အလင်းခြုံတဲ့ သတင်း Zone ( သို့မဟုတ်) အောင်ဇေမီဒီယာကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့ …

 

  • မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်ပွါးနေဆဲပဲလို့ ပြောဆိုလိုက်တဲ့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောဆိုမှုများ ၊
  • အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက် ကဆုန်လပြည့်နေ့တွေအတွင်း မြန်မာပြည်တွင်းက အလုပ်သမားတွေ ဆန္ဒပြကြမယ့်သတင်း…
  • မြန်မာအလုပ်သမား အယောက် ၂၀ လိုက်ပါလာတဲ့ ယာဉ်တစ်စီး ၊       ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ပြီး မြန်မာ ၉ ဦး သေဆုံးသွားတဲ့ သတင်း၊
  • မြန်မာပြည်တွင်းမှာ မိုးထစ်ချုန်း ရွာခြင်းများနဲ့ မိုးကြိုးမုန်တိုင်း အန္တရာယ်များ ကျရောက်နေတဲ့ သတင်း ၊
  • US ၊ တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့မှာ မြန်မာအဖွားအိုတစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်လုယက်မှု ဖြစ်ပွါးခဲ့တဲ့သတင်း ၊
  • US ၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့မှာ ဖြစ်ပွါးနေတဲ့ အကြမ်းဖက် ဆူပူမှုများ ၊ မီးရှို့လုယက်မှုများနဲ့ နောက်ဆက်တွဲ အခြေအနေများ ၊
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်တွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြောဆိုမှုများ ၊
  • မြန်မာ့အရေးကို မြန်မာများ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ US ၊ အာရီဇိုးနားပြည်နယ်က Sedona Forum ဆွေးနွေးပွဲဆိုင်ရာ သတင်း ၊
  • နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးခဲ့သူတွေနဲ့ ဒုက္ခရောက်နေသူတွေရဲ့ အခြေအနေ သတင်းများ ၊ ငလျင်ဒဏ် ခံရတဲ့ နီပေါနိုင်ငံနဲ့ စပ်ဆက်နေတဲ့ မြန်မာပြည်တွင်းက အခြေအနေများ ၊
  • ရခိုင်ဒေသမှာ ဖြစ်ပွါးနေတဲ့ အစိုးရနဲ့ ဒေသခံတပ်တွေကြားက တိုက်ပွဲသတင်းများနဲ့ ကိုးကန့်ဒေသ စစ်ရေးအခြေအနေများ ၊
  • ကမ္ဘာ့အကြီးဆုံး လျောင်းတော်မှု ရုပ်ပွားတော်ကြီးကို တည်ထားခဲ့တဲ့ ၀င်းစိန်တောရကျောင်း နာယကဆရာတော် ပျံလွန်တော်မူသွားတဲ့သတင်း၊
  • ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Partnership Group on Myanmar အဖွဲ့ရဲ့ ပြောဆိုမှုများ၊
  • မြန်မာအစိုးရကို ကမ္ဘာ့ဘဏ်က နှစ်ရှည်အတိုးမဲ့ချေးငွေတွေ ထုတ်ချေးမယ်ဆိုတဲ့ သတင်း ၊
  • မြန်မာ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခ/လစာ သတ်မှတ်ချက်ကို မေလအကုန်မှာ သတ်မှတ်နိုင်တော့မယ်ဆိုတဲ့သတင်းနဲ့ ၊
  • ရေပိုခန်းခြောက်လာတဲ့ အင်းလေး ဒေသ အခြေအနေသတင်းများ ၊
  • မြန်မာပြည်မှာ ၂၀၁၂ ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမူများ တဖြည်းဖြည်း တိုးတက်လာတယ်ဆိုတဲ့ ပြောဆိုမှုများ အပါအဝင်…
  • US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများနဲ့
  • သိမှတ်ဖွယ်ရာ ထူးခြားသတင်းအဖြာဖြာကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမျိုးသမီးများ… သတိထား…

 

ဧပြီ ၃၀ ။

မြန်မာတိုင်းရင်းသား ဒေသတွင်းက အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဟာ ကြီးထွားနေဆဲပဲလို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။

အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်နေတာကို တားဆီးနိုင်ဖို့အရေးနဲ့   ကျူးလွန်သူတွေကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်ကြောင်းလည်း  ကုလအတွင်းရေးမှူးက မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့                                                    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်လိုက်ရာမှာ  ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားဒေသတွေမှာ  အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရဆဲ ဖြစ်ကြောင်းကို ထည့်သွင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့အတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ၊ အမျိုးသမီးတွေကို အတင်းအဓမ္မ လက်ထပ်ခိုင်းစေဖို့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ ဖြစ်ပေါ်နေတာဟာ ၂၀၁၄ ခုနှစ် အစပိုင်း စပြီး တိုးမြင့်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

ဒီလို တိုင်းရင်းဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ တိုးလာရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေသတွင်း ပဋိပက္ခ ဖြစ်ပွါးမှုများ နဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကိုလည်း ထောက်ပြ ဝေဖန်ထားပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူတွေကို အကာအကွယ်ပေးဖို့အပြင် ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြသူတွေကိုလည်း တရားဥပဒေ အရ အရေးယူဖို့ ကုလ တိုက်တွန်းထားပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာ အပေါ် မြန်မာနိုင်ငံတွင်းက အမျိုးသမီးအရေး လှုပ်ရှားသူများကလည်း ထောက်ခံကြကြောင်း ကြားသိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ပြဦးမတဲ့… လာအုန်းဟဲ့…

 

 

ဧပြီ ၃၀ ။

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက်နေ့မှာ ကျရောက်မယ့် ကဆုန်လပြည့်နေ့တွေအတွင်း မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် နဲ့ စီနိုဝမ် စတဲ့ တရုတ်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီတွေထဲကဲ့ အလုပ်သမားတွေဟာ အလုပ်မဆင်းပဲ ဆန္ဒ ဖော်ထုတ်ကြမယ်လို့ သိရပါတယ်။

