အိုးးးးးးဗျ. . . ရလဲ့. . .

.ရှေ့မှာ Taxi ငှားဖို့ တားနေပြီ။

ဘက်မှန်ကနေ ဘေးဘယ်ညာကို လှမ်းshow လိုက်တော့လည်း ကျနော်ထက်အရင်ဦးအောင် .ပြေးဝင် ခေါ်တင်မယ့် Taxi ဆိုလို့ တစ်စီးတလေတောင် မမြင်ရ။

 

ဒါဖြင့် ကျနော် စစထွက်ချင်း .ဈေးဦးပေါက်ဖို့ သေချာသလောက်ပေါ့။ အဟော့။

 

အင်း။ တားနေတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။

ပေါင်း နှစ်ယောက်။

သူတို့ ပုံစံက ချမ်းသာတဲ့ လူတန်းစားပုံတော့ မပေါက်ဘူး။ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်မထားဘူး။ ခပ်နွမ်းနွမ်းပဲ။

 

ဒါပေမဲ့ အဲ့ဒီနှစ်ယောက်ထဲက  အမျိုးသမီးဖြစ်သူကို မြင်ရတာ တစ်ခုခု ပိုပိုကဲကဲ ဖြစ်နေသလားလို့။ ဘာပိုနေသလဲဆိုတော့ အပြင်အဆင် အခြယ်အသတွေ ပိုနေတာ။ .ဆေးဆိုးပန်းရိုက်မျက်နှာကြီးနဲ့. . . ပိုပိုသာသာ အလှပြင်ထားတာ သိသာတယ်။

ထားပါတော့လေ။

ဒါက သူ့မျက်နှာနဲ့ သူ့လက်ရာ. . .

(ကိုယ်နဲ့ မှ မဆိုင်ရေးချ မဆိုင်တာ)

 

”ဘယ်သွားမလဲ”လို့ ကျနော် မေးတော့. . .

အမျိုးသမီးက ”စော်ဘွားကြီးကုန်း” တဲ့။

 

အင်း။ ဘုရင့်နောင်လမ်းဆုံနားကနေ စော်ဘွားကြီးကုန်း ဆိုတော့ ဘယ်လောက် ယူရပါ့။

.ရောက်နေတဲ့နေရာက ဘုရင့်နောင်လမ်းမကြီးပေါ်ဆိုပေမဲ့ ဆေးဝါးစက်ရုံလမ်းနဲ့ နီးတယ်။ .ဆေးဝါးစက်ရုံလမ်းထဲကနေ ဖြတ်ထွက်လိုက်တာနဲ့ အင်းစိန်လမ်းမပေါ် – အဲဒီကမှ စော်ဘွားကြီးကုန်း-ဆိုတော့ သိပ်မဝေးဘူးလို့ ပြောနိုင်သလို သိပ်လည်း မနီးလှဘူး။

ဒီတော့ မနည်း မများတဲ့ နှုန်းထားအဖြစ် ”သုံးထောင်ပဲပေးပါ”  ပေါ့။

 

အမျိုးသမီးက ဈေးတောင် မဆစ်ဘူး။ ပေးမယ်ဆိုပြီး ကားပေါ် ဖျတ်ခနဲ ဝင်ထိုင်တယ်။

 

အဲ. . .

အဲ

.အော်. . .

အဲအော် အဲအော်. . .

အမျိုးသားက နေခဲ့မှာဗျ။

အမျိုးသမီးနဲ့က သမီးရည်းစားဖြစ်လိမ့်မယ်။

ကားပေါ် လိုက်တင်ပေးတဲ့သဘောပေါ့။

ဒါပေမဲ့ အဲ့ဒီနှစ်ယောက်က ရန်ဖြစ် စိတ်ဆိုးစိတ်ကောက်နေကြတယ်။

 

ကားမထွက်ခင်လေးမှာ အပြန်အလှန် ပြောတဲ့စကားတွေက တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်ပြီး ဒေါသထွက်နေတဲ့စကားတွေ။

 

အမျိုးသားရဲ့ စကားက ချစ်သူကို စိတ်မချ သဝန်တိုတတ်တဲ့ လေသံ။

အမျိုးသမီးကတော့  ဘာတွေ ဒေါသကြီးနေတယ်မသိ။ သူ့ဘဲဘဲကို စိတ်ပျက်တယ်ဆိုတဲ့ စကားနဲ့ စိတ်တိုဒေါသထွက်နေတဲ့ စကားတွေကို ပြောတာ ပြောတာ ကတ်ကတ်ကိုလန်နေရော။

