အတာသည် အန္တ္တ၊ သင်္ကြန်သည် သင်္ကန္တဟူသောပါဠိမှလာ၍ အဆုံးရောက်၍ကူးပြောင်းခြင်းဟုအဓိပ္ပါယ်ရသည်။ နှစ်အကူးအပြောင်းတွင် နှစ်ဟောင်းကိုဆေးကြော၍နှစ်သစ်ကိုအေးချမ်းခြင်းအားဖြင့်ကြိုဆိုရန် မြန်မာတို့ရေလောင်း ပက်ဖြန်းဓလေ့ ပြုခဲ့ကြသည်။
အတာသင်္ကြန်ပွဲသည် ဟိန္ဒူအယူဝါဒမှလာသည်ဖြစ်ကာ မြန်မာ့ဓလေ့ရိုးရာတွင် ဟိန္ဒူအယူအားကောင်းခဲ့သောပျူခေတ်ကတည်းက ရှိနေမည်ခန့်မှန်းရပါသည်။
မိဘုရားစောလုံအပေါ် သင်္ကြန်ရေလောင်းခြင်းအားဖြင့် အကျီစားသန်ခဲ့သည့်အတွက် မင်းအပေါ်အမျက်သိုကာ အဆိပ်ခတ်လုပ်ကြံသည်အထိဖြစ်သွားခဲ့ရသော ပုဂံခေတ်၊ နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)၏ဇတ်လမ်း အမှတ်ရကြပါလိမ့်မည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ပုဂံရာဇ၀င်လေးချိုးကြီး၌လည်း အောက်ပါအတိုင်းစပ်ဆိုကာ သတိပေးဖူးသည်။

“ဒေါပုံအလှည့်သံသရာ ရေအပြင်မှာ ကြွားသူတို့ကဖြင့်၊
သဘောမဆုံသနဲ့ မခံချင်ပါလျှင်လဲ မကစားကြလေနဲ့၊
ချောဂုဏ်နဲနွဲ့ရှာတဲ့ စောလုံရဲ့ပုဂံရာဇ၀င်တရား”

“စောလုံစောင့်ပါခလှည့်”ဟု တမ်းတမ်းတတ နောင်တစကားသည် မြန်မာတို့ သမိုင်းဝယ်မှတ်တမ်းမှတ်ရာအဖြစ် ပထမဆုံးကျန်ရစ်သည့် သင်္ကြန်ခြေရာဖြစ်ပေသည်။

ခေတ်သင်္ကြန်
ယခုခေတ်သင်္ကြန်သည်ကား စောလုံကို ရွဲ့၍လုပ်နေသည်ထင်ကြရလောက်အောင် အကျီစားသန်ကြသည်။ ရန်လည်းများကြသည်။
သင်္ကြန်သည်ကာလနှင့်အတူ သင်္ကန္တဖြစ်ခဲ့လေပြီ။ ပွဲတော်တွင်းလူထူထပ်သည်ကိုအကြောင်းပြုကာ ဈေးကွက်စီးပွားရေးဖြင့် ကြော်ငြာသင်္ကြန်ဖြစ်ခဲ့လေပြီ။
နှစ်ကူးတန်ခူးလအချိန်ကား ‘တန်ခူး ရေကုန်၊ ကဆုန် ရေခန်း’ ဆိုရိုးစကားအရ  ချောင်းရေ ကန်ရေခြောက်ခန်းလုမတတ် အပူရှိန်ပြင်းချိန်တွင်မှ ရေချိုရေသန့်တို့ကို ပိုက်ကြီး/ငယ်အသွယ်သွယ်ဖြင့် တိုးကာထိုးကာ ပက်သည်။ ရေပက်ခံတို့သည်လည်း အရွဲရွဲအစိုစို၊ အလဲလဲအပြိုပြို။
လူငယ်တို့သည် စိတ်တွင်းပိတ်ဆို့ကာဆီးနေသမျှကို ဖွင့်၍ဖေါက်ထွက်နေကြသလားဟုပင်ထင်ရ၏။
ခေတ်၏စီးကြောင်းတွင် အခြေအနေအချိန်အခါပေး၍ ယဉ်ကျေးမှုမူလသဘောအရ စီးမြောပြောင်းလဲနေကြသည်ကို အထူးတလည်မဝေဖန်လိုပါသော်ငြား မြန်မာပြည်၏နွေခေါင်ခေါင်ဧပြီလတွင် မြို့ကြီးမြို့ငယ်ကားလမ်းများဝယ် တသွင်သွင်စီးဆင်းပြုန်းတီးကုန်နေသော ရေချိုများအတွက်မူ ပြောရန်ရှိလာပါသည်။
ထိုရေချိုတို့ ဘာကလာသနည်း။ ဘယ်နယ်သွားမည်နည်း။