ဆန္ဒဖော်မယ့်သူတွေဟာ စုစုပေါင်း ၁ သောင်းလောက် ရှိပြီး အလုပ်သမားတွေတောင်းဆိုနေတဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အဆင်မပြေသေးတဲ့အတွက် ခုလိုဆန္ဒပြရ တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အလုပ်သမား ၁ သောင်းလောက်ဟာ သူတို့တောင်းဆိုထားတဲ့ လုပ်ခလစာ သတ်မှတ်ချက် မရမချင်း အချိန် ပိုကြေးနှစ်ဆရတဲ့ ရုံးပိတ်ရက်တိုင်း အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကံဆိုးသူတို့ သွားရာလမ်း

 

ဧပြီ ၂၈ ။

ထိုင်းနိုင်ငံ ဘန်ကောက်မြိုနဲ့ မလှမ်းမကမ်းက မဟာချိုင်ဆိုတဲ့ မြို့နယ်မှာ ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွါးခဲ့ပြီး စီးနင်းလိုက်ပါလာတဲ့ မြန်မာအလုပ်သမား အယောက် (၂၀) ထဲက (၉) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ အလုပ်သမား (၉) ယောက်ကိုတော့ ဆေးရုံတင်ထားရကြောင်း ကြားသိရပါတယ်။

ယာဉ်တိမ်းမှောက်ရာမှာ သေဆုံးခဲ့တဲ့ မြန်မာတွေထဲမှာ တရားမ၀င်အလုပ်သမားတွေ ပါဝင်နေတာကြောင့် သင်္ဂြိုလ်နိုင်ဖို့ရာ အခက်အခဲရှိနေပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေရပါတယ်။

မဟာချိုင်မြို့နယ် CP ပင်လယ်စာထုတ်လုပ်ရေးစက်ရုံရဲ့ မြန်မာ အလုပ်သမား အယောက် (၂၀) စီးလာတဲ့မော်တော်ယာဉ်ဟာ အရှိန်လွန်တိမ်းမှောက်ခဲ့တာဖြစ်ပြီး အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၆) ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့နယ်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမား (၈) သိန်းနီးပါး အလုပ်လုပ်နေကြတာဖြစ်ပြီး အများစုကတော့ ငါးပုဇွန်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အဖွားအိုများ…သကြားချိုသလား..

 

ဧပြီ ၂၆-၁၈ ။

US ၊ တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့ရှိ အသက် ၇၇ နှစ်အရွယ် မြန်မာ အဖွားအိုတစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၂၆ ရက်နေ့ ည (၁၁) နာရီလောက်က 6524 NE 12th Ave ရှိ နေအိမ်မှာ လုယက်တိုက်ခိုက်မှု ဖြစ်ပွားချိန်က မြန်မာစကားပြောဆိုတဲ့ အဆိုပါ အဖွားအိုနဲ့အတူ အသက် (၁၁) အရွယ် မြေး ယောက်ျားလေး တို့သာ အိမ်မှာ ရှိနေကြပါတယ်။

အင်္ဂလိပ်စကား ပြောဆိုနိုင်တဲ့ မြေးဖြစ်သူက ရဲတွေကို ပြန်ပြောပြရာမှာ ပြစ်မှုကျူးလွန်သူတွေဟာ မြန်မာစကားပြောဆိုတဲ့ အသက်မခန့်မှန်းနိုင်တဲ့ အသားမည်းမည်းနဲ့ လူသုံးဦး ဖြစ်တယ်လို့ သိရပါတယ်။

လုယက်သူတွေဟာ ခေါင်းစွပ်ပါတဲ့ ဂျက်ကက်အညိုရောင်တွေ ဝတ်ဆင်ပြီး မျက်နှာကို အဝတ်နီနဲ့ စည်းထားကြကြောင်းလည်း သိရပါတယ်။

လုယက်သူတွေဟာ သော့ ခတ်မထားတဲ့ တံခါးကနေ အိမ်ထဲကို ဝင်လာပြီး သေနတ်တစ်လက်ကို ထုတ်ပြကြောင်း ၊ အဆိုပါသေနတ်ဟာ လေသေနတ်သာ ဖြစ်နိုင်ဖွယ်ရှိကြောင်း မြေးဖြစ်သူက ရဲတွေကို ပြောပါတယ်။

လုယက်သူတွေဟာ အဖွားအိုရဲ့ ဆေးဝါးတွေ ထည့်ထားတဲ့ အိတ်အမည်းတစ်အိတ်ကို ဆွဲလုပြီး ခြေလျင် ထွက်ပြေးသွားကြပါတယ်။

အဆိုပါဖြစ်ရပ်မှာ မည်သည့်ယာဉ်မှ ပါဝင်ပတ်သက်မှု မရှိတဲ့အပြင် မည်သူတစ်ဦးမျှလည်း ထိခိုက်ဒဏ်ရာ မရပါကြောင်း သိရပါတယ်။

မြန်မာလူမျိုးများအနေနဲ့ အရေးအကြောင်း တစ်စုံတစ်ရာ သတင်းပေးလိုတဲ့အခါမှာ  အမာရီလို ရဲတပ်ဖွဲ့ မှုခင်းတားဆီးရေး Crime Stoppers at 374-4400. ထံကို ဆက်သွယ်အကြောင်းကြားဖို့ ကြေညာပေးထားပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အိုဘားမားနဲ့ ကိုစားဖားများ တွေ့ကြပြီ…

 

