မင်္ဂလာပါ ။ အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်..

အောင်ဇေမီဒီယာကနေ အခုတစ်ပတ်တင်ပြပေးမယ့် သတင်းတွေကတော့ …

 

  • တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း သဘောတူညီချက်         အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေတဲ့သတင်း

 

  • သုံးစွဲရာမှာ ပြဿနာတွေပေါ်နေတဲ့ မြန်မာငွေစက္ကူ ငါးထောင်ကျပ်တန်တွေရဲ့ သတင်း၊

 

  • ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သတင်းကြေညာချက် ၊

 

  • ရေခန်းခြောက်ခြင်းနဲ့ အခြားပြဿနာများ ရင်ဆိုင်နေရတဲ့ အင်းလေးကန်ရဲ့ အခြေအနေသတင်း ၊

 

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုကြတဲ့သတင်းနဲ့ …

 

  • မြန်မာပြည်အတွင်းက ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား             အရေအတွက်ကို ကြေညာလိုက်တဲ့သတင်း ၊

 

  • ဒေါ်အောင်ဆန်းစုကြည်ရဲ့စီစဉ်ပေးမှုအရ မြန်မာတက္ကသိုလ်ကျောင်းသားတွေနဲ့ ဗြိတိန်၊သြစတြေးလျနိုင်ငံရှိ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ
  • တွေ့ဆုံခဲ့ကြတဲ့သတင်းများ

 

  • မြန်မာတနိုင်ငံလုံးဟာ ခရမ်းလွန်ရောင်ခြည် လွန်ကဲ့အဆင့်ကို ရောက်ရှိနေတဲ့အတွက် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပြီဆိုတဲ့သတင်း ၊

 

  • သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ၀ှိုက်ကတ်(ခေါ်)ယာယီသက်သေခံလက်မှတ်တွေ ပြန်အပ်ခြင်းဆိုင်ရာ သတင်းအခြေအနေများ ၊

 

  • မြန်မာအစိုးရဟာ ပြည်သူလူထုရဲ့ဆန္ဒကို အလေးအနက် မထားဘူးဆိုတဲ့ စကားအပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ့အရေး ပြောကြားချက်များ

 

  • တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းက နယ်စပ်အငြင်းပွားမှုဆိုင်ရာ သတင်း၊

 

  • နစ်မြုပ်သွားတဲ့ ရုရှားပိုင် ငါးဖမ်းသင်္ဘာတစ်စီးပေါ်မှာ လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက်ရဲ့ အခြေအနေများ၊

 

  • ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ကျောက်စိမ်း ထုတ်ဖော်/တင်ပို့မှုနှုန်း ကျဆင်းသွားတယ်ဆိုတဲ့ သတင်း၊

 

  • ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ သတင်းကြေညာချက်များနဲ့…

 

  • အစိုးရပိုင်းကို ဝေဖန်တဲ့အတွက် တရားဟောခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ရွှေညဝါဆရာတော်ရဲ့ သတင်းအခြေအနေများ…

 

  • US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်သတင်းများ အပါအဝင်…

  • အခြား သိမှတ်ဖွယ်ရာ ထူးခြားသတင်းအဖြာဖြာကို တင်ပြပေးမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 အပစ်အခတ် ရပ်စဲဖို့ လုပ်နေတယ်ဆို

 

ဧပြီ ၈ ။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေအကြား အတည်ပြု လက်မှတ်ရေးထိုးပြီးခဲ့ပေမယ့် အခုလက်ရှိအချိန်မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

 

တိုက်ပွဲတွေဟာ ကိုးကန့်ဒေသနဲ့ ကချင်ပြည်နယ်အတွင်းမှာလည်း ဆက်လက် ဖြစ်ပွါးနေပြီး
ကချင်တပ်ဖွဲ့နဲ့ အစိုးရဘက်ကတော့ ပဋိပက္ခတွေ လျှော့ချရေးအတွက် တွေ့ဆုံဆွေးနွေးတာတွေရှိနေကြောင်း သိရပါတယ်။

 

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေတာနဲ့ တပြိုင်နက် ဒေသတချို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်မယ့် အလားအလာတွေ ရှိနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

လောလောဆယ်အခြေအနေကတော့ အစိုးရဘက်က တပ်အင်အားများ ထပ်တိုး အရှိန်မြှင့်နေတာကြောင့် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေဦးမယ်လို့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက သုံးသပ်ထားပါတယ်။

 

ဒီရက်ပိုင်းတွေအတွင်း မုဒုံ၊ သထုံ၊ ကျိုက်မရော၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ စတဲ့ မြို့တွေမှာ ငြိမ်းချမ်းရေးထောက်ခံပွဲများ ဆက်တိုက်ကျင်းပနေကြောင်း သိရတဲ့အပြင် အဆိုပါ ဆွေးနွေးပွဲတွေဟာ လူထုဆန္ဒကိုအခြေမခံဘဲ အစိုးရအစီအစဉ်နဲ့ ဆောင်ရွက်နေတာ ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 

။။။။။။။။။။။။။။။။။

 

မြန်မာ စစ်တပ်အနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အတွက် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်…လို့တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုနေပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ အတွက် အခြေခံသဘောတူညီချက်များ အောင်မြင်အောင် တပ်မတော်ဘက်က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး တပ်မတော်အနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဟာ နံပါတ် ၁ ဖြစ်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ငါးထောင်တန်ရဲ့ ပြသနာ

 

ဧပြီ ၈ ။

မြန်မာငွေစက္ကူ ငါးထောင်ကျပ်တန်အသစ်တွေဟာ သုံးစွဲရာမှာ ပြဿနာများရှိနေပြီး လူအများပိုမိုသိရှိဖို့ ဗဟိုဘဏ်က ထပ်မံကြေညာပေးသင့်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

