အရှေ့အနောက်တောင်မြောက် တောင်တန်းများ ဝန်းရံထားသည့် ချိုင့်ဝှမ်းလွင်ပြင်လေးကို ချောင်းငယ်လေးတစ်ခုကား ကွေ့ကာဝိုက်ကာ စီးဆင်းနေသည်။ ဒီနေရာလေးသည်ကား ပြည်နယ်နှင့်ပြည်မခွဲခြားထားသည့်နယ်စပ်ဒေသလေးတစ်ခု …. ဒီချောင်း ဒီလွင်ပြင်လေးကို အမှီပြုကာ ရှေးယခင်ကတည်းက တည်ရှိနေခဲ့သည့် အိမ်ခြေတစ်ရာခန့်ရှိသည့် ရွာကလေး ……. ရွာကလေး၏ အရှေ့ဘက်တွင် ထန်းပင်လေးများ ပေါက်ရောက်နေသည့် တောင်ကုန်းလေးတစ်ခုရှိပြီး ထိုတောင်ကုန်းလေးပေါ်တွင် စေတီငယ် ရှစ်ဆူဝန်းရံထားသည့် စေတီလေးတစ်ဆူကို ဖူးတွေ့ရသည်။ ရွာ၏အလယ်တောင်ကုန်းလေးတွင်ကား စေတီငယ် တစ်ဆူ၊ သိမ်ကျောင်းတစ်ခု၊ ရုပ်ပွားတော်ထားရှိရာ အဆောက်အဦးကား တောင်မြောက်တန်းပြီးနေရာယူလျှက်ရှိပြီး ယင်း၏နောက်တွင်ကား ဘုန်းတော်ကြီးကျောင်းကို တွေ့ရသည်။ ရွာလေးမှာ အခြားရွာလေးများနှင့် အလှမ်းဝေးပြီး တိတ်ဆိတ်အေးချမ်းသည်မို့ ရွာခံအများစုမှာ ရိုးသားကြသူ ရှေးရိုးစွဲအယူအဆရှိသူများ ဖြစ်ကြသည်။ ဘုန်းတော်ကြီးကျောင်းတွင်ကား ကျောင်းထိုင်ဆရာတော် ဦးတေဇနိယနှင့် ဦးဇင်း သောမန နှစ်ပါးရှိပြီး ကိုရင်ငယ်များ ဘုန်းကြီးကျောင်းသားများနှင့် ကျောင်းဝင်းအတွင်းတွင် သက်ဝင်လှုပ်ရှားနေတော့သည်။ ဦးဇင်းလေး သောမနမှာ ဤရွာခံ သံဃာမဟုတ်ပဲ တစ်နယ်တစ်ကျေးမှ ရောက်ရှိလာကာ ရွာကလေးတွင် ကလေးများကို စာများ သင်ကြားပေးရင်း သောင်တင်နေခြင်းပင် …. ဦးဇင်းလေးသည် ကလေးငယ်များအား လောကနီတိ၊ ၃၈ ဖြာမင်္ဂလာ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်မှ စပြီး အက္ခရာသင်္ချာများကိုလည်း သင်ကြားပေးနေသည်။
“ဦးဇင်းလေးတော့ ဘုန်းတော်ကြီးကျောင်းရဲ့ ထောင့်လေးထောင့်မှာ သာသနာ့အလံတွေ စိုက်ထူနေတယ်… ပြီးတော့ စေတီတော် ပတ်လည်ကိုလည်း သာသနာ့အလံလေးတွေနဲ့ ဆင်ထားတယ်…. ရွာစောင့် အရှင်ကြီးက အလံထူတာ မကြိုက်ပါဘူးဆိုတာ မသိတော့လည်း ခက်တော့တာ… တစ်ခုခုတော့ ဖြစ်တော့မှာပဲ ….. ဆရာတော်ကို သွားလျှောက်ထားပြန်ရင်လည်း မဖြစ်သေးဘူး။ တတ်နိုင်ပါဘူးလေ … ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မှတ်ရမှာပဲ….” ဟူသည့် စကားသည် ရွာသူ/သားများအကြား တီးတိုး တီးတိုး သဖန်းပိုးဆိုသလို ပြောဆိုနေကြသည်။