ကမ္ဘာမြေ
“Climate change is a fact” ဟု သမ္မတအိုဘားမားဆိုပါသည်။ အာတိတ်စက်ဝိုင်းတလျှောက်နှစ်သိန်းသောင်းချီအေးခဲနေခဲ့သည်ရေခဲပြင်ကြီးများ တ၀ုန်းဝုန်းအရေပျော်ကျနေ၏။ ပင်လယ်ရေလည်းမြင့်ခဲ့သဖြင့် ယူအက်စ်သမုဒ္ဒရာကမ်းနားပြည်နယ်အချို့ ပြင်ဆင်နေကြရပြီ။
ရေရှား/ရေကြီး၊ နှင်းခဲသွန်းကျ၊၊မုန်တိုင်းဝင်ကြမ်း စသဖြင့် မိခင်သဘာဝ ဟန်ချက်ပျက်နေသည်ကို ကိုယ်တိုင်စီကခံစားမြင်နေကြရသည်။
လူသားတို့သည် ဘ၀လူနေမှုအဆင့်မြင့်မားရေးအတွက်ရည်ရွယ်ရင်းနှစ်ရာချီကာ သဘာဝတရားကို မုဒိမ်းကျင့်ခဲ့ကြသည်။ လူနှင့်သတ္တ၀ါတို့ရှင်သန်ရေးတွင် အရေးအကြီးဆုံးမှာ လေနှင့်ရေဖြစ်ပါ၏။ ထို၂ပါးသာရှိလျှင် စကြ၀ဠာတွင်းဂြိုလ်တို့တွင် သက်ရှိဖြစ်တည်နိုင်သည်ဟုလည်းဆိုသည်။
သို့သော်လူတို့သည် လေထုကိုညစ်နွမ်းအောင်လုပ်ခဲ့ကြသဖြင့် ကမ္ဘာ့အပူချိန်တက်၍ ပူနွေးလာမှုနှင့်ကြုံကာ ဥတုရာသီဖောက်ပြန်ခြင်းတို့နှင့်တွေ့ကြပေပြီ။
တကယ်တော့ မနုဿလူသားဟူသည် ကာမတဏှာအလွန်ထကြကာ ကျား/မအချိန်ဒေသမရွေးဆက်ဆံလေ့ရှိသဖြင့် ကမ္ဘာမြေပေါက် သတ္တ၀ါတို့ကြားတွင် မျိုးပွားတိုးပွားနှုန်း မြန်စွာဖြင့် ဦးရေ ၇.၃ဘီလီယံသို့ရောက်ခဲ့ပြီဖြစ်ပါသည်။ ထိုသို့အားဖြင့် ကမ္ဘာရေအရင်းအမြစ်တို့အား သုံးစွဲမှုသည်လည်း ကုန်လွန်ခဲ့သော နှစ်၅၀အတွင်း၃ဆတိုးလာသည်။ လူ့ခန္ဓာကိုယ်၏ ၇၀ရာခိုင်နှုန်းသည် ရေဓာတ်ဖြင့်တည်ထားသည်မဟုတ်ပါလော။ ကမ္ဘာ့မျက်နှာပြင်၏ ၇၁ရာခိုင်နှုန်းသည် ရေထုပြင်ကြီးဖြစ်ပါ၏။
သို့သော် လူတို့လက်ငင်းယူသုံးစွဲနိုင်သော ရေချိုထုသည် ကမ္ဘာ့ရေထုအားလုံး၏ သုညဒသမ ၃၁၉၁ရာခိုင်နှုန်းသာရှိပေရာ အဆိုပါရေအရင်းအမြစ်ကို နှစ်တိုင်း ခုန်ပြန်တိုးလာသောလူအင်အားဖြင့်သုံးစွဲကြသည်ရှိပါသော် မကြာမှီနှစ်ကာလတွင် ရေပြသနာကို ကြီးစွာရင်ဆိုင်ရမည့်သဘောရှိသည်။ လူသားဖြစ်တည်မှုကိုထိမ်းကြောင်းထားသော ကံစိတ်ဥတုအဟာရလေးပါတွင် ဥတုနှင့်အဟာရတို့ပျက်လုလုတည်း၊
ဤကမ္ဘာမြေ၀ယ်ရေအရင်းအမြစ်ဟူသည် အသစ်တဖန်ဖြစ်တည်လာခြင်းမရှိနိုင်သည့် ပုံသေပမာဏစွမ်းအင်တခုသာဖြစ်လေသည်။

