မင်္ဂလာပါ ။

အပါတ်စဉ် ကောက်နှုတ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (အောင်ဇေမီဒီယာ)ကနေ အခုတစ်ပါတ် တင်ပြမယ့် သတင်းတွေကတော့ …

  • အမေရိကန် အပါအဝင် နိုင်ငံတကာမှ ဂီတပညာရှင်များ လာရောက်ဖျော်ဖြေမယ့် မြန်မာဂီတပွဲတော်တစ်ခု ကျင်းပမယ့်သတင်း၊

  • ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်ထဲက ကျေးရွာတစ်ရွာထဲက အိမ်ခြေ ၁ဝဝ ကျော်ကို  ရဲတပ်ဖွဲ့ဝင် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့သတင်း၊

  • တရုတ်ပြည် လွတ်မြောက်ရေး တပ်မတော်က မြန်မာနယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လိုက်တဲ့ သတင်း၊

  • စာရေးဆရာ ထင်လင်ဦးကို ဘာသာ-သာသနာ ညှိုနွမ်းစေမှုဆိုတဲ့ ပုဒ်မနဲ့ တရားစွဲဆို ထောင်ချလိုက်တဲ့သတင်း၊

  • မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေအရေးနဲ့ US သမ္မတ အိုဘားမားရဲ့ တိုက်တွန်းဝေဖန်ချက်များ ၊

  • လှေစီ ဒုက္ခသည်များရဲ့ နောက်ဆုံးရ သတင်းအခြေအနေများ

  • ကိုးကန့်ဒေသတွင်းမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေတဲ့ သတင်းများ၊

  • US ဒေါ်လာ နဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေ တန်ဖိုးတွေ ကျဆင်းနေတဲ့အတွက်  ဗဟိုဘဏ်က ထိန်းချုပ် ကန့်သတ်မှုတွေ ပြုလုပ်နေတဲ့သတင်း၊

  • US နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID က မြန်မာပြည်ရဲ့ စီးပွါးရေးအခြေအနေများကို သုံးသပ် ပြောဆိုလိုက်တဲ့သတင်း၊

  • သူရဦးရွှေမန်းဟာ ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သွားမယ်ဆိုတဲ့ သတင်းနဲ့ ဆက်စပ်သတင်းများ၊

  • ပြည်လုံးကျွတ် သန်းခေါင်စာရင်း နောက်ဆက်တွဲ မြန်မာပြည်ရဲ့ လူဦးရေ စာရင်း သတင်းထုတ်ပြန်လိုက်တဲ့သတင်း၊

  • NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့   NLD ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများရဲ့ သတင်း၊

  • US ရှိ မြန်မာလူမျိုးများအတွက် သိမှတ်ဖွယ်ရာ ထူးခြားသတင်းအဖြာဖြာနဲ့

  • US မှာ ပြုလုပ်မယ့် မြန်မာ့ပွဲလမ်းသဘင် သတင်းများကို စုစည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

     

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဂီတပွဲ… အပီအသ နွှဲ

 

ဇွန် ၄ ။

အမေရိကန် ၊ တရုတ်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေဆီက ဂီတပညာရှင်များ လာရောက်ဖျော်ဖြေမယ့် မြန်မာဂီတပွဲတော်တစ်ခုကို ရန်ကုန်မြို့မှာ သီတင်းတစ်ပတ်ကြာ ပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါဂီတပွဲတော်ဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ် ခြင်းလည်း ဖြစ်ပြီး  ယဉ်ကျေးမှုဝန်ကြီး ဌာနနဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့ ပူးပေါင်းကာ ဇွန်လ ၈ ရက်ကနေ ၁၄ ရက်နေ့ အထိ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

ပွဲတော်အတွင်း အမေရိကန် စန္ဒရားပညာရှင် Kimball Gallapher အပါအဝင် တရုတ်(တိုင်ပေ) စန္ဒရားပညာရှင်များ ၊ ဆွစ်ဇာလန်မှ အသံပိုင်းဆိုင်ရာ ဂီတပညာရှင်များနဲ့  အမေရိကန် တယောပညာရှင် Joel Schut တို့ ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။

အနုပညာရဲ့ စွမ်းအားဖြည့် ပံ့ပိုးမှုကြောင့် ရရှိလာမယ့် တိုးတက်အောင်မြင်မှုအကြောင်းကိုလည်း  ယူနက်စကိုနဲ့ ပူးပေါင်းပြီး ပြုလုပ်ဦးမယ်လို့ သိရပါတယ်။

