ဒီရွာကြီးထဲရောက်ပြီး လေးနှစ်ကျော်မှ လှုပ်လှုပ်ရှားရှား လုပ်ပြီး မိတ်ဆက်ရတာ တမျိုးကြီးတော့ ဖြစ်မိသည်။ အရင်က comment ပင် မရေးမိ။ စာတွေချည်းသာ လိုက်ဖတ်နေခဲ့သူ။ ရှားရှားပါးပါး comment နှစ်ခုတော့ ရှိသည်။ ပို့စ်တင်ဖို့ ဆိုတာ ဝေးလာဝေးသည်။ ခုမှ ဘယ်လို ဖြစ်ပြီး စိတ်ရူးပေါက်သလဲ ရှင်းတော့ ရှင်းပြချင်သည်။

လွန်ခဲ့တဲ့ လေးနှစ်က သာမာန် ရုံးဝန်ထမ်း သာမညကလေးမို့ အလုပ်ချိန်ပြီးလျှင် အနားယူချိန်များသည်။ သို့သော် စာရေးရန် ဝမ်းစာမပြည့်တော့ သူများရေးသမျှ ဖတ်ချည်းသာနေရသည်။ စာဖတ်တာလည်း ဝါသနာပါသည်။ သြော် သူရေးပုံလေးက ဘယ်လို…. ဒီလူ ရေးပုံက မိုက်သား…… ဒီလိုလေးလည်း ရေးလို့ရသား နဲ့ ဆိုပြီး သူများရေးသမျှတွေကို စိတ်ကသာ မှတ်ချက်ပေးပြီး ဖတ်မိသည်။ ဒီလိုနဲ့ အကြောင်းပေါင်းစုံနဲ့  ပြည်တွင်းက နာမည်ရ အခပေးရုပ်သံလိုင်းတွေ ရောင်းတဲ့ ကုမ္ပဏီတစ်ခုကို ပြောင်းသည်။ အဲ့မှာ စတွေ့တာက အလုပ်ချိန်ပြင်ပ စာမဖတ်ဖြစ်တော့ TV သာ တွင်တွင်ကြည့်ရတော့ သည်။ ဘယ်လိုင်းက ဘာအစီအစဉ်သည် ဘယ်အသက် အရွယ်အတွက် သင့်တော်သည်။ ဘယ်အချိန်မှာ ဘယ်လို အစီအစဉ်ကောင်းတွေ လာသည်။ လူတွေ TV ကြည့်ချင်လာအောင် ကိုယ်က အရင်ကြည့်ပြီး စည်းရုံးရေး ဆင်းရတာမျိုး ဖြစ်သည်။ ပိုက်ဆံတော့ရသည်။ သို့သော် ကျွန်မစိတ်ထဲမှာတော့ မလုံမလဲ ဖြစ်မိသည်။ ငါးစိမ်းသည်လည်း မဟုတ်၊ ကြက်သတ်ရောင်းတာလည်း မဟုတ်၊ သို့သော် ကျွန်မအလုပ်က ငရဲများ ကြီးမလား ဆိုပြီး တစ်ခါတစ်ရံတွေးမိသည်။ တစ်ခါတစ်လေ အိမ်မှာ အမေက တရားနာလို့ ဘုန်းကြီးတရားထဲများ TV တွေ လျှော့ကြည့်ဖို့ ပြောရင် စိတ်ထဲ ခိုးလို့ခုလု ဖြစ်ပြီ။ ကျွန်မ အပြောကောင်းလို့ အခပေး ရုပ်သံလိုင်းတွေ အိမ်မှာ ဝယ်ကြည့်ပြီး ဘုရားမေ့ တရားမေ့ပြီး လူ ဘယ်နှစ်ယောက် လောက်များ အလုပ်ပျက် အကိုင်ပျက် ဖြစ်နေပြီလဲ ဆိုပြီး တွေးရင်း တစ်နေ့ တစ်နေ့ စိတ်ဆင်းရဲရတာလည်း အမောပင် ဖြစ်သည်။ ထိုထို အကြောင်းအရာများကြောင့် ဒီရွာထဲ စာလာဖတ်ဖို့ မပြောနဲ့ ကျွန်မကိုယ်ပိုင် ဝယ်ထားတဲ့ စာအုပ်တွေတောင် မဖတ်ဖြစ်တော့ တာမျိုးအထိ ဖြစ်လာသည်။ အခြေအနေက ဆိုးလာသည်။ ဒါတောင် ကြိုးစားပမ်းစား ရုန်းကြည့်သေးသည်။ ဗဟုသုတ ဖြစ်မည့် ရုပ်သံလိုင်းတွေ ရွေးကြည့်တာမျိုး ဝယ်သူတွေအတွက်လည်း အဲလို ရုပ်သံလိုင်းတွေ ညွှန်းပေးတာမျိုး သို့သော် ထူးမခြားနားပင် ဖြစ်သည်။ ဖြစ်နိုင်ချေ တစ်ခုက ဝါသနာ မပါသော အလုပ်မို့ အကြောင်းရှာပြီး စိတ်ပျက်တာမျိုးလည်း ဖြစ်နိုင်သည်။