ဧပြီ ၂၇/၂၈ ။

US ၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့မှာ ဧပြီ ၂၇ ရက်နေ့က စပြီး အကြမ်းဖက် ဆူပူမှုများ ၊ မီးရှို့လုယက်မှုများ ဖြစ်ပွါးခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့များက အရေးပေါ် အခြေအနေ ကြေညာပြီး ထိန်းသိမ်းထားရပါတယ်။

နိုင်ငံစောင့်တပ်ဖွဲ့လို့ ခေါ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ထောင်ချီပြီး တပ်ဖြန့်ချထားပြီး  ည ၁၀ နာရီကနေ မနက် (၅) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။

မြို့ပေါ်ရှိ ကျောင်းများအားလုံး ပိတ်ထားပြီး အားကစားပွဲများကိုလည်း ရွှေ့ဆိုင်းထားရကြောင်း ကြားသိရပါတယ်။

အဆိုပါ ဆူပူမှုတွေ ဖြစ်ပွားရခြင်းကတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ (၂၅)နှစ် အရွယ် “ဖရက်ဒီဂရေး”ဆိုတဲ့ လူမဲအမျိုးသားဟာ ရဲတွေ ချုပ်နှောင်ထားရာမှာ သေဆုံးသွားခဲ့တာကြောင့် စတင်ခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်ဆန္ဒပြရာကနေ အကြမ်းဖက် လုယက်ပြီး မီးရှို့မှုတွေ ဖြစ်ပွါးလာတဲ့ အထိ အခြေအနေတွေ ဆိုးဝါးလာခဲ့ပါတယ်။

လူမဲ အမျိုးသား ဖရက်ဒီဂရေးဟာ ဖမ်းဆီးခံရစဉ်မှာ လည်ပင်းရိုးကျိုးပြီး အာရုံကြော ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် သတိလစ် မေ့မျောနေခဲ့ပါတယ်။

သူ့ကို ဆေးရုံမှာ ခွဲစိတ်ကုသမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ သတိပြန်လည်မလာဘဲ (၇) ရက်အကြာမှာ ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဖရက်ဒီဂရေးကို အသုဘချတဲ့ ဧပြီလ ၂၇ ရက် နေ့လယ်ပိုင်းကစပြီး ဆန္ဒပြမှုတွေကနေ အကြမ်းဖက် ဆူပူသောင်းကျန်းမှုအဖြစ် ကူးပြောင်းသွားပြီး မီးရှို့ဖျက်ဆီးမှုများ၊ လုယက်တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဘော်လ်တီမိုးမြို့မှာ (၁၉၆၈) ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ လူမဲဘုန်းတော်ကြီး မာတင်လူသာကင်း ဂျူနီယာ လုပ်ကြံခံရတုန်းက ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ဒါဟာ အဆိုးဝါးဆုံး အခြေအနေဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံစောင့်တပ်ဖွဲ့ကို ခေါ်ယူ ထိန်းသိမ်းရခြင်း ဖြစ်ပါတယ်။

အဆိုပါ အကြမ်းဖက်ဆူပူမှုများကြောင့် ရဲ (၁၅) ဦး ဒဏ်ရာရရှိပြီး၊ (၇) ဦးကတော့ အတွင်းလူနာအဖြစ် ဆေးရုံတင်လိုက်ရတဲ့အပြင် မော်တော်ယာဉ် မီးရှို့မှု (၁၄၄) ခု၊ အဆောက်အအုံ မီးရှို့မှု (၁၅) ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင်လူ ၂၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားရကြောင်းလည်း သိရပါတယ်

ဘော်လ်တီမိုး ဆူပူသောင်းကျန်းမှုများဟာ ကန့်ကွက် ဆန္ဒပြခြင်း မဟုတ်တော့ဘဲ လုယက်ဖျက်ဆီးခြင်း ဖြစ်လာတာကြောင့် ရာဇဝတ်မှုနဲ့ အရေးယူမယ်လို့ US သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ရွှေကျောင်း ပြောင်လည်း ဝမ်းခေါင်ဆဲ…

 

 

ဧပြီ ၂၈ ။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာပြည်တွင်း တရားဥပဒေစိုးမိုးရေး ဗဟိုဌာနတွေကို ပြည်နယ်နဲ့တိုင်းတွေမှာ ဆက်လက် ဖွင့်လှစ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့က လွှတ်တော်ရုံးခွဲမှာ ဧပြီလ ၂၈ ရက်နေ့က ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီ UNDP က ကိုယ်စားလှယ်တွေ တက်ရောက်ကြကြောင်း သိရပါတယ်။

နောက်ထပ် တရားဥပဒေစိုးမိုးရေး ဗဟိုဌာနတွေကို UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရဲ့ အကူအညီနဲ့ တစ်နိုင်ငံလုံးမှာ ဆက်လက်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

သုံး သုံးလီ တစ်ဆယ်လို့ မတွက်ရ

 

 

ဧပြီ ၂၈ ။

US ၊ အာရီဇိုးနားပြည်နယ်၊ Sedona မြို့မှာ Jonh McCain Institute က ကြီးမှူးပြီး Sedona Forum ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ရာမှာ မြန်မာ့အရေးတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ရီပတ်ဘလီကန်ခေါင်းဆောင် Jonh McCain ဦးဆောင်ကျင်းပတဲ့ အဆိုပါ Sedona ဆွေးနွေးပွဲအတွင်း မြန်မာပြည်ဆိုင်ရာ အမေရိက-နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ဖို့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အိုဘားမားရဲ့ US အစိုးရဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ အသံထက် မြန်မာအစိုးရနဲ့သာ ပိုပြီး နီးစပ်လာတာကို စိုးရိမ်စရာ ဖြစ်နေတာကြောင့် US ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ဖို့အရေး ဆွေးနွေးပွဲအတွင်းမှာ တိုက်တွန်း ပြောဆိုခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုနဲ့ ကမ္ဘာ့စီးပွားရေး… စတဲ့ကဏ္ဍတွေမှာ US ရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ပတ်သက်ပြီး အိုဘားမားအစိုးရရဲ့ ဆက်ဆံမှုတွေဟာ နေပြည်တော်က မြန်မာအစိုးရနဲ့သာ ပိုနီးစပ်နေတာကို သတိပြုမိတဲ့အတွက် အခြေနေမှန်တွေကို လေ့လာပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်သင့်ပါကြောင်း Sedona Forum မှာ ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့တဲ့ ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်း အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင် မဇင်မာအောင်က ပြောပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သဘာဝဘေး ကပျာကယာပြေး..