ဒါ့အပြင် နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်များအဖြစ် ပြည်မြို့  ၊ မန္တလေးမြို့ နဲ့ မြစ်ကြီးနားမြို့တွေကို သွားရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ဖို့ ရှိကြောင်းလည်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဆင်းရဲမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်လား….ဘာလား…

ဇွန် ၄ ။

ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်ထဲက စံပြကျေးရွာသစ်ရှိ အိမ်ခြေ ၁ဝဝ ကျော်ကို  ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်မှ ၀န်ထမ်းများနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၄ဝဝ ကျော် လောက်က ဝင်ရောက်ဖျက်ဆီးမှုကြီး ဖြစ်ပွါးခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်မှာ နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ ကျေးရွာသားတွေဟာ သူတို့မူလနေခဲ့တဲ့ မြေနေရာများအတွင်း ပြန်လည်နေထိုင်တဲ့အတွက် ပုဒ်မ ၄၄၇ဆိုတဲ့ ကျူးကျော်မှု နဲ့ တရားစွဲခံထားရတာ ဖြစ်ပြီး အခုလက်ရှိအချိန်မှာ လူဦးရေ ၃၀၀ ကျော်လောက်က နေစရာမရှိတဲ့အတွက် အခက်အခဲဖြစ်နေကြောင်း သိရပါတယ်။

အဆိုပါ စံပြကျေးရွာသစ်ဟာ လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်လောက်ကစပြီး မြေဧက ၁၀၀ ကျော်မှာ တည်ရှိခဲ့တာ ဖြစ်ကြောင်း ရွာခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်မှာ သမ၀ါယမ၀န်ကြီးဌာနက အဲဒီကျေးရွာကို သိမ်းယူခဲ့ပြီး  ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဂလဲ့ဇား ချေတော့မှာလား တလုပ်ဂျီးရယ်…

 

ဇွန် ၃ ။

တရုတ်ပြည်ရဲ့ လွတ်မြောက်ရေး တပ်မတော်က မြန်မာနယ်စပ်အနီးရှိ ယူနန်ပြည်နယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အခုလို လေ့ကျင့်မှုတွေ စတင်ပြုလုပ်ကြောင်းကို မြန်မာအစိုးရဘက်ကို တရားဝင် အသိပေး အကြောင်းကြားလိုက်ပြီး ပြီးဆုံးမယ့်ရက်ကိုလည်း အကြောင်းကြားဦးမယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်အစိုးရရဲ့ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ ဒုံးပျံတပ်နဲ့ ရေဒါတပ်ခွဲတွေ ပါဝင်ပြီး ဒေသခံ တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်အစိုးရနဲ့ ပြည်သူ့အရံအင်အားတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

တရုတ်နယ်စပ်ကိုးကန့်ဒေသရဲ့ တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ရှိ နမ့်ဆန်မြို့ထဲကို လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ၅ ယောက် သေဆုံးမှု ဖြစ်ပွါးပြီးချိန်မှာပဲ မြန်မာနယ်စပ်အနီးမှာ တရုတ်စစ်တပ်က အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အနေမတတ် အထိုင်မတတ် ဇီးသီး -င်ဂျားညှပ်

 

ဇွန် ၃ ။

.ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဟောင်းဖြစ်သူ စာရေးဆရာ ထင်လင်ဦးကို ဘာသာ-သာသနာ ညှိုနွမ်းစေမှုဆိုတဲ့ ပုဒ်မတပ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

စာရေးဆရာ ထင်လင်းဦးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက . ချောင်းဦးမြို့နယ် ၊ သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ်ရာကိစ္စတွေကို ဝေဖန်ဟောပြောခဲ့တယ်ဆိုပြီး လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူးက တရားလိုပြု တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုရာမှာ ပုဒ်မ ၂၉၅(က) ဘာသာ-သာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ၂၉၈ ဘာသာ-သာသနာကို စော်ကားပုတ်ခတ် ပြောဆိုမှုတွေနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာသာ-သာသနာ ညှိုးနွမ်းစေမှုဆိုတဲ့ပုဒ်မဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို အဟန့်အတား ဖြစ်စေတာကြောင့် မြန်မာပြည်မှာ အမြန်ဆုံး ပယ်ဖျက်ဖို့ လိုအပ်ကြောင်း Amnesty International အမည်ရှိ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