ကံကောင်းသည်ဟု ဆိုရမည့် တစ်နေ့တွင် ကျွန်မ အလုပ်သင်ရှေ့နေ ဖြစ်ဖို့ ကမ်းလှမ်းခံရသည်။ အိပ်မပျော် စားမဝင် ဖြစ်သည်အထိ ပျော်လိုက်ရသည်။ ရှေ့နေ ဆိုတာမျိုးက စာအုပ်နဲ့ မျက်နှာ တစ်သားတည်းနေရသည့် ဘဝဖြစ်သည်။ နောက်တစ်ခု က အခြေအနေ အကြောင်းကြောင်း ကြောင့်သာ ရှေ့နေ မလုပ်ဘဲ အခြား အသက်မွေးဝမ်းကျောင်းဖြင့် ရှာဖွေ စားသောက်နေရခြင်း ဖြစ်သည်။ အလုပ်သင် ရှေ့နေ (အထူးသဖြင့် Business Lawyer (ဝါ) စီးပွားရေး အထူးပြု ရှေ့နေ) ဘဝသည် ဝါသနာ မပါလျှင် ဟန်ဆောင် ပန်ဆောင်ပင် လုပ်လို့ မရနိုင်တာမျိုးဖြစ်သည်။ ပေါ့ပျက်ပျက် နေလို့ မရ။ တစ်ခုခု ချွတ်ချော်မှုသည် မိမိ၏ တာဝန် ဖြစ်သည်။ ရွှီး၍ မရ၊ လိမ်၍ မရ၊ အရာအားလုံး သက်သေ သာဓကနှင့် တကွ လုပ်ရသည်။ အဲ့ဥပဒေ ပုဒ်မ ဘယ်လောက်ဟု ဘယ်လောက်ပဲ အလွတ်ရလို့ ပြောပြော စာနဲ့ ပေနဲ့ ရှင်းမှ ရတာမျိုး ဖြစ်သည်။ ကျွန်မ သိပါတယ် ဆက်လုပ်လိုက်လို့ ရပါတယ် ဆိုပြီး သက်သေ မပြဘဲ သွားမလုပ်နဲ့ ကိုယ့်ဆရာ ငေါက်တာနဲ့တင် တစ်ပတ်လောက် ဖျားနိုင်သည်။ ပြီးတော့ ကျွန်မ ဆရာက အနောက်တိုင်းက ပြန်လာသူ မြန်မာ တစ်ယောက် ဖြစ်သည်။ အနောက်တိုင်းသား အများအပြားနှင့်လည်း ဆက်စပ်ပြီး အလုပ်လုပ်ကိုင် ရတော့ မြန်မာလူမျိုး စစ်စစ် ကျွန်မမှာ နေသားမကျ ဖြစ်ရတာတွေ တစ်ပုံတစ်ပင် ဖြစ်သည်။ အလုပ်ချိန်များသည်၊ တာဝန်ကြီးသည်၊ မသိတာ မတတ်တာ များသည်၊ သို့သော် မသိသေးပါ မတတ်သေးပါ အမှန်တိုင်းပြော၍ အလုပ်ဝင်သူမို့ သင်ယူခွင့် အခွင့်အလမ်းတွေ အများကြီးရသည်။ ပြီးတော့ စာဖတ်ရသည်။ ထိုအချက်သည် ကျွန်မ ဒီရွာထဲ ပြန်ရောက်လာဖို့ တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်သည်။ စာဖတ်ရသည်၊ စာအုပ် အမျိုးအစား ပေါင်းစုံ၊ စာရွယ် အရွယ်အစား ပေါင်းစုံ ကို ဖတ်ရသည်။ စာအဝင်သာ ရှိ၍ စာအထွက် မရှိသော ကျွန်မ ဦးဏှောက်အတွက်၊ စိတ် အတွက် တစ်နေရာတွင် ထွက်ပေါက်ပေးရန် လိုအပ်လာသည်။ ထို့အတွက် ဒီရွာနှင့် ကျွန်မ ကိုယ်ပိုင် ဘလော့ဂ်ကလေးကို ပြန်အသက်သွင်းမည် ဟု ဆုံးဖြတ်ချက် ချပြီး ပြန်ရောက်လာခြင်း ဖြစ်သည်။