 

အဆိုပါ ငါးထောင်ကျပ်တန်တွေကို  ငွေစက္ကူအတုလို့ ထင်မှတ်နေကြတာကြောင့် သုံးစွဲကြရာမှာ လက်မခံရဲသူတွေရှိနေပြီး အခက်အခဲတွေ ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောနေကြပါတယ်။

 

ငါးထောင်တန်အသစ်တွေနဲ့ ဝယ်ယူသူက ပေးတဲ့အခါမှာ ရောင်းတဲ့သူက အတုထင်ပြီး အုပ်ချုပ်ရေးမှူးရုံးအထိရောက်အောင် တိုင်ကြားမှုမျိုး ရှိနေပါတယ်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ လုံခြုံရေးဆိုင်ရာ အရည်အသွေးမြှင့်ပြီး ကြာရှည်အသုံးခံနိုင်အောင် ထပ်မံထုတ်လုပ်ထားတဲ့ ငါးထောင်ကျပ်တန်အသစ်တွေ ထုတ်ဝေပြီးနောက်ပိုင်းမှာ   ငွေစက္ကူအတုတွေကို မြန်မာနိုင်ငံနေရာအနှံ့မှာ ဖမ်းဆီးရမိတဲ့ သတင်းတွေကြောင့်   ပြည်သူအများက စိုးရိမ်နေကြတာဖြစ်ပါတယ်။

 

အသစ်ထပ်ထုတ်ထားတဲ့ ငွေစက္ကူငါးထောင်ကျပ်တန်အသစ်တွေဟာ အရင်က ထုတ်လုပ်ထားတဲ့ ငွေစက္ကူနဲ့ အရောင်အသွေး၊ အရွယ်အစား ဆင်တူပေမဲ့ ကွဲပြားခြားနားချက်တချို့ ရှိနေပါတယ်။

ငွေစက္ကူ အသစ်မှာ ပါဝင်လာတဲ့ အာမခံငွေကြိုးဟာ ရွှေဝါရောင်ဖြစ်ပြီး အပြားကြီးပါတယ်။ ငွေစက္ကူအဟောင်းမှာတော့ အာမခံငွေကြိုးက အဖြူရောင်ဖြစ်ပြီး အပြားသေးငယ်ပါတယ်။

ဒါ့အပြင် ငါးထောင်ကျပ်တန် ငွေစက္ကူအသစ်ရဲ့ လက်ယာဘက် ရေစာမှာ ဆင်ဖြူတော်ပုံက ငါးထောင်လို့ ရေးထားတဲ့ ဂဏန်းလေးလုံးရဲ့ သုညဘက်ကို ခေါင်းလှည့်ထားတာဖြစ်ပြီး                       ငွေစက္ကူအဟောင်းမှာတော့ “ငါး” ဂဏန်းဘက်ကို ခေါင်းလှည့်ထားပါတယ်။

အဆိုပါ ကွဲပြားခြားနားမှုမှ အပ ပုံသဏ္ဌာန်နဲ့ အရောင်ဆင်း သတ်မှတ်ချက်တွေကတော့ မူလငါးထောင်ကျပ်တန် ငွေစက္ကူအတိုင်းသာ ဖြစ်ပါတယ်။

ငွေစက္ကူတွေ အသစ်ထုတ်တာက အတုတွေ လိုက်မတုနိုင်အောင် ထုတ်တာဖြစ်ပြီး                         အသစ်ထပ်ထုတ်တဲ့အခါမှာ တိုင်းပြည်ကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့ လိုအပ်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တွေက ထောက်ပြ ဝေဖန်လိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ပြောပြန်ပြီ… ၆ ပွင့်ဆိုင်တဲ့ ။

 

ဧပြီ ၇ ။

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကို လာမယ့် ဧပြီလ (၁၀)ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

 

နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ်၊                                         လွှတ်တော် ဥက္ကဌ (၂) ယောက်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ အေးမောင်တို့ ပါဝင်မယ့် (၆) ပွင့်ဆိုင် ဆွေးနွေးပွဲမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အဓိက ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကြားမှာတော့ လောလောဆယ် အကြိုညှိနှိုင်းထားတာမျိုး မရှိသေးသလို၊ ဆွေးနွေးမယ့် မူဘောင်တွေလည်း မရှိသေးဘူးလို့ သိရပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲ မစနိုင်ခင်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေ ဆွေးနွေးဖို့

ဧပြီ ၈ ရက်နေ့က နေပြည်တော်မှာ ၄၈ ဦး တွေ့ဆုံမှု လုပ်ခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ သမ္မတ၊ ကာချုပ်၊ လွှတ်တော် အကြီးအကဲများနဲ့ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံခဲ့ကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အင်းလေးကန်ရဲ့ အဖြစ်…

 

 

ဧပြီ ၈ ။

အင်းလေးကန်မှာ တဖြည်းဖြည်းနဲ့ ရေခန်းခြောက်နေတဲ့ပြဿနာ ကြုံတွေ့နေရပြီလို့ သိရပါတယ်။

ကမ္ဘာလှည့်ခရီးသွားအများစု စိတ်ဝင်တစား သွားရောက်လည်ပတ်နေကြတဲ့ ရှမ်းပြည်တောင်ပိုင်းရှိ အင်းလေးကန်ဟာ ဒီနှစ်နွေရာသီမှာ အရင်နှစ်တွေထက် ပိုပြီး ရေခန်းခြောက်လာပြီး ရေလမ်းခရီးနဲ့ သွားလာတဲ့အခါ အခက်အခဲတွေ့နေပါတယ်။

