IMG_20150415_024406

ဒီနေ့ကျနော် GTI တက်တုန်းကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ပြန်ဆုံခဲ့ရတယ်…. ဆုံခဲ့ရတယ်ဆိုတာက သူတို့နှစ်ယောက် ကျနော့်ဆီကို လာခဲ့ကြလို့ပါပဲ …. ကျနော်က အိမ်ကနေ ဘယ်မှ မသွားဖြစ် မခွာဖြစ်ခဲ့တာ တော်တော်လေးကြာခဲ့ပြီ မဟုတ်လား … မဆုံဖြစ်တာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့ ဆုံရတော့ ဝမ်းသာရတာပေါ့ ပျော်ရွှင်ရတာပေါ့ … သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ပတ်သက်ပြီး ကျောင်းတက်တုန်းက အမှတ်တရလေးတွေကို ပြန်ပြီး အမှတ်ရမိ လွမ်းမိပါရဲ …. ပထမတစ်ယောက်ကတော့ GTI ညကျောင်းတက်ကတည်းက ခင်မင်ခဲ့ရပြီး GTI နေ့ကျောင်းပြောင်းတက်ကြရတော့ မေဂျာကွဲသွားပေမယ့် အခင်မပျက် အတွဲမပျက်ခဲ့တဲ့ သူငယ်ချင်း ဒီကောင်နဲ့ ပတ်သက်ပြီး ကျနော့်အတွက် အမှတ်တရတွေကများသား…… ဒီကောင်လို့ သုံးလိုက်တဲ့အတွက် အမှတ်ရစရာ တစ်ခုတိုးလာပြန်ပါရော….. ကျနော်မုံရွာမှာ အဝေးသင်စာမေးပွဲဖြေဖို့ အနီးကပ်သင်တန်းတက်ရင်း ခင်ခဲ့ရတဲ့ မြင်းမူမြို့က သူငယ်ချင်းတစ်ယောက်အကြောင်းပါ။ အဲ့ဒီမြင်းမူသားသူငယ်ချင်းရဲ့ ကောင်မလေးက မုံရွာမြို့နားက နဂါးတွင်းရွာသူ…. ကျနော်နဲ့လည်း ခင်ပါတယ်…. စာမေးပွဲတွေဖြေပြီးတော့ ကျနော်တို့ သူငယ်ချင်းတွေ နဂါးတွင်းရွာကို အလည်လိုက်သွားကြတဲ့ဆီက စတာပေါ့။ နဂါးတွင်းရွာသူရဲ့ အဖေက စကားပြောရင် သူ့ကိုယ်သူ “ဒီကောင် … ဒီကောင်က” ဆိုတဲ့ နာမ်စားကို သုံးပြီးပြောတာ…. ကျနော်ကတော့ သူပြောနေတဲ့ စကားတွေကို နားထောင်ပြီး သူ့ကိုယ်သူ “ဒီကောင် … ဒီကောင်က” ဆိုတဲ့ နာမ်စားသုံးတာကို သတိထားမိပြီး သူပြောသမျှကို တိတ်တိတ်လေးနားထောင်နေတယ်။ စကားပြောကလည်းကောင်းတာမို့ နားထောင်နေမိတာပါ။ ကျနော့်သူငယ်ချင်းက သူ့ယောက္ခမလောင်းကြီး ” ဒီကောင် … ဒီကောင်က” နာမ်စားကို သုံးပြီးပြောနေတာကို သဘောမပေါက်တော့ …. စကားပြောရင်း “ဦးလေး ဒီကောင် ဆိုတာ ဘယ်သူ့ကိုပြောတာလဲ”လို့ မေးလို့ ရီကြရသေးတယ်။ အခု ကျနော်သုံးတဲ့ ဒီကောင်ဆိုတဲ့ နာမ်စားက ကျနော့်သူငယ်ချင်း ဆိုတဲ့ကောင်ကို ပြောတာပါ။ ကျနော်မြစ်ကြီးနား စရောက်ပြီး ပထမဆုံးခင်ဖြစ်ခဲ့တဲ့ မြို့ခံ သူငယ်ချင်းက သုံးယောက်ပါ။ စိတ်ထားကောင်းကြသလို ခင်မင်စရာလည်း