 

ဧပြီ ၂၆- ၂၇ – ၂၈ ။

ဧပြီလ ၂၅ ရက်နေ့က နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးခဲ့သူအရေအတွက်ဟာ  (၁) သောင်း ကျော် ရှိသွားနိုင်တယ်လို့ နီပေါနိုင်ငံ ​ဝန်ကြီးချုပ်က ပြောဆိုထားပြီး ၊ လူပေါင်း ၆၅၀၀ လောက်ဟာလည်း ဒဏ်ရာတွေ ရထားတယ်လို့ သိရပါတယ်။

အဆိုပါ သဘာဝဘေး အန္တရာယ်ဖြစ်ပွါးရာ နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြပေမယ့် ရာသီဥတုကလည်း ဆိုးရွားနေသေးကြောင်း သိရပါတယ်။

ပြင်းအား (၇) ဒသမ (၉) အဆင့်ရှိတဲ့ ငလျင်ဟာ… နီပေါနိုင်ငံရဲ့ မြို့တော် အရှေ့ဘက် ၊ မိုင် ၅၀ အကွာရှိ “ပိုခါရာ”ဆိုတဲ့ မြို့ငယ်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး နီပေါနိုင်ငံမှာ နှစ်ပေါင်း (၈၀) အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းတင်လိုက်ရပါတယ်။

ဒါ့အပြင်လူ အများအပြားဟာ အဆောက်အဦ အပြိုအပျက်တွေအောက်မှာ ပိတ်မိနေကြဆဲပဲလို့  ယူဆနိုင်တာကြောင့်၊ သေဆုံးသူတွေရဲ့ စာရင်းဟာ ၃ ဆ မက မြင့်တက်လာနိုင်ကြောင်း  နီပေါ ပြန်ကြားရေးဌာနက ပြောပါတယ်။

မြို့အတွင်းရှိ ဒေသခံတွေဟာ နောက်ထပ် မြေငလျင် လှုပ်လာမှာ ကြောက်နေကြပြီး အဆောက်အဦတွေထဲမှာ မနေရဲဘဲ အပြင်ဘက် ကွက်လပ်တွေမှာ ထွက်အိပ်နေကြရပါတယ်။

ငလျင်ဒဏ် ခံလိုက်ရတဲ့ တချို့နေရာမှာ ​မြေပြိုမှုတွေလည်း ​ဖြစ်ပေါ်သွားတဲ့အတွက် ​ရဟတ်ယာဉ် ​ရပ်နားဖို့ ​နေရာတောင် ​ရှာမတွေ့ဘဲ စစ်သားတွေဟာ ​ခြေကျင်နဲ့ ​တက်ပြီး ​ကယ်ဆယ်ရေးလုပ်ဖို့ ​ကြိုးစားနေကြရပါတယ်။

ကုလသမဂ္ဂရဲ့ ​ခန့်မှန်းချက်အရ ​လူပေါင်း ​၈ ​သန်းလောက်ဟာ ငလျင်ဒဏ်ကို ​ခံခဲ့ရပြီး ​လူပေါင်း ​၁.၄ ​သန်းကတော့ ​အစားအသောက်အတွက် ​အကူအညီတွေ ​လိုအပ်နေတယ်လို့ ​ဆိုပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် အိန္ဒိယ နိုင်ငံကလည်း လေယာဉ်တွေ အများအပြား စေလွှတ်ပြီး ထောက်ပံ့ရေး ပစ္စည်းများ၊ လှည့်လည် ဆေးကုသပေးနိုင်တဲ့ ယာဉ်များနဲ့ ၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် လေ့ကျင့်ပေးထားတဲ့ ခွေးတွေကအစ… ပေးနေပါတယ်။

ဒါ့အပြင် US ၊ ဥရောပသမဂ္ဂ နဲ့ ဗြိတိန်တို့ကလည်း ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ထားကြောင်း သိရတဲ့အပြင် ၊
မြေငလျင်ဒဏ် ခံခဲ့ရသူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့ အတူ   မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကလည်း ပါဝင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သူတွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ချုပ်ကလည်း ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။

——–

——

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

.ပြေးသာပြေး… ဝေးသာဝေး..

 

ဧပြီ ၂၇ ။

မြန်မာပြည် အနောက်ဘက်ခြမ်းက ရခိုင်ဒေသမှာ ဖြစ်ပွါးနေတဲ့ အစိုးရနဲ့ ဒေသခံတပ်တွေကြားက တိုက်ပွဲတွေကြောင့် တိုင်းရင်းသားတွေ ရာနဲ့ချီ ထွက်ပြေးနေရတာကို စိုးရိမ်ပူပန်ကြောင်း US အစိုးရက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား ဧပြီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသား ပြည်သူတွေ ရာနဲ့ချီထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ကို US အနေနဲ့ စိုးရိမ်ပူပန်မိတဲ့အပြင် ၊ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အားလုံးအနေနဲ့ ရန်လိုမှုတွေ အဆုံးသတ်ပြီး အရပ်သားပြည်သူတွေကို ကာကွယ်ပေးစေလိုကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေကို နိုင်ငံတကာရဲ့ စံနဲ့အညီ အကူအညီတွေ အချိန်မီပေးနိုင်ဖို့ လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ US သံရုံးက သဘောထား ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်တွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအရေးနဲ့ပတ်သက်ပြီး အရပ်ဘက်ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ဖို့နဲ့ ရခိုင်စစ်မီး ငြိမ်းနိုင်ဖို့အရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်ဖို့အရေး ရခိုင်ပြည်တပ်မတော်စစ်ဦးစီးချုပ်က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်ဘက်က အခုလက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အခုလို နောက်ဆက်တွဲပြသနာတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော်( Arakan Army) က သဘောထားထုတ်ပြန် ကြေညာလိုက်တာပါ။