ဒါ့အပြင် အင်းထဲကိုသွားလာနေကြတဲ့ ခရီးသည်တွေကို အကြိုအပို့လုပ်တဲ့ စက်လှေတွေလည်း ရပ်စရာနေရာ အခက်အခဲနဲ့ ကြုံနေရပြီး အလုပ်အကိုင်ထိခိုက်တာတွေတောင် ဖြစ်နေပါတယ်။

 

အင်းလေးကန်မှာ ကြုံတွေ့နေရတဲ့ ရေခန်းခြောက်မှု ပြဿနာ ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ရပ်မိရပ်ဖတွေဟာ အစည်းအဝေးလည်း လုပ်ခဲ့ပြီး တောင်ကြီးမြို့မှာ ပြုလုပ်မယ့် ပြည်နယ်ဝန်ကြီးများ အစည်းအဝေးမှာလည်း တင်ပြဆွေးနွေးသွားဖို့ရှိကြောင်း သိရပါတယ်။

 

အင်းလေးဒေသမှာ ရွှေ့ပြောင်းတောင်ယာတွေခုတ်တာ၊ အဆောက်အဦးများ တိုးပွားလာတာတွေကြောင့် သစ်ပင်သစ်တောနည်းပါးလာပြီး ရေတွေခန်းခြောက်ရတာ ဖြစ်ကြောင်း ရပ်မိရပ်ဖတချို့က ပြောဆိုနေကြပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ရွေးကောက်ပွဲကော်မရှင် အသစ်မှလိုချင်

 

 

ဧပြီ ၆ ။

ရန်ကုန် ၊ တာမွေမြို့နယ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပါဝင်သူ တစ်ရာကျော်လောက် ရှိခြဲ့ပီး           ပြည်သူ့ လှုပ်ရှားမှု ကွန်ရက်ဟာ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်တဲ့ ဟောပြောပွဲများ၊ လက်မှတ် ကောက်ခံပွဲများကို တခြားမြို့နယ်တွေမှာလည်း ထပ်မံပြုလုပ်ဦးမယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အသစ်တွေ ထပ်မံခန့်အပ်နေပေမဲ့           ရွေးကောက်ပွဲ ကော်မရှင် တခုလုံးဟာ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုပြီး အသစ်ပြန်ဖွဲ့ပေးဖို့ လှုပ်ရှားတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်ဖွဲ့ပေးဖို့ အရေး တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ကော်မရှင်ဘက်ကတော့ တစုံတရာ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

နိုင်/ကျဉ်း မရှိတဲ့…အဟိ အဟိ

 

ဧပြီ ၅ ။

မြန်မာပြည်အတွင်းက ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား  အရေအတွက်ဟာ (၅ဝဝ) နီးပါးအထိ ပြန် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ခန့်မှန်းမှုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က   ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။

အမိန့်ချမှတ်ခံရပြီးတဲ့ နိုင်ငံရေးအကျဉ်းသား (၁၇ဝ) ကျော်နဲ့                               သာယာဝတီထောင်မှာ အချုပ်ခံထား ရတဲ့ သပိတ်မှောက်ကျောင်းသားများ  ကျောင်းသားသပိတ် ဝန်းရံသူများ အပါအဝင်၊ နိုင်ငံရေး၊ လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့် အဖမ်းခံရပြီး အမှုရင်ဆိုင်နေရသူပေါင်း အယောက် (၃ဝဝ) လောက် ရှိနေတယ်လို့ AAPP က ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်ဆိုတာဟာ နိုင်ငံရေးပြဿနာ၊ လူ့အခွင့်အရေးပြဿနာ၊ နှိပ်စက်ညှင်းပမ်းမှု ပြဿနာတွေ ရှိနေသေးတယ်ဆိုတဲ့အချက်ကို ထင်ရှားစေကြောင်းလည်း ပြောဆိုပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေး တောင်းဆိုကြတဲ့အတွက် တရားစွဲဆိုခြင်းများ ထောင်ဒဏ်ချမှတ်ခြင်းများ ခံနေရတဲ့ လယ်သမားတွေနဲ့ အခြား ပြည်သူတွေလည်း ရာနဲ့ချီရှိနေကြောင်းကို တင်ပြဖို့ AAPP အဖွဲ့က စာရင်း ကောက်ယူနေကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.အမေ့အစီအစဉ်နဲ့…တဲ့

 

 

ဧပြီ ၅ ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီစဉ်ပေးမှုအရ   မြန်မာတက္ကသိုလ်ကျောင်းသား အဖွဲ့ဝင်တွေဟာ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံ တက္ကသိုလ်တွေရဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့ကစတင်တဲ့ နှစ်ရက်ကြာဆွေးနွေးပွဲကို ရန်ကုန်မြို့ အယ်လ်ဖာ ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲအတွင်း ပြည်တွင်း ပြည်ပ ကျောင်းသားများဟာ လက်ပံတန်းကျောင်းသားသပိတ်မှာ ဖမ်းဆီခံလိုက်ရတဲ့ ကျောင်းသားများအရေးလည်း ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ပြင်ဆင်ဖို့ တောင်းဆိုနေရတဲ့ ကိစ္စရပ်နဲ့
တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေးများ ၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍများနဲ့ အနောက်နိုင်ငံ တက္ကသိုလ်တွေနဲ့ အမြင်ဖလှယ်ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြပါတယ်။

အခုလို တွေ့ဆုံ ဆွေးနွေးဖြစ်ဖို့အတွက် NLD ပါတီ ဥက္ကဌ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ပေးခဲ့တာ ဖြစ်ပြီး

