သြော် ဒီကနေ့ ဇူလိုင် ၇ ရက်မှာ သမီး သုန္ဒရီစံ အသက်၂၀ ပြည့်ခဲ့ပြီပဲ ၊

ဟိုးးးးး  အနှစ် ၂၀ ကို ပြန်လှည့်ကြည့်လိုက်တော့လည်းမနေ့တစ်နေ့ကလိုပါပဲလား ၊

အဲဒီအချိန်တုန်းက အဖေဟာ ရန်ကုန်မြို့လယ်က ထရိတ်ဒါးစ်ဟိုတယ်ဆောက်လုပ်ရေးမှာ

သာမန်အဆိုင်းခေါင်းဆောင်အလုပ်သမားလေးပေါ့ ၊

၁၉၈၉ ကနေ ၁၉၉၁ အထိ NLD ရုံးချုပ် အဖွဲ့ဝင်လက်ခံဌာနတာဝန်ခံ လုပ်ခဲ့တဲ့ အဖေဟာ

အဲဒီနောက်ပိုင်းမှာ ဝမ်းရေးအတွက်ရုန်းရချိန်မှာ လခစားထက် ဒီကနေ့လုပ် ဒီညနေပိုက်ဆံထုတ်ရတဲ့အလုပ်ကို ရွေးခဲ့ရပါတယ် ၊

လခစားဆို ကြားထဲမှာ ဘာနဲ့ သွားစားမလဲသမီးရေ ၊

သမီးအဖွားက ၁၉၉၀မှာ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ် ၊ ၁၉၉၁ မှာ အင်းစိန်ဘဝတက္ကသိုလ် ရောက်ရလေတော့

အဖေဟာ ထောင်ဝင်စာ ဆိုတာကြီးအတွက် ဘိလပ်မြေသယ် မဆလာထမ်း မမောတမ်းလုပ်ရင်း

ကိုယ်စားဖို့ကော နှစ်ပတ်တစ်ခါ ထောင်ဝင်စာ အတွက်ပါ ရုန်းခဲ့ရတာပါ ၊

အဖွားဟာသမီးအမေ နဲ့ အဖေ့ကို အချုပ်ခန်းသံတိုင်တွေကြားကနေ လက်ထပ်ပေးခဲ့တာလေ ၊

ဒီလိုနဲ့ အဖွားဟာ ၁၉၉၂ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အိမ်ပြန်ရောက်လာတယ် ၊ ဒါပေမယ့် အဖွားမှာ အလုပ်မရှိဘူး ၊

စာရေးခြင်းနဲ့ အသက်မွေးတဲ့သူကို စီစစ်ရေးက စာမရေးရ ဆိုတော့ မခက်ဘူးလား သမီးရေ ၊

အဖေဟာ ယောင်္ကျားသားတစ်ယောက်မို့ အမေ အေးဆေးနေဆိုပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကြားမှာ

အသားကျအောင် နေတတ်လာခဲ့တယ် ၊

မြန်မာ့အသံစိုက်ပျိုးရေးမှတ်တိုင်က ဆမ်းမားပဲလေ့စ်ဟိုတယ်မှာ အဖေ့လက်ရာတွေ ပါသပေါ့ကွယ် ၊

မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ၁၀၀ ၊ ညနေ ၆ နာရီကနေ ည ၁၂ နာရီအထိ နောက် ၁၀၀ ၊

အဲသလို အဖေ ရှာခဲ့တာပါ ၊

၁၉၉၅ မှာတော့ အဖေဟာ ထရိတ်ဒါးစ် ဆောက်လုပ်ရေးကို ရောက်နေပါပြီ ၊

အင်ဂျင်နီယာ မစ္စတာ ရက်ပ်က အဖေ့ကို သဘောကျလို့ အဖေဟာ တစ်ဂျူတီ ၁၈၀စား အဆိုင်းခေါင်းဆောင်ဖြစ်သွားခဲ့တယ် ၊