ဒါ့အပြင် တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မှာ ပါဝင်သင့် / ပါဝင်ထိုက်သူတွေအားလုံး ပါဝင်နိုင်အောင် လုပ်ဆောင်ဖို့ကိုလည်း လွှတ်တော်၊ အစိုးရ၊ တပ်မတော်တို့ကို တိုက်တွန်းလိုက်ပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ကိုးကန့်ဘက်မှာလည်း အစိုးရတပ်နဲ့ ကိုးကန့်တပ်တို့ဟာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးနေပါတယ်။

ကိုးကန့်ဒေသထဲမှာ မြန်မာတပ်ဘက်က စစ်အင်အား အလုံးအရင်းနဲ့ အရှိန်မြှင့်နေတဲ့အတွက် ရင်ဆိုင်တိုက်ပွဲတွေဟာ အခုထက် ပိုမို ပြင်းထန်လာမှာ ဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရကြောင်းနဲ့ နေရပ်ကို ပြန်လာကြဖို့ မသင့်သေးဘူးလို့ သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပျံသွားလေပြီ…

 

ဧပြီ ၂၆ ။

မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မှု ရုပ်ပွားတော်ကြီးကို တည်ထားခဲ့သူ ၀င်းစိန်တောရကျောင်းရဲ့ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကေသရ ဆရာတော်ဟာ သက်တော် ၉၄ နှစ်နဲ့ ပျံလွန်တော်မူသွားပါတယ်။

ဆရာတော်ဟာ ဧပြီလ (၂၆)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က အာရှတော်ဝင် ဆေးရုံမှာ ပျံလွန်တော်မှုခဲ့ကြောင်း သိရပါတယ်။

ပျံလွန်တော်မှုသွားတဲ့ ဆရာတော်ရဲ့ ရုပ်ကလပ်ကို ဧပြီ (၂၆)ရက်နေ့ ညနေ ၄ နာရီခန့်အချိနမှာ အာရှတော်ဝင်ဆေးရုံကနေ မွန်ပြည်နယ်ရှိ ကျောင်းဆောင်ကို ကားနဲ့ ပြန်လည်ပင့်ဆောင်ခဲ့ကြပါတယ်။

ဝင်းစိန်ဆရာတော်ကြီးဟာ အတောင် ၄၀၀ ခန့်ရှိတဲ့ လျောင်းတော်မှု ရုပ်ပွားတော်ကြီးကို တည်ထားခဲ့တဲ့အတွက် ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါးဖြစ်ပြီး ထိုင်းဘုရင်နဲ့ အဆက်အသွယ်ရှိတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မကောင်းသူပယ် ကောင်းသူကယ်…

ဒါပေမဲ့ လက်လည်း မတည့်တယ်…

 

ဧပြီ ၂၆ ။

မြန်မာပြည်တွင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး တိုင်းနဲ့ ပြည်နယ်တချို့အတွင်း မိုးဆက်လက်ထစ်ချုန်း ရွာနိုင်တဲ့အပြင် မိုးကြိုးမုန်တိုင်း အန္တရာယ်တွေလည်း သတိပြုဖို့လိုအပ်နေပါတယ်။

မွန်-တနင်္သာရီကမ်းရိုးတန်း ဒေသများမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသတချို့မှာ နေရာကွက်ပြီး မိုးထစ်ချုန်း ရွာသွန်းခြင်းများ ၊ လေပြင်းတိုက်ခတ်ခြင်းများနဲ့ မိုးကြိုးမုန်တိုင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် နေရာကွက်ပြီး မိုးကြီးခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း ၊   လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့် အခုလက်ရှိ ဧပြီလကုန်အထိ သတိထားပြီး နေထိုင်ကြဖို့ လိုအပ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဌာနက သတိပေးပြောဆိုထားပါတယ်။

မိုးကြီး လေပြင်းခြင်းများအပြင် တိုင်းနဲ့ ပြည်နယ်အများအပြားမှာ နေ့အပူချိန်များ ဆက်လက် မြင့်တက် နိုင်တာကြောင့် အပူဒဏ်အန္တရာယ်ကိုပါ သတိပြုကြရမှာ ဖြစ်ပါတယ်။

မိုးတိမ်တောင်တွေရဲ့ အန္တရာယ်ကို မေလဆန်းကနေ မေလအကုန်အထိတောင် သတိပြုဖို့ လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းကလည်း မိုးတိမ်တောင်တွေကြောင့် ရန်ကုန်အပါအဝင် အခြားဒေသများမှာ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပွါးနေရာ သစ်ပင်ကြီးများ ၊ ဓာတ်တိုင်များ ပြိုလဲခဲ့တဲ့ အပြင် လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဝမ်းနည်းရမှာလား..ဝမ်းသာရမှာလား..ရွေးကောက်ပွဲ

 

ဧပြီ ၂၅ ။

၂၀၁၅ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် မြန်မာပြည်ရဲ့ အထွေထွေရွေးကောက်ပွဲတွေဟာ  တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ အထူးအရေးပါတဲ့အဆင့် ဖြစ်ကြောင်း  Partnership Group on Myanmar လို့ ခေါ်တဲ့ မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။

Partnership Group on Myanmar အဖွဲ့ဟာ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ အစည်းအဝေး တစ်ရပ်ကျင်းပပြီးချိန်မှာပဲ သဘောထား ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ပိုင်ခွင့်ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲတစ်ခု  မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