အလွန်ကောင်းတဲ့ သူငယ်ချင်းတွေပါ။ ကျနော် GTI ညကျောင်းတက်တော့ ရတဲ့မေဂျာက Electrical Power (EP) ပါ။ သူတို့သုံးယောက်ထဲက နှစ်ယောက်ကလည်း EP တွေပါပဲ။ ကျန်တစ်ယောက်ကတော့ Civil မေဂျာက…. သူငယ်ချင်းသုံးယောက်ထဲမှာမှ ကျနော်ပြောနေတဲ့ သူငယ်ချင်းရဲ့ အဖေက မြစ်ကြီးနားမြို့မှာ အိမ်တွင်းလျှပ်စစ်မီးဆင်တဲ့ အလုပ်ကို လုပ်နေတာမို့ တစ်နေ့လုံးအားနေတဲ့ ကျနော်သူငယ်ချင်းနဲ့အတူ လိုက်ပြီး အလုပ်လုပ်ဖြစ်တယ်။ အလုပ်လုပ်တော့ သူ့အဖေနဲ့ပါခင်ပြီး … သူတို့အိမ်ဟာ ကျနော့်အတွက် စားအိမ်သောက်အိမ်ဖြစ်လာတာပေါ့။ အဲ့ဒီအချိန်ကတည်း ဒီကောင်မှာ ကောင်မလေးရှိနေပြီ။ သူ့ကောင်မလေးကလည်း မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ထဲက …. ကျနော်တို့ ညပိုင်း သင်တန်းဆင်းတဲ့အချိန်က ည ၈ နာရီ …. သင်တန်းဆင်းပြီဆိုတာနဲ့ သူနဲ့ ကျနော်က သူ့ကောင်မလေး နေတဲ့ရပ်ကွက်ထဲကို စက်ဘီးလေးနဲ့ သွားကြတာပေါ့။ တစ်ညတော့ သူ့ကောင်မလေးအိမ်ရှေ့က စက်ဘီးဖြတ်အနင်း လမ်းကလည်း မှောင်နေတော့ ကျနော့်တို့စက်ဘီး ခွေးကိုဝင်တိုက်ပြီး ခွေးလိုက်လို့ ပြေးခဲ့ကြရသေးတာ။ ဒါက အမှတ်ရစရာတွေထဲက တစ်ခု….. ပိုပြီး အမှတ်ရစရာတစ်ခုက ဒီလိုဗျ……
GTI ညကျောင်းတက်နေတဲ့ ကျနော်နဲ့ သူငယ်ချင်းသုံးယောက် သင်တန်းဆင်းတော့ မပြန်ကြသေးပဲ လက်ဘက်ရည်ဆိုင်ဆက်သွားကြပြီး လက်ဘက်ရည်သောက်ပြီး ရောက်တတ်ရာရာတွေ ပြောနေကြတာ ညဆယ်နာရီလောက် ရှိသွားပါလေရော….။ လက်ဘက်ရည်ဆိုင်က ထလာကြပြီး မပြန်ဖြစ်ကြသေးပဲ ဧရာဝတီမြစ်ကမ်းဘေး တာရိုးလမ်းအတိုင်း စက်ဘီးနင်းရင်း သီးချင်တွေအော်ဆိုပြီး ပြန်လာကြတာပေါ့။ စက်ဘီးက ဖြည်းဖြည်းချင်းနင်းနေကြတာမို့ နောက်ကလိုက်လာတဲ့ စက်ဘီးတစ်စီး ကျနော်တို့ကို မီလာပြီး “ဟေ့ …. မောင်လေးတွေ မမနဲ့ လိုက်ခဲ့လေ… “ဆိုပြီး စကားစပြောလာပါတယ်။ လမ်းမီးရောင်တွေကလည်း လင်းနေတာမို့ စက်ဘီးနင်းလာတဲ့ မမဆိုတာကြီးကို ကြည့်ပြီး ကျနော်တို့ သူငယ်ချင်းတွေ မျက်လုံးပြူးကုန်ပါတယ်။ မမဆိုတာက မမမဟုတ်ပဲ ငနဲကြီး ဖြစ်နေတာကိုး ဆိုလိုတာက ဂငယ်မှာ ဝဆွဲမပါတဲ့လူဆိုပါစို့။ ဒါက စာတစ်ခုထဲမှာ ဖတ်ရတာကို ပြန်ရေးပြတာပါ။ တည့်တည့်ပြောရရင် ကျနော်တို့ကို စကားစပြောလာတဲ့ မမဆိုတာက အခြောက်ကြီးဗျ…။ (အမှန်က ကျနော်တို့ ရုပ်ရည်ကို