သို့သော် စာရေးရန်အတွက် ဝမ်းစာပြည့်သလားဟု မေးလျှင် ကျွန်မ အခုချိန်ထိ စာမရေးတတ်သေးဟုသာ ပြန်ဖြေနိုင်သည်။ ဆီလျှော်အောင် လည်း မရေးတတ်သေးပေ။ အကြောင်းအရာသာ များပြီး ရှေ့နောက်လွဲတာတွေ၊ အဓိက လိုရင်း မရောက်တာတွေကို ကျွန်မ ယခု ရေးသားထားသည့် စာကို ဖတ်သည့် စာဖတ်သူ သင်လည်း ကောင်းကောင်းသိပါလိမ့်မည်။ ထို့အတွက် အနည်းငယ်တော့ ရှက်ရွံ့မိသည်။ ဒါပေမယ့် ကျွန်မကို အခွင့်အရေးလည်း တစ်ခုတော့ ပေးစေချင်သည်။ စာဖတ်သူ မိတ်ဆွေတို့ ရွာကြီးထဲ ကျွန်မကို နေထိုင်ခွင့်ပေးစေလိုသည်။ ကျွန်မလည်း စာဖတ်သူ မိတ်ဆွေတွေနှင့် တစ်ရင်းတစ်နှီး ဖြစ်လိုသည်။ စာဖတ်သူ မိတ်ဆွေတွေလိုပြီး စာကလေး ပေကလေး ရေးတတ်ချင်သည်။ ပြီးတော့ ကျွန်မရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံတွေ ဝေမျှလိုသည်။ စာဖတ်သူတို့ ဝေမျှမှုများထံမှလည်း ကျွန်မ ရယူလိုပါသည်။

“ဟုတ်ကဲ့ ကျွန်မ အမည်မှာ ဟေသီ ဖြစ်ပါသည်။ သာမာန် အလုပ်သင် ရှေ့နေ ပေါက်စကလေး တစ်ယောက်သာ ဖြစ်သည်။ စာဖတ်သူတို့ရဲ့ မိတ်ဆွေအဖြစ် လက်ခံပေးစေလိုပါသည်။ ယခု ရေးထားသော စာသည် မိတ်ဆက်စာပင် ဖြစ်ပါတော့သည်။”

ခင်မင်လေးစားစွာဖြင့်

ဟေသီ

About ဟေသီ

has written 4 post in this Website..

Steven Hawking ရဲ့ အဆိုတစ်ခုကို သိပ်ကြိုက်တယ်။ " ဘဝ ရှိသ၍ မျှော်လင့်ချက်တွေလည်း ရှိနေအုံးမှာပါ" တဲ့