 

ကျနော်တောင် ဘာတွေးမိလဲဆိုတော့ ဒီလို မိန်းကလေး(ကိုယ့်ချစ်သူယောက်ျားကို စကားငြင်သာ မပြောပဲ ဟောက်ဟမ်းငေါက်ငမ်းနေတဲ့ /ချစ်သူယောက်ျားကို အရိုအသေမထားတဲ့)မိန်းကလေးမျိုးကိုသာ ကျနော်. . . ချစ်သူတော်မိရင်. . .(ချစ်မိတဲ့ မိန်းကလေးက အဲ့လို စရိုက်သဘာဝ ရှိနေရင်. . .)

ဟူးးး တွေးမိတာနဲ့တောင် အဲ့လို အဖြစ်ကြီးကို စိတ်ပျက်လိုက်တာ။

 

ဒီမိန်းမရဲ့ ချစ်သူယောကျာ်း အတော် ခံရခက်မှာပဲ လို့။

ကားနောက်မှာ ရပ် ကျန်ခဲ့တဲ့ မိန်းကလေးရဲ့ ဘဲဘဲကို ယောကျာ်းချင်း ကိုယ်ချင်းစာ ကြည့်မိသေးတယ်။

 

ဒါပေမယ့် နှစ်ဘက် မျှမျှတတ တွေးရမှာပေါ့။

#ဒီယောကျာ်းဟာ သူ့ချစ်သူမိန်းမရဲ့ ငြူစူစောင့်အောင့်ခြင်းကို ခံရတယ်ဆိုရင်. . .

#ချစ်သူမိန်းမက အရိုအသေမဲ့ဆက်ဆံတာ ခံရတယ်ဆိုရင်. . .

#နင်ဟာ သိပ်စိတ်ပျက်စရာကောင်းတာပဲ လို့. . . ချစ်သူမိန်းမက ပြောတာ ခံရတယ်ဆိုရင်. . .

အဲဒီယောကျာ်းဘက်ကလည်း တစ်ခုခု မှားနေနိုင်တာပဲ။

 

မိအေး ဘာလို့ အော်သလဲလို့ ဇစ်မြစ်လိုက်ကြည့်ရမှာပဲ။ မိအေးဟာ ဂဏန်းညှပ်ခံရလို့ အော်ရတာပါဆိုရင်တော့ အော်တဲ့မိအေးကို အပြစ်မဆိုသင့်ဘူးပေါ့။

 

ကျနော် အဲ့ဒီစုံတွဲရဲ့  ”ချစ်မှုရေးရာ ရာသီဥတုအခြေအနေ”ကို ဟိုဘက်ဒီဘက် မျှပြီး တွေးကြည့်နေမိတာာာာ မှားသွားမှန်း လမ်းရောက်တော့မှ သိလိုက်ရတယ်။

 

===============

 

တကယ့်အခြေအနေက အဲ့ဒီစုံတွဲမှာ မှားနေတာက. . .

ကျနော့်ကားပေါ် ပါလာတဲ့အမျိုးသမီးပဲ။

 

ဘာလို့ အဲလို ကောက်ချက်ချလိုက်နိုင်သလဲ . . . .

ဆိုတော့. . .

 

@@@@@@@@@@@

 

ဘုရင့်နောင်လမ်းမကြီးပေါ်ကနေ ဆေးဝါးစက်ရုံလမ်းထဲ ချိုးအပြီးမှာပဲ အမျိုးသမီးက ကျနော့်ကို စကားစပြောပါတယ်။

ပထမဆုံးပြောတာက. . .

”အစ်ကို. . .ညီမ ဒီကားထဲမှာ ဆေးလိပ်သောက်လို့ ရပါတယ်နော်”တဲ့။

 

ဖြစ်ရလေ ဝိုင်းစိန်ရယ်။ စီးကရက်ကို ဗူးလိုက်ကိုင်ထားပြီး မီးခိုးအသည်းပုံဖြစ်အောင် မှုတ်ထုတ် သောက်ချင် နေတဲ့အမျိုးသမီးပါလား။

”ကိစ္စမရှိပါဘူး သောက်ချင်ရင် သောက်ပါ”

 

စီးကရက်သောက်နေရင်းနဲ့ ဆက်ပြောတဲ့စကားအရ. . .