ထိုကဲ့သို့သော ရွာလေးအတွင်းမှာ စကားသံများထွက်လာပြီး သုံးရက်မြောက်နေ့တွင် ရွာထဲမှ ဗိန္ဓောဆရာကြီး ဦးသာရင်သည် ဆေးအိတ်ကို လွယ်လျှက် ဘုန်းတော်ကြီးကျောင်းဆီသို့ ခပ်သုတ်သုတ် သွားနေတာကိုမြင်ပြီး ရွာသူ/သားများ စိတ်ထဲတွင် တစ်ခုခုဖြစ်ပြီဟူသော သိလိုက်ကြချေတော့သည်။ ဦးဇင်းလေး သောမနမှာ ဦးခေါင်းအနောက်ဘက်လိမ်နေကာ အရှေ့ဘက်သို့ လှည့်မရဖြစ်နေကြောင်း ရောဂါအမည်ကို တပ်မရကြောင်း ကြားသိရကြရချေသည်။ ရိုးသားသည့် ရွာသူ/သားများ ရှေးရိုးစွဲကြသည့် ရွာသူ/သားများကတော့
“ဒါ..သေချာပြီ … အရှင်ကြီးက အလံထူတာ မကြိုက်လို့ ဖြစ်ရတာ ….. ရွာထိပ်က အရှင်ကြီးစင်မှာ ကြက်သား၊ ကြက်ဥပြုတ်တွေတင်ပြီး တောင်းပန်မှ ဦးဇင်းလေးရောဂါပျောက်မှာ…..”
@@@@@@@@@@@@@@@@@@@####
တောင်တန်းများ ပတ်လည်ဝန်းရံနေပြီး ကြည်လင်အေးမြသည့်ချောင်းကလေး ကွေ့ဝိုက်စီးဆင်းနေသည့် ချောင်းကလေးဘေးမှ ရွာလေးသည် ပြည်တွင်းမငြိမ်းမချမ်းဖြစ်သည့် ကာလများတွင် တောဘက်အဖွဲ့အစည်းမှ မကြာခဏလာရောက်ကာ ဆတ်ကြေးတောင်းခံခြင်း၊ အစိုးရတပ်များမှ ပေါ်တာဆွဲခြင်းများကြောင့် ရွာလေးမှာ နေထိုင်သူတွေ နီးစပ်ရာရွာများသို့ ပြောင်းရွေ့နေထိုင်ကြရတော့သည်။ တောဘက်မှ ရွာလေးအား မီးတင်ရှို့ရာ ဘုန်းတော်းကြီးကျောင်းဝင်းအတွင်း သိမ်ကျောင်းငယ်လေးတစ်ခုသာ မီးမလောင်ပဲ ကျန်ရစ်ခဲ့လေသည်။
ပြည်တွင်းငြိမ်းချမ်းစပြုချိန်တွင် ရွာခံအများစုက ရွာကလေးသို့ ပြန်မလာတော့ချေ။ အနည်းငယ်သာ ပြန်လာနေထိုင်ကြတော့၏။ ရွာလေးမှာ အိမ်ခြေစုစုပေါင်းကား ၃၀ ပင်မစေ့….။ အိမ်ခြေနည်းသဖြင့် ပတ်ဝန်းကျင်ကျေးရွာများနှင့် ဆရာတော်များမှ စုကာပေါင်းကာ ကြိုးပမ်းပြီး ရွာကလေးမှာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတို့ကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ကြိုးပမ်းပေးကြ၏။ ယခုဆိုလျှင် ရွာထိပ်တွင် မူလတန်းကျောင်းလေးက ခန့်ခန့်ညားညား သို့သော် အလံတိုင်ကား စိုက်ထူထားခြင်းမရှိ …..။ ထို့ပြင် ရွာအလယ် ကုန်းမို့မို့လေးပေါ်တွင် ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်ပြီးစီးသွားခဲ့ပေပြီ…….. ထိုဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲကို စည်စည်ကားကားကျင်းပနိုင်ရန် ရွာခံများနှင့် ဘုန်းတော်ကြီးကျောင်း တည်ဆောက်ပြီးစီးအောင် ကူညီပံ့ပိုးပေးခဲ့ကြသည့် ဆရာတော်များမှ ကြိုးစားခဲ့ကြသည်။ ဤရွာလေးသို့ လာရောက်ကြမည့် ဧည့်သည်များအတွက် လမ်းကောင်းမွန်စေရန် လမ်းကိုပြင်သင့်သည့်နေရာ ပြင်ကြသလို အသစ်ဖောက်သင့်သည့်နေရာကို