IMG_20150415_160826
တစ်ခါတုန်းက ဘဝတွေ ၁ ကို ရေးပြီးတော့ အပိုင်း ၂ ကို ရေးမယ်လို့ ကြံရွယ်တဲ့အခါ ဘယ်အမှတ်တရကို ရေးရပါ့မလဲဆိုပြီး တွေးကြည့်တော့ သူငယ်ချင်းအကြောင်းတွေရေးရင် သူတို့က ကျနော့်ကို ဖော်ကောင်လုပ်တယ်လို့ ထင်နေကြပါလိမ့်မယ်။ (တကယ်တမ်းက ဖော်ကောင်လုပ်တာမဟုတ်… လူစုံတဲ့နေရာမှာ ရှင်းပြတာပါ….) ဒီအတွက် ကျနော်အပိုင်း ၂ ကိုတော့ သူငယ်ချင်းတွေရဲ့ အမှတ်ရစရာအကြောင်း မရေးတော့ပါဘူး….. ကျနော်တို့ မြစ်ကြီးနား GTI နောက်ဆုံးအသုတ်ရဲ့ တကယ်အမှတ်တရဖြစ်စေမဲ့ အကြောင်းလေးကို ရေးပါရစေ………………………………………..
GTI နောက်ဆုံးအသုတ်လို့ ပြောရတာက ကျနော်တို့ ကျောင်းတက်နေစဉ်ကာလမှာပဲ စက်မှုလက်မှုသိပ္ပံ ထိုမှ စက်မှုလက်မှုကောလိပ် ထိုမှ နည်းပညာ ကောလိပ်ဆိုပြီး အဆင့်ဆင့် ပြောင်းလဲသွားခဲ့လို့ပါ …. ကျနော်တို့နောက်ပိုင်း တက်ရတဲ့ကျောင်းသား/သူတွေက နည်းပညာကောလိပ် ကျောင်းသား/သူတွေဖြစ်သွားလို့ပါ…..။ ကျနော်တို့ နောက်ဆုံးနှစ်စာမေးပွဲက ၁၁ လပိုင်းအကုန်၁၂ပိုင်း ၁၉၉၉ မှာ ဖြေရမှာပါ။ စာမေးပွဲရောက်ဖို့ တစ်လကျော်ကျော်အလိုမှာ ကျနော်တို့ကျောင်းကနေ သီတင်းကျွတ်မီးထွန်းပွဲလုပ်မယ်ဆိုပြီး ဖြစ်လာတော့ ကျနော်တို့ကျောင်းသား/သူတွေ မေဂျာအလိုက် မီးပုံအရုပ်တွေလုပ်မယ်ဆိုပြီး အစီအစဉ်ဆွဲကြတာပါ။ ဥပမာ EP ကကျောင်းသားတွေက လျှပ်စစ်မီးတိုင်၊ Civil ကျောင်းသားတွေက အဆောက်အဦးပုံမီးပုံး အစရှိသဖြင့် ပြုလုပ်ပြီး သီတင်းကျွတ်လပြည့်ညမှာ မြစ်ကြီးနားမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းဘေး ဆုတောင်းပြည့် ဘုရားကနေ မြစ်ထဲကို ဆီမီးတစ်ထောင်နဲ့အတူ ကျနော်တို့ ကျောင်းသား/သူတွေရဲ့ မီးပုံးရုပ်တွေကိုပါ ရေမျှောကြမှာပါ။ မေဂျာအလိုက် မီးပုံးရုပ်တွေလုပ်ကြမယ်ဆိုတော့ ကျနော်တို့ မေဂျာက MT (စက်မှုပုံစံပြု)က မုံရွာမြို့သား ကျနော်တို့ဆရာက “မင်းတို့ကောင်တွေ နဂါးရုပ်လုပ်ကြကွာ” ဆိုပြီး ပြောလာတာမို့ ကျနော်နဲ့ ကျနော့်သူငယ်ချင်းက ဝါးနှစ်လုံးသွားဝယ်ပြီး နဂါးရုပ်လုပ်မဲ့ အစီအစဉ်ကို