ဦးအောင်တို့ငယ်ငယ်တုန်းက – ၄ ကို ဂုံညင်းဒိုးကစားနည်းကို ပုံနှင့်တကွ ကိုယ်တိုင်ပြချင်တာပါ။ ပိတ်ရက်မှ မှတ်တမ်းတင်ရမှာမို့  အဲ့ဒါမတင်ခင် ဒီပို့စ်လေးကို တင်ဖြစ်တာပါ။

အကြော်စုံ ၊ ဒုတ်ထိုးနဲ့ အကင်အမျိုးမျိုးတို့မှာ အချဉ်ရည်ဟာ မပါမဖြစ် အရာပါ။ Sauce လို့လည်း ခေါ်ကြမှာပေါ့။ အရင်တုန်းကတော့ ကျတော်ဟာ အချဉ်ရည်ဆိုရင် ချဉ်ငံစပ်မှ သဘောကျတာပါ။ နောက်ပိုင်း အနည်းငယ်သိလာ ရတာက အချဉ်ရည်ဟာ သူ့နေရာနဲ့ သူအမျိုးမျိုးတော့ရှိကြပါတယ်။

အခုတော့ ကျတော် တတ်သလောက် မှတ်သလောက် သိသလောက် အချဉ်ရည်တွေကို ပြောပြပေးသွားပါ့မယ်။

 

ဝက်သေားဒုတ်တိုး (သို့) ဒုတ်ထိုးအချဉ်ရည်

ဒုတ်ထိုးအချဉ်ရည်ဆိုရင်တော့ ပျစ်ပျစ်ဖျော်တာ အကောင်းဆုံးပါပဲ။  ဒုတ်ထိုးစားသူများဟာ ဒုတ်ထိုးစားရင်း အချဉ်ရည်ရဲ့အရသာကိုပါ အရသာခံ တာကြောင့်ပါ။ ၀က်သားဒုတ်ထိုး ၊ အသားတု ၊ ပဲပြား ၊ တို့ဖူး ၊ သခွားသီ ၊ ဘဲသွေး ၊ ဘဲဥ ၊ အာလူးဒုတ်ထိုးတို့ဟာ အချဉ်ရည် ပျစ်ပျစ်နဲ့သာ လိုက်ဖက်လှပါတယ်။ ငယ်ငယ်တုန်းကဆို တုတ်ထိုးဆို သခွားသီးကို သိပ်ကြိုက်ပါတယ်။ သခွားသီးကို မကုန်အောင် အချဉ်ရည်တို့ပြီး အချဉ်ရည်ချည်း စုပ်စားခဲ့တာမှတ်မိသေးတယ်။ ဒီပို့စ်မှာ အချဉ်ရည်သီးသန့်မို့ ဒုတ်ထိုးကောင်းကောင်းလုပ်နည်းအကြောင်းကို

နောက်ပို့စ်မှာ တင်ပြပါ့မယ်။

ဒုတ်ထိုး အချဉ်ရည်မှာ အစပ်နဲ့အချို နှစ်မျိုးရှိတာမှာ အချိုဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ငံပြာရည်အနည်းငယ် လျော့ထည့်ရုံပါပဲ။ ခုတင်ပြပေးမှာက  အစပ်ပြုလုပ်တာကိုပဲ တင်ပြလိုက်ပါတယ်။

  • ကြက်သွန်ဖြူ  (၄-၅)မွှာ
  • ငရုတ်သီးစိမ်း (၁၀)တောင့်
  • ငရုတ်ဆီ (အနီ (သို့) အညို) (ကျတော်က အညိုပဲသုံးပါတယ်။)
  • ငံပြာရည် အနေတော်
  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့် အနည်းငယ်
  • သကြားအနည်းငယ်
  • မန်ကျည်းသီး (ငါးကျပ်သား)  အချဉ်ရည်အနည်းအများအပေါ်မူတည်ပြီး ထည့်ရမယ့် အရေအတွက် ကွာခြားသွားပါလိမ့်မယ်။ အဓိက ထည့်ရမယ့် အရာတွေက အဓိကပါပဲ။

ပထမဆုံး ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းထားလိုက် ပါ့မယ်။ မန်ကျည်းသီးကိုတော့ ရေနွေးနဲ့ စိမ်ထားပြီး ပြီးမှ ညှစ်ယူပါ့မယ်။ ငရုတ်ဆီကို အိုးတစ်အိုးထဲထည့်ပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ထောင်းထားတာ ကို ငရုတ်ဆီအိုးထဲထည့်ပါ။ မန်ကျည်းသီးညှစ်ထားတာကို ထည့်ပါ့မယ်။ အငန်ထည့်ရာမှာ ဆားထက် ငံပြာရည်ကိုပိုမိုသုံးပါတယ်။ ဒီမှာတော့ ဆားလည်း အနည်းငယ်ထည့်ပြီ ငံပြာရည်ကို ဆားထက်ပိုထည့်ပါ့မယ်။ သကြားကို အချဉ်ရည်ပေါ်မူတည်ပြီး။ ဇွန်းနဲ့ချိန်ထည့်ပါ့မယ်။ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါတယ်။ ပြီးရင်တော့ အားလုံးရောမွှေရပါမယ်။ အရမ်းပျစ်နေရင်တော့ ရေနွေးအနည်းငယ်ရောပေးပါ။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းအနံ့ဟာ မွှေးပျံ့လာပါလိမ့်မယ်။ အားလုံးပြီးရင်တော့ မီးဖိုပေါ်မှာ ဆူအောင် တည်ပေးရပါမယ်။

အချို့ အချဉ်ရည်တွေဟာ ဝမ်းလျောတယ်ပြောပေမယ့်လည်း ကျတော်စားခဲ့ သမျှ  အချဉ်ရည်တွေကတော့ ဝမ်းမလျှော်ဖူးပါဘူး။ အချဉ်ရည်ကို ဆူအောင် တည်ပြီးမှ စားရင် ဝမ်းလျှောဘူးလို့လည်း ကြားဖူးလို့ပါ။ ဆူပြီးလို့ ချပြီဆိုရင်တော့။  ပန်းကန်ထဲထည့် နံနံပင်ပါးပါးလေးလှီးပြီး ရောလိုက်ရုံပါပဲ။ ဒုတ်ထိုးအချဉ်ရည် ကောင်းကောင်းတစ်ခွက်ကိုရပါမယ်။

 

အကြော်စုံ အချဉ်ရည်

အကြော်စုံအတွက်အချဉ်ရည်ကတော့ မပျစ်မကျဲလေးဆို အနေတော်ပါပဲ။ အရမ်းကျဲရင်လည်း စားမကောင်းသလို။ အရမ်းပျစ်ရင်လည်း အကြော်ရဲ့  အရသာ မပေါ်တော့ပါဘူး။ အကြော်စုံအချဉ်ရည်ကတော့  အရမ်းမစပ်ရင် အနေတော်ပါပဲ။ အချို့ တွေက ငရုတ်ဆီအနီသုံးပေမယ့် အချို့တွေကတော့ အညိုသုံးပါတယ်။ ကျတော်ကတော့ အညို ပဲသုံးဖြစ်ပါတယ်။ ဒုတ်ထိုးအချဉ်ရည်နဲ့ အများကြီးမကွာပေမယ့်။ အကြော်စုံအချဉ်ရည်ကိုတော့ ငရုတ်သီးစိမ်းကို ထောင်းမထည့်ဘဲ ခပ်ပါးပါးလှီးထည့်တာ အကောင်းဆုံးဖြစ်ပါ တယ်။ နောက်ထပ်မတူတားက ဒုတ်ထိုးအချဉ်ရည်ဖျော်စပ်တဲ့အတိုင်းကလွဲပြီး သကြားမထည့်ရပါတယ်။ ထန်းလျက်ခဲ တစ်ခဲ နှစ်ခဲလောက်ကို မီးဖိုပေါ်တင်တဲ့ အခါမှာ ထည့်ပေးရုံပါပဲ။ အပျစ်မဟုတ်ဘဲ အရမ်းလည်းမပျစ် အရမ်းလည်း မကျဲ အောင် စပ်ပေးတာအကောင်းဆုံးပါပဲ။

 

အာလူးကကတစ် ၊ အကင်စုံ အချဉ်ရည်

ထူးထူးခြားခြား အာလူးကကတစ်ရယ် အကင်စုံ နဲ့ စားတဲ့ အချဉ်ရည် ကတော့ ငရုတ်ဆီမပါတာ ပိုကောင်းပါတယ်။

ပထမဆုံး ဂျင်းရယ် ငရုတ်သီးစိမ်းရယ် ကြက်သွန်ဖြူရယ်ကို အချိုးကျထည့်ပြီးထောင်းပါ။ မန်ကျည်းသီးကို ရေနွေးနဲ့စိမ်းပြီး အရည်ချည်းပဲ ပိတ်စနဲ့ စစ်ထားပါတယ်။ ပြီးရင် ထန်းလျက်ခဲကို ဂျင်း ငရုတ်သီးစိမ်း ကြက်သွန်ဖြူ တို့နဲ့ အချိုးချပြီး သက်သက်ထောင်းပါ။ ပြီးရင်အားလုံးပေါင်းမွှေပါ။ ငံပြာရည်၊ ဆား ၊ ဟင်းခတ်မှုန့် အနည်းငယ်ခတ်ပြီးရင် အဆင်ပြေပါပြီ။ ဒီအချဉ်ရည်ကိုတော့ ဆူအောင် တည်စရာမလိုပါဘူး။ လုပ်စားကြည့်ပါ အရသာရှိတာတွေ့ရပါလိမ့်မယ်။

 

ငါးကင် နဲ့ ဂျင်းချဉ် (သို့) ခေါက်ဆွဲကြော် ၊ ထမင်းကြော် ၊ ကြာဇံကြော် နဲ့ ဂျင်းချဉ်

ဂျင်းချဉ်ကို စားဖူးတဲ့သူလည်းစားဖူးမှာပါ။ ဂျင်းချဉ်နဲ့အလိုက်ဖက်ဆုံးကတော့ ထမင်းကြော်၊ ကြာဇံကြော် ၊ ခေါက်ဆွဲကြော် နဲ့ ငါးကင်တို့ပါပဲ။

ပထမဦးစွာ လိုသလောက်ဂျင်းရယ် ကြက်သွန်ဖြူ အနည်းငယ်ရယ် ငရုတ်သီးစိမ်းရယ်ကို ညက်အောင်ထောင်းပါ့မယ်။ ပြီးရင်တော့ သံပုရာသီးအရည် ကို ထောင်းထားတဲ့ ဂျင်းအပေါ် ခပ်ရွှဲရွှဲ မြုတ်နေအောင်ထည့်ရပါမယ်။ သံပုရာရည် မရရင်လည်း လျှလကာရည်လည်းအဆင်ပြေပါတယ်။ ပြီးရင်း ဆားအနည်းငယ်နဲ့   ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီးရင်တော့ ဂျင်းချဉ်ဖြစ်ပါပြီ။

အချဉ်ရည်တွေလည်း အနည်းငယ်စုံလင်ပြီမို့ နောက်ထပ် အချဉ်ရည်စပ်နည်းတွေအတွက် နောက်ပို့စ်မှာ ထပ်ဆုံကြရအောင်။  တုတ်ဒိုးကောင်းကောင်း စားရအောင်ပို့စ်မှာထပ်တွေ့ကြရအောင်ဗျာ။

………………………………………………………………………………………..

လေးစားစွာဖြင့်

အောင်မိုးသူ

 

 

အောင် မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 204 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။