ဖုန်းဆိုးမြေ
ကယ်လီဖိုးနီးယားပြည်နယ်သည် သမိုင်းဝင်သွေ့ခြောက်မှုကြီးနှင့်ကြုံနေရပါသည်။
“Today we are standing on dry grass where there should be five feet of snow.”ဟုပင်ကယ်လီဖိုးနီးယား ဂါဗနာမှ ယခုလဆန်းကထုတ်ပြောလိုက်ရသည်။ နောင်လာမည့်နှစ်များအတွက်လည်း ထည့်တွေးတွက်ခါ ပြင်ဆင်ကြ၊ ဥပဒေသစ်ပြုကြရပြီ။ ရေငန်ကိုရေချိုဖြစ်ချက်မည်လော။
ရေအရင်းအမြစ်၈၀%မျှကို သုံးပစ်လိုက်သော အလယ်ပိုင်းတောင်ဝှမ်းကယ်လီဖိုးနီးယားဒေသသီးနှံစိုက်ခင်းများအား ရေချိန်ဆဖြတ်တောက်မည်လော ဥပဒေပြုနေကြရလေပြီ။
ကယ်လီဖိုးနီးယား၏ရေဝေရေလဲဒေသသည် အရှေ့ဖက်မှ ရော့ကီးတောင်တန်းများ။ စီရာနီဗားဒါးတောင်တန်းဒေသများဖြစ်ပါ၏။ ထိုတောင်တန်းများတွင် တဆောင်းတွင်းလုံး ဆီးနှင်းခဲများ ပေပေါင်းများစွာထူထပ်ရအောင်စုခဲထားရပြီး တနွေလုံးတအိအိတစိမ့်စိမ့် ရေချိုအဖြစ် ဖျော်ချပျော်ကျရာမှမြစ်ချောင်းအင်းအိုင်တို့ စီးဆင်းလာကာ သံသရာလည်ကြရသည်။ အဆိုပါရေချိုတို့ ပင်လယ်တွင်းသို့ အလဟဿမထွက်သွားအောင် ဆည်ဖို့၊ကန်တား လျှပ်စစ်ဓာတ်အားပင်အပိုထုတ်ယူကြသည်လည်းဖြစ်၏။
ထိုပုံမှန်သံသရာကို လူသားတို့သံသယဖြစ်ကြရပြီ။
ပြည်နယ်၏အနောက်ဖက်တလျှောက်ရှိနေသော သမုဒ္ဒရာရေပြင်ကိုလှမ်းမျှော်ကြည့်၍သုံးပစ်နိုင်သည်။ ကယ်လီဖိုးနီးယားတွင်ငွေရှိသည်။ ငွေသည် ရေငန်ကို ရေချိုအဖြစ်ပြောင်းနိုင်စွမ်းရှိသည်။ ယခုပင်လျှင် ဆန်ဒီယေးဂိုဒေသတွင် ဒေါ်လာ ၁ဘီလီယံမြုတ်နှံကာလာမည့်နိုဝင်ဘာတွင်ဖွင့်ပေးနိုင်ဖွယ်ရှိသည့် သမုဒ္ဒရာရေငန်ကို ရေချိုပြောင်းစက်ရုံဆောက်နေပါပြီ။
လက်တွေ့လည်း ကိုလိုရာဒို၊ ယူတား၊ အာရီဇိုးနား၊ နီဗားဒါး၊ ကယ်လီဖိုးနီးယားပြည်နယ်တို့သည် သူတို့ကိုဖြတ်သန်းစီးဆင်းလာသော ကိုလိုရာဒိုမြစ်ကြီးအား ပြည်နယ်အရေးအားအပြန်အလှန်စွက်ဖက်ကြခြင်းမရှိ ဆိုင်ရာခွဲတမ်းတို့ဖြင့် တစက်မကျန်အောင် စုတ်ယူယူငင်သုံးစွဲထားပြီးဖြစ်သတည်း။
နိုင်ငံ၂ခု၊ ပြည်နယ် ၇ခုကိုဖြတ်ကာ အဆင်းဆင့်စီဆင်းလာသော ၁၄၅၀မိုင်ရှည်ကိုလိုရာဒိုမြစ်ကြီးခမြာ (၄၄)ခုသော ဆည်ကြီးများဖြင့် ထိမ်းချုပ်သိုလှောင်ကာ လျှပ်စစ်ဓာတ်အားလည်းထုတ်ပေးလိုက်ရရှာသေးသည်။ အသိမြင့်လူတို့စွမ်းအားကား အံ့ခမန်းပင်..။