ဗမာ တကသကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုနန်းဝင်းတို့ အပါအ၀င် ကျောင်းသား ၅၀ လောက်ဟာ ဗြိတိန် အောက်စဖို့ တက္ကသိုလ်အပါအဝင် သြစတြေးလျေမှာရှိတဲ့ အခြားတက္ကသိုလ်ကျောင်းသား သမဂ္ဂခေါင်းဆောင်များနဲ့ ၂ ရက်ကြာ ဆွေးနွေးနိုင်ခဲ့ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အပူပေါ် အပူဆင့်တဲ့ ဗမာပြည်

 

 

ဧပြီ ၅ ။

ဧပြီလ (၅)ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံးဟာ ခရမ်းလွန်ရောင်ခြည် လွန်ကဲ့အဆင့်ကို ရောက်ရှိ သွားတဲ့အတွက် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေးမှာတော့ ခရမ်းလွန်ရောင်ခြည် အဆင့် ၁၃ နဲ့ ၁၄ ကြားရှိနေပြီး အခုရက်ပိုင်းမိုးအနည်းငယ် ရွာသွန်းခဲ့တာကြောင့် အနည်းငယ် ပြန်ကျသွားပေမယ့်  ကော့သောင်းမြို့မှာတော့ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းဟာ အဆင့် ၁၄.၆ နဲ့ အမြင့်ဆုံး ဖြစ်နေပါတယ်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ အရေပြားနေလောင်ခြင်း၊ အရေးပြားကင်ဆာဖြစ်ခြင်းနဲ့ မျက်လုံးကျန်းမာရေးကို ထိခိုက်ခြင်းတို့ကို သတိထားရတော့မယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ နှစ်သစ်ကူးပွဲတော် သင်္ကြန်ရက်များမှာ  ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းက ပိုမို မြင့်တက်နိုင်တာကြောင့် သင်္ကြန်အပျော်ဇောနဲ့ အန္တရာယ်ကို သတိမပြုမိမှာကို စိုးရိမ်နေရပါတယ်။

သင်္ကြန်လည်ပတ်တဲ့အခါ ယဉ်လမ်းကြော ကြပ်တဲ့အတွက် နေရိပ်ထဲရောက်ဖို့ မလွယ်တဲ့အပြင် ၊ အ၀တ်အစားအကျပ်များ ၀တ်ခြင်း ၊ အနက်ရောင်များ ၀တ်ခြင်း ၊ နေပူထဲမှာ ရေတွေ စိုရွှဲနေရခြင်း တို့ဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်တဲ့အတွက် သင်္ကြန်ကာလမှာ အထူးဂရုစိုက်သင့်ကြောင်း သတိပေးထားပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

အဖြူပါဆိုမှ ဘာအရောင်လဲတဲ့

 

 

ဧပြီ ၅ ။

မြန်မာနိုင်ငံသား မဟုတ်တဲ့သူတွေကို  ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်လို့ ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေရဲ့ သက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြန်လည်အပ်နှံပြီး နိုင်ငံသားအဖြစ်လျှောက်ထားနိုင်ကြောင်း ကြေညာထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် အပါအ၀င် နယ်မြို့တချို့မှာ ၀ှိုက်ကတ် လာအပ်သူ တစ်ရက်ကို  ကတ်ရေတစ်သောင်းကျော်လောက်ရှိပြီး ဧပြီလ ၆ ရက်နေ့အထိ လက်မှတ်ပေါင်း လေးသောင်းကျော် လက်ခံရရှိထားပြီလို့ သိရပါတယ်။

သက်တမ်းကုန် (၀ှိုက်ကတ်) ပြန်အပ်နှံသူတွေကို အစိုးရဘက်က ပြေစာအထောက်အထားတွေ ပြန်လည်ထုတ်ပေးနေကြောင်းလည်း သိရပါတယ်။

သက်တမ်းကုန် ဝှိုက်ကတ်ကို ပြန်လည်အပ်နှံသူတွေရဲ့ ဆန္ဒပေါ်မှာမူတည်ပြီး ဥပဒေအတိုင်း  နိုင်ငံသား လျှောက်ချင်သူတွေအနေနဲ့ လျှောက်ခွင့်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ပြောဆိုထားပါတယ်။

တချို့ရွာတွေမှာတော့ ၀ှိုက်ကတ်ပြန်သိမ်းတဲ့အခါ ဖြတ်ပိုင်းအထောက်အထားပြန်ပေးပေမယ့် မွေးသက္ကရာဇ်၊ အမည်နဲ့ အဖအမည် ၊ နေရပ်တို့သာဖော်ပြထားပြီး လူမျိုးသတ်မှတ်ချက်ကို ပြန်လည် မဖော်ပြပေးတဲ့အတွက် စိုးရိမ်ပြီး ပြန်မအပ်ရဲကြဘူးလို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ၀ှိုက်ကတ်ကိုင်ထားသူပေါင်း ၆ သိန်းခွဲလောက် ရှိပြီး သတက်တမ်းကုန်လို့ ဝှိုက်ကတ်ပြန်အပ်လိုက်ရသူတွေရဲ့ အနာဂတ်ရှေ့ရေးဟာ မရေမရာဖြစ်နေတဲ့အခြေအနေပဲလို့ နိုင်ငံတကာအသိုင်းအ၀န်းက ထောက်ပြဝေဖန်ထားပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.အမေကတော့ ဒုတ်ထိုးအိုးပေါက်

 

 

ဧပြီ ၄ ။

မြန်မာအစိုးရဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို စိတ်ဝင်စားခြင်း မရှိတဲ့အပြင် ပြည်သူ လူထုရဲ့ဆန္ဒကိုလည်း အလေးအနက် မထားဘူးလို့ NLD ပါတီ ဥက္ကဌ ၊               လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်ဟာ  ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်မယ်လို့ ၂ဝ၁၁ခုနှစ်က တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တဲ့အတိုင်းသာ အမှန်တကယ် ရိုးသားစွာနဲ့ ပြုပြင် လုပ်ဆောင်ခဲ့မယ်ဆိုရင် မြန်မာပြည်ဟာ အခုထက် အများကြီး ပိုမိုတိုးတက်နေမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 