အဆိုပါ အစည်းအဝေးအတွင်း မြန်မာအစိုးရ ကိုယ်စားပြု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကနေ သဘောတူညီချက်တစ်ခုခုလည်း လျင်မြန်စွာရရှိလာဖို့ မျှော်လင့်ကြောင်းလည်း အစည်းအဝေးအတွင်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အပါအဝင် တခြားဒေသတွေက စစ်ရေး တင်းမာမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကြောင့် နောက်ထပ် ပဋိပက္ခတွေ ထပ်မဖြစ်အောင် တားဆီးရေးကို မြန်မာအစိုးရဟာ အခိုင်အမာလုပ်ဆောင်ဖို့ လိုကြောင်း အဖွဲ့ဝင်နိုင်ငံတွေက အလေးထားကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဂုဏ်ယူစရာ… ချေးငှား ပြိုင်စံရှား

 

ဧပြီ ၂၅ ။

မြန်မာပြည်မှာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေ ပေါ်ပေါက်လာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုရေးအတွက် မြန်မာအစိုးရကို ကမ္ဘာ့ဘဏ်က နှစ်ရှည်အတိုးမဲ့ချေးငွေတွေ ထုတ်ချေးမယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာ အစိုးရကို US ဒေါ်လာ သန်း (၁) ရာ ထုတ်ပေးမှာ ဖြစ်ပြီး ဒါဟာ …. မြန်မာပြည်တွင်းက ဆင်းရဲနွမ်းပါးမှု မြင့်မားနေတဲ့ ဒေသတချို့မှာ မိုးခေါင်ခြင်းနဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်တဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ ၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်နိုင်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ အတွက်လည်း ရည်ရွယ်ပြီး အဆိုပါ ချေးငွေပေးအပ်ဖို့ အတည်ပြုပြီး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါချေးငွေတွေကို မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနဲ့ နေပြည်တော် အနီးတစ်ဝိုက်ရှိ တောင်သူလယ်သမား မိသားစုပေါင်း (၁)သိန်း (၂)သောင်းလောက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

စိုက်ပျိုးရေးကဏ္ဍကို အခြေပြုနေတဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍဟာ ခေတ်မီနည်းပညာများနဲ့ အလှမ်းဝေးနေဆဲ အခြေအနေမို့ …. အခုလို ကမ္ဘာ့ဘဏ်က ကူညီမယ့် စီမံကိန်းထဲမှာ တောင်သူလယ်သမားတွေကို လုပ်ငန်းဆိုင်ရာ အကြံပေးလမ်းညွှန်မှုများ ပါဝင်တဲ့အပြင် နည်းပညာအကူအညီ ပံ့ပိုးမှုများနဲ့ အရေးပေါ်ကာလအတွက် ရန်ပုံငွေ ပေးအပ်ခြင်းများပါ ပါဝင်ကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အနိမ့်ဆုံးလုပ်ခ – အနိမ့်ဆုံး ဖြစ်လာလေမလား…

 

ဧပြီ ၂၅ ။

မြန်မာပြည်တွင်းက ပုဂ္ဂလိကလုပ်ငန်းတွေဆီက အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခ/လစာ သတ်မှတ်ချက်ကို အခုလာမယ့် မေလအကုန်လောက် သတ်မှတ်နိုင်တော့မယ်လို့ သိရပါတယ်။

အခုလို အနိမ့်ဆုံး လုပ်ခ/လစာ သတ်မှတ်သတ်မှတ်ဖို့ ဥပဒေ ပြဌာန်းပြီးတာဟာ (၂) နှစ် ကျော်လာပြီ ဆိုပေမဲ့ ပမာဏ သတ်မှတ်နိုင်ဖို့အရေး အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေကြားမှာ ညှိနှိုင်းလို့မရ ဖြစ်နေခဲ့ပါတယ်။

ဒါ့အပြင်လုပ်ခ/လစာအရေးကြောင့် အလုပ်သမားသပိတ်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

လွှတ်တော် ၂ ရပ်ရဲ့ အလှည့်ကျ နာယက ဖြစ်သူ – သူရဦးရွှေမန်းကတော့ အနိမ့်ဆုံး လုပ်စာ သတ်မှတ်ချက်ကိုသာ အမြန်ဆုံး မသတ်မှတ်နိုင်ရင် ပြဿနာတွေ ဖြစ်ပေါ်လာဖို့ ဖန်တီးပေးရာ ရောက်လိမ့်မယ်လို့ ပြောဆိုနေပါတယ်။

အနိမ့်ဆုံး လုပ်ခ/လစာ ကို အာဏာပိုင်တွေဘက်က မေလ အကုန်မှာ သတ်မှတ်ပေးတဲ့အခါ ကန့်ကွက်မှုတွေသာ ပေါ်ပေါက်မလာဘူးဆိုရင်တော့ နောက် ရက်ပေါင်း (၆၀) အတွင်းမှာ       အတည် ဖြစ်သွားမှာ ဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 အရေးပေါ် ကယ်ဆယ်ရေး >

အပြေးနော် ကယ်မယ်လေး…

 

ဧပြီ ၂၅ ။

.မြန်မာစစ်တပ်နဲ့ ရခိုင်တပ်တွေအကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် “စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ” ကို စစ်တွေမြို့မှာ ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

အဖွဲ့ဝင် ၂၅ ဦး ပါဝင်တဲ့ အဆိုပါ အဖွဲ့ကို စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ယာယီအနေနဲ့ ဧပြီလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် ဧပြီလ ၂၃ ရက်နေ့ ညနေနှင့် ဧပြီလ ၂၄ ရက်နေ့ နံနက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ပြီး အဆိုပါကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ဒုက္ခသည် ကူညီရေးလုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် ကော်မတီထဲမှာ ဘဏ္ဍာငွေကောက်ခံရေးနဲ့ ထိန်းသိမ်းရေး၊ အကူအညီပေးရေး၊ အစိုးရအာဏာပိုင်များနဲ့ တွေ့ဆုံရေး…စတဲ့ ဆပ်ကော်မတီတွေကို ပါဝင် ဖွဲ့စည်းထားပါတယ်။