ည ၁၂ နာရီကျော်မှ နှစ်ဂျူတီစာ ၃၆၀ ကိုကိုင်ပြီး ဆူးလေ ကနေ လှည်းတန်းကို ကြားကားစီးပြန် ၊ ည ၁ နာရီခွဲလောက်မှ အိမ်ရောက် ၊

မနက် ၆ နာရီကျော်ပြန်ထ ၊

အဲဒီ ဘဝတွေကိုဖြတ်သန်းရင်း သမီးကြီးအတွက် အဖော်ရစေမယ့်

သမီးကို ဟောဒီ ဇူလိုင် ၇ ရက် နေ့လည် ၁၁ နာရီမှာ အဖေ ပွေ့ချီခဲ့ရပါတယ် ၊

သမီးကြီးလို အသားမဖြူလှပေမယ့် အသံကတော့ အောင်ပါလေရဲ့ ကွယ် ၊

ဆဲဗင်းဇူလိုင်ဆိုတာ မြန်မာပြည်ရဲ့   မမေ့နိုင်တဲ့ ရက်တစ်ရက်မို့ အဲဒီလိုရက်မှာ မွေးလာတဲ့ သမီးဟာလည်း အဖေ့အတွက် သမီးထူးပါပဲ ၊

သမီးကိုရပြီး သိပ်မကြာခင်မှာပဲ အဖေဟာ ၁၉၉၆ Visit Myanmar Year အမီဖွင့်မယ့်

ဆီဒိုးနားဟိုတယ် ပထမအသုတ် ဝန်ထမ်းတွေထဲမှာ ပါသွားခဲ့ပါတယ် ၊

အင်တာဗျူးမေးသူက သြစတြေလျသား စားဖိုမှုးကြီးပါ ၊

သူတို့က အတွေ့အကြုံရှိသူ ၆၀ % နဲ့ မရှိသူ ၄၀ % ကိုရွေးလို့ အဖေ ပါခဲ့တာပေါ့လေ ၊

သင်တန်းပေးတာက ဆီဒိုးနားအနောက်က မြရိပ်ညို ၂ ဟိုတယ်မှာပါ ၊

ဟိုတယ်စဖွင့်တော့ အဖေဟာ မိန်းကစ်ချင်းမှာ တာဝန်ကျခဲ့ပါတယ် ၊

ဘိလပ်မြေ သံချောင်း သစ်ပုံတွေကြားကနေ သားငါးပုဇွန် သစ်သီးဝလံကြား ရောက်သွားရပြန်တာပေါ့ ၊

ဒုတိယအသုတ်မှာတော့ သမီးအမေ ပါလာခဲ့ပြီး ကိုးလ်ကစ်ချင်းမှာ တာဝန်ကျလို့ ဆင်းဒဝစ်ခ်ျပေါင်းစုံနဲ့ နပမ်းလုံးပေါ့လေ ၊

လစာက FEC ၃၅ နဲ့ မြန်မာငွေ ၃၅၀၀ ရတယ် ၊ ငွေလဲနှုန်းက ၃၅၀ မို့ တစ်လ ထစ်သောင်းခွဲလောက် ရတာပေါ့သမီးရယ် ၊

အဖွားကလည်း အမေရိကန်သံရုံးကပေးတဲ့ စာအုပ်တွေ ဘာသာပြန်ပေးရလို့ အဖေတို့ အသက်ရှုချောင်စပြုခဲ့ရပါတယ် ၊

သမီးအမကြီးတုန်းက ခက်ခဲလေသမျှ သမီးအလှည့်မှာ နေသာထိုင်သာ ရှိလာသပေါ့ ၊

သမီးဟာ ငယ်ကတည်းက အဖေ့ကို ကပ်တယ် ၊ သမီးအမကြီးက အဖွားကို ကပ်တယ် ၊ ဒါကြောင့် အခုထိ အတူရှိနေကြတာ ထင်ပါတယ် ၊

