနားက လူတွေအားလုံး
အံ့သြတကြီးဝိုင်းကြည့်ပြီး မေးကြတယ်…ကျုပ်လည်းတိုတိုပဲ..ရေဆေးခုံကတွေ့လာတာဆိုတော့
ပါတ်ဝန်းကျင်ကလူတွေက ဖြစ်မှဖြစ်၇လေဆိုပြီးဝိုင်းရီကြတာပေါ့….
မဒမ်မိုက်ကတော့ ဒေါသူပုန်ထတယ်…သမော်ဒီးကတော့ ရှက်လို့တဲ့..ကျုပ်ကိုဒေါပွတယ်
ဟုတ်တော့လည်းဟုတ်တယ်…ကားပျောက်တယ်ဆိုတော့ သူတို့လည်း အကူအညီပေးနိုင်မယ်ထင်သမျှ
သူတို့သူငယ်ချင်း မိတ်ဆွေတော်တော်များများကို တစ်ညလုံးဆက်သွယ်ထားကြတာလေ…
အဲ့အပြင် မဒမ်မိုက်က ဗေဒင်ယတယာ တတ်တဲ့ သူ့ဦးလေးကိုပါဖုန်းဆက်…သူ့ဦးလေး
ပြောတဲ့အတိုင်း ကြည့်မှန်မှာ ဆော့ပင်နဲ့ ကားနံပါတ်ရေး အိမ်အပြင်ဖက်လှည့်ပြီး
ပြူတင်းပေါက်မှာထောင်ထားဆိုလို့ ချက်ချင်လုပ်ထားတာကျုပ်ညကတွေ့တာပဲ..
ကျုပ်မယုံပေမဲ့ သူ့ဟာသူလုပ်တာပဲလေဆိုပြီး ဘာမှမပြောခဲ့ပါဘူး…
မတတ်နိုင်ဘူး..သူတို့ကြိုက်သလိုခံစား…ကျုပ်မှာတော့ ကားပြန်ရတာမပျော်နိုင်အားသေး
ရဲစခန်းသွားရှင်းရအုံးမယ်…ဒုက္ခ  :harr:
ကားကိုထိုးနေကျနေရာထိုးပြီး အိမ်ထဲပြန်ဝင်…ရဲစခန်းမှာဘယ်လိုဖြေရှင်းရပါ့လို့
စဉ်းစားခန်းဝင်ရတယ်…အမှန်အတိုင်းပြောရမှာလည်း ရှက်သလိုလို…
ရဲကိုသက်သက်လာဒုက္ခပေးတယ်ဆိုပြီး ပြသနာများရှာလေမလား….
စဉ်းစားရင်းအကြံတစ်ခုရတာနဲ့ မဒမ်မိုက်ကိုအသိပေးပြီး စခန်းကိုသွားခဲ့လိုက်တယ်..
စခန်းရောက်တော့ ညကတာဝန်ကျတဲ့ ရဲအုပ်ကမရှိ…မနက်ဖက်ဝင်လာတဲ့တာဝန်ကျအရာရှိ
ကို ကားပြန်တွေ့ကြောင်းပြောပြရတယ်…အဲ့ရဲအရာရှိက ညကလူနဲ့မတူ…နဲနဲခပ်ထန်ထန်နဲ့…
ကျုပ်ပြောပြနေရင်းကို ဟိုအချုပ်ခန်းထကြကောင်တွေကို လှမ်းဆဲလိုက်သေးတယ်..
ဆူနေလို့တဲ့….
ကျုပ်ဆင်တဲ့ ဇတ်လမ်းကဒီလို….
ကျုပ်လမ်းထိပ်လဘက်ရည်ဆိုင်ထိုင်နေတုန်း ကျုပ်ညီအိမ်ရောက်လာတယ်..
အိမ်ရှေ့တံခါးကလည်းသော့မခတ်ထားတော့အထဲဝင်လာတယ်…ကျုပ်ကိုခေါ်ကြည့်တယ်..
ဘာသံမှမကြား…ခေါ်နေရင်း ဘုရားစင်ပေါ်ကကားသော့ကိုလည်းမြင်တယ်…
သူမှာလည်းအရေးတကြီးကိစ္စ တစ်ခုပေါ်လို့ ကားခဏလာယူတာ…ကျုပ်ကိုဖုန်းဆက်ရအောင်လည်းသူ့
