DSC_0480-1DSC_0638DSC_0708

 

 

 

 

 

 

 

 

အညာနွေသည် ပြင်းပြင်းပြပြပူလေသည်။

ဝေ့ဝဲ၍တိုက်ခတ်လာသောလေထဲတွင် ဖုန်နံ့လေးများသင်းနေသည် ။

နွေနေပူပူ ၊ မြေနီလမ်းဖုန်ထူထူတွင် မြင်းလှည်းလေးတစ်စီး မောင်းလာသည်ကိုတွေ့လိုက်ရသည် ။

သြော် …… ပုဂံရှေးဟောင်းနယ်မြေတွင် မြင်းလှည်း ရှိနေသေးသည်ပေါ့ ။

 

တချိန်က မြင်းလှည်းလေးများစီး၍ ပုဂံဘုရားများကိုလိုက်လံဖူးမျှော်ခဲ့ဖူးသည် ။

ထန်းပင်ထန်းတောများကြားမှ ဖြတ်သန်းမောင်းနှင်ရင်း နွေပန်းချီကို ငေးခဲ့ဖူးသည် ။ ရေဆာဆာနှင့် ပင်ကျရည်ချိုချိုလေးများကို အမှတ်ရမိပြန်သည် ။ ယခုသော် …… ထိုထန်းတောတို့ မရှိတော့ပြီ ။ ကတ္တရာခင်းသော လမ်းသစ်ကြီးများ ၊ လမ်းညွှန်ဆိုင်းဘုတ်များဖြင့် ခရီးသွားဝန်ဆောင်မှုကောင်းမွန်လာသော်လည်း ရှေးဟောင်းနယ်မြေ၏အထိ အတွေ့ကိုကား ပြည့်စုံစွာမရတာ့ပါ ။

မော်ဒန် ပုဂံဖြစ်လို့နေလေပြီ ။ သစ်လွင်သောဆေးရောင်များနှင့် ပြန်လည်တည်ထားသောဘုရားများကိုကြည့်ရင်း တချိန်က အိုမင်းဆွေးမြေ့နေသောအုပ်ပုံအုပ်ရိုးများဖြင့်ချယ်သသော ပုဂံကိုလွမ်းမိလေသည် ။

 

 

အဟောင်းကိုသာကြိုက်တတ်သူမဟုတ်ပါ ။ သို့သော် ရာဇဝင်နှင့် သမိုင်းနောက်ခံတွေကိုတော့ အသစ်မစီရင်စေလိုပါ ။

ပြိုပျက်နေသောစေတီဂူဘုရားတစ်ဆူ၏ အသွင်အပြင်ကို စိတ်ကူးဖြင့်သာ ပုံဖေါ်ချင်မိသည် ။ယခုကဲ့သို့ မတူခြားနားသောခေတ် ကာလ မှ လက်ရာအသီးသီးကို တစ်ပုံစံတည်းပုံစံထုတ်ပြုပြင်လိုက်သည်မှာ ဇတ်ပွဲတွင်သုံးသောနောက်ခံပန်းချီပိတ်ကားကဲ့သို့ဖြစ်နေလေသည် ။

ထိုခေတ် ထိုအခါက အလွန်လက်ရာမြောက်သော ရုပ်ကြွ ၊ ပန်းကနုတ်တို့သည် ပညာရှင်များမတူခြားနားသည်နှင့်အညီ ကွဲပြားပါလိမ့်မည် ။

တည်ထားကိုးကွယ်သော ဒါယကာအသီးသီး၏ နောက်ခံပုံဝတ္ထုများအလိုက် စေတီပုထိုးပုံစံ ၊ နံရံဆေးရေးနှင့် ပန်းကနုတ် ၊ ဂူဘုရားအတွင်း လှိုင်ခေါင်းပုံစံ ၊ အုပ်စီအုပ်ညှပ်ပုံစံ စသည်တို့ ကွဲပြားနေမည်ဖြစ်သည် ။

 

ထိုထိုသော မတူခြားနားသည့် အနုပညာလက်ရာများစွာနှင့် ဗိသုကာပညာရပ်ဆိုင်ရာ သမိုင်းအထောက်အထားတို့သည်လည်း

ခေတ်ကြေးမုံကို ဖေါ်ဆောင်ကြပေလိမ့်မည် ။

“” ဤသည်ရွှေမြို့ ၊ ဤသို့စေတီ ၊ ဤသည်ရွှေနန်း ……… “” အမတ်ကြီးလက်ဝဲသုန္ဓရကဲ့သို့ စိတ်မှန်းဖြင့် လွမ်းလိုပါသော်လည်း ၂၁ ရာစု ပုဂံမြို့ဟောင်းထဲဝယ် ရှေးမူမပျက်ပြင်ဆင်ထားသည်ဟုဆိုသော ဘုရားပရဝုဏ်အတွင်း ဝမ်းသာရမလိုလို ဝမ်းနဲရမလိုလို ။

အမှတ်တရပစ္စည်းဆိုင်တစ်ခုထဲဝင်ပြီး ကြေးညှိတက်နေသော ရုပ်တုတစ်ခုကို ဈေးမေးကြည့်သည် ။ ရှည်လျားစွာသော ဒဏ္ဍာရီတစ်ခုကို ဈေးသည်မှပြောပြပြီးလျှင်

သောင်းဂဏန်းကြီးကြီးဈေးပြောလေသည် ။

အမှန်တကယ် ရှေးဟောင်းပစ္စည်းအစစ်ဖြစ်နေပါက ဈေးအလွန်ချိုနေမည်ဟု ထင်မိသည် ။

လိုက်လံပို့ဆောင်သော ဒေသခံဧည့်လမ်းညွှန်လေးမှာ ပြုံးစိစိဖြင့် ကြည့်နေကြောင်းသတိထားမိလိုက်သည် ။

