ဟဲ့ ထ ထ မျက်နာသစ်သွားတိုက်ရမယ်။ ပြီးရင် ပြီးရင် သြော် အိမ်သာတက်ရမယ်။ ၀မ်းကလွယ်တော့လမ်းမှာ ဒုက္ခရောက်ရင်မလွယ်။ ပြီးတော့ ပြီးတော့ အင်း လက်ဆေး။ ကော်ဖီဖျော်။ ဘီစကစ်လေးပါးစပ်ထဲတစ်ချက်ပစ်ပြီး လျှာလေးနဲ့မွှေ။ စားသောက်သောက် မြန်မြန်လုပ်ပြီးတော့ အလှပြင် ပြင် အင်း မနေ့ညက မီးပူတိုက်ထားတဲ့ ဒီနေ့မနက်ဝတ်မယ့်ဝတ်စုံသုံးစုံ အဲဟုတ်ဖူး တစ်စုံ နှစ်စုံက ရွေးလို့ရအောင် အရံထား ကိုယ်နဲ့ကပ်လိုက်ခွာလိုက်။ နံရံကပ်မှန်ပေါ်က ကိုယ့်ခန္ဒာကိုယ် လေးဆယ့်ရှစ်ပတ်လောက်ကပ်လိုက် ခွာလိုက် လှည့်ပတ်ကြည့်။ စိတ်တိုင်းကျရွေးပြီး ၀တ်လိုက်တော့ တစ်ခုလိုသေးတယ် အဲ အဲဆိုမှ မိတ်ကပ်ပြင် နှုတ်ခမ်းညို အိုတွဲတွဲကို အနီဆိုးရမလား အညိုဆိုးရမလဲလို့ စဉ်းစားရင်းလွန်ဆွဲ။ အနီရောအညိုပါစပ်ဆိုးလိုက်တော့ အလှတို့စိုရွဲသွားသလိုလို အို မျက်တောင်လေးကို ပေကလပ် ပေကလပ်ခတ်ကြည့် ဆွဲဆောင်မှုရှိရဲ့လား ပြန်ညှိ မာစကာရာကိုတင်ဖို့ မေ့၏။

အရေးထဲ မျက်ခန်းထောင့်စွန်း ကျီးခြေလေးတွေကရေးရေးလေးပေါ် ပေါ် ပေါ်ဦးဟဲ့ဆိုပြီး ခရင်မ်ပတ်ကလေးနဲ့ဖို့ဖို့။ ဒုက္ခ ဒုက္ခ မျက်ခုံးမွေး ကျိုးတိုးကျဲတဲကိုဖြည့်ဖို့ မေ့ဦးဟဲ့ဆိုပြီး ခဲတံလေးနဲ့ဖိဖိဆွဲပြီးတော့ သြော် သြော် ဆံပင် ဆံပင် ဖြန့်ချရမလား။ ထုံးသွားရမလား နိုးနိုး မာမီခေါက်ဆွဲလိုအခွေလိုက်လေချတာ လှ လှလို့ တစ်နေ့ကဆိုကျ အဲ အဲတော့မှ လတ်ဆတ်နေတဲ့အဖြစ်နဲ့ အပြင်မှာပူတယ်ဆိုတာသတိရ။ မျက်မှန်လေးလည်းထုတ်မှ။ အညိုတပ်မလား အနက်တပ်မလား ရွေး ရွေး မြန်မြန်ရွေး အို ဒီအနက်ပဲကောင်းတယ် အယ် အယ် ဘေးလွယ်အိတ် ဘေးလွယ်အိတ် အညို အနီ အဖြု ဘယ်တစ်လုံးလွယ်ရမလဲ စဉ်းစား စဉ်းစား ၀တ်စုံက အနီဆိုတော့ အနီလေးပဲလွယ်မယ် ။ ဟင် ဖိနပ် ဖိနပ် အရပ်ကပုတော့ အမြင့်စီးရမလား ရွေးရွေး မြန်မြန်ရွေး ဒီ ဒီအနီလေးရွေး။

ရွေးပြီးတော့ ဟယ် ဒါ လတ်လတ်ဆတ်ဆတ် အလှပြင်ပြီးတာ ဘယ်မလဲ ကင်မရာ ကင်မရာ ဟုတ်ပါ့။ စားပွဲပေါ်မှာ။ အိုကေ 360 နဲ့ရိုက်ရမလား။ နိုးနိုး ရိုးရိုးရိုက်။ ကဲ ၀မ်း တူး သရီး ဖိုး ဖိုက် ချကလပ် တစ်ပုံ နှစ်ပုံ သုံးပုံ Save။ အင်း ဖွင့်ဖွင့် အင်တာနက်ဖွင့်။ ဟော ဟော တက်ပြီး E, H , ဟယ် H+ ရပြီ။ ပုံတွေ ပုံတွေ ဒီမေးစေ့လှတယ် အဲ အလင်းနည်းနည်း မှောင်တယ်။ ပြင်ပြီး တင်ပလိုက်မယ် ကဲဟယ်။ ဟယ် Upload Complete ရပြီ ရပြီ။ ဖွင့်ကြည့်။ ဟော ဟော ၀မ်းလိုက် တူးလိုက် သရီးလိုက်။ သြော်မေ့လို့ ပုံထဲစာမထည့်လိုက်ရ။ တွေ့ပြီ တွေ့ပြီ မမ လှတယ် တဲ့ Comment ။ ပြန်ပြောလိုက်တယ် သိုင်းကျူး ဆစ်လေး အို နောက်ကျပြီ နောက်ကျပြီ ထွက်ထွက် မြန်မြန်ထွက်။ ထွက်ဆို ဘေးလွယ်အိတ်ထဲစုံပြီးလား ဟဲ့ ဆိုကြည့် ဖုန်း ပိုက်ဆံ မိတ်ကပ်ဗူး ဘီး စုံပြီ စုပြီ။

