ကျယ်ပြန့်သော လွင်ပြင်ကြီး၏ အဆုံးမှာ ဖွေးဖွေးလှုပ်နေသော ရေများကို မျက်စိတစ်ဆုံး မြင်နေရချေသည်။ ရေများပတ်လည်ဝိုင်းနေသည့် အလယ်တစ်နေရာတွင် ထုံးစေတီဖွေးဖွေးကို ကြည်ညိုဖွယ်မြင်တွေ့နေရပြန်၏။ ဤနယ်မြေကား စိုင်းခွန်ဖ အုပ်ချုပ်မင်းလုပ်ရာနယ်မြေ …. ဒီနယ်မြေကို ကျူးကျော်ဝင်ရောက်လာသည့် တာတာလူမျိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် စစ်မြေပြင် ………………………..
စစ်မြေပြင်တစ်ခုလုံး သွေးညှီနံ့တို့ဖြင့်လွှမ်းမိုးနေ၏ ……ရွက်ဖျင်တဲလေးများမှာလည်း အစီအရီ ရွက်ဖျင်တဲငယ်တိုင်းတွင် ကျားဖြူခေါင်းအမှတ်အသားပါ အလံများမှာ လေညှင်းနှင့်အတူတူ တလွှင့်လွှင့် …. ရွက်ဖျင်တဲများနှင့် မနီမဝေးတွင် တိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် စစ်သည်ရဲမက်များကို မြှုပ်နှံထားဟန်ရှိသည့် မြေပုံများကား ညီညီညာညာ ….. ရွက်ဖျင်တဲများအတွင်းမှ ဒဏ်ရာရ ရဲမက်တို့၏ ညာဉ်းညူသံများ …. ရွက်ဖျင်တဲအပြင်ဘက်များတွင် တိုက်ပွဲဝင်ခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျပြီး အနားယူနေကြသူများ… သူတို့အားလုံး၏ မျက်နှာများပေါ်တွင်ကား အောင်နိုင်ခြင်း၏ အရသာကို ခံစားနေရသည့် အရိပ်အယောင်များကား အထင်အရှား …………..
“ကဲ …. ညီတော်….နောင်တော်ရဲ့ ကတိစကားအတိုင်း ကျူးကော်ရန်စလာတဲ့ ရန်သူတွေကို တိုက်ခိုက်အောင်မြင်ခဲ့ပြီးပြီ…. အခုဆိုရင် ကျူးကျော်သူတွေလည်း ဆုတ်ခွာသွားခဲ့ကြပြီမို့ နောင်တော်လည်း နေရပ်ကို ပြန်တော့မယ်…. ဒီလောက်ဆို ညီတော်လည်း သွေးသားရင်းချာတွေထက် ဘယ်သူစိမ်းကမှ ကိုယ့်အပေါ် မကောင်းလှဘူးဆိုတာ သိလောက်ပါပြီ… နောင်တော်ဟာဖြင့် သေရည်သောက်ကျူးတာတော့ မှန်ပါရဲ့ … ဒါကိုလည်း နောင်တော်ဝန်ခံပါတယ်…. သို့သော် နောင်တော်သေရည်မူးပြီး အမှားကျူးလွန်လုပ်ကိုင်တာမျိုး ညီတော်မတွေ့ဘူးဘူး မဟုတ်လား … အခုဆိုရင် ညီတော်လည်း ကိုယ်ပိုင်နယ်မြေပေါ် ကိုယ့်ထီးကိုယ်နန်းနဲ့ အုပ်ချုပ် နောင်တော်ကလည်း ဖမည်းတော်တို့ ထားသွားခဲ့တဲ့ နယ်မြေလေးမှာ နေထိုင်ပြီး အများပြည်သူ ကောင်းရာကောင်းကျိုးတွေကို လုပ်ဆောင်ပေးနေပါတယ်။ ဒီတော့ ညီတော် နောင်တော်ဆီလာမယ်ဆိုရင် ဖခမည်းတော်တို့ရဲ့ မျက်နှာကို ငဲ့ညှာထောက်ထားသောအားဖြင့် ဘာအလံမှ ထောင်မလာပါနဲ့ … ဖခမည်းတော်ဟာ ညီတော်သိတဲ့အတိုင်း စစ်ပွဲတွေကို အောင်နိုင်ခဲ့ပေမယ့် ဘာအလံအမှတ်အသားကိုမှ လွှင့်ထူပြီး အောင်ပွဲမဆင်ခဲ့ဘူး။ ထိုနည်းတူစွာ အစ်ကိုတော်လည်း ဘာအလံလွှင့်ထူခြင်းကိုမှ နှစ်ခြိုက်တော်မမူဘူး …. ဒီတော့ ညီတော် နောင်တော်ဆီလာရင် ဘာအလံမှ မလွှင့်ထူလာပါနဲ့ …. ဒါကတော့ အစ်ကိုတော်တောင်းဆိုလိုတဲ့ အချက်ပါ … ကဲ … ညီတော် နောင်တော်လည်း အချိန်မနှောင်းခင် ခရီးနှင်ရတော့မှာမို့ နှုတ်ဆက်ပါတယ်……”