အသစ်ဖောက်လုပ်ကြသည်။ ဒါမှသာ ရွာလေးကို လာကြမည့်သူများ သက်သက်သာသာနှင့် ရောက်နိုင်ကြမည် မဟုတ်လား။ ရွာကလေးသို့ ရောက်ရန်မှာ ချောင်းအတန်တန်ကူး တောင်ကုန်းလေးများကို တစ်ခုပြီး တစ်ခုဖြတ်ရသည်မို့ မော်တော်ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်သမားတို့မှာ သတိထားပြီး မောင်းနှင်ရပေသည်။ သတိတစ်ချက်လွှတ်လျှင် တိမ်းမှောက်သွားနိုင်သည့် အနေအထားရှိသည့် အတက်အဆင်းနေရာများလည်း ရှိနေသည် မဟုတ်လား။
၂၀၁၅ ခုနှစ် မတ်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် တောင်တန်းများ ပတ်လည်ဝိုင်းနေပြီး ကြည်လင်အေးမြသည့် ရေများ တသွင်သွင် စီးဆင်းနေသော ချောင်းငယ်လေးက ကွေ့ကာဝိုက်ကာ စီးဆင်းနေသော ရွာလေး၏ ဘုန်းတော်ကြီးကျောင်းဆီမှ ဓာတ်စက်သံကို ကြားနေရသည်။ ရွာအလယ် ကုန်းမြင့်လေးပေါ်တွင်မူကား ဆောက်လုပ်ပြီးစီးသွားသည့် ဘုန်းတော်ကြီးကျောင်းအသစ်စက်စက်လေးက တောက်တောက်ပပ …. ဘုန်းတော်ကြီးကျောင်း အဝင်ဝ ကုန်းမြင့်လေး၏ အောက်ခြေမှာတော့ ဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲသို့ လာရောက်ကြမည့် ဧည့်သည်များကို ကျွေးမွေးဧည့်ခံနေသည့် ထမင်းရုံ….. ထမင်းနှင့် ဟင်းများကို အရှည်လိုက်စီမံထားသည် ခုံတန်းရှည်ကြီးပေါ်တွင် ပြင်ဆင်ထားသည်။ တစ်ရွာလုံးရှိ အပျို လူပျို အအိုပါမကျန် အားလုံး အလုပ်ရှုပ်နေကြတော့သည်။ မျှစ်ချဉ်နှင့် ဝက်သားရောချက်ထားသည့် ဟင်း၊ အုန်းအူ ကြိမ်ဖူးဟင်းချို၊ ငရုတ်သီးကြော်တို့ဖြင့် လာသမျှ ဧည့်သည်များကို ကျွေးမွေးဧည့်ခံနေပေသည်။ ထို့နေ့ နံနက် ၁၁ နာရီခန့်တွင် ရွာလေး၏ ဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲသို့ လာရောက်သည့် ဧည့်သည်များလိုက်ပါလာသော မော်တော်ကားရွာလေးသို့ ရောက်ခါနီးတွင် တိမ်းမှောက်မှုဖြစ်ပြီး ဒဏ်ရာရကြ၏။
“ဒါကြောင့်ပြောတာ အလံထူတာကို အရှင်ကြီးက မကြိုက်ပါဘူးဆို… ဒါတောင် အလံတိုင်ကို ထူထူပြီးခြင်း ပြန်ဖြုတ်ချတာ…. အရှင်ကြီးစင်မှာ အလံထူခွင့်သွားတောင်းဖို့ ကြက်ဥပြုတ်တာ ပေါက်ကွဲကုန်တယ်… အရှင်ကြီးကို ပူဇော်ထားတဲ့ ကြက်ခေါင်းမှာလည်း ကန့်လန့်ဖြတ်သွေးစီးကြောင်း ပေါ်နေတာ… အရှင်ကြီး ခွင့်မပြုပဲ …. အလံထူတော့ ဖြစ်တော့တာပေါ့။ တော်သေးတယ် … ဒဏ်ရာရရုံပဲရလို့ … ကားမှောက်တယ်ဆိုတာ လူသေနိုင်တဲ့ ဖြစ်ရပ် အရှင်ကြီးက ဒဏ်ရာ ရရုံလောက်ပဲလုပ်လို့ တော်သေးတာပေါ့..”