ဘာသာ-သာသနာ ညှိုးနွမ်းစေမှုပုဒ်မနဲ့ စာရေးဆရာ ထင်လင်းဦးကို တရားစီရင်လိုက်တာဟာ မြန်မာပြည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ယုံကြည်မှုကို ထိခိုက်နေတယ်လို့ ပြောဆိုလိုက်တဲ့အပြင် ဒီလိုပုဒ်မမျိုးကို ပယ်ဖျက်သင့်ကြောင်း A.I အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မကြာခင်နှစ်တွေတုန်းက မြန်မာပြည်မှာ အစွန်းရောက် သံဃာတော်အုပ်စုတွေ ပေါ်ပေါက်လာပြီး ထွက်ပေါ်လာပြီးနောက်ပိုင်းမှာပဲ အဆိုပါ အစွန်းရောက် သံဃာတော်အုပ်စုတွေရဲ့ တွန်းအားပေးမှုကြောင့် ဦးထင်လင်းဦးရဲ့ ဘာသာရေးဆိုင်ရာ ဟောပြောချက်တွေကို တရားစွဲဆိုခံရတာဖြစ်ကြောင်း A.I အဖွဲ့ရဲ့ကြေညာချက်က ဖော်ပြထားပါတယ်။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တဲ့ တရားရုံးရဲ့အမိန့်ကို လာမယ့်ရက်ပေါင်း ၃ဝ အတွင်းမှာ အယူခံ ဆက်ဝင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ရိုဟင်ဂျာ အရေး ဟိုစဉ်သာ…ပြေး

 

ဇွန် ၂ ။

.မြန်မာပြည်တွင်းက လူနည်းစု ရိုဟင်ဂျာတွေကို  ခွဲခြားဆက်ဆံတာတွေ အဆုံးသတ်ဖို့ အချိန်ရောက်နေပြီလို့ US သမ္မတ အိုဘားမားက တိုက်တွန်းဝေဖန်လိုက်ပါတယ်။

သမ္မတ အိမ်ဖြူတော်မှာပြုလုပ်တဲ့ အာဆီယံ-လူငယ်ခေါင်းဆောင်များနဲ့ တွေ့ဆုံချိန်မှာ အခုလို တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပြီး လူနည်းစုတွေကို တန်းတူဆက်ဆံပြီး အကာအကွယ်ပေးမှသာ မြန်မာပြည်ဟာ စစ်အာဏာရှင်အစိုးရကနေ ဒီမိုကရေစီအစိုးရအဖြစ် ပြုပြင်ပြောင်းလဲမှာ ဖြစ်ကြောင်းလည်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပင်လယ်ပြင်တွင်းက အသက်အန္တရာယ် ကြုံနေရတဲ့ လူကုန်ကူးခံရသူတွေကို ဆက်လက် အကူအညီပေးပြီး ဆောင်ရွက်ကြဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားကိုလည်း တိုက်တွန်းကြောင်း US သမ္မတက ဆိုပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ နိုင်ငံတကာက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပေမယ့် မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပဲ လှေစီးဒုက္ခသည်တွေရဲ့ ပြဿနာဟာ လူကုန်ကူးတွေကြောင့်သာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ရဲ့ ခန့်မှန်းမှုအရ လူပေါင်း ၂၆၀၀ လောက်ဟာ ပင်လယ်ထဲမှာ ရှိနေဦးမယ်လို့ သိရှိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတော်တပ်ရဲ့ ကလော်ချက်

 

ဇွန် ၁ ။

အခုရက်ပိုင်းမှာ ကိုးကန့်ဒေသတွင်းမှ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ဒေသအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေကြောင်း သိရပါတယ်။

ကိုးကန့်ဒေသ နန်ထိန်မန်နယ်မြေ တလျှောက်နဲ့ မြောက်ဘက်ဒေသတွေမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကိုးကန့်အရေး ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောဆိုပါတယ်။

အလားတူပဲ အခုရက်ပိုင်းအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ လက်အောက်ခံ တပ်ရင်းတချို့နဲ့ အစိုးရတပ်များဟာ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ခုရက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှုတွေ ဘယ်လောက် ရှိတယ်ဆိုတာတော့ အသေးစိတ် မသိရှိရသေးပါဘူး။