မြန်မာ့မြေ
သဘာဝသည် သဘာဝအတိုင်းပစ်ထား၍မရ(တော့)ပါ။
တိုးတက်နေသည်ဆိုသောနိုင်ငံကြီးတို့သည် ကမ္ဘာကြီးပူနွေးလာမှုတရားခံ မှန်လုံသတ္တိပြ ဓာတ်ငွေ့များထုတ်ခဲ့ပြီ၊ တောကြီးများခုတ်၊ တောင်ကြီးများဖြို၊ လမ်းကြီးများဖေါက်၊ မြို့ကြီးများတည် လူနေမှုဘ၀တို့လည်းမြင့်ခဲ့ကြပြီ။
၁၇ရာစုလယ်၏ စက်မှုတော်လှန်ရေးမှစကာ မိခင်သဘာဝအားစိတ်ကြိုက်ထိခိုက်စော်ကားပြီးနောက် ယခုခေတ်ရောက်သော် အချို့သူကား သဘာဝတရားဟုအသံနက်နှင့်ဟစ်၍အော်သည်။ အချို့ကား အော်လျှက်မှ ထိခိုက်စော်ကားနေဆဲ၊
ကမ္ဘာထိပ်တန်းအစိုးရကြီးတို့မှာကား အဖြေမထုတ်ပေးနိုင်သည့်”အစိမ်းရောင်”နိုင်ငံတကာအစည်းအဝေးများအထပ်ထပ်ကျင်းပလျှက် ဖွံ့ဖြိုးဆဲနိုင်ငံလေးများဖက် လက်ညိုးတွင်တွင်ထိုးနေကြပါလေသည်။
မီဒီယာအစွမ်းဖြင့်လည်း ရိုက်သွင်း၏။ လူမှုရေးအသင်းအဖွဲ့များအားဖြင့်လည်း ကွင်းဆင်းစည်းရုံးသည်။ အမေရိက၊ စိန့်ပြည်၊ ဂျပန်၊ ဂျာမဏီ၊ အင်္ဂလန် စသည့်စက်မှုနိုင်ငံကြီးများကိုယ်နှိုက်ကား အမှန်တကယ်တွင် မလျှော့ရေးချ လျှော့ပေးမမူ..။
အဖမြန်မာနိုင်ငံတော်သည် ကမ္ဘာ့ရာသီဖေါက်ပြန်မှုခံရခြင်းတွင် အဆိုးဝါးဆုံး ခံစား၁၀နိုင်ငံထဲမှ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်နေပါလေပြီ။ တရားခံမည်သူနည်း၊ သို့ဖြင့် မြန်မာတို့၏ ဘိုးဘွားဘီဘင်တို့အမွေတို့ တတိတိ ဖြတ်ချရောင်းစားခံနေရသည်။ သစ်တောကြီးများပြုတ်ပြုတ်ပြုန်းလာသည်။ သယံဇာတတို့အား ရေဖြင့်ဖျော်ချ ထုတ်နှုတ်ယူသည်။ တောမှီတောရိုင်းသတ္တ၀ါများအား မှောင်ခိုထုတ်သည်။
ရသောအမွေငွေတို့ဖြင့် မိမိတို့၏ပိုင်ဆိုင်ခြင်း အာဏာရယူလိုခြင်းများအတွက် ဗမာနှင့် ဒေသခံတိုင်းရင်းသားတို့ စစ်တိုက် မြေလုကြသည်။
စစ်တိုက်ရာတွင်သုံးသော လက်နက်ခဲယမ်းတို့မှာကား အဆိုပါ ပထမနိုင်ငံကြီးများမှ ၀ယ်ယူကြခြင်းဖြစ်ပါသတည်း။
ထိုမျှသာမကသေး
အမိဧရာဝတီမြစ်ကြီးကို “သူတို့”ကယ်တင်ခိုင်းကြပြန်လေသည်။ တကယ်တော့ ဧရာဝတီ၊ချင်းတွင်း၊သံလွင်မြစ်ကြီး၃သွယ်သည် အာရှ၏ရေထုရင်းမြစ်မျှော်စင်ကြီးဖြစ်သော ဟိမ၀န္တာတောင်ကြောမှရေခဲပျော်ရေများကို အဓိကမှီခိုရပ်တည်နေရခြင်းသာဖြစ်သည်။ တောင်ကြောနေရေခဲပျော်မြစ်များကိုမှီခိုရပ်တည်ရသောနိုင်ငံ ၈နိုင်ငံတွင် အဖမြန်မာပြည်ပါသည်။
လက်တွေ့အချက်အလက်၊ ဂြိုလ်တုဓာတ်ပုံအရကောက်ကြည့်ပါလျှင်တော့ ဧရာဝတီ၏ မြောက်ဖျားဒေသရေဝေရေလဲတောကြီးများ လျှော့နည်းပြုတ်ကုန်ပါပြီ။ ကမ္ဘာ့ရာသီပူနွေးမှုကြောင့် တဆောင်းခိုကာ စုထားရသော  ဟိမ၀န္တာတောင်ကြောနေ ရေခဲ၊နှင်းခဲတို့လည်းလျှော့နည်းကုန်ကာအရေပျော်ရန်ရေခဲထုလက်ကျန်လည်းနည်းကုန်ပြီ။
ရွှေ၊ကျောက်စိမ်းတူးခြင်းတို့တွင် ဖျော်ချသော မြေစာခဲတို့ကြောင့် မြစ်ကြီးလည်းဗွက်ထ သောင်ထွန်းလှပြီ။
အချို့နေရာများတွင် ရာဇ၀င်တွင်မရှိစကောင်း ဧရာဝတီကို လမ်းလျှောက်ဖြတ်ကူးသွားနိုင်ကြပြီဖြစ်ပါ၏။
ထိုမှ “ဧရာဝတီကို ကယ်တင်ကြ”အသံဇောင်းကြီးကားဟစ်ဆဲ။