ခက်တော့ ခက်ချေပြီ…..။ ရှေးရိုးစွဲလွန်း ရိုးသားလွန်းသူတွေကို နားလည်အောင် မည်သို့ ရှင်းပြရမည် မသိတော့ပေ….။ ယခုဒီရွာလေးသို့ လာသည့်လမ်းသည် သတိထားမောင်းနှင်ရသလို ကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်တတ်မှသာ လာသင့်မောင်းသင့်သည့်လမ်း …. ဒီလိုလမ်းမျိုးမှာ တိမ်းမှောက်သွားသည့် မော်တော်ကားလေးကို မောင်းနှင်လာသူက မနေ့တစ်နေ့ကမှ ကားမောင်းတတ်ပြီး တက်မောင်းနေသူ … ဘယ်အချိန်မှာ ဘယ်ဂီယာကိုထိုးရမည်…. ဘယ်အရှိန်နှင့် ဘယ်လိုအတက်ကို တက်ရမည်ဆိုတာ နားမှလည်ပါလေစ။ ထို့ပြင် ဒီလမ်းဒီခရီးကို မောင်းနှင်ဖူးခြင်းမရှိပဲ မော်တော်ကားနှင့် လေယာဉ်ပျံမှားရလောက်သည့် အရှိန်ဖြင့် မောင်းနှင်လာခြင်းကြောင့် တိမ်းမှောက်မှု ဖြစ်ပွားတာရော မဟုတ်လောက်ပေဘူးလား။ နောက်တစ်ခုက ရွာသူရွာသားများ ပြောနေကြ ယုံကြည်နေကြသည့် အရှင်ကြီးကား အလံထူသည်ကို မကြိုက်ဟုဆိုလျှင် အလံထူသည့်သူကိုပဲ ပြုစားပေါ့ … အဘယ်အတွက် မဆိုင်သည့် သူများကို ပြုစားလေသနည်း။ ကောင်းသောအလုပ်ကိုလုပ်ရန်အတွက် အလံထူခြင်းကို အဘယ်အတွက် မကြိုက်လေရသနည်း။ အကယ်၍ သူတို့ ယုံကြည်နေသည့် အရှင်ကြီးမှာ နတ်ကောင်း နတ်မြတ်ဆိုလျှင် လူသားတို့ ဒုက္ခရောက် ဘေးတွေ့စေမည့် ကိစ္စများကို ဒုက္ခမရောက်အောင် ဘေးမတွေ့အောင် တားဆီးပေးရမည် မဟုတ်လား။ ယခုတော့ အရှင်ကြီးက မကြိုက်လို့ လုပ်ချလိုက်တာနှင့် ကားတွေမှောက်ရလေရောလား ……။ ဒီလို ထင်ရာမြင်ရာ စွတ်ပြောနေကြ စွတ်ယုံကြည်နေကြသဖြင့် ရွာစောင့်နတ် အရှင်ကြီးတွေလည်း နာမည်ပျက်တာ များလှချေပြီ…….။ သူတို့ ရှိခြင်း မရှိခြင်း စွမ်းဆောင်နိုင်ခြင်း မစွမ်းဆောင်နိုင်ခြင်းကို အသာထား…… နတ်တစ်ပါးဖြစ်ဖို့ရန်မှာ လူ့ပြည်လောကတွင် စိတ်ကောင်းမွေးပြီး ကုသိုလ်ဒါနပြု သီလဆောက်တည်သောသူများသာ နတ်ဖြစ်ကြသည်ဟု ကြားဘူးသည်မို့ စိတ်ကောင်းမွေးပြီး ကုသိုလ်ဒါနပြု သီလဆောက်တည်ပြီး နတ်ဖြစ်သူများသည် အဘယ်မှာ လူတွေကို ဒုက္ခရောက်အောင် လုပ်ပါလိမ့်မည်နည်း…… ကျနော်တို့တွေ ဦးနှောက်နှင့်တွေးတောစဉ်းစား ဆင်ခြင်ပြီး ယုံကြည်သင့်မှာ ယုံကြည်ရပေမည်။

@@@@@@@#@#@@@@@@@@@@@@@@@
ယခု ကျနော် ရေးသားခဲ့သော ရှေးရိုးစွဲ အယူအဆများနှင့် အလံထူခွင့် မရသည့် ရွာကလေးမှာ . .