.မြန်မာ စစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့     စစ်တပ်အနေနဲ့ တိုင်းပြည်သယံဇာတတွေ ခိုးထုတ်တာကို အကာအကွယ်ပေးတဲ့အနေနဲ့ ရန်သူကို တိုက်ခိုက်နေတာဖြစ်ပြီး တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.တောင်းဆို ကြေညာ ညောင်းကိုနေမှာ…

 

ဇွန် ၁ ။

အခုလက်တလော ဖြစ်ပွါးနေတဲ့ လှေစီးဒုက္ခသည်တွေရဲ့ အရေးကိစ္စကို မြန်မာ အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေရယူပြီး ဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့ အတိုက်အခံပါတီ NLD က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် လှေစီးဒုက္ခသည်များ အရေးဟာ ပြီးခဲ့တဲ့ ၃နှစ်လောက်က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆနိုင်တာကြောင့်  အချိန်မဆွဲသင့်ကြောင်းလည်း ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

လှေစီးဒုက္ခသည်တွေ ထပ်ပြီး ပေါ်ပေါက်မလာဖို့အတွက် အချက် ၆ ချက်ကို တောင်းဆိုခဲ့ပြီး အဆိုပါ အချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး ၊ နယ်စပ်ဒေသနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး၊ ဒေသတွင်း လူမှုစီးပွားတိုးတက်ရေး… စတဲ့အချက်များ ပါဝင်ကြောင်း သိရပါတယ်။

အာရှဒေသရဲ့ လူကုန်ကူးမှု ပြဿနာကြီး တစ်ခုလို ဖြစ်နေတဲ့ လှေစီးဒုက္ခသည်များရဲ့ အရေးကို မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိပေမဲ့၊ အဲ့ဒီဆုံးဖြတ်ချက်ကြောင့်တော့ ဒေသတွင်း တခြားနိုင်ငံတွေကို မထိခိုက်သင့်ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်ကလည်း သတိပေးစကား ပြောကြားထားပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့လည်း ရိုဟင်ဂျာဒုက္ခသည် ပြဿနာနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ ချစ်ကြည် ရင်းနှီးမှု မထိခိုက်စေတဲ့ အဖြေတစ်ခုရရှိရေး ကြိုးပမ်းသင့်ကြောင်းလည်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုနေပါတယ်။

ဇွန်လ ၄ ရက်နေ့မှာတော့ မြန်မာပြည် – ဟိုင်းကြီးကျွန်းအနီးမှာ မေလ ၂၈ ရက်နေ့က ထိန်းသိမ်း ခေါ်ဆောင်ခဲ့တဲ့ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်ကို စိစစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ဒေါ်လှသတင်း ဖော်ပြအတင်း

 

ဇွန် ၁ ။

US ဒေါ်လာ နဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေ တန်ဖိုးတွေ ဆက်လက် ကျဆင်းနေတာကို ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုဘဏ်ကနေပြီး ကန့်သတ်ချက်တွေ ချမှတ်လိုက်ကြောင်း သိရပါတယ်။

နိုင်ငံခြား သုံးငွေ ဘဏ်စာရင်း ဖွင့်လှစ် ထာဲး့သူတွေကို တစ်ပတ်လျှင် ၂ .ကြိမ်သာ ငွေထုတ်ခွင့် ပေးပြီး တစ်ခါ ထုတ်ရင်လည်း ဒေါ်လာ ၅ ထောင်သာ ထုတ်ခွင့်ရှိတယ်လို့ ကန့်သတ်လိုက်ပါတယ်။

ဒါ့အပြင် ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ ငွေ ပေးချေတဲ့အခါမှာ နိုင်ငံခြားငွေ မသုံးရပဲ ကျပ်ငွေကိုသာ သုံးစွဲရမယ်လို့လည်း ဗဟိုဘဏ်က ကြေညာထားပါတယ်။

.မြန်မာပြည်တွင်းမှာ ဒေါ်လာ လိုအပ်ချက် မြင့်မားလာခြင်းနဲ့အတူ ကျပ်ငွေ ရဲ့ အသုံးဝင်မှုကဏ္ဍ  လျော့ကျလာတာကြောင့် ငွေလဲနှုန်း မတည်မငြိမ် ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း ဗဟိုဘဏ်က ပြောဆိုပါတယ်။