စကားလာပြောမှာက အခြောက်ပဲရှိမှာပေါ့နော့ … ဒါခြွင်းချက်…..) အဲ့ဒီမှာ ကျနော်သူငယ်ချင်းဖြစ်တဲ့ကောင်က ဘယ်ကရလာတဲ့ စကားမှန်း မသိဘူးရယ်။ “အော်…ေ-ွးဥနဲ့ မမရယ် တော်ပါတော့ကွယ်…”ဆိုပြီး ပြန်အော်ပါလေရော… အမှန်ပြောတော့ ဒေါသထွက်သွားပုံရတဲ့ မမအခြောက်ကြီးက ရန်တွေ့လိုက်ပုံများ မပြောပါနဲ့တော့ … ကျနော်တို့ သူငယ်ချင်းလေးယောက်သားလည်း သူဘာပြောပြော ”ေ-ွးဥ နဲ့ မမ…ေ-ွးဥနဲ့ မမ … ” ဆိုတဲ့ စကားကိုပဲပြောနေကြတာပေါ့…. အဲ့ဒီတော့ မမဆိုတဲ့ ငနဲကြီး တော်တော် ဒေါခီးသွားပုံရပါတယ်။ တာရိုးလမ်းအဆုံး ကျနော်တို့ တက်နေတဲ့ GTI ကျောင်းရောက်ခါနီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းနားလေး နည်းနည်းမှောင်နေတဲ့ နေရာမှာ စက်ဘီးပေါ်မှာ ကားယားခွထားရက်နဲ့ ခြေထောက်ထောက်ပြီး “ဟေ့ …. ကောင်တွေ မင်းတို့ထဲက သတ္တိရှိတဲ့ကောင် ထွက်ခဲ့ … လာခဲ့ကြစမ်းကွာ” ဆိုပြီး ချဲလင့်(ဝါ) စိန်ခေါ်တော့တာပဲ … သူက အရှေ့က ကျနော်တို့လေးယောက်က အနောက်က နည်းနည်းလှမ်းနေတာမို့ စက်ဘီးတွေကို ရပ်ပြီး ကျနော်တို့တိုင်ပင်ရတော့တာပေါ့…. ဟိုက တစ်ယောက်တည်း ကျနော်တို့က လေးယောက် ဘယ်လိုဖြစ်ဖြစ် အေးဆေး …. ဒါပေမယ့် ခင်ဗျားတို့ စဉ်းစားကြည့်လေ…. အခြောက်တစ်ကောင်ကို ယောက်ျားသားလေးယောက်က ဝိုင်းရိုက်လိုက်တာ ဆိုတာကြီးက ဘယ်လိုမှ ကြားမကောင်းဘူး မဟုတ်လား…. ဒီအကြံကို အဆိုပြုပြောပြတာက ကျနော်ဆီဒီနေ့ရောက်လာတယ်ဆိုတဲ့ သူငယ်ချင်းပဲ … သေသေချာချာတွေးကြည့်လည်း ဟုတ်နေတာပဲဗျ… ရန်ဖြစ်ကြပြီး ရဲစခန်းရောက်သွားကြည့် ဘယ်လောက်ရှက်စရာကောင်းမဲ့ ကိစ္စလည်း…. ဒီတော့ ကျနော်တို့ သူငယ်ချင်းတစ်စု စက်ဘီးတွေကို နောက်ပြန်လှည့် လေးယောက်သား တစ်ညီတစ်ညွှတ်တည်း ….. ” ကြောက်ပါပြီေ-ွးဥနဲ့ မမရယ်” လို့ ပြိုင်တူအောင်ပြီး လစ်ထွက်ခဲ့ကြရတာပေါ့။ အဲ့ဒီ မမဆိုတဲ့ ငနဲကြီး ၂၀၀၄ ခုနှစ်လောက်မှာ ကျနော်နေတဲ့ ရွာကို ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ဇာတ်တစ်ခုကို ဦးဆောင်ပြီး ရောက်လာသေးသပ….
ဒီနေ့ဆုံတော့ သူငယ်ချင်းနဲ့ ကျနော် အဲ့ဒီအဖြစ်အပျက်လေးကို ပြောပြီး ရယ်မောဖြစ်ကြသေးတယ်….. လွမ်းမိတဲ့ မြစ်ကြီးနား ညများတွေထဲက တစ်ညပေါ့ ……..

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။