၂၀၁၂ ခုနှစ် စာသင်ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဇူလိုင်လ မိုးဦးရာသီမှာ ကျနော်တို့အဖွဲ့ နားမကျိုင်းကျေးရွာ၊ ခေါင်တုံးစီရွာသစ်များသို့ စာရေးကိရိယာ အလှူခရီးရောက်တော့ ထိုကျေးရွာများမှ ရွာခံတွေက မူလခေါင်တုန့်စည်ရွာလေးသို့လည်း သွားရောက်လှူဒါန်းကြစေလိုကြောင်း မေတ္တာရပ်ခံကြတာကတစ်ကြောင်း ခရီးကလည်း မဝေးတော့ ဟု ပြောကြသည်က တစ်ကြောင်း လာလက်စနှင့် အခက်အခဲရှိနေသည့် ရွာလေးမှ ကလေးများကို စာရေးကိရိယာလှူလိုသည်ကတစ်ကြောင်း စသည့်အကြောင်းကြောင်းတို့ကြောင့် ကျနော်တို့အဖွဲ့ ထိုရွာလေးသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ မိုးဦးကောင်းသည်မို့ တစ်လမ်းလုံး ရွံ့တွေဗွက်တွေကြားမှာ ရုန်းကန်ရင်း အလဲလဲအကွဲကွဲဖြင့် ကျနော်တို့အဖွဲ့ ရွာလေးသို့ ရောက်ရှိခဲ့ကြသည်။ အရပ်လေးမျက်နှာလုံးတောင်တန်းများ ဝန်းရံထားပြီး ရွာလေးအား ကွေ့ကာဝိုက်ကာ စီးဆင်းနေသည့် ချောင်းလေးနှင့် စိမ်းစိမ်းစိုစိုဖြင့် သဘာဝအလှတရားများ ကျန်ရှိနေသေးသည့် ရွာလေးမို့ လမ်းတွင်ပင်ပန်းခဲ့သမျှ လန်းဆန်းသွားခဲ့ရသည်။ သို့သော် ရွာအဝင်ဝရှိ စာသင်ဆောင်လေးကို အပြီးမသတ်နိုင်သေးသည့်အတွက် စာသင်ကျောင်းကိုမူကား မဖွင့်နိုင်သေးကြောင်း သိရတော့ စိတ်မကောင်း ဖြစ်ရပြန်သည်။ တိုင်းပြည်မငြိမ်းချမ်းစဉ်ကာလက ရွာလုံးကျွတ်ပြောင်းရွေ့သွားခဲ့ရပြီး တိုင်းပြည်ငြိမ်သက်စပြုချိန်မှာ ရွာလေးသို့ ပြန်ပြီး အခြေချနေထိုင်လာသည့် အိမ်ခြေက နှစ်ဆယ်ကျော်မျှသာ …. ဒီအိမ်ခြေ ဒီရွာသူ/သားများ၏ အင်အားနှင့် စာသင်ဆောင်ကာ အဘယ်သို့ အပြီးသတ်နိုင်ပါအံ့နည်း။ နောက်တစ်ခုမှာ စာသင်ကျောင်းက ကိုယ်ထူကိုယ်ထစာသင်ကျောင်းလေးဖြစ်နေခြင်းပင်…. ကျနော်မြင်တွေ့ခဲ့ရသည့် အခြေအနေများကို စိတ်မကောင်းဖြစ်ပြီး ကျနော်စာရေးနေကျ mandalaygazette website တွင် ဓာတ်ပုံလေးများနှင့်အတူ စာရေးပြီးတင်မိတော့ ထို website တွင် စာရေးစာဖတ်ပြုလုပ်နေကြသူများက ဝိုင်းဝန်းပြီး လှူဒါန်းမှု ကျနော်တို့အဖွဲ့လေးမှလည်း တတ်နိုင်သမျှ လှူဒါန်းမှုများ၊ ကူးဆိပ်ကျေးရွာ ဆရာတော် ဦးကာလိန္ဒ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် ထိုနှစ်တွင်ပင် စာသင်ဆောင်လေး အပြီးသတ်နိုင်ခဲ့ပေသည်။ ထိုရွာလေးနှင့် ကျနော်၏ ရေစက်က ထိုအချိန်မှ စတင်ပြီး သန္ဓေတည်ခဲ့သည်။ ထိုကျောင်းလေးမှာလည်း ယခုအခါ အခြေခံပညာ မူလတန်းကျောင်းဖြစ်နေပြီး ကျနော်တို့အဖွဲ့လေးမှလည်း စာရေးကိရိယာ သွားရောက်လှူဒါန်းခဲ့သည်မှာ သုံးနှစ်ပင်ရှိခဲ့ပေပြီ…..။