စစ်ဘေး ဒုက္ခသည်တွေအတွက် လတ်တလော အရေးတကြီးလိုအပ်နေတဲ့ နေအိမ် ၊ အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို ကူညီပေးသွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူ ၄၀၇ ဦးရှိနေပြီး
စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် မြောက်ဦးမြို့မှာလည်း အဖွဲ့ဝင် ၃၀ ကျော် ပါဝင်တဲ့ အရေးပေါ်ကယ်ဆယ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ရေတွေခန်းတော့ လေတယ်အရမ်းပေါ့ …

 

 

ဧပြီ ၂၄ ။

ရှမ်းပြည်တောင်ပိုင်း အင်းလေးကန်ဒေသမှာ ဟိုအရင်နှစ်တွေထက် ရေပိုခန်းခြောက်လာတာကြောင့် အင်းလေး ဒေသခံတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ဧပြီလ အတွင်းမှာ အင်းလေးကန်ရှိ ရေတွေ အလွန်တရာခန်းခြောက်လာတဲ့အတွက် လှေတွေ သွားလာရ ခက်ခဲနေတဲ့အပြင် ရေရှားပါးမှုပြဿနာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါ ထိခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ်ဟာ အရင်နှစ်တွေထက် မိုး ပိုခေါင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ပိုများလာတာကြောင့် ဈေးအရောင်းအဝယ်တော့ ပိုကောင်းလာတယ်လို့ သိရပါတယ်။

ပြင်တွင်းပြည်ပ ဧည့်သည်အမြောက်အများ လာရောက်ဖူးမျှော်ကြတဲ့ ဖောင်တော်ဦးဘုရားအနီးမှာလည်း ရေခန်းခြောက်နေတဲ့အတွက် နှုန်းမြေတွေပေါ်ပြီး စက်လှေတွေ ခုတ်မောင်းဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

နိုင်ငံတော်ကနေ အင်းလေးကန်ထိန်းသိမ်းရေးအတွက် ဘတ်ဂျက်တွေ ချထားပေးကြောင်း သိရပြီး နိုင်ငံခြားသားတွေ လာလည်တဲ့အခါမှာလည်း တစ်ယောက်ကို (၅) ဒေါ်လာ ပေးရပါတယ်။

အင်းလေးကန် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် ဌာနဆိုင်ရာတွေချည်းပဲ လုပ်ဆောင်လို့ မရကြောင်းနဲ့ ဒေသခံ အင်းသားတွေလည်း ပါဝင်လုပ်ဆောင်နိုင်မှ ဖြစ်မယ်လို့ ပြောဆိုနေကြပါတယ်။

အင်းလေးဒေသတွင်းမှာ စပါး ၊ ခရမ်းချဉ်သီး ၊ ငရုပ်သီး၊ ဘူးသီး ခရမ်းသီး၊ မုန်လာထုတ် စတဲ့ သီးနှံတွေ စိုက်ပျိုးကြပြီး အခုနှစ် ရေခန်းခြောက်မှု ပြဿနာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်စေပါတယ်။
လက်ရှိ အင်းလေးဒေသမှာ ဆည်အနေနဲ့ (၃) ခုသာ ရှိတာကြောင့် မြောက်များစွာ ဆောက်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

ဒေသခံတွေဟာ မိုး မခေါင်စေဖို့ ဆိုပြီး ဆုတောင်းပွဲတွေ လုပ်နေကြပြီး သစ်ပင်တွေလည်း များစွာ စိုက်ရမယ်လို့ ပြောဆိုနေကြပါတယ်။

တိုက်နယ် ပေါင်း (၄၃)ခုရှိပြီး ကျေးရွာပေါင်း (၄၄၄) ရွာ ရှိတဲ့ အင်းလေးဒေသဟာ လွန်ခဲ့တဲ့ (၂) နှစ်တုန်းက အင်းလေးနဲ့ ဒီနှစ်အင်းလေးရဲ့ အခြေအနေဟာ အလွန်တရာ ကွာခြားသွားတဲ့ အပြင် ဟိုအရင်က အင်းလေး ရေပြင် အပြာရောင်ကနေ အခုဆိုရင် အနီရောင်တွေဖြစ်နေပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖမ်းစိန်များနှင့် သွားစိန်များ

 

 

ဧပြီ ၂၄ ။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတခုအတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား (၉၃) ယောက်ကို ဧပြီလ ၂၄ ရက်က ဖမ်းဆီးလိုက်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဦးဆောင်ပြီး စစ်တပ်၊ ရဲနဲ့ လ၀က အပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာ အရာရှိတွေဟာ ထိုင်းနိုင်ငံ ၊မဲဆောက်ရှိ မယ်ပရပ်ကွက်ထဲက ချာရီဝပ်ထနာ အထည်ချုပ် စက်ရုံကို ၀င်ရောက် စစ်ဆေးပြီး ဖမ်းဆီခဲ့တာဖြစ်ပါတယ်။

အဆိုပါ စက်ရုံထဲက အလုပ်သမားတွေဟာ အထောက်အထားမရှိတဲ့ အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီမိသူတွေကို လက်ရှိ ထိုင်းအစိုးရရဲ့မူဝါဒ အတိုင်း ဆောင်ရွက်မှာဖြစ်ပြီး အထောက်အထား လက်မှတ်မရှိတဲ့ အလုပ်သမားတွေ စေခိုင်းထားတဲ့ စက်ရုံကို ဥပဒေချိုးဖောက်မှုကြောင့် စက်ရုံပိတ်တဲ့အထိ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖမ်းဆီးလိုက်တဲ့ မြန်မာ အလုပ်သမား (၉၃) ယောက် ဖမ်းဆီးမိတဲ့အထဲမှာ ယောက်ျားလေး (၃၅) ယောက်နဲ့ မိန်းကလေး (၅၅) ယောက်ပါဝင်ပြီး အသက် (၁၅) နှစ်အောက် ကလေး (၃)ယောက်လည်း ပါဝင်ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဘတ်စ်ကားပေါ်လားမသိ…အဟီဟိ..