US ဒေါ်လာကို မြန်မာ ကျပ်ငွေနဲ့ လဲလှယ်ရာမှာ ဧပြီလ တုန်းက တစ်ဒေါ်လာ ကို ကျပ် ၉၀ဝ ကျော်သာ ဖြစ်ခဲ့ရာကနေ လက်ရှိ ကာလမှာတော့ တစ်ဒေါ်လာကို ကျပ် ၁၁၄၀ ထိ ဈေးနှုန်းတွေမြင့်တက်လာတာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ချွတ်ခြုံကျဆဲပဲလား ဗီမာပြီ

 

.မေ ၂၉ – ၃၀ ။

.မြန်မာပြည်မှာ စီးပွားရေး တံခါးဖွင့်ပေးထားပြီ ဆိုပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အပြည့်အ၀ လုပ်ကိုင်နိုင်ဖို့ အခြေအနေတွေ မရှိသေးကြောင်း US နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID က သုံးသပ် ပြောဆိုလိုက်ပါတယ်။

မေလ (၂၉) ရက်နေ့က US ၊ အင်ဒီယားနားပြည်နယ် Indianapolis မှာကျင်းပခဲ့တဲ့  US -မြန်မာ ဆက်ဆံရေးညီလာခံမှာ USAID ရဲ့ အာရှရေးရာ ညွန်ကြားရေးမှုး Dany Khy က မြန်မာပြည်ရဲ့ စီးပွါးရေးနဲ့ ပတ်သက်ပြီး ပြောဆိုသွားတာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲအတွင်း အကြောင်းအရာတွေ မြောက်များစွာ ပြောဆို ဆွေးနွေးခဲ့ကြပြီး  အဓိက ဆွေးနွေးခဲ့တာတွေကတော့ မြန်မာပြည်မှာ လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အားနည်းချက် ၊ အားသာချက်များ ၊

US ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အခုလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်မယ့် အရေးကိစ္စများနဲ့ US အစိုးရရဲ့ မြန်မာပြည်ကို အကူအညီပေးနေတဲ့ ကိစ္စများနဲ့ ပတ်သက်တာတွေလည်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အင်ဒီယားနားပြည်နယ် ၊ အင်ဒီယားနား ပူးလီစ်မြို့မှာကျင်းပတဲ့                         US -မြန်မာဆက်ဆံရေးညီလာခံမှာ အဖွင့်မိန့်ခွန်းကို NLD ပါတီ ဥက္ကဌ . ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုဖိုင်နဲ့ ပေးပို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို နယူးရောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ် မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်လည်း တက်ရောက်ခဲ့ပြီး US အစိုးရရဲ့ ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူများ ၊ US နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID မှ တာဝန်ရှိသူများအပြင် မြန်မာပညာရှင်များ ၊ အမေရိကန်ပညာရှင်များပါ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဗီမာပြီရဲ့ ရာသီဥတု အခြေအနေ

 

.မေ ၂၉ – ၃၁ ။

.ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းဟာ ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

.မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ညီလာခံမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးပါတီက နေရာအများစုအနိုင်ရရှိရေး အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ ပြည်ခိုင်ဖြိုးဗဟိုကော်မတီ အစည်းအဝေးကို ဗဟိုအလုပ်မှုဆောင်များ ၊  ဗဟိုကော်မတီဝင်များနဲ့ အရန်ဗဟိုကော်မတီဝင် စုစုပေါင်း ၃၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပုံမှန်အသုံးစရိတ်ဟာ                                 တစ်လလျှင် ကျပ်ငွေ ၁ ဒသမ ၄ ဘီလီယံခန့်(ကျပ်သန်းပေါင်း ၁,၄၀၀ ခန့်) ရှိကြောင်း သိရပါတယ်။

အဆိုပါ အသုံးစရိတ်တွေဟာ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး၊ ပါတီရုံးခွဲတွေအတွက် ထောက်ပံ့စရိတ်၊ စည်းရုံးရေးစရိတ် သုံးစွဲမှုများသာဖြစ်ပြီး ဗဟိုအဆင့် အသုံးစရိတ်များ မပါဝင်သေးဘူးလို့ ဆိုပါတယ်။