ဒကာ….. မတ်လ ၁၁ ရက်နေ့ကို ခေါင်တုန့်စည် ဘုန်းတော်ကြီးကျောင်းသစ် ရေစက်ချပွဲလုပ်မှာ ဖြစ်နိုင်ရင် ဒကာတို့အဖွဲ့ လာစေချင်တယ်… လာဖြစ်အောင်လာခဲ့ပါ….” ကျနော့်အိမ်သို့ မရောက်ရောက်အောင်လာပြီး ဖိတ်စာပေးပို့ရင်း ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးခဲ့သည့် ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်မှ မှာကြားနေသဖြင့် ကျနော်မှ … “တင်ပါဘုရား .. လာဖြစ်အောင် ..လာခဲ့ပါ့မယ်… တပည့်တော် အဖွဲ့သားတွေ မလိုက်နိုင်ရင်လည်း တပည့်တော်တော့ ရောက်အောင်လာခဲ့ပါ့မယ် ဘုရား”
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မတ်လ ၁၁ ရက် …. ကျနော်နှင့်အတူ အဖွဲ့သားလေးယာက် ဆိုင်ကယ်သုံးစီးဖြင့် နံနက် ၉ နာရီခန့်တွင် မူလခေါင်တုန့်စည်ရွာလေးသို့ ထွက်ခွာခဲ့ကြသည်… ဆားမှော်ကျေးရွာလေးကို ကျော်တော့ ကျနော်တို့အနောက်မှ ကားတစ်စင်း အရှိန်ခပ်ပြင်းဖြင့် လိုက်လာနေသည်။ ကျနော်တို့မှာ ကားလေးကျနော်တို့အရှေ့သို့ ကျော်တက်သွားပါက ဖုန်မွန်းမည်ကို စိုးရိမ်သဖြင့် ကားလေးအား အကျော်မခံပဲ အရှေ့မှ ဆိုင်ကယ်ကို အရှိန်တင်ကာ မောင်းနေရ၏။ လမ်းမှာ ဖုန်ထူထူမို့ ဆိုင်ကယ်မောင်းရသည်မှာ သိပ်အဆင်မပြေ ….. ဒီလိုနှင့် ကားလေးမှာ ကျနော်တို့အဖွဲ့ကို ကျော်တက်ကာ မောင်းနှင်သွားသည်။ ဒီလမ်းခရီးကို ဒီလောက်အရှိန်ပြင်းပြင်းမောင်းလျှင် ….. တစ်ခုခုဖြစ်တော့မည်ကို ကျနော် စိတ်ထဲမှာ စိုးရိမ်နေသည့်….. ဒီလမ်း ဒီခရီးကို ကျနော်သွားဘူးထားတာမို့ လမ်းကြောအခြေအနေကို ကျနော်သိနေသည် မဟုတ်လား….. ကျနော်တို့အဖွဲ့ နားမကျိုင်းကျေးရွာအထွက် ချောင်းလေးအကူးတွင် ကားလေးမှာ ချောင်းလေးထဲတွင် ရပ်ကာ ရေဆေးနေသည်ကို မြင်တွေ့ဖြတ်ကျော်ခဲ့ကြသည်။ လမ်းမှာ ယခင် ကျနော်တို့ လာနေကျမဟုတ်ပဲ လမ်းအသစ်ဖောက်ထားမို့ အရင်လမ်းဟောင်းထက် ကောင်းနေသော်လည်း အတက်အဆင်းလေးများမှာ အကွေ့များနှင့်မို့ သတိထားပြီး ဆိုင်ကယ်ကို မောင်းခဲ့ကြရသည်။ ရွာလေးကိုရောက်တော့ ဘုန်းတော်ကြီးကျောင်းသို့သွား