( ကျမ အိမ်ပြန်တော့မယ် မောင် )

ဒီနေရာရောက်ခါစ အူတူတူ ကျမ
စတွေ့တဲ့မောင့်ကို ကျမ ဘယ်မေ့ပါ့မလည်းမောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

အထီးကျန်မောင့်ဘဝ သိလာရလို့
သံယောဇဉ်ပိုမိတာ ဝန်ခံပါတယ်မောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

မောင့်ဖုန်းထဲက အလွမ်းသီချင်းတွေကို
ကျမ သိပ်ကြိုက်မိတယ်မောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

မောင့်ဖုန်းစခရင်မ်က မောင့်သားဓါတ်ပုံလေးမြင်တော့
ရွာက ကျမမောင်လေး ပညာရေးအတွက်
ပိုက်ဆံပိုရှာဖို့ သတိပေးနေသသလိုပဲမောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

ကျမဘဝအတွက် ပထမဆုံးဖြစ်တဲ့ မောင့်အနမ်းတွေ
ဝေချင်သလိုဝေ ကျေနပ်ပါတယ်မောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

ပြောင်းလေရာလိပ်စာတိုင်း မဆိုင်းမတွ
လာပြတတ်တဲ့မောင့်ကို ကျေးဇူးပါမောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

အိမ်ပြန်နောက်ကျလို့ ဖုန်းဆက်မေးတတ်တဲ့မောင့်သားလေး
ကျမ တွေ့ဘူးချင်ပါတယ်မောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

စီမံချက်ရှိတယ်ဆိုလည်း ဇွတ်အတင်းတစ်ယောက်တည်း
ပေါက်ကွဲပြီးရောက်လာတတ်တဲ့မောင်
ကျမအသည်းကို ချုပ်နှောင်နေသလိုပဲမောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

မလာနိုင်တဲ့ရက်တွေမှာ ဖုန်းဆက်ရင်း
ဖုန်းဘီလ်ထည့်ပေးတတ်တဲ့မောင့်ကို မမေ့ပါဘူးမောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

အနမ်းလေးတွေကလွဲရင် လက်ကလေးကိုပဲကိုင်
ထိုင်စကားပြောတတ်တာကို ကျေးဇူးတင်ပါတယ်မောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

အတူနေဖို့ မဖြစ်နိုင်တဲ့ဘဝမှာ
ကျမအပေါ် အခွင့်အရေးမယူ
လူချင်းအတူတူ မောင့်လိုလူစား
ဒီလောကသားထဲမှာ ရှားလှပါတယ် မောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင်

အမေ့ဆီက ဖုန်းလာတယ်မောင်
တပ်ပိုင်မြေရယ်လို့ အကျပ်ကိုင်လေသမို့
အမေ့အိမ်ကလေး ဖျက်ပေးလိုက်ရသတဲ့ မောင်
ရွာတောင်ပိုင်းက ဦးလေးအိမ်မှာခဏနေရင်း
အိမ်ပိုင်ရှိတဲ့ သူ့သူငယ်ချင်းသားနဲ့ ကျမကို ပေးစားမတဲ့ မောင်
စာမတတ်လှရှာတဲ့အမေ့ခမျာ ကံပေးရာပေါ့လေ တဲ့
မတွေးဘူးတဲ့ဘဝ ကျမ ရောက်ခဲ့ပြီးသလို
ငိုနေတဲ့အမေ့အတွက် နေစရာတစ်နေရာအတွက်
ကျမ မဖက်ချင်သူကို ဖက်ရဦးမှာလား မောင်
ယောင်ချာချာအတွေးတွေထဲမှာ ဘယ်သူ့ဘဝက အဆိုးဆုံးလဲ ? မောင်
ဒါပေမယ့်
ကျမ အိမ်ပြန်တော့မယ် မောင် ၊

Photo1681

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..