.မြန်မာစစ်တပ်ဘက်မှာလည်း လတ်တလောမှာ လေးလပတ် အစည်းအဝေးများ ကျင်းပနေပြီး ၎င်းအစည်းအဝေး ပြီးတဲ့အခါမှာ စစ်တပ်ခေါင်းဆောင်ပိုင်းတချို့ဟာ ပါတီတွင်းကို ၀င်ရောက်လာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

.ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်က လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကျူးကျော် မောင်းထုတ်တွေ ဘယ်ရောက်သွားသတုန်း

 

.မေ ၃၀ ။

.မြန်မာပြည်မှာ လူဦးရေ ၅၁ ဒသမ ၅ သန်းနီးပါးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

.နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ မေလ ၃၀ ရက်က ၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုရဲ့ ရလဒ်ဖြစ်တဲ့ လူဦးရေစာရင်းဟာ  နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာ အကျိုးရှိစေနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။

အခုလို ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူ ထားတဲ့ စာရင်းဖြစ်ပြီး စာရင်းအရ အမျိုးသား ၂၄ သန်းကျော်နဲ့ အမျိုးသမီး ၂၆ သန်းကျော်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ အိမ်ပိုင်ဆိုင်သူဟာ လူဦးရေစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး လျှပ်စစ်မီးသုံးစွဲနိုင်မှုဟာ ၃၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အပေါ်   လူဦးရေ ၈၅ ရာခိုင်နှုန်း အိုးအိမ် ပိုင်ဆိုင်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေစု ရဲ့ အရှည်ပြု

 

.မေ ၂၉ ။

၂၀၁၅ ရွေးကောက်ပွဲအတွင်း ၀င်ရောက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ရှိသင့်ရှိအပ်တဲ့ အရည်အချင်းတွေကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော်မတီဝင် ၂၂ ဦးကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးပြီး အရည်အချင်း သတ်မှတ်မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီအပေါ် သစ္စာရှိပြီး အစဉ်တစိုက် လိုက်ပါလုပ်ဆောင်ခဲ့သူအဖြစ် အရည်အချင်းတူနေရင် အမျိုးသမီး ၊ တိုင်းရင်းသားနဲ့ လူငယ်တွေကို ဦးစားပေးမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် အခုဆိုရင် မြန်မာပြည်ရဲ့ အခြေအနေဟာ အရေးကြီးတဲ့သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်ရှိနေပြီ ဖြစ်ကြောင်း US မြောက်ပိုင်းရှိ အင်ဒီယားနားတက္ကသိုလ်မှာ မေလ ၂၉ ရက်နေ့ညက ကျင်းပတဲ့ “မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဗီဒီယိုမိန့်ခွန်း ပေးပို့ ပြောကြားလိုက်ပါတယ်။

US မှာ ပြုလုပ်တဲ့ အဆိုပါ ဆွေးနွေးပွဲမှာ မြန်မာပြည်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ရောက်မလား၊ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မလား ဒါမှမဟုတ် အာဏာရှင် အစိုးရထက် ဘာမှပိုမထူးခြားတဲ့ အတုအယောင် ဒီမိုကရေစီနဲ့ဘဲ ဆက်လက် ရင်ဆိုင်နေရဦးမှာလား ဆိုတာ လာမယ့် လအနည်းအငယ်မှာပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

US မှာ ပြုလုပ်တဲ့ အဆိုပါ ဆွေးနွေးပွဲကို အင်ဒီယားနား တက္ကသိုလ် နိုင်ငံတကာစီးပွားရေးပညာနဲ့ သုတေသနဌာန၊ BACI – မြန်မာ – အမေရိကန် ကွန်မြူနတီ အင်စတီကျုနဲ့ အင်ဒီယားနား တက္ကသိုလ် Kelly နိုင်ငံတကာစီးပွားရေးပညာသိပ္ပံတို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး၊   မြန်မာ့နိုင်ငံရေး လှုပ်ရှားသူ စုစုပေါင်း ၁၅၀ လောက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US – မြန်မာ အတူကပ်ပါ…

 

UPS အမည်ရှိ United Parcel Service Inc. ဟာ မြန်မာပြည်ရဲ့ လုပ်ငန်းတွေကို အမြန်ပို့ဆောင်ခြင်းနဲ့ ကန်ထရိုက်စာချုပ် လုပ်ကိုင်ခြင်းတွေကို တိုးချဲ့ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