ဘုရားဦးချ အလှူငွေထည့်ပြီး ရွာခံတစ်ဦး၏ ဦးဆောင်မှုဖြင့် ကျနော်တို့အဖွဲ့ ထမင်းစားရုံဆီသို့ ဦးတည်လာခဲ့ကြသည်။ ထမင်းစားရုံတွင် ကျနော်တို့ အလှူခရီးစဉ်များတွင် သိရှိခင်မင်ခဲ့ရသည့် ရပ်မိရပ်ဖများနှင့် တွေ့ရှိပြီး ထမင်းစားရင် စကားစမြည်ပြောနေကြရာမှ ရွာခံတစ်ဦးက “ကားမှောက်လို့တဲ့ … နှစ်ယောက် ဒဏ်ရာရတယ်… ရွာကိုခေါ်ခဲတယ်”ဟု ပြောသံကြားလိုက်ရသည်။ ကျနော်မှ “ဘယ်ကကားတဲ့လဲဗျ….”ဟု မေးမိတော့ “မော်လူးက ကားလို့ပြောတာပဲ “ဟု ပြန်ဖြေ၏။ ကျနော်သိလိုက်ပြီ …. ကျနော်စိုးရိမ်သည့်အတိုင်း ထိုကားလေးမှာ ဖြစ်ပျက်သွားခဲ့ပြီ….. “ထင်တော့ ထင်သားဗျ ….လမ်းမှာ ဒီကားလေးမောင်းတာ အရှိန်အရမ်းများ လွန်းနေတယ်….. “ဟု နှုတ်မှ လွှတ်ခနဲပြောမိတော့……..

“မဟုတ်ဘူးဗျ…. ဒီကိစ္စက ကျနော်တို့ရွာက အရှင်ကြီး မကြိုက်လို့ဖြစ်ရတာ … ဟိုနေ့က လမ်းညွှန်ဆိုင်းဘုတ်တွေတပ်ရင်း သာသနာ့အလံလေးတစ်ခု ထောင်မိတဲ့ဆီက စတာ … ရွာကလူကြီးတွေ အရှင်ကြီးကို အလံထူခွင့် သွားတောင်းတာ မရခဲ့ဘူးဗျ… အရှင်ကြီးကို ပူဇော်ပသဖို့ ကြက်ဥပြုတ်တာ ပေါက်ကွဲကုန်တာ… နောက်ပြီး …. ကြက်ခေါင်းမှာလည်း သွေးစကန့်လန့်ဖြတ်ကြီးနဲ့ … အရှင်ကြီးက အလံထူတာ မကြိုက်ဘူးဆိုတာ ပြနေတာ… မရဘူးဗျ…. ကျနော်တို့ အရှင်ကြီးက ဘာအလံထူတာမှ မကြိုက်ဘူး… မယုံမရှိနဲ့နော့ ဖြစ်စဉ်တွေ သက်သေသက္ကာယတွေရှိခဲ့တယ်……။ အလံထူထားတာကို ချက်ချင်းဖြုတ်လိုက်လို့ ကားမှောက်တာ ဒဏ်ရာရရုံပဲ ရတာ…မဟုတ်ရင် လူသေတဲ့အထိဖြစ်သွားနိုင်တယ်…။” ကျနော်တို့အား သူပြောသည့်အကြောင်းအရာများကို ယုံကြည်စေရန်ပြောနေခြင်းဖြစ်သည်။ ကျနော် မရှင်းပြလိုတော့ပါ။ ရှင်းပြလျှင်လည်း အာပေါက်ရုံသာရှိပေတော့မည်။ သူတို့ရွာကလေး အလံထူခွင့်မရခြင်းမှာ အထက်မှာ ကျနော်ရေးပြခဲ့သည့် ပါးစပ်ရာဇဝင်လေးကြောင့်ပင် ဖြစ်သည်။

ကဲ….. ကျနော်ကတော့ နောက်နှစ်ကျောင်းဖွင့်ချိန် စာရေးကိရိယာ အလှူခရီးသွားရင် မော်တော်ဆိုင်ကယ်တွေမှာ အလံဖြူလေးတွေ စိုက်ပြီး သွားချင်ပါတယ်…. စိတ်ပါဝင်စားပြီး လိုက်ပါလိုသူတွေ ယခုအချိန်ကစပြီး စာရင်းပေးသွင်းကြပါလို့ …..ပြောရင်း….. နားပါရစေတော့…………

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…….
K.T.W.L

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။