သမီးကို မူကြိုပို့ရတာကတော့ အဖေ့အတွက် အခက်ဆုံးပါပဲ ၊ အဖေ့အင်္ကျီကိုဆွဲ အသံဗြဲနဲ့အော် ၊

မထားလို့ကလည်းမဖြစ် ၊ သမီးငိုသံကို ကျောခိုင်းရင်း အလုပ်သွားရတဲ့ အဖေ့မှာ အတော်စိတ်မကောင်းဖြစ်ရတာပေါ့ ၊

ဒါပေမယ့် ဘဝဆိုတာ ဒီလိုပါပဲ သမီးရေ ၊ သမီး စာတတ်အောင် သင်ရဦးမှာလေ ၊ အဖေလည်း အလုပ်သွားရဦးမှာပေါ့ ၊

ဟော အခုတော့ အဖေ့သမီးဟာ ကုမ္ပဏီ စီအီးအိုရဲ့  အတွင်းရေးမှုးဖြစ်နေပြီ မဟုတ်လား ၊

အဖေဟာ အရင်က ရုံးကပြန် ဈေးဝင် ၊ ရပ်ကွက်ထဲကဆိုင်မှာ ၃ ၊ ၄ ပက်မော့ရင်း ဘော်ဒါတွေနဲ့ လေကန်တတ်သူပါ ၊

ဒါပေမယ့် သမီးက အဖေ ဆိုင်မှာ မသောက်နဲ့ ၊ အပေါင်းအသင်းနဲ့ဆို လွန်သွားတတ်တယ် ၊

အိမ်ပေါ်မှာသောက် သမီး အမြည်းလုပ်ပေးမယ် ၊

အရက်ကိုလည်း နေ့တိုင်းမသောက်ရဘူး ၊ ဘီယာ ၂ ရက် အရက် ၁ ရက် ၊ အရက်က ၄ ပက်ပဲ ၊ ပိုတာ သမီး သိမ်းထားမယ် တဲ့ ၊

အဲဒီကတည်းကသမီးစကားအတိုင်း အဖေနေတယ် ၊

ဒါကို အဖွားက ဘာပြောလဲ သိလား  ၊  နင် နင့်သားသမီးတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ သိသာတယ် တဲ့ ၊

သမီးအမကြီးကတော့ သမီးလို သိုင်းဝိုင်းမပြောတတ် ၊ မချွဲတတ် မနွဲ့တတ် ရိုးရိုးကြီးနေပေမယ့်

အဖေကြိုက်တတ်တဲ့ စားစရာလေးတွေ ဝယ်လာတတ်သလို ယူနီဖောင်းတွေကိုလည်း သူပဲ မီးပူတိုက်ရှာပါတယ် ၊

အဖေကတော့ သမီးတို့အပေါ်မှာ အမေလိုတစ်မျိုး အဖေလိုတစ်သွယ် နေထိုင်စောင့်ရှောက်ရင်း

သမီးတို့အလိုကျ မိထွေးဆိုတာလည်း ရှိမလာစေရပါဘူးကွယ် ၊

တကယ်လို့ ကြုံလာခဲ့ရင်တောင် အဲဒီခံစားချက်တွေကို သားသမီးချစ်စိတ်ကိုတွေးပြီး မျိုချ ၊

မိသားစုအိမ်ကလေး ပြိုမကျဖို့ အဖေ အားထုတ်ရမှာပေါ့ ၊

အဖေဟာ တကယ်တော်တဲ့ အဖေကောင်း မဖြစ်ခဲ့ရင်တောင် အဖေဆိုးတော့ မဖြစ်စေရဘူးလို့

မွေးနေ့လက်ဆောင် ကတိစကား ပါးလိုက်ပါရစေ သမီးရေ ၊

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..