ဒီမိန်းမ ကားပေါ်မတက်ခင်က သွားမယ်ပြောတဲ့နေရာကို မသွားတော့ဘူးတဲ့။

 

.စော်ဘွားကြီးကုန်းမသွားတော့ဘဲ မြောက်ဥက္ကလာအဝိုင်းနား သွားမယ်တဲ့။

တိန် တိန် နှစ်ခါတိန်။

 

”မြောက်ဥက္ကလာအဝိုင်း ဆိုရင်တော့ ၃၀၀၀ က နည်းတယ်”

 

”ရတယ်။ ၄ထောင် ပေးမယ်”တဲ့။

.ပြီးတာပဲ။

 

မကြာပါဘူး။

အဲ့မိန်းမရဲ့ လက်ကိုင်ဖုန်းက မြည်လာတယ်။

.နေရစ်ခဲ့တဲ့ အဲ့မိန်းမရဲ့ချစ်သူ. . .

ဖုန်းကိုင်လိုက်ပြီး စကားလက်ခံပြောနေပေမဲ့ အမျိုးသမီးရဲ့အသံက တမံသလင်းလို မာထန်နေတယ်။

 

”ဘာလဲ ပြော. .  .ပြော” ဆိုတဲ့ စိတ်မရှည် ဖုန်းထူးသံက ဈေးထဲက ငါးစိမ်းတန်းထဲမှာ ငါးသည်တစ်ယောက်. . . ”ငါးတွေလတ်တယ် အမျိုးတို့ရေ. . .”လို့ အော်တဲ့အသံလောက်တောင် နားထောင်လို့ မကောင်းဘူး။

 

”နင့်ကိုငါ အရမ်းစိတ်ပျက်တယ် သိလား”လို့  ခပ်စွာစွာ အော်နေတဲ့အသံကလည်း အတော် နားအဝင်ဆိုးပါတယ်။

 

ဟိုဘက်က ဖုန်းဆက်ပြီး ဘယ်နားရောက်နေပြီလဲ မေးတာကို ”မသိဘူး”လို့ ပြန်ပြောတယ်။ ”ဒါပဲမဟုတ်လား”လို့ဆိုပြီး ဇွတ်ကြီး ဖုန်းချလိုက်တယ်။

 

တအောင့်လောက် အဲ့ဒီမိန်းမဆီက ဘာသံမှ မကြားဘဲ ငြိမ်သွားသလားလို့။

ကားရဲ့ ဘယ်ဘက်အခြမ်းက ဘက်မှန်ကို ကြည့်ရင်းနဲ့ ကျနော် အဲ့ဒီမိန်းမကို ဖျတ်ခနဲ ကြည့်လိုက်တော့. . .

ဗုဒ္ဓေါ. . .

ဒီမိန်းမ ကျနော့်ကို ကြည့်နေပါလားဟ။

 

သူ့အကြည့်က နည်းနည်းများ ရီဝေဝေဖြစ်နေသလားလို့။ ဘာလဲဟ။ တမျိုးကြီးပဲ။

ဘာသဘောနဲ့များ ကျနော့်ကို မမှိတ်မသုန် ကြည့်နေပါလိမ့်။

 

ကျနော်က သူ ကျနော့်ကို ကြည့်နေမှန်း သိသွားတာကို သူကသိသွားပြီးနောက်. . .

(အဲ. . .ရှုပ်နေတာပဲ။ ပြန်ရေးမယ်။ )

သူ ကျနော့်ကို ကြည့်နေမှန်း ကျနော်သိသွားတာကို သူ သိသွားပြီးနောက်. . .

(ဒါလည်း ရှုပ်သေးတာပဲ။တတ်နိုင်ဘူး။ပြန်ရေးရမှာပဲ။)

 

သူ့ကို ကျနော် အကဲခတ်လိုက်မိတာကို သူ့ဘာသာပြန် ရိပ်မိသွားပြီးနောက်.