ဖုန်းက ဘက်ထရီအားကုန်နေတယ်…ဒါနဲ့ပဲ နောက်မှပြောတော့မယ်ဆိုပြီးကားယူသွားလိုက်တယ်…
သူ့ ကိစ္စတွေပီးတော့ ညတော်တော်နက်နေပီ..အဲ့တော့မှဖုန်းအားသွင်းပြီး ကျုပ်ကိုဖုန်းနဲ့အကြောင်းကြားနိုင်တယ်…ကားကိုတော့ဒီမနက်မှလာပို့သွားပြီးကျုပ်ကိုတောင်းပန်သွားတယ်ပေါ့..
အဲ့မှာကွိုင်စပူတာပဲ…အဲ့ရဲကဘာပြောလည်းဆိုတော့….
ညီအစ်ကိုဖြစ်ဖြစ် ဆွေမျိုးဖြစ်ဖြစ် ပစ္စည်းတစ်ခုကို ပိုင်ရှင်မသိအောင် နေရာရွှေ့ပြောင်းရင်ကို
ခိုးမှုမြောက်နေပီတဲ့…အဲ့ညီကိုခေါ်ပေးပါ..ဘာညာလုပ်ရောဗျို့…
ကျုပ်ကလည်း..တောင်းပန်ပါတယ်ဗျာ..ကားလည်းပြန်ရနေပြီပဲ..ဟိုကလည်းကျုပ်ညီအရင်းခေါက်ခေါက်ပါပေါ့..
ပြောမရဘူးဗျို့…စခန်းမှုးကိုလှမ်းသတင်းပို့နေပြန်တယ်…ကျုပ်လည်းစိတ်တွေတော်တော်ကိုညစ်နေပီ..
အဲ့အချိန်မှာပဲ ကံကောင်းချင်တော့ ညကတာဝန်ကျရဲအုပ်ရောက်လာတယ်…ကျုပ်ကိုတွေ့တာနဲ့
ခင်ဗျားဗျာ..သန်းခေါင်ကျော် သိသိချင်း ကျုပ်ကိုဖုန်းနဲ့အကြောင်းကြားရောပေါ့ဗျာတဲ့…
ကျုပ်နဲ့နယ်ထိန်းအဖွဲ့က ခင်ဗျားကားကိုအုပ်မိအောင်တစ်ညလုံး နေရာအနှံခြေဆန့်နေတာတဲ့…
ကျုပ်မှာတောင်းပန်ရပြန်ရောပေါ့…အဲ့အချိန် အခြားအမှုကိစ္စလာသူတွေနဲ့ စခန်းထဲလူရှုပ်ထွေးလာတယ်..
အဲ့ဒါနဲ့..ရဲအုပ်က..လာလာ..ဟိုဖက်မှာအေးဆေးသွားရှင်းမယ်..ဆိုပြီး စခန်းနဲ့ကပ်ရက်က သူ့အခန်းကိုခေါ်သွားတယ်…တော်သေးတာပေါ့..အဲ့ဒီညတာဝန်ကျရဲအုပ်ကသဘော
နဲနဲကောင်းပုံရသဗျ…သူ့ရုံးခန်းရောက်တော့..ကျုပ်ကို…..
ခင်ဗျားပြောပုံအရဆို…ခင်များညီကိုအမှုပါတ်နေပြီဗျ…ရဲအရေးပိုင်တဲ့အမှုမှာ
အမှုနဲ့ပါတ်သက်သူကို ထိုက်သင့်သလိုဥပဒေအရအရေးယူရမှာတဲ့…ပြောပါရော
ကျုပ်လည်း..မလုပ်ပါနဲ့ဗိုလ်ဂျီးရယ်…ကိစ္စပြတ်အောင်ကူညီပါဗျာ…ကျနော့ညီကိုလည်းဒုက္ခ
မရောက်စေချင်ပါဘူး…ဗိုလ်ဂျီးတို့ကျနော့ကြောင့် တစ်ညလုံးပင်ပန်းတာတွေအတွက်တောင်းပန်ပါကြောင်း
အချိန်မီ ထိထိရောက်ရောက်စုံစမ်းရှာဖွေပေးလို့ ကျေးဇူးတင်ပါကြောင်း…အထပ်ထပ်ပြောတော့မှ…
ကျုပ်တို့ကလည်း..ဒီလိုအမှုကြီးမျိုးကို အရေးကြီးတော့ ညတွင်းချင်း တိုင်းဒန ကတစ်ဆင့် ရဲကွန်ရက်တွေ