ဖုန်းလေးကိုပိတ်ပြီး အပြင်ထွက်။ မှတ်တိုင်မှာ မတ်တပ်ရပ်။ တွေ့တဲ့ကားပေါ်ကောက်တက်။ နေရာတစ်နေရာရမလား ဖင်နဲ့တွန်းဝင် ဟောဟော ထိုင်လို့ရပြီ ရပြီ။ သက်ပြင်းလေးမှုတ်ထုတ် ဖုန်းလေးဖွင့်ပြီး အွန်လိုင်းဖွင့် ချက်ချင်း ကောက်တင်လိုက်တယ် ကားကြပ်တယ် ဖီလင် စိတ်ပျက်။ အော်ပြီ အော်ပြီး မှတ်တိုင်နီးပြီး ဆင်းဆင်း။ မြန်မြန်ဆင်း။ ဆင်းလိုက်တာနဲ့ ဘွားခနဲမြင်ကွင်း ဘုရားစေတီရွှေဝင်းဝင်း။ ပတ် ပတ် သုံးပတ် ပတ် ပြည့်ပြီးဆို ၀ယ်လာတဲ့ စံပယ်ကုံး မွေးနံ့ထောင့်ကဘုရားကပ် သြော်အရေးထဲ ရေသပါယ်ဖို့ မေ့တော့မလို့။

ဟုတ်သား လိုင်းပေါ်တက်ပြီး ဘုရားရောက်ကြောင်းလေး တင်တင် ပြီးတော့မှ မြန်မြန်ဦးချ ဆင်းဖို့ပြင်။ ဆုတောင်း ဆုတောင်း ဘုရားတပည့်တော် စိတ်ပျိုကိုယ်နုပါစေကြောင်း တောင်းတောင်း။ အာရုံထဲမှာလည်း မမ လှတယ်ဆိုတဲ့ Comment ကကောင်းမှကောင်း။ ပြီးတော့ အသာထ ပြန်မယ် ပြန်မယ်။ မြို့ထဲဝင် အအေးသောက်။ အမောပြေသောက်ပါဦးလား လိုင်းပေါ်ရောက်။ ဒီတော့မှ သွေးနားထင်ရောက် အနားကပ်တဲ့ကလေးတစ်ယောက် ပြောပုံဆိုပုံ တစ်ချက်မထောက်။

“အဒေါ်ဂျီး သားဝို မုန့်ဖိုးပေး” တဲ့။

ဒီတော့ ဒိုင်းခနဲထိုး မျက်စောင်းတွေအမျိုးမျိုး ပါးစပ်ကလည်း သေနတ်မျိုးလို ဘယ်လိုကလေးလဲမသိ ငါ့များ အဒေါ်ကြီးတဲ့။ ဟေ့ရှင်းမယ် အအေးဖိုးနဲ့အသုပ်ဖို့ရှင်းမယ် ဘယ်လောက်ကျလဲ ဟုတ်ကဲ့ အဒေါ် ထောင့်နှစ်ရာကျပါတယ်။ လာပြန်ပြီ ဒီအဒေါ် ရော့ ဆို ဆောင့်ထည့်။ ဆိုင်ထဲကအထွက် ဖြတ်သွားတဲ့ လက်တွန်းလှည်းပေါ်က သီချင်းသံက

**မလှဘူးဆိုရင်ငိုချင်တယ်လို့ ပြောပါနဲ့လေး ချစ်သူရယ်**

မဆီမဆိုင် မျက်စောင်းထိုး လှည့်ထွက်။ ပါးစပ်ကလည်း တိုးတိုးလေးရွတ်နေရတယ်။ ဟုတ်တယ် ကိုယ့်ကိုကိုယ် သ ရတယ် သ ရတယ်။ လှအောင် သရတယ်။ မသာလေးတွေရဲ့ ဆဲတုန်းခဏ အနားကဖြတ်သွားတယ်။

**ဟုတ်ကဲ့လား ဒကာ ဒကာမတို့ တစ်နေ့တစ်ခြား အိုလာတာပဲ ရှိတယ် ပျိုလာတာရှိသလား။ မရှိပါဘုရား။ အေး လူတွေက မေ့နေတာ ထမင်းစားပြီး နေ့တိုင်းအိုအိုလာတာကိုသတိမထားမိတာ။ ပိုလှလာတာ ရှိလား ။ မရှိပါဘုရား။ ဒါဆို ဘယ်လမ်းကိုသွားနေတာလဲ။ သေလမ်းပါဘုရား။ လူတိုင်းမသေနိုင်ဘူးလား။ မဟုတ်ပါဘုရား။ ပျိုပျိုအိုအို ဘယ်လမ်းသွားမလဲ သိလား။ သိပါတယ်ဘုရား သေလမ်းပါဘုရား**

 

 

 

သော်ဇင်(လွိုင်ကော်)

 

 

P.S…………………ဘဘဘလက်ခ်ချောရေ

အနော်ပြန်လာပါပြီလို့။ အပျော်လေးနဲ့စတင်ပြီး ပို့စ်တစ်ခုတင်ခဲ့ပါတယ်ဗျာ။ နောက်ရက်တွေမှာ ရက်ခြားပြီး ဆောင်းပါးလေးတွေ ၀တ္ထုတိုလေးတွေပြန်လည်တင်ပေးပါတော့မယ်လို့။

 

 

 

သော်ဇင် (လွိုင်ကော်)

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 191 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား