အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့ မတူတာကို...

အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့ မတူတာကို…

 

 

 

 

 

 

 

 

 

 

 

 

သေလိုက်ပါတော့ အဘတို့ရယ်…
————————————-

မပြောချင်ပေမဲ့ ပြောရတော့မှာပဲ…
ကျုပ်ဆိုတဲ့အကောင်က ဟိုဒင်းလမ်းကြောင်းမှာ ဟိုဒင်းခံနေတယ်ဆိုသလိုပဲ… ။

နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုလား…
အဲ… အဲ့ဒီထဲက လူလိုပဲလို့  ပြောတာပါ။

လက္ခဏာတွေ ဗေဒင်တွေကို အယုံအကြည်နည်းသူဆိုပေမယ့်… အချစ်ရေးနဲ့ ပတ်သက်လာရင်…
တလွဲလွဲတချော်ချော်နဲ့မို့..  မကြာခဏ ကိုယ့်လက်ဖဝါးကိုယ် ပြန် ပြန် ကြည့်မိတယ်။

ကျုပ်လက်ဖဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းကို ကြည့်တော့ …
ကျွန်းတင် မဟုတ်… ဖြတ်မျဉ်းတွေရော… ဂငယ်ကွေ့တွေရော…ကြက်ခြေခက်တွေရော… မွစာကိုတက်လို့…
ဆိုတော့ …အဲဒီ လက္ခဏာလမ်းကြောင်း နိမိတ်တွေကပဲ မှန်သလား..
ကျုပ်ဆိုတဲ့အကောင်ကပဲ… တခုခုမှားနေလေသလား မသိ.. ရယ်လို့… စဉ်းစားမိတာပေါ့… ။

.ကြည့်လေ…
ကျုပ် မှန်းလိုက်တဲ့ ကောင်မလေးတွေ ဆို တယောက်ပြီးတယောက် လွဲတာ ပုံမှန်ကို ဖြစ်လို့…

ပထမဆုံး မိုး ဆိုတဲ့ ကောင်မလေးတယောက်နဲ့ ရည်းစားဖြစ်တယ်.. ။
ရုပ်ကလေးကလည်း သက်မွန်မြင့်ကို တူလေးနဲ့ ငါးချက်လောက် ထုချထားတဲ့ရုပ်လေး..
အသားဖြူဖြူနဲ့ သက်မွန်မြင့်လို မျက်နှာပေါက်ဆိုပေမဲ့ .. အရပ်ကျတော့ ငါးပေခြောက်လက်မရှိတဲ့ ကျုပ်ရဲ့ ပခုံးအောက် အတော်နိမ့်နေတယ်။

အရပ်သိပ်မရှည်လှတဲ့ ကျနော်နဲ့ တွဲသွားရင်တောင် ကျနော်က ဂလန်ဂလား(ကလန် ကုလားမဟုတ်) ဖြစ်ပြီး လူပုလေးနဲ့ လူရှည်ကြီးအတွဲလို ဖြစ်နေရော.. ။
.ပြီးတော့ အဲဒီ မမိုး (ကျနော့်ထက် တစ်နှစ်ကြီး)ရဲ့ မိဘတွေက ဟိုဘက်ရွာက… ။
ကျုပ်တို့နေတဲ့ ရွာက ငကာကိုင်းဆိုတဲ့ ရွာ..။ မမိုးက မကျည်းတောရွာမှာနေတာ။
.ပြဿနာက .. မမိုးရဲ့ မိဘတွေနဲ့ ကျနော့် မိဘတွေက ကျောင်းတော်ကရန်စ ရှိသဗျ… ။
အခုခေတ် မြန်မာဗီဒိယိုဇာတ်ကားတွေလိုပဲပေါ့ဗျာ.. ။

ဆိုတော့ ကျုပ်နဲ့ မမိုး မေတ္တာမျှနေကြတာကို အမေက သဘောမတူဘူး.. ။
ရိုးရိုး သဘောမတူတာတောင် မဟုတ်ဘူးနော်။ “ရှယ်” သဘောမတူတာဗျ။
ဗမာဇာတ်လမ်းတွေထဲမှာ မင်းသမီးစံပယ်မိုးတို့ အာကာမြင့်အောင်တို့ “အထူးသရုပ်ဆောင်သည်”ဆိုတာ ရှိတယ်မဟုတ်လား။
(အခွေမှာကိုက စာတန်းလေးပါတယ်လေ..“စံပယ်မိုး အထူးသရုပ်ဆောင်သည်”တို့… “အာကာမြင့်အောင် အထူးသရုပ်ဆောင်သည်”တို့..
“မို့မို့မြင့်အောင် အထူးသရုပ်ဆောင်သည်”တို့…… /ဆိုတော့ အဲဒီလို မရေးထားတဲ့ ဇာတ်ကားမှာဆိုရင် သူတို့က ရိုးရိုးပဲ လျှော့ပြီး သရုပ်ဆောင်ကြလားမသိ။
ထားပါတော့… ) အေး အဲ့လိုပဲ…

ကျုပ်အမေကလည်း…ကျုပ်တို့ ချစ်ခြင်းကို ရအောင်ခွဲမယ်ဆိုတဲ့ ဇာတ်ရုပ်ကြီး .. အထူးကို ဝင် သရုပ်ဆောင်တာဗျ…။
နဲနဲလေးမှ မလျှော့ဘူးဆိုပါတော့။
.နောက်ဆုံး.. ကျုပ်အမေ .. ဘယ်လောက်ထိ ဇာတ်ပို့ ကောင်းလိုက်သလဲဆိုရင်… ကျုပ်ကို ဟောဒီရန်ကုန်ကို ပို့လိုက်တဲ့အထိပဲ။

မိုးနဲ့ ကျနော် မြေကြီးနဲ့ ကောင်းကင်လို ဝေးကွာသွားရော…။ ရန်ကုန်ကို အလာ…သင်္ဘောပေါ်မှာ ထုတ်ကြည့်မိတဲ့ မိုးရဲ့ ဓါတ်ပုံလေးကိုတောင် ဆွဲယူပြီး …
ကစ္စပ္ပနဒီမြစ်ထဲ နွှင့်ပစ်တာဗျ။
အဲဒါ ၂၀၀၄/၂၀၀၅  လောက်က ဖြစ်ခဲ့တဲ့ ကျုပ်အဖြစ်ဆိုတော့ … အခုဆို မိုင်ပေါင်းများစွာ အဝေးကြီးက မမိုးတယောက်ကို …
ကျနော်…ပုံဖော်မှန်းဆဖို့တောင်  မသေချာ မရေရာတော့သလိုလို….
ရင်ထဲမှာ ဒဏ်ရာရယ်လို့လည်း အရှင်း မရှိတော့ဘူးဆိုပါတော့။

————————-

ပထမဆုံး ရည်းစားဦးနဲ့ အဲ့ဒီလို တူးတူးခါးခါး လွဲခဲ့ကြပြီး…နောက်…
ရန်ကုန်မှာ .. ကျုပ် နောက်ထပ်ကောင်မလေးတွေနဲ့ ဆုံတယ်ဗျ… ။

လှတပတလေးတွေချည်းပဲ သုံးလေးယောက်လောက်နဲ့… ရည်းစားဖြစ်လိုက်သေးတယ်.. ။
အဲဒီထဲက နှစ်ယောက်လောက်ကို ကျုပ်က အတည်ယူမယ်ဆိုပြီး ရည်ရွယ်လိုက်သေးတာ.. ။
အတည်ယူပြီး တသက်လုံးလက်တွဲမှာဆိုတော့… သူ့အကျင့်၊ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝတွေနဲ့ ကိုယ်နဲ့ ဓါတ်မတည့်တာလေးတွေ ရှိရင်
ညှိနှိုင်းပြင်ဆင်ကြည့်တာတွေ ဘာတွေ လုပ်နေရင်းမှာပဲ…
အဲဒီကောင်မလေးတွေနဲ့…အကြောင်းကြီးကြီးမားမား မရှိပဲ ပြတ်တာပဲ.. ။

တယောက်ဆို ကျုပ်နဲ့ စိတ်ဆိုးစိတ်ကောက်ရာကနေ ကျုပ်ကိုရွဲ့ပြီး ကောက်ကာငင်ကာကြီး ယောက်ျားတယောက် ကောက်ယူပြလေရဲ့။
အံမယ်..သူ့ မင်္ဂလာဆောင်ဖိတ်စာတောင် လာပေးသေး.. ။ အဟေး။
ဘယ်ရမလဲ… ပြုံးပြုံးလေး သွားလိုက်တာပေါ့ ။ လက်ဖွဲ့နဲ့ တန်အောင် မင်္ဂလာဆောင်မှာကျွေးတာတွေ  အဝ တီးပစ်လိုက်ရတာ အမြတ်ပေါ့ ။

အဲဒီ မင်္ဂလာဆောင်ကို သွားတဲ့နေ့က ကျုပ်လုပ်ခဲ့တာ တခု ရှိတယ်ဗျ။
အဲဒီတုန်းက ကျုပ်က (ငယ်စိတ်နဲ့ )ရည်းစားဟောင်း ကောင်မလေးနဲ့ သူ့ခင်ပွန်းလောင်းရှေ့မှာ ပြုံးပြနှုတ်ဆက်ရင်းနဲ့…
ကျုပ်ပါးစပ်ထဲ ထည့်ဝါးနေတဲ့ ပီကေကို ထွီခနဲ  ထွေးပြခဲ့တာဗျ.. ။
သဘောကတော့ ဒီကောင်မလေးဟာ ကျုပ်ဝါးပြီး ထွေးထုတ်လိုက်တဲ့ပီကေပါဆိုတဲ့ သဘောပေါ့။ သင်္ကေတနဲ့ သရုပ်ဖော်ခဲ့တာလေ။
အဲဒီတုန်းကတော့ အဲဒီအဖြစ်ကို အားရကျေနပ်ခဲ့တာ ။
အခုနေ ပြန်စဉ်းစားတော့… အဲဒါ တော်တော် မကောင်းဘူးလို့… ယူဆမိတယ်။
ကိုယ်နဲ့ ပြတ်သွားတဲ့ မိန်းမတယောက်ကို အဲဒီလို သဘောထားမျိုးနဲ့ ဆက်ဆံတာဟာ ကိုယ်ရဲ့ သဘောထားယုတ်ညံ့ရာ ရောက်ပါတယ်။
အဲဒီမိန်းမ ရှေ့ဆက်မယ့် ဘဝမှာ ကိုယ့်ကြောင့် သိက္ခာ ကျသွားတာမျိုးဖြစ်အောင် … ကိုယ်က မလုပ်သင့်ဘူးလေ။ အခုအချိန်ဆို ကျုပ် ဒါမျိုး မလုပ်တော့ပါဘူး။

.နောက်တော့ ကျုပ် ရည်ရွယ်ထားသမျှ ပျက် ပျက်သွားတတ်လွန်းလို့… မရည်ရွယ် ရဲလောက်အောင်ဖြစ်လာရော.. ။
ရည်ရွယ်ကြည့်လိုက်… သူများနောက်ပါသွားလိုက်နဲ့..
ချိန်ကြည့်လိုက်ရုံနဲ့ ငှက်တွေက ထပျံသွားတတ်သလိုကြီး.. ။
ဆိုတော့ ..ချိန်ရမှာတောင် စိတ်က မပါချင်တော့ဘူး။
ပစ်ရတယ်လို့မှ မရှိပဲကိုးဗျ…. ။

အခုနောက်ပိုင်း နှစ်ဆယ်ကနေ သုံးဆယ်ပြည့်ဖို့ နှစ်နှစ်လောက်ပဲ လိုတော့တဲ့အချိန်ထိကို..အဲဒီလို ချိန်တိုင်းလွဲတုန်း… ။
တလောက ချစ်သုဝေဆိုတဲ့ ကောင်မလေးကို အင်မတန်ချစ်မိတာဗျာ.. ။
သူ့အပြုံးတချက် သူ့မျက်လုံးတဝင့်မှာကို ကျုပ်အသည်းကြီး အကြိမ်ကြိမ် ဟက်ထိုးလဲကျတာ… ။
.ကြွေတယ်ဆိုပါတော့ဗျာ.. ။ ချစ်သုဝေကိုသာ ရမယ်ဆိုရင် အသေရရ အရှင်ရရဆိုသလိုကြီးကို ဖြစ်လို့… ။
အပြင်မှာ တွေ့ခွင့်ရဖို့ ကြိုးစားရတာနဲ့…
သူ့ ဓါတ်ပုံလေးတွေကို ပရင့်ထုတ်ပြီး ရင်ဘက်ပေါ်တင် အိပ်ရတာနဲ့ …
သူ့ဇာတ်ကားမှန်သမျှ မျက်တောင်မခတ်  ထိုင်ကြည့်ရတာနဲ့…
ချိန်နေတာ..ချိန်နေတာ…
ထုံးစံအတိုင်း… ပါသွားပြန်ရော…
ချစ်သုဝေကြီး လင်းလင်းဆိုတဲ့လူကြီးနောက် ပါသွားပြီဆိုတဲ့ သတင်းကြားတော့ ကျုပ်လေ…. ကမ္ဘာပျက်သလိုပဲ…
အဲဒီသတင်းကြားတဲ့နေ့ဟာ ကျုပ်အတွက်တော့ “ ကမ္ဘာ တစ်ချက်ပျက်တဲ့နေ့ ”။

———————————

ချစ်သုဝေကြီးကို စိတ်နဲ့တောင် မပြစ်မှားရဲတော့တဲ့နောက်တော့ ကျုပ် ပြောင်းကြီး..အဲ..ပြောင်းပြီး ချိန်ဖို့ ထပ် ရှာကြည့်ရတယ်။
အဲဒီမှာ…ထူးခြားတဲ့ကောင်မလေးတယောက်ကို သွားတွေ့တယ်.. ။
ဘယ်သူရှိမလဲဗျာ.. ။ အားလုံးသိတဲ့  ဖွေးဖွေးပေါ့ ။
.ဖွေးဖွေးကို အသဲထဲစွဲသွားပြီလို့ ကျုပ် ကြေညာလိုက်တော့ တစ်ကမ္ဘာလုံးက ဝိုင်းပြောကြတယ်..
“ဖွေးဖွေးတော့ မကြာခင် ယောကျာ်းရတော့မယ်”တဲ့ ။

ကျုပ်ချိန်လိုက်တဲ့ ကောင်မလေးဆိုရင် တခြားတယောက်နဲ့ မကြာခင် ရတော့မယ်ဆိုတာကြီးက ထုံးစံလိုလို..ဖြစ်နေပြီကိုးးး ။
ကျုပ် ချိန်လိုက်ပြီဆိုရင်ကို အဲဒီကောင်မလေး မကြာခင် အခြားတယောက်ယောက်နဲ့ အိမ်ထောင်ကျသွားတော့မယ်ဆိုတဲ့ နိမိတ်ဖြစ်နေပြီလေ။
အခုထိတော့ ဖွေးဖွေးလေးကို ချိန်လို့ကောင်းတုန်းးး ။
ဒီတခါတော့ လူတွေဝိုင်းပြောကြသလို… မဖြစ်ဘဲ ဒီနိမိတ် ဒီထုံးစံကြီး လွဲတော့မယ်ထင်တယ်…
လွဲရင်တော့ ဖွေးဖွေးနဲ့ ကျုပ်နဲ့ ပေါင်းဖက်ရကိန်း ရှိ၏ပေါ့။ (ပေါင် ဖက်ရကိန်း မဟုတ်ပါ။ ပေါင်ဆိုသော စာသားဘေးမှာ “း ” ပါ ပါသည်။ )
.ပေါင်းဖက်ရကိန်း ရှိပြီဆိုမှတော့ ပလို့ဂျိ ပေါ့ဗျာ.. ။

အဲ… အဲဒီလို စိတ်ကူးတွေ ယဉ်နေတုန်းမှာပဲ..
ပြီးခဲ့တဲ့ အပါတ် တညနေက… ကန်ဘောင်မှာ သူငယ်ချင်းတွေနဲ့ ဆုံပြီး …
စကားပြောကြဆိုကြ…ရယ်ကြမောကြနဲ့…

အဲဒီမှာ ဇင်မာဆိုတဲ့ အပျိုကြီး (ဒဿဂီရိ မီးကျွမ်းထားတဲ့ ဥပဓိရှိ) သူငယ်ချင်းမက ကျုပ်ကို စကားတခွန်း ပြောတယ်။
သူ ပြောလိုက်တဲ့စကားကြောင့် ကျုပ်ဖြင့်… စူပါလီမွန်တီးမသောက်ရဘဲနဲ့… “ ထိ ”သွားတယ်ဗျာ.. ။
သူက …
“ ဟဲ့ .. သူရ.. ဒီတခါ နင် ချိန်တဲ့တယောက်နေရာမှာ ငါ့ကို ထားစမ်းပါ..။ ငါ့ကို ကြိုက်တယ်လို့ နင်ပြောပေါ့။
ဒါမှ ငါ တခြားတယောက်ယောက်နဲ့ အိမ်ထောင် မြန်မြန်ကျမှာ ” တဲ့ ။

.သေလိုက်ပါတော့ အဘတို့ရယ်…
(အဘတို့နဲ့ မဆိုင်ပေမဲ့… တခြားသူတွေကို မသေစေချင်လို့ အဲ့လိုပဲ “တ”လိုက်တာ)

———————

(ဘာရယ်မဟုတ် ကိုယ့်အကြောင်းထဲက တချို့ကို ပေါ့ပေါ့ပါးပါး အပျော်အနေနဲ့ ရေးကြည့်တာပါ)
———————

အလင်းဆက် @ မောင်သူရ

၂၀၁၅ ၊ မေလ ၁၆ ရက်

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013