စတင်ပါတယ်။ တကယ်က ကျနော်တို့နှစ်ယောက်လုံးက နဂါးရုပ်မပြောနဲ့ သီတင်းကျွတ်မှာ ကလေးတွေဆွဲတဲ့ အရုပ်ကားကိုတောင် ဖြစ်ဖြစ်မြောက်မြောက်လုပ်တတ်တဲ့ကောင်တွေမဟုတ်ပါဘူး။ ကျနော်တို့နှစ်ယောက်က စပြီး ရှေ့ကနေလုပ်လိုက်တော့ တခြားကျောင်းသား/သူတွေလည်း ပါလာရပါတော့တယ်။ နဂါးရုပ်ကို ဘယ်လိုပုံဖော်မယ်။ ကပ်မဲ့ စက္ကူအရောင်ကအစ ရွေးကြရတော့တာပေါ့။ တခြားမေဂျာတွေကတော့ သူတို့မေဂျာနဲ့ သက်ဆိုင်တဲ့ မီးပုံးရုပ်ကို ပြုလုပ်ကြတာပါ။ ကျနော်တို့မေဂျာကသာ နဂါးရုပ်ကို လုပ်ကြတာ…. နဂါးရုပ်လုပ်တာဆိုတော့ နဂါးခွေနေတဲ့ပုံလုပ်မှာလား နဂါးအမောက်ထောင်နေတဲ့ ပုံလုပ်မှာလား……. ရွေးကြရ ဆွေးနွေးကြရပြန်ရော… ပန်းချီဆွဲတာ ကောင်းတဲ့ ကျောင်းသားက ကျောက်သင်ပုန်းမှာ နဂါးပုံကိုဆွဲ … ကျနော်တို့က သူဆွဲထားတဲ့ နဂါးပုံအတိုင်း ဝါးခြမ်းတွေနဲ့ ပုံဖော်ကြတာပေါ့။ ကိုယ်လုံးက အလျားလိုက်မှာ အတွန့်အကွေးနဲ့လုပ်ပြီး ခေါင်းပိုင်းကတော့ အပေါ်ထောင်နေတဲ့ပုံမျိုးလုပ်ကြတာပါ ကိုယ်လုံးတွန့်ကွေးတဲ့နေရာတွေ ခေါင်းထောင်နေတဲ့နေရာတွေ အဆင်ပြေသွားပေမယ့် နဂါးရဲ့ ကျောကုန်းက အကြေးခွံထောင်နေတဲ့နေရာမှာ ကျနော်တို့လုပ်လိုက်တာ အကြေးခွံပြောင်းပြန်ဖြစ်သွားပါလေရော …. ဘယ်လိုဖြစ်ဖြစ် နဂါးပုံတော့ ပေါ်သွားပါတယ်။ နဂါးရုပ်ကို ရောင်စုံစက္ကူတွေကပ် မီးထွန်းမဲ့နေရာတွေပြင်ဆင်နဲ့ အလုပ်တွေရှုပ်နေကြတော့တာ…. နောက်ဆုံး ဆရာတွေကိုယ်တိုင် မနေနိုင်တော့ပဲ ဝင်ပါလာကြရတော့တာပေါ့ …. ဒီလိုနဲ့ သီတင်းကျွတ်လပြည့်နေရောက်လာပါရော….. ညနေပိုင်းမှာ ကျနော်တို့ နဂါးရုပ်ကြီးကို အပြီးသတ်ပြင်ဆင် …. နဂါးကြီးကို ရေထဲမျှောမှာမို့ အောက်ခံငှက်ပျောတုံးတွေခုတ်ဖို့ ကျောင်းသားတစ်ချို့က တာဝန်ယူ ကျနော်တို့ကတော့ နဂါးရုပ်ကြီးကို ကျောင်းကနေ ဆုတောင်းပြည့် ဘုရားရောက်တဲ့အထိ သယ်သွားကြရတာပေါ့…. တစ်ကျောင်းလုံးက ဆရာ/မတွေ၊ ကျောင်းသား/သူတွေအကုန်လုံးနီးနီးသွားကြတာမို့ တစ်ပျော်တစ်ပါးကြီးပါ …. ကျောင်းကနေ ဆုတောင်းပြည့်ဘုရားသွားတဲ့လမ်းတစ်လျှောက် စည်ကားနေတော့တာ …. ကျနော်တို့တွေ ဆုတောင်းပြည့် ဘုရားဆီရောက်ပြီး ပြင်ကြဆင်ကြနဲ့ ညခုနှစ်နာရီလာက်မှာ ဆီမီးတွေစမျှောကြပါတယ်။ ဆီမီးမျှောတာကိုတော့ ကျောင်းသူတွေက တာဝန်ယူကြတာပါ။ ကျနော်တို့ကတော့ ကျနော်တို့ အဖွဲ့ရဲ့ နဂါးရုပ်ကြီး လှလှပပနဲ့ ရေထဲမျှောနိုင်ဖို့ရာ ပြင်ဆင်နေကြတာပေါ့။ ဆီမီးမျှောတာ အရုပ်မီးပုံကြီးတွေမျှောတာကို မြစ်လယ်ကနေသွားမျှောရတာ ….. ဆီမီးကတော့ လိုအပ်တဲ့ ပစ္စည်းတွေကို စက်လှေပေါ်တင် … မြစ်လယ်ကို စက်လှေမောင်းသွားပြီး မျှောလိုက်ရုံပါပဲ … ပြဿနာက ကျနော်တို့ အရုပ်မီးပုံးကြီးတွေ စက်လှေပေါ်လည်းတင်လို့မရဆိုတော့ … စက်လှေနဲ့ ယှဉ်တွဲပြီး မြစ်လယ်ကို ဆွဲသွား မြစ်လယ်ရောက်မှ မျှောချရမှာဆိုတော့ စက်လှေနဲ့ အရုပ်ကိုဆွဲသွားတဲ့အခါ ကျနော်တို့ သူငယ်ချင်းတစ်သိုက် စက်လှေဘေးရေထဲကနေ အရုပ်ကြီးကို ထိန်းပြီး အသာလေးခိုလိုက်
မြစ်လယ်ရောက်တဲ့အခါ အရုပ်ကြီးကို ခေါင်းက ရေစီးအတိုင်းအရှေ့ဘက်ဖြစ်အောင် ဆွဲလှည့် အရုပ်ကြီးထဲမှာ မီးတွေထွန်း မီးကျည်မီးပန်းတွေ မီးရှို့ပြီး အားလုံးအိုကေပြီဆိုမှ လွှတ်ချလိုက်ပါတယ်… အရုပ်ကြီးက မြစ်လယ်ကနေ တရွေ့ရွေ့မျှော စက်လှေကလည်း မြစ်လယ်ကနေခွာ ကျနော်တို့ကလည်း စက်လှေပေါ်မတက်တော့ပဲ အလာတုန်းကလို ဘေးကနေ အသာခိုလိုက်….. ကမ်းဘက်ရောက်လာတော့ ကျနော်တို့ သူငယ်ချင်းတစ်သိုက် ….. ဘောင်းဘီတိုလေးတွေနဲ့ ခိုက်ခိုက်တုန်နေပါပြီ…… ဘုရားထဲမှာတော့ လူတွေအပြည့် အာဟာရဒါနတွေလည်း ကျွေးနေပါတယ်။ ဘောင်းဘီတိုလေးတွေနဲ့ ကျနော်တို့သူငယ်ချင်းတစ်သိုက်ကတော့ ဘုရားထဲမဝင်ဖြစ်တော့ပါဘူး….. အားလုံးတိုင်ပင်ထားတဲ့အတိုင်း ဆုတောင်းပြည့်ဘုရားနဲ့ သိပ်မဝေးလှတဲ့ အာမီရမ်နဲ့ ပဲဖတ်ချဉ်ကောင်းတဲ့ အရက်ဆိုင်လေးဆီသို့ ချီတက်ခဲ့ကြပါတော့တယ်….. ကောင်းကင်မှာ သီတင်းကျွတ်လပြည့်ညရဲ့ လမင်းကြီးကလည်း ထိန်ထိန်သာလို့ပေါ့ ……………………………………………………………
လွမ်းမိတယ် ……………………….. ဟိုးတုန်းက မြစ်ကြီးနား ညတွေရေ …………………………………….

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။