နိဂုံးရယ်တိုင်စေ
မြန်မာတို့ မှားခဲ့ဖူးလိမ့်မည်။ အဆုံးသတ်နှစ်ဖြတ်တခု(၁၀စုနှစ်)စီအား အဆုံးဖြတ်ရလဒ်အဖြစ်ယူပါသော်မူ မြန်မာတို့၏မဟာဗျူဟာကျကျအမှားများကို သိမြင်နိုင်ပါသည်။
ဒို့မြေ ဒို့ပြည်ဝယ် စေတီ၊စပါး၊ ကျောက်သံပတ္တမြား၊ရေနံသတ္တုအစုစုတို့အပြင် မြိုင်ရဂုံသစ်တော ရေကန်အင်းအိုင်ချောင်းမြောင်းမြစ်ကြီးတို့ရှိပါ၏။
ရှိပါလေလည်း တမွဲမွဲဖြစ်သည်မှာ လူတို့၏အတွေးအခေါ် လုပ်ရပ်မှားတို့ကြောင့်သာလျှင်ဖြစ်ပါအံ့။
မအောင်မြင်ခဲ့သည်တို့ နိဂုံးတို့တိုင်ပါစေရန် ဥာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ်ညီစွာ ပြင်ကြပါလေ။
မြစ်တို့ကိုဆည်ပါ။ ထိမ်းသိမ်းပါ။ ရေကာတာတို့ဆောက်ပါ။ ရေချိုနှင့်အတူ လျှပ်စစ်စွမ်းအင်အပိုဆုရပေလိမ့်။
သံယောင်မလိုက်ကြပါလင့်။ မိမိတိုင်းပြည်အကျိုးစီးပွားကို ဦးစွာကြည့်လှည့်ပါ။ နောက်များမှကမ္ဘာကြီး ချောက်ထဲမကျမှီလက်တလုံးအလိုတွင် ကယ်တင်ကြပါလေ။ ။

kai

About kai

Kai has written 858 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.