အကုန်ဖြန့်ထားတာ..တိုင်းရုံးကို ကရော်ကမယ် လုပ်လို့မရဘူးဗျ..အသေးစိတ်ဘယ်လိုပြန်တွေ့ကြောင်း
ဟာကွက်၊ ထောက်ကွက်မရှိအောင်အစီရင်ခံရတာ….အင်း…
ဒါဆိုဒီလို ထွက်ဆိုပေးဗျာ..ဆိုပြီးအကြံပေးပါတယ်..
ကျုပ်ကရုံးကပြန်လာတော့ ကားကိုရပ်နေကျနေရာရပ်ထားပြီး..တီဗွီထိုင်ကြည့်နေတယ်..
အဲ့အချိန်..ကျုပ်ညီရောက်လာတယ်…ကျုပ်ကို အရေးကြီးကိစ္စရှိလို့ ကားခဏယူသွားမယ်ပြော..
ကျုပ်က တီဗွီဇတ်လမ်းထဲအာရုံရောက်နေတော့ ကွဲကွဲမကြားမိလိုက်..ကျုပ်ညီပြောတော့ ကျုပ်ကအေးလို့ပြောသတဲ့..ဒါနဲ့ပဲ..သူကကားယူပြီးထွက်သွား…
ညနေ ၆နာရီခွဲလောက် သူငယ်ချင်းတွေနဲ့ချိန်လို့ သွားမယ်ဆိုပြီးကားကြည့်တော့ မတွေ့…
အဲ့မှာပူထူပြီး ညီ ယူသွားတာလည်းသတိမရပဲ ရဲစခန်းလာတိုင်ဖြစ်ပါတယ်ပေါ့…
မနက်ညီတော်မောင် ကား ပြန်လာပို့မှ ကျုပ်ဆီကခွင့်တောင်းပြီး ယူသွားတာသိရပါတယ်ပေါ့…
ဒီလိုနဲ့ပဲ..သဘောတော်ကောင်းတဲ့ ရဲအုပ်ကြောင့် အရှည်ရှည် ဇတ်ရှုပ်မဲ့အရေးက
တနင်္ဂနွေ နေ့တစ်ပိုင်းအကုန်မှာ…လွတ်သွားခဲ့ပါသဗျား….ကျေးဇူးပါ ကိုရွှေရဲ
ဒီနေရာမှာ…ရဲအုပ်ပြောတာလေးတစ်ခု မှတ်သားမိတယ်….ပျောက်ပျောက်ချင်း
ကားဓါတ်ပုံနဲ့သတင်းအချက်အလက် မဟာဖွဘုတ်တော်ကြီးတင်တာ အလွန်မှားပါသတဲ့
တကယ်ပျောက်ရင် အသာရှိုထားပြီးတီးတိုးကျိတ်ရှာရမှာတဲ့….
အခုလို လူတကာသိအောင်လုပ်လိုက်တော့ ခိုးသူကပါသိသွားပြီး
ကားကို အကောင်းတိုင်းမထားရဲတော့ပဲ..တစစီဖျက်ပြီး ကြက်တန်းရောက်သွားတတ်တယ်တဲ့
..အဲ့လိုဆို ဘယ်လောက်ရှာရှာ ကားအစင်းလိုက် မတွေ့နိုင်တော့ပါဘူးတဲ့…
မှတ်သားစရာပါပဲ…၀ိုင်းရှယ်ပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အပြစ်တင်တာမဟုတ်ပါဘူး
ကျေးဇူးတင်ပါတယ်…ကျုပ်အဖြစ်ကလေးကနေ သင်ခန်းစာယူဖို့ပါ…

10fa

 

 

 

 

 

 

အားလုံးကိုလေးစားခင်မင်လျှက်
ထာဝရလမ်းဆက်လျှောက်နေတဲ့…
ကြီးမိုက်။
၈၊ ၄၊ ၂၀၁၅

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 93 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)