UPS ဟာ မြန်မာပြည်မှာ လေကြောင်းနဲ့ ပင်လယ်ရေကြောင်းမှ အဝင်အထွက် ကုန်စည် သယ်ယူပို့ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပြီး UPS ရဲ့ လုပ်ငန်းတိုးချဲ့မှုဟာ မြန်မာနိုင်ငံအတွက် ပိုမိုလျင်မြန်ချောမွေ့တဲ့ ကုန်စည်ပို့ဆောင်မှုကို ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ကုန်သွယ်စီးပွားရေးဌာနကလည်း UPS ရဲ့ လုပ်ငန်းတွေကို ကူညီပေးနေကြောင်း သိရပါတယ်။

မြန်မာပြည်အနေနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ နှစ်ဆတိုးတက်လာပြီး ဒေါ်လာ ၈ ဘီလျံဖိုးရှိခဲ့ကြောင်း သိရပါတယ်။

အခု ဘဏ္ဍာရေးနှစ်မှာတော့ ကုန်သွယ်မှု စုစုပေါင်းဟာ ၈ % တိုးတက်လာပြီး ဒေါ်လာ သန်း ၃၀ ဖိုး ရှိလာမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ပွဲတော်မှာ …

အတူတက် နွှဲပျော် ဗမာ

 

 

၂၀၁၅ ခုနှစ်အတွက် ဆဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကို နယူးယောက်ပြည်နယ်၊ ယူတီကာမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို ဇွန်လ ၇ ရက်၊ တနင်္ဂနွေနေ့ မနက် ၁၁း၀၀ နာရီ ကနေ ညနေ ၅ နာရီအထိ အကျွေးအမွေး၊ အဆိုအက ဖျော်ဖြေတင်ဆက်မှုများနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပပြီး ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို ဒေါ်လာ ၁၀,၀၀၀ ချီးမြှင့်မှာဖြစ်ပါတယ်။

ဒါ့အပြင် အထူးဆု ရရှိသူ နှစ်ဦးကိုတော့ ဒေါ်လာ ၁,၀၀၀ စီ ပေးအပ် ချီးမြှင့်မှာ ဖြစ်ပြီး ဆုရရှိသူများရဲ့ အမည်ကို အခမ်းအနားမှာ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှ စပြီး မြန်မာပြည်မှာ ကိုယ်ကျိုးစွန့်ကာ အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြသူတွေကို နှစ်စဉ်နှစ်တိုင်း ရွေးချယ် ဂုဏ်ပြုနေတဲ့ ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့တာ ဟာ အခုဆိုရင် ခြောက်ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုနှစ်အတွက် အများပြည်သူတွေက အမည်စာရင်းတင်သွင်းထားသူတွေထဲက သုံးဦးကို နောက်ဆုံး ဆန်ကာတင် စိစစ်ရွေးချယ်ထားကြောင်း သိရပါတယ်။

အဆိုပါ သုံးဦးကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၊ ဗကသ ပင်မစစ်ကြောင်းနဲ့ … မဖြိုးဖြိုးအောင်တို့ ဖြစ်ပြီး ဆုရရှိသူကို ကြေညာမှာ ဖြစ်ပါတယ်။

အခမ်းအနား ကျင်းပမယ့်နေရာကတော့ Mohawk Valley Community College 1101 Sherman Drive, Utica, New York 13501-539 ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားနဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်သွယ်လိုပါက  ကိုထွန်းထွန်း(အယ်လ်ဘာနီ) 518-221-4922 , 702-376-5758 တို့ကို ဆက်သွယ် နိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဓမ္မစက္ခု ဓမ္မာရုံ တည်ရှိရာ 1008 S.DEL MAR AVE, SAN GABRIEL CA 91776 မှာ ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရာဘိဝံသရဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဇွန်လ (၅) ရက်မှ (၉) ရက်နေ့ အထိ နားယူနိုင်ကြပါကြောင်း ဓမ္မမိတ်ဆွေတွေကို သတင်းကောင်း ပါးလိုက်ရပါတယ်။