 

ဧပြီ ၂၃ ။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်လို့ ပြောခဲ့တဲ့ မြန်မာပြည်မှာ ၂၀၁၂ ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမူများ တဖြည်းဖြည်း တိုးတက်လာတယ်လို့ သိရပါတယ်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်းမှာတော့ အနောက်နိုင်ငံတွေကပါ ဝင်လာတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေဟာ ဟိုအရင်ဘဏ္ဍာနှစ်တွေထက် ၂ ဆ လောက် မြင့်တက်သွားပြီး စံချိန်ချိုးသွားပြီ လို့ သမ္မတ စီးပွားရေးအကြံပေး Dr. ဇော်ဦးက ထုတ်ပြောလိုက်ပါတယ်။

အခုဆိုရင် ဒေသတွင်းမှာရော ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းမှာပါ တခြားနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ကောင်းတဲ့ ရလဒ်အနေနဲ့ ဖြစ်ပေါ်လာပြီး ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေထက်တောင် မြန်မာပြည်ရဲ့တိုးတက်နှုန်းက ပိုများကြောင်း ပြောဆိုနေပါတယ်။

အထူးသဖြင့် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာနဲ့ သဘာဝ အရင်းအမြစ်တွေ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေဟာ တခြားကဏ္ဍတွေထက် တိုးတက်မှုနှုန်း မြန်နေပြီး ရင်းနှီးမြှုပ်နှံမှု ပိုမို များပြား တိုးတက်လာကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကတော့ စက်မှုလက်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်အားကို အခြေပြုတဲ့ကဏ္ဍတွေအတွက် ပိုမိုဆွဲဆောင်နိုင်ဖို့ လိုအပ်နေကြောင်းလည်း သမ္မတ အကြံပေးက ပြောဆိုလိုက်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

( ပွဲသဘင်လမ်း နွှဲချင် အရမ်း)

 

 

နယူးယောက်မြို့၊ ဘရွတ်ကလင်းရှိ အမေရိက-မြန်မာ ဗုဒ္ဓဘာသာအသင်း (ABBA) ရဲ့ လောကချမ်းသာကျောင်းတည်ရှိရာ 619 Bergen Street, Brooklyn NY11238 မှာ တတိယအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ကို မေလ ၃ ရက်၊ တနင်္ဂနွေနေ့ မနက် (၉) နာရီ ကနေ နေ့လယ် (၂) နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲတော်အတွင်း မြန်မာလူမျိုးတို့ အကြိုက်ဖြစ်တဲ့ မြန်မာစားသောက်ဖွယ်ရာတွေကို ကုသိုလ်အလှူအဖြစ် ရောင်းချကြမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင်၊ iPad Mini, Lenovo tablet, Visa gift card စတဲ့ ဆုလက်ဆောင်တွေနဲ့ အခြား ဆုပစ္စည်းအမျိုးမျိုးကိုလည်း ကံစမ်းမဲဖောက်ပေးမှာ ဖြစိပါတယ်။

ပွဲတော်အကြောင်း အသေးစိတ် သိရှိလိုသူများအတွက် ဖုန်း 718-622-8091 ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ရှိ ရတနာဓိမာန်ကျောင်းတိုက်အတွင်းမှာ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ပူဇော်သောအားဖြင့် ဘုရားပွဲတော်နဲ့ သံဃာ့ဒါန ဆွမ်းကြီး လောင်းလှူပွဲကျင်းပမယ့်အပြင် ဆရာတော်ရဲ့ မွေးနေ့ ဂုဏ်ပြုပွဲလည်း ကျင်းပမယ်လို့ သိရပါတယ်။

4415 Union Church Road, McDonough, GA 30252 မှာ ကျင်းပမယ့် အဆိုပါ ပွဲတော်ဟာ မေလ (၁၀)ရက်နေ့ မနက် ၁၁ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေ မြန်မာလူမျိုးများ ကြွရောက်ချီးမြှင့်ကြဖို့ ဖိတ်ကြားထားတဲ့အတွက် အသေးစိတ် သိရှိနိုင်ဖို့ ဖုန်း 770 – 676 – 7169 ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ ဟေးဝပ်ဒ်မြို့၊ မုဒိတာ ရွှေကျောင်းတည်ရှိရာ 27695 Leidig Ct. Hayward, CA 94544 မှာ ရွှေသိမ်တော်တည်ဆောက်လျက်ရှိပါတယ်။

အဆိုပါ သိမ် အောင်ပွဲကို ဇူလိုင်လ ၁၂ ရက် ၊ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာဖြစ်ပြီး

ဓမ္မမိတ်ဆွေများအနေနဲ့ ကြွရောက် ကုသိုလ်ယူ ပါဝင်နိုင်ပါကြောင်း ဖိတ်ခေါ်နေပါတယ်။

အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း 510 574 5442 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျနော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျနော် ဖတ်မိသမျှကို ကျနော့်ရေးဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လိုက်လံ ရှာဖွေ ဖတ်နေစရာမလိုပဲ… ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျနော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  နဲ့ www.azmtv.com/mobile မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားဆင်နိုင်ပါကြောင်းးးး

 

 

 

Untitled-11

 

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 606 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013