ဈေးဆိုင်နှင့် ခတ်လှမ်းလှမ်းသို့ရောက်သော် “” အဲ့ဒီအရုပ်မျိုးတွေလိုချင်ရင် မြို့သစ်ပန်းပုဆိုင်မှာ ဈေးသက်သာတယ်အစ်ကို “”

“ရန်ကုန်က ဆိုင်တွေမှာပြန်ရောင်းဖို့ အဲ့ဒီလက္ကားဆိုင်တွေကဘဲမှာကြတာ “”

ကျနော်သက်ပြင်းချမိသည် ။

ဟောင်းချင်ယောင်ဆောင်နေသော အသစ်တို့သည် မော်ဒန်ပုဂံတွင် ဂန္ထဝင်မျက်နှာဖုံးစွပ်ထားကြလေပြီ ။

 

 

မည်သို့ပင်ဖြစ်စေ … ပုဂံသည်ကား ကျနော်တို့၏ နှလုံးသားထဲတွင် နေရာတစ်ခု စိုးမိုးထားနေသည်မှာမငြင်းသာ ။

ဟောင်းသည်ဖြစ်စေ သစ်လွင်နေသည်ဖြစ်စေ ပုဂံမြေ၏ထွေးပွေ့ခြင်းကိုတော့ ခံယူချင်မိသည် ။

မြန်မာပြည်၏ အပန်းပြေ ခရီးသွားစရာနေရာများတွင် ပုဂံသည် ရာသီမရွေး သွားလာလို့ အဆင်ပြေလေသည် ။

သဘာဝ၏နောက်ခံရှုခင်းသည် ရာသီအလိုက်ပြောင်းလဲနိုင်သော်ငြား ပုဂံမြေကို နင်းလိုက်သည်နှင့် တစ်မျိုးတစ်ဖုံ

စိတ်လှုပ်ရှားမိပြန်သည် ။

အနုသုခုမ လက်ရာတို့ကား ရာသီဥတုဒဏ် ၊ စစ်ဘေးစစ်ဒဏ် နှင့်တကွ ခေတ်အဆက်ဆက် အသစ်ပြုလုပ်မှုဒဏ်များကိုခံယူရင်း အတော်အတန် ကျန်ရှိနေသေးသည်ကိုတော့ မြင်ရပါဦးမည် ။

 

အဆောက်အဦး စေတီပုထိုးအများစုမှာ ကုလားကျောင်းခံ ဂူဘုရားများအသွင် ရှိကြသည် ။

မစ္ဇျိမဒေသ၏ ဟန်အမူအယာများနှင့် ပျူ ၊ သရေခေတ္တရာနှောင်းပိုင်းဟန် စေတီတချို့ကိုလည်း တွေ့မြင်ရပါလိမ့်မည် ။

စေတီ ဆိုသည်မှာ စေတိယဟူသော သက္ကတဘာသာမှ ပြောင်းလဲလာသည်နှင့်အညီ အစုအပုံဟူသည့် သဘောအထိန်းအမှတ်ဖြစ်လေသောကြောင့် ခေတ်ကာလအလိုက် ကိုးကွယ်ယုံကြည်မှုကိုလည်းအထူးထင်ဟတ်စေသည်မှာမလွဲပေ ။

ဗုဒ္ဓဂယာရှိ ပုထိုးတော်ကြီးတည်ထားဟန်နှင့် နှီးနွယ်သော သရေခေတ္တရာခေတ် ဘောဘောကြီးစေတီ(ပြည်မြို့) ၊ ပုဂံခေတ်ဦးပိုင်းလက်ရာ ဗူးဘုရားစေတီနှင့် လောကနန္ဒာ စေတီတို့မှာ ပြောင်းတိုင်မတ်မတ်အသွင်ဖြင့် မူဟန်ကွဲလေသည် ။

 

 

အထူးသဖြင့် စေတီဂူဘုရားများအတွင်းမှဆေးရေးသရုပ်ဖေါ်များ နှင့် ရုပ်လုံးရုပ်ကြွများသည် ထိုခေတ်၏ ယုံကြည်မှုနှင့် အလှူရှင်၏

အဇ္ဇတ္တသဏ္ဍန်ကို ဖေါ်ပြနေသည့်အလား ထင်မှတ်မိသည် ။

ဤနယ်မြေ ဤဒေသတွင် များပြားလှစွာသော စေတီပုထိုးများရှိနေခြင်းသည်ကား ထိုခေတ်အခါ၏ စွမ်းဆောင်နိုင်မှုကိုအံ့သြစရာပင်ဖြစ်လေ၏ ။

ယခုချိန်တွင် ရှေးဟောင်းသုတေသနဌါနမှ စာရင်းအရ ဘုရားပေါင်း လေးထောင်ကျော်ရှိနေသေးသည်ဖြစ်ရာ တစ်ချိန်ကပုဂံအင်ပါယာကြီးအား စိတ်မှန်းဖြင့်ပင် အားရကျေနပ်၍ မဆုံးနိုင်ဖြစ်မိပြန်တော့သည် ။

အကယ်၍သာ သုံးရက်တာခရီးတစ်ခုခု ထွက်မည်ဆိုပါလျှင် ရာသီမရွေးသွားလာနိုင်သော နေရာများတွင်အပါအဝင်ဖြစ်သည့် ပုဂံမြေအား တစ်ခါတစ်ခေါက်လောက် ရောက်စေချင်မိပါသည် ဟု ……………

 

 

လေးစားလျှက်

မောင်ဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖိုးသာထူး

About ဖိုးသာထူး

surmi has written 104 post in this Website..