သူက ပြောလာပါတယ်။

 

”မင်းက ညပိုင်း မောင်းတာလား”တဲ့။

 

”သေချာတာပေါ့”

 

”မင်းပုံ ကြည့်ရတာ အသက်ငယ်သေးတဲ့ပုံပဲ ညဘက်တစ်ယောက်ထဲ မောင်းတာ မကြောက်ဘူးလား”

 

”အဲ ဘာကို ကြောက်ရမှာလဲဗျ”

 

”ခပ်ကြမ်းကြမ်း မိန်းမတွေနဲ့တွေ့ပြီး မင်းကို အတင်းဆွဲစိမှာ မကြောက်ဘူးလား”

 

တိန်။ သေတော့မှာပဲ။ ဒီမိန်းမ ဘာစကားတွေ ပြောနေပါလိမ့်။

 

ကျနော် သူ့စကားကို ခပ်ကျယ်ကျယ် အော်ရယ်ပစ်လိုက်ရင်းက ”မိန်းမတွေတိုင်းက ကြောက်စရာ မကောင်းပါဘူး” လို့ ပြန်ပြောလိုက်တယ်။

 

စိတ်ထဲကတော့ မသိုးမသန့် ဖြစ်နေပြီ။ (မသိုးလည်း မသိုး. . . မသန့်လည်း မသန့်ဆိုတော့ အီလည်လည် အောင့်သက်သက်ကြီးပေါ့)

.မြန်မြန် ရောက်ပါတော့ကွယ်. . .

 

အဲ့ဒီနောက် မကြာခင်မှာပဲ သူမရဲ့ဖုန်းက မြည်လာပြန်ပါတယ်။

ဟိုဘက်က ဖုန်းဆက်လာသူကို ဒီဘက်က ဖုန်းလက်ခံပြောတဲ့ အမျိုးသမီးက ”အကိုကြီးရယ်”လို့ ပြော ပြောပြီး ချွဲနေလိုက်တာ။

ဖုန်းထဲမှာတင် တရော် ကင်ပွန်းအလုပ်ရုံ ဖွင့်လို့ ရလောက်တယ်။

 

ဒါဖြင့် ဒီမိန်းမမှာ နှစ်ယောက် ရှိတာပေါ့။ နှစ်ယောက်ကို တပြိုင်တည်း ဆက်ဆံရေး နှစ်မျိုးနဲ့ တွဲနေတာပေါ့။

 

ဒါဆို ဒီမိန်းမ သိပ်ကြောက်ဖို့ ကောင်းနေပါရောလားဟ။

 

.မြွေနှစ်ခွနဲ့ လျှာဟောက်မ၊။။

အဲ ဟုတ်ပါဘူး. . .

လျှာနှစ်ဟောက်နဲ့မြွေခွမ. . .

အာာာ ဒါလည်း ဟုတ်သေးဘူး။

.မြွေနှစ်ဟောက်နဲ့ လျှာခွမ. . .

 

တိန် တိန် ၂ ခါတိန်

”လျှာနှစ်ခွနဲ့မြွေဟောက်မ”လို့ ပြောချင်တာ။

 

.အော်. . .

အင်းးးးးး

အော်အင်း

.အော်အင်းးးး

ဟိုမှာ ကျန်ခဲ့တဲ့ တစ်ယောက်ကတော့

သူ့ချစ်သူ မိန်းမဟာ သူ့ကွယ်ရာမှာ နောက်တစ်ယောက်နဲ့ အီစီကလီ ပြီတီတီ ဖြစ်နေလိမ့်မယ်လို့ ဘယ်ထင်ပါလိမ့်မလဲ။

 

.မြောက်ဥက္ကလာ အဝိုင်းနားက

KTV ကြီး ရှိနေတဲ့ လမ်းကလေးထဲ ခပ်သွက်သွက် ဝင်သွားတဲ့ အဲ့ဒီမိန်းမရဲ့ ခြေလှမ်းတိုင်းဟာ မာယာအပြည့်နဲ့. . .

 

 

အဲ့ဒီညဟာ. . .

ကျနော်တို့ ယောက်ျားထုကြီး ဖြစ်စေ. . .မိန်းမထုကြီးဖြစ်စေ. . .

လူတိုင်းလူတိုင်းသည်. . .

မာယာများသော

.ခြေရှုပ်သော  ချစ်သူအတုအယောင်များနဲ့  မကြုံတွေ့ကြပါစေနဲ့ လို့သာ ဆန္ဒပြုခဲ့ရတဲ့ တစ်ညပေါ့. .

 

 

 

mystic_night_forest_road_sky_moonlight_hd-wallpaper-629874

 

 

 

 

 

 

 

 

 

 

 

 

===========

 

Alinsett @ Maung Thura

 

9/7/2015/ 08 : 16 AM


 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013