US နဲ့ အနောက်နိုင်ငံအစိုးရတွေဟာလည်း မြန်မာအစိုးရကို အလွန်တရာ အကောင်းမြင်နေကြောင်း ဝေဖန်လိုက်ပြီး US အနေနဲ့ မြန်မာအစိုးရကို ချီးမွမ်းဆက်ဆံနေတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်ပါတယ်။

 

US က မြန်မာအစိုးရကို ချီးမွမ်း ဆက်ဆံနေတဲ့အတွက် မြန်မာအစိုးရဟာ ပြောင်းလဲရေးတွေ                                ပိုမို လုပ်ဆောင်လာသလား ၊

ဒါမှမဟုတ် မြန်မာအစိုးရဟာ ငါတို့ ဒီထက်ပိုပြီး ဘာမှ ထပ်လုပ်စရာ မလိုဖူးဆိုတဲ့အမြင်သာ ပေါ်ပေါက်စေသလား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မေးခွန်ထုတ်လိုက်ပါတယ်။

။။။။။။။။။။။။။။

ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ဟာ ရိုးသားမှုမရှိသလို ရွေးကောက်ပွဲကိုတောင် ရွှေ့ဆိုင်းလိုက်တာမျိုး ဖြစ်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ခန့်မှန်းဝေဖန်ထားပါတယ်။

ဆွေးနွေးညှိနှိုင်းခြင်းများ ၊ အခြေခံဥပဒေ ပြင်ဆင်ရေးများနဲ့ လူထုရဲ့ ဆန္ဒကိုအလေးအနက်မထားခြင်းဆိုတဲ့ အချက်အလက်များကို သုံးသပ်ကြည့်မယ်ဆိုရင် ဦးသိန်းစိန် အစိုးရဟာ သဘောထားတင်းမာတဲ့ အစိုးရပဲ လို့လည်း ဝေဖန်လိုက်ပါတယ်။

ဖွဲ့စည်းပုံ မပြင်ရင် ရွေးကောက်ပွဲ ဝင်မှာလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က …       စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သမ္မတဖြစ်ခွင့်ရရေးကိုသာ မပြောင်းလဲဘူး ဆိုရင် အခုလာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ အကောင်းဆုံးနည်းလမ်းတခု မဟုတ်တဲ့အတွက် တခြားနည်းလမ်းတွေကို သုံးသပ်နေကြောင်းလည်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျူးကျော် ပြည်သူကိုပဲ ကော်ထုတ်ရဲတာပါဆို

 

 

ဧပြီ ၄ ။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ် ခရိုင်အတွင်းရှိ နယ်စပ်အငြင်းပွားနေတဲ့ ဒေသအတွင်းမှာ တရုတ်နိုင်ငံဘက်က တရုတ်နိုင်ငံ အလံ လာရောက်စိုက်ထူတဲ့အတွက် မြန်မာနိုင်ငံဘက်က ဒေသခံရွာသားတွေဟာ သွားရောက် ကန့်ကွက်ခဲ့ရပါတယ်။

တရုတ်နိုင်ငံတွင်းက လက်နက်ကိုင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံသား ၂ဝလောက်က မူဆယ်ခရိုင် နမ်းခမ်းမြို့နယ် မန့်နောင်ရွာအနီးကို ရောက်ရှိလာပြီး တရုတ်အလံတွေ ဝင်ရောက်စိုက်ထူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ကို တားဆီးကြတဲ့အခါမှာတော့ သူတို့ဟာ ရွှေလီမြစ်ကိုဖြတ်ပြီး တည်ဆောက်မယ့် တံတားစီမံကိန်းအတွက် တိုင်းတာဖို့ လာရောက်တာဖြစ်တယ်လို့ ငြင်းဆိုကြပါတယ်။

တရုတ်နိုင်ငံဘက်က ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့အတူ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကပါ လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာတဲ့အတွက် ဒေသခံမြန်မာနိုင်ငံသား ငါးရာလောက်က စိုးရိမ်ပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အဲ့ဒီဒေသမှာပဲ တရုတ်မြန်မာနှစ်နိုင်ငံ နယ်ခြားမှတ်တိုင်စိုက်ထူရာမှာ မြန်မာပိုင်နက်မြေတွေ တရုတ်ဘက်ကို ပါသွားခဲ့တဲ့အတွက် ဒေသခံတွေက ကန့်ကွက်ကြတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ဖူးပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.သေပြန်ပဟဲ့ ဗမာတွေ

 

ဧပြီ ၃ / ၄ ။

မြန်မာနိုင်ငံသား ၄၂ ယောက် လိုက်ပါသွားတဲ့ ပင်လယ်ကူး ငါးဖမ်းသင်္ဘာတစ်စီးဟာ ဧပြီ ၁ ရက်နေ့ ညပိုင်းက ရုရှားနိုင်ငံ ၊ ကမ်ချက်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွားပါခဲ့ပါတယ်။

အဆိုပါ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား (၄၂) ဦး အပါအဝင် နိုင်ငံတကာက သင်္ဘောသား (၁၃၂) ဦး လိုက်ပါသွားတဲ့  ရုရှားပိုင်  ဒဲလ်နီ ဗော့စ်တော့  (Dalniy Vostok) ဆိုတဲ့ ငါးဖမ်းသင်္ဘောဟာ  ပစိဖိတ် သမုဒရာ အနောက်ပိုင်း ၊ Okhotsh Sea  မုဆိုးပင်လယ် ကမ်ချက်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းတွေအရ ရုရှားသင်္ဘာနစ်မြုပ်မှုကြောင့် မြန်မာ အယောက် ၂၀ ဟာ သေဆုံးသွားပြီလို့ ခန့်မှန်းရပြီး ပျောက်ဆုံးနေပါတယ်။ မြန်မာ ၂၂ ဦးကတော့ အသက်ရှင်လျက် ကယ်ဆယ်ရရှိခဲ့ကြောင်း  ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ကြေညာပါတယ်။

အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ မြန်မာသင်္ဘောသား  ၂၂ ယောက်ကို လတ်တလော ကယ်ဆယ်ရေးနေရာမှာပဲ စောင့်ရှောက်ထားပြီး ကျန်တဲ့ အယောက်၂၀ ကိုတော့  ဆက်လက် ရှာဖွေနေရဆဲ ဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်မှုမှာ  စုစုပေါင်း သင်္ဘောသား ၆၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး               ရုပ်အလောင်း ၅၆ လောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ သင်္ဘောဟာ အာမခံထားခြင်းမရှိဘူးလို့ သိရပါတယ်။

သဘောင်္နစ်မြုပ်မှုဟာ တန်ပိုတင်ဆောင်ထားခြင်းကြောင့် မဟုတ်ဘဲ လူရဲ့အမှားကြောင့် နစ်မြုပ်သွားခြင်းဖြစ်နိုင်ကြောင်း သိရပါတယ်။

နစ်မြုပ်မှုအတွင်း ရေယာဉ်မှူးနဲ့ ဒုရေယာဉ်မှူးတို့လည်း သေဆုံးသွားပြီး
သင်္ဘောနစ်မြုပ်ရာနေရာမှာ ရုရှားနိုင်ငံ ကယ်ဆယ်ရေးလုပ်သား ၁၆၀၀ လောက်က  ရေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့  ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း သိရပါတယ်။

ရုရှားဝန်ကြီးချုပ် မက်ဗီဒက်နဲ့ ရုရှားအစိုးရကတော့ သင်္ဘောနစ်မြုပ်ခြင်း ဖြစ်ရပ်ဆိုးကြီးကို ဝမ်းနည်းမိကြောင်းဖော်ပြတဲ့အနေနဲ့ (၁) မိနစ် ငြိမ်သက် ခဲ့ကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

သယံဇာတ ပလန်သာပြ

 

 

ဧပြီ ၃ ။

မြန်မာပြည် မြောက်ပိုင်း ၊ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်       ကျောက်စိမ်း ထုတ်ဖော်/တင်ပို့မှု ကျဆင်းသွားခဲ့ရကြောင်း အစိုးရဘက်ကပြောဆိုလိုက်ပါတယ်။

၂၀၁၄ – ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာနိုင်ငံ ရဲ့ ကျောက်စိမ်းတင်ပို့မှု တန်ဖိုးဟာ US ဒေါ်လာ သန်း(၁)ထောင်ကျော်သာ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကထက် ဒေါ်လာ ၁၆၇ သန်း လျော့နည်းသွားကြောင်း သိရပါတယ်။

အခုလိုလျော့နည်းသွားရခြင်းဟာ ကချင်ပြည်နယ်တွင်းက စစ်ပွဲတွေကြောင့် ကျောက်စိမ်းတွင်းလုပ်ငန်းတွေ ထိခိုက်ခြင်းအပြင်၊  . ငွေလဲနှုန်းကျဆင်းသွားခဲ့တာနဲ့လည်း သက်ဆိုင်ကြောင်း မြန်မာ့ကျောက် မျက်လုပ်ငန်းအသင်းက ဆိုပါတယ်။

မြန်မာ့ကျောက်စိမ်းကို တရုတ်၊ ဟောင်ကောင်နဲ့ အိန္ဒိယနိုင်ငံတွေက အဓိကဝယ်ယူနေကြတာဖြစ်ပြီး ကချင်ပြည်နယ်မှာ KIA နဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည်အရှိန်မြင့်လာခဲ့ပြီးနောက်ပိုင်းမှာ တရားဝင်ကျောက်စိမ်းအရောင်းပမာဏတွေ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။                       တရုတ်ပြည်တွင်းကို မှောင်ခိုထုတ်တဲ့ပမာဏကတော့ အရင်ကထက် ပိုမို မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.တောင်းပန်ပါတယ်…လေးလှတယ်

 

ဧပြီ ၃ ။

တရုတ်ပြည် နယ်စပ်မှာ မြန်မာပြည်တွင်းက တိုက်ပွဲတွေကြောင့် နယ်မြေကျော်ပြီး ဗုံးထိမှန် သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား ၅ ဦး အရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို မြန်မာအစိုးရက     တရားဝင် တောင်းပန်လိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့ ပေကျင်းမှာ တွေ့ဆုံစဉ် တောင်းပန်ခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်းစစ် ဗုံးတွေကြောင့် အခုလို တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တာဖြစ်ကြောင်း ၀န်ခံသွားပြီလို့ china.org သတင်းမှာ ရေးသားထားပါတယ်။

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ သေဆုံးသွားခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ မိသားစုတွေအတွက် မြန်မာအစိုးရနဲ့ တပ်မတော်ကိုယ်စား ၀မ်းနည်းကြောင်း တောင်းပန်ကြောင်းခဲ့တဲ့အပြင် လျော်ကြေးပေးဖို့ကိစ္စလည်း တရုတ်အာဏာပိုင်တွေနဲ့ ဆွေးနွေးဦးမယ်လို့ သိရပါတယ်။

ဗုံးဒဏ် ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့တဲ့ တရုတ်နိုင်ငံသားတွေအရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူသွားဖို့ ရှိပြီး နောင်အခါမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် ထိန်းသိမ်းမယ်လို့ ကတိပြုသွားကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာအစိုးရစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ဒုက္ခသည်တွေ ထွက်ပြေးနေရပြီး နယ်စပ်ဒေသ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေကိုလည်း နှစ်နိုင်ငံ အတူလက်တွဲပြီး ဖြေရှင်းသွားမယ်လို့ တရုတ်-မြန်မာ နိုင်ငံခြားရေး ၀န်ကြီးတွေ သဘောတူညီခဲ့ကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကတိတည်ပါစေ…

 

ဧပြီ ၃ ။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး အငြင်းပွါးစရာ ပြဿနာတွေ ဖြစ်ခဲ့တဲ့အတွက် အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကြိုတင်မဲပြဿနာများမဲ့ အခြားမသမာမှုတွေ မဖြစ်ပေါ်စေဖို့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ် မှာပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ၊ သတင်းမီဒီယာများ တွေ့ဆုံပွအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ထုတ်ဖော်ကြေညာလိုက်တာ ဖြစ်ပါတယ်။

၂ဝ၁၅ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကို သတ်မှတ်တဲ့ရက်မှာသာ မဲယူခိုင်းခြင်း ၊ မဲယူပြီးတဲ့အခါ မဲရုံမှာကြိုတင်မဲ ဘယ်သူ့ကို ဘယ်နှစ်စောင်ပေးထားကြောင်း ကြေညာစာ ကပ်ပေးခြင်းများ ပြုလုပ်မယ့်အပြင် ရွေးကောက်ပွဲအား လေ့လာတဲ့သူတွေကို လက်ခံထားပြီး             ကြိုတင် မဲပေးတဲ့နေရာထိ လိုက်ကြည့်ချင်တယ်ဆိုရင်တောင် ခွင့်ပြုမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ရွေးကောက်ပွဲအတွင်း ၀င်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ (၇၁) ခု လာရောက် လျှောက်ထားပြီး၊ နောက်ထပ် လျှောက်ထားမယ့် ပါတီတွေရှိသေးကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဘုန်းဘုန်းပဲ ဆိုးသလား… စိုးစိုးပဲ ဘုန်းသလား

 

ဧပြီလ ၂ / ၃ ။

မှော်ဘီမြို့နယ်မှာ သီတင်းသုံးနေထိုင်နေတဲ့ ရွှေည၀ါဆရာတော်ကို  နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က အချိန်ကာလ အကန့်အသတ်မရှိ တရားဟောခွင့် ပိတ်ပင် လိုက်ပါတယ်။

ရွှေညဝါဆရာတော်ကို တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းကို US အခြေစိုက် Freedom House အဖွဲ့ကြီးက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

Freedom House အဖွဲ့ကြီးဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို လူသိရှင်ကြား အသရေဖျက် ပြောဆိုခဲ့တဲ့ အရှင်ဝီရသူကိုတော့ အရေးယူ ပိတ်ပင်တာမျိုး မလုပ်ပဲ အစိုးရကို ဝေဖန်ပြောဆိုခဲ့တဲ့ ရွှေည၀ါဆရာတော်ကိုသာ အရေးယူခဲ့ကြောင်းကိုလည်း နှိုင်းယှဉ်ပြလိုက်ပါတယ်။

ကမ္ဘာတ၀ှမ်းမှ လွတ်လပ်မှုဆိုင်ရာများကို စောင့်ကြည့်လေ့လာနေတဲ့ Freedom House အဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်အရ ရွှေည၀ါဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရတဲ့ဖြစ်ရပ်ဟာ             မြန်မာအစိုးရဟာ အစိုးရကို ဝေဖန်ပြောဆိုတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူနေပြီဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့အနေနဲ့ ရွှေညဝါဆရာတော်ကို                     တရားဟောခွင့် ပိတ်ပင်ရတဲ့ အကြောင်းအရင်းတွေဟာ ခိုင်လှုံမှု မရှိတဲ့အပြင် ဥပဒေအရကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း ရွှေညဝါဆရာတော်က ဆိုပါတယ်။

မြန်မာပြည်တွင်းမှာ အစိုးရကို ဝေဖန်တဲ့အတွက် တရားဟောခွင့်ပိတ်ပင်ခံရခြင်းဖြစ်ရပ်မျိုး ဒယ်အိုးဆရာတော်လို့ သိကြတဲ့ ဆရာတော် ဥူးသုမင်္ဂလလည်း ကြုံခဲ့ရဖူးပါတယ်။

အချိန်ကာလ အကန့်အသတ်မရှိ တရား မဟောရတော့ဘူးလို့ ပိတ်ပင်ထားပေမဲ့ တရားနာလိုတဲ့ ပရိသတ်ရှိရင် ဘယ်သူ့ဆီကမှ ခွင့်ပြုမိန့် မတောင်းခံပဲ ဆက်လက်တရားဟောသွားမှာဖြစ်ကြောင်း ရွှေည၀ါဆရာတော်က သတင်းစာရှင်းလင်း မိန့်ကြားလိုက်ပါတယ်။

ဒါ့အပြင် တရားဟောခွင့်ကို လာရောက်ပိတ်ပင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ အရ ပြန်လည်တရားစွဲဆိုနိုင်ကြောင်း ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

လာမယ့် ဧပြီ ၁၂ ရက်နေ့မှာ ရွှေပြည်သာမြို့နယ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ တရားပွဲကိုလည်း တားမြစ်ထားတဲ့ကြားက သွားရောက်ဟောပြောသွားမယ်လို့ သိရပါတယ်။

မှော်ဘီမြို့နယ်အတွင်းက ရွှေညဝါကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်နေတဲ့  ရွှေည၀ါဆရာတော်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး    လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလေ့ရှိတဲ့ သံဃာတော်အဖြစ် Freedom House အဖွဲ့ကြီးက မှတ်တမ်းတင်ပြီး ထည့်သွင်းပြောဆိုထားပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗမာပြည်နဲ့ မဆိုင်တဲ့ သတင်းတွေ