တရွေ့ရွေ့ထွက်ခွာသွားသော နောင်တော် စိုင်းခွန်လှဦးစီးသည့် တပ်ဖွဲ့ကြီးကို ငေးရင်း စိုင်းခွန်ဖမျက်လုံးအိမ်ထဲတွင် မျက်ရည်များ ဝေသီလျှက် ……….။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ပထမကမ္ဘာစစ်မီးကြီးသည် မြန်မာနိုင်ငံသို့လည်း ကူးစက်လာရာ … မြန်မာနိုင်ငံကို အုပ်စိုးနေသည့် ဗြိတိသျှလူမျိုးတို့ စစ်ရှုံးနိမ့်ကာ မြန်မာပြည်မြောက်ပိုင်းမှ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာလာသည့် တပ်ဖွဲ့များအနက် ဗိုလ်မှူး အာသာ ဦးစီးသည့် ဗြိတိသျှတပ်ရင်းတစ်ရင်းသည် တောင်တန်းများ ပတ်လည်ဝိုင်းနေပြီး ဝင်ပေါက်တစ်ခုတည်းသာရှိသည့် ချိုင့်ဝှမ်းလွင်ပြင်၏ ထန်းပင်သုံးပင် ဖိုခနောက်ဆိုင်ပေါက်နေသည့် တောင်ကုန်းလေးတစ်ခုပေါ်တွင် စခန်းချရပ်နား တပ်စွဲထားပြီး တောင်ကုန်း၏အလယ်တွင် ယူနီယံဂျက်အလံကို လွှင့်ထူထားသည်။ တောင်ကုန်းလေး၏ ခြေရင်းတွင်ရှိနေသည့် အိမ်ခြေစုစုဆီမှ ရွာသူ/သားအချို့ကား မျက်စိမျက်နှာပျက်နေကြ၏။ သူတို့မျက်နှာပေါ်တွင် မကောင်းသည့်အရာ တစ်စုံတစ်ခုဖြစ်တော့မည်ကို ကြိုသိနေသည့် အရိပ်အယောင်များနှင့် ….. ရွာသူ/သားများထဲမှ ယောင်တစ်စောင်းထုံးထားပြီး အပေါ်ပိုင်းဗလာကျင်း ပုဆိုးကိုတိုတိုဝတ်ဆင်ထားသည့် လူကြီးတစ်ဦးကတော့ “ဒီမျက်နှာဖြူတပ်တော့ ဒုက္ခတွေ့ပြီး အသေဆိုးနဲ့ သေကြရတော့မယ်…… ငါတို့ရဲ့ အရှင်ကြီးက ဒီနယ်မြေမှာ ဘယ်လိုအလံမျိုးမှ လွှင့်ထူတာ ကြိုက်တာမဟုတ်ဘူး…. ဒီမျက်နှာဖြူတွေကလည်း ငါတို့စကားနားမလည် …. ငါတို့ကလည်း သူတို့ စကားနားမလည်နဲ့ ခက်တော့တာပါပဲကွယ်….”ဟု ညာဉ်းညူပြောဆိုနေတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲတိတ်ဆိတ်နေ၏။ မြောက်အရပ်မှ စူးစူးဝါးဝါးထိုးအော်လိုက်သည့် ညာဥ့်ငှက်တစ်ကောင်၏ အသံသည် တိတ်ဆိတ်မှုကို ဖြိုခွဲပစ်လိုက်သည်။ဘာမှမကြာလိုက်သည့် အချိန်အတွင်းမှာပင် တောင်ကုန်းလေးဆီမှ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး …. သေနတ်သံများ ဆူညံစွာထွက်ပေါ်လာကုန်တော့သည်။
@@@@@@@@@@@@@@
နံနက်ခင်းသည် ကြည်ကြည်လင်လင်……… ညက ဆူဆူညံညံ ပေါက်ကွဲသံများ ပစ်ခတ်သံများ ဘာဆိုဘာမျှ ဖြစ်ပွားခဲ့ဟန်မရှိသလိုပင် …. သို့သော် … တောင်ကုန်းလေးပေါ်မှာ လွှင့်ထူထားသည့် ယူနီယံဂျက်အလံကိုကား မမြင်တွေ့ရတော့ …ထိုတောင်ကုန်းလေးပေါ်တွင် နေရာယူထားကြသည်မှာ မြန်မာ့လွတ်လပ်ရေး တပ်မတော်မှ တပ်မတော်သားများ………………………..
“ကဲ ……. ဒါကြောင့်ပြောပါတယ်…… ငါတို့နယ်မြေမှာ ဘာအလံလွှင့်ထူတာကိုမှ အရှင်ကြီးကမကြိုက်ဘူး အခုလာပြီး အလံလွှင့်ထူတဲ့ မျက်နှာဖြူစစ်တပ်က စစ်ဗိုလ်ကြီး ညကတိုက်ပွဲမှာ ကျသွားတယ်တဲ့ …. ဒါဟာ အရှင်ကြီးက အလံလွှင့်ထူတာကို မကြိုက်လို့ အပြစ်ပေးလိုက်တာပဲ …..”
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။