တရားနာ ကြွရောက်ဖို့အရေး အသေးစိတ်သိလိုသူများအနေနဲ့

ဖုန်း -(၆၂၆)၂၂၁၆၆၇၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဓမ္မစက္ခု ဓမ္မာရုံ တည်ရှိရာ 1008 S.DEL MAR AVE, SAN GABRIEL CA 91776 မှာပဲ ဇူလိုင်လ (၁၄) ရက် ကနေ (၁၉) ရက် အထိ ရွှေမင်းဝံ ဆရာတော်ရဲ့ တရားစခန်းကို ကျင်းပဦးမယ်လို့ သိရပါတယ်။

ဓမ္မမိတ်ဆွေအပေါင်း တရားနာ ကြွရောက်ကြဖို့ ဖိတ်ခေါ်ထားပြီး အသေးစိတ်သိရှိလိုပါက  ဖုန်း-(၆၂၆)၂၂၁၆၆၇၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ဟေးဝပ်ဒ်မြို့ ၊ မုဒိတာရွှေကျောင်း တည်ရှိရာ 27695 Leiding Ct. Hayward, CA 94544 မှာ ရွှေသိမ်တော်ကြီးကို တည်ဆောက်လျက်ရှိပြီး သိမ်အောင်ပွဲကို ဇူလိုင်လ ၁၂ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဓမ္မမိတ်ဆွေ သူတော်စင်များအနေနဲ့ သိမ်တော်အတွက် ကုသိုလ်ယူ ပါဝင်နိုင်ပြီး အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်းနံပါတ် – 510 574 5442 ကို ဆက်သွယ်နိုင်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ကာလီဖိုးနီးယားပြည်နယ် ၊ ဒေးလီးစီတီးမြို့ ၊ Jefferson Union High School တည်ရှိရာမှာ Serramonte Del Rey, 699 St Francis Blvd, Daly City, CA 94015 မှာ ဗုဒ္ဒနေ့ပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါပွဲတော်ကို ဇွန်လ ( ၇ ) ရက်၊ နံနက် ( ၉း၃၀ ) မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်တဲ့အတွက် ပါဝင်ဆင်နွှဲ ကုသိုလ်ယူနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ်သိလိုသူများအတွက် ဖုန်း – (650) 755-7179 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ စုပေါင်း ရှင်ပြု၊ ရဟန်းခံ၊ သီလရှင်ဝတ်ပွဲနဲ့ ဝိပဿနာ တရားစခန်းပွဲတော်ကြီး ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ကို ဇွန်လ ၁၃ ရက်၊ စနေနေ့ ၃ နာရီမှာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရှင်လောင်းလှည့်ပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လ ၁၄ ရက်၊ တနင်္ဂနွေနေ့ မနက် ၈း၃၀ နာရီမှာ ဒုလ္လဘရဟန်းများ သိမ်တက်ခြင်း ၊ နံနက် ၁၀း၃၀ နာရီမှာ သိမ်ဆင်း သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ပြုလုပ်မှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားကို အမှူးထားပြီး သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ်ပြီး ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုလည်း နေ့လယ်စာ ကျွေးမွေးဧည့်ခံမယ်လို့ သိရပါတယ်။

စုပေါင်းရှင်ပြု၊ ဒုလ္လဘ ရဟန်းခံ အလှူတော်မင်္ဂလာမှာ ပါဝင်ကုသိုလ်ယူလိုသူများအနေနဲ့ ရဟန်းလောင်း တစ်ပါးအတွက် ဒေါ်လာ ၂၅၀၊ ကိုရင်လောင်း သို့မဟုတ် မယ်သီလရင်လောင်း တစ်ပါးအတွက် ဒေါ်လာ ၁၅၀ အသီးသီး လှူဒါန်းနိုင်တဲ့အပြင် သံဃာတော်များအတွက် ဆွမ်းအလှူ၊ နဝကမ္မ အလှူပြုခြင်း၊ ဧည့်ပရိသတ်များအတွက် အာဟာရဒါန စားသောက်ဖွယ်များ လှူဒါန်းခြင်းတို့ကိုလည်း နည်းများမဆို ကုသိုလ်ပါဝင်နိုင်ကြောင်း နှိုးဆော်လိုက်ရပါတယ်။

ပွဲတော် အကြောင်း အသေးစိတ် သိရှိလိုသူများအနေနဲ့ ဓမ္မပါလကျောင်း 3096 Wheeling St , Aurora. CO 80011 , Tel : 303-343-3691 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

 

======================

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

အောင်ဇေ

 

 

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 606 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013