 

US ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဖရီးမောင့်မြို့ရှိ ၊ မေတ္တာနန္ဒဝိဟာရ ကျောင်းတိုက်မှာ သင်္ကြန်ပွဲတော်နဲ့ နိဗ္ဗာန်ဈေးပွဲတော်ကြီး ကျင်းပမယ်လို့ သိရပါတယ်။

ကျောက်တိုက် တည်ရှိရာနေရာကတော့ Newark Pavilion, 6430 Thornton Avenue, Newark, CA 94560 ဖြစ်ပြီး ပွဲတော် ကျင်းပမယ့်အချိန်ကတော့ ဧပြီလ ၁၂ ရက်၊ တနင်္ဂနွေနေ့မနက် ၉ နာရီခွဲမှာ စတင်မှာ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေ မြန်မာမိသားစုများ ကြွရောက်အားပေးကြဖို့ ဖိတ်ခေါ်ထားပြီး အသေးစိတ် သိရှိလိုသူများအနေနဲ့ မြန်မာ-အမေရိကန် ဗုဒ္ဓဘာသာအသင်း ဖုံး – (၅၁၀) ၇၉၅ ၀၄ ၀၅ ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ နယူးယောက်မြို့ ၊ IS-5, Jacobus Street, Elmhurst NY 11373 မှာလည်း ၂၀၁၅ အတာသင်္ကြန်ပွဲတော်နဲ့ နိဗ္ဗာန်ဈေးပွဲတော် ၊သက်ကြီးပူဇော်ပွဲကို အဆိုအကများနဲ့ ကျင်းပမယ်လို့ သိရပါတယ် ။

ပွဲတော်ကျင်းပမယ့်နေ့ကတော့ ဧပြီလ ၁၂ ရက် ၊ တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပမှာဖြစ်ပြီး ပျော်ရွှင်စွာ ပါဝင်နိုင်ပါကြောင်း မြန်မာအပေါင်းကို ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ် သိရှိလိုသူများ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၇၁၈ ၆၃ ၉၃ ၈၃၄ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဂျော်ဂျီယာပြည်နယ် ၊Atlanta မြို့ ၊ Milan Park မှာ မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်နဲ့ နိဗာန်ဈေးပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

ပွဲတော်ကျင်းပမှာကတော့ ဧပြီလ ၊ ၁၉ ရက် ၊ မနက် ၁၁ နာရီကနေ စတင် ကျင်းပမှာဖြစ်ပြီး နေရာကတော့ 3867 Norman Rd., Clarkston, GA 30021 ဖြစ်ပါတယ်။

မြန်မာမိတ်ဆွေများ စုပေါင်းပါဝင်ဆင်နွှဲစေလိုကြောင်း ဖိတ်ခေါ်ထားပါတယ်။ အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း – (၆၇၈) ၈၈၆- ၁၈၄၀ နဲ့ (၄၀၄) ၇၂၉-၆၉၉၂ ကို ဆက်သွယ်နိုင်ကြောင်း ကြားသိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ကယ်လီဖိုးနီးယားရှိ ဓမ္မအေးရိပ်ကျောင်းတိုက်အတွင်းမှာလည်း မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျင်းပမယ်လို့ သိရှိရပါတယ်။

ပွဲတော်ကျင်းကို ဧပြီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး တည်နေရာကတော့ Dhamma Aye Yeik Monastery, 2832, International Blvd, Oakland CA 94606 ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နယူးယောက်မြို့မှာ မြန်မာဇာတ်သဘင် မင်းသားကြီး အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ သားအငယ်ဆုံး ချမ်းသာ ဦးစီးတဲ့ရွှေမန်းဇာတ်သဘင်အဖွဲ့ဟာ ညပွဲနှစ်ပွဲနဲ့ နေ့ပွဲတစ်ပွဲ ကပြဖျော်ဖြေမယ်လို့ သိရပါတယ်။

ဧပြီ ၁၀ ရက်မှ ၁၂ ရက်အထိ Asia Society Museum, 725 Park Avenue, New York, NY 10021 +212-288-6400 မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဆက်သွယ်လိုသူများအနေနဲ့ ဖုန်း 212-517-2742 ကို မေးမြန်းစုံစမ်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာဘာသာစကားနဲ့ ရှင်းလင်းပြောကြားမယ့် အလုပ်အကိုင်ဆိုင်ရာ မိတ်ဆက်ပွဲကို အင်ဒီယာနာပြည်နယ်၊ ပါဒူတက္ကသိုလ် ဖို့တ်ဝိန်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဧပြီ ၁၁ ရက်၊ စနေနေ့ နေ့လယ် ၁၁ နာရီမှ ၁၂း၃၀ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပြောင်းရွှေ့နေထိုင်သူများ အလုပ်အကိုင် အဆင်ပြေအောင် အလုပ်ရှင်ကုမ္ပဏီများနဲ့ မိတ်ဆက်စီစဉ်ပေးခြင်းအနေနဲ့ ဒါဟာ ယခုပထမဆုံးအကြိမ် ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။

အင်ဒီယာနာပြည်နယ်၊ ဖို့တ်ဝိန်းမြို့ Indiana University –Purdue University Fort Wayne (Neff Hall),2101 E Coliseum Blvd,Fort Wayne, IN 46805 ပထမအကြိမ် မြန်မာ အလုပ်မိတ်ဆက်ပွဲကို လူမျိုး၊ ဘာသာမရွေး တက်ရောက်နိုင်ပါတယ်။

အသေးစိတ် သိရှိလိုသူများ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ Phone:(260) 481-6100 ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013