#ရွှေခေတ်မှာတောင် ရွှံ့စော်နံတယ်#

(A)

ခါးသက်ကြမ်းရှ …
ကိုယ့်လက်ထဲက ကံကြမ္မာများ တခွမ်းခွမ်း ကျကွဲတဲ့ညကပေါ့ကွယ်…

(B)

ဝှက်ဖဲတစ်ချပ်ကို ဝှက်သည်ထက်ဝှက်ရင်း….
နောက်ဆုံးမှာ… ကိုယ်ကိုယ်တိုင် ပျောက်ဆုံး…
ဟောဒီ – ခမ်းနားကြီးကျယ်လှပါသော အညတရလူသားရဲ့ မလှမပ-ညဆိုးများ…
ဘယ်ဆီမှာ အနားသတ်သွားပါသလဲ….

(C)

အမှောင်မိုက်ဆုံးတိမ်တိုက်မှာတောင် ငွေရောင် အနားကွပ်လေး ရှိသေးသတဲ့…
ဟေ့အေး… အဲဒါက ကြည့်သောသူနှင့်သာ ဆိုင်ပါတယ်….
ရွှေခေတ်မှာတောင် ရွှံ့စော်နံတဲ့သူ..
ငါလိုလူ ဤဇဗ္ဗူမှာ ထပ်မရှိနိုင်ဘူးရယ်လို့…

(D)

ဒီလိုပဲပေါ့ကွယ် …
ဖတ်ခဲ့ဖူးတဲ့ စာသားတစ်ပိုဒ်အတိုင်း …
ဘဝဆိုတာကိုက လက်ဖက်ရည်ခွက်ထဲ ကျသွားရတဲ့ ယင်ကောင်လို…
ရုန်းရင်းကန်ရင်း ချိုမြိန်လိုက်ရတာပါပဲ…

(E)

ဝင်္ကပါသာ ဆန်ပြီး ထွက်ကမ္ဘာမဆန်ပါသော … လမ်းတချို့မှာ …
စိတ်ရင်းသာ ကောင်းပြီး စိတ်အဖျားမကောင်းသော လူတချို့နဲ့ …
အနံ့သာစစ်ပြီး အရသာမစစ်သော ကော်ဖီများသောက်ရင်း… လျှောက်ခဲ့ရတဲ့နေ့က…
ကိုယ့်ခြေထောက်ဟာ ကိုယ့်ကို သစ္စာဖောက်တယ်လို့… ခံစားရ…
မလွန်ပါဘူးကွယ်…
ကိုယ့်အရိပ်ကတောင် ကိုယ့်ကို မနာလို – ”တို”  ”ရှည်” ပြမှတော့….

(F)

ရွက်ဆုတ်ပြက္ခဒိန်လေးက မနက်ခင်းတိုင်းမှာ စကားတစ်ခွန်း ပြောတယ်…
”ဗြိ”တဲ့…
ကိုယ့်ကို မရည်ရွယ်ဘူးဆိုပေမဲ့…. ကိုယ့်မှာတော့ တစ်နေ့တခြား ”ရိ”လာတယ်… ။
မသိလိုက် မသိခင်နေကြည့်ချင်တုန်းမှာပဲ…
မြေကြီးထဲ ”အိ” ဝင်နေတဲ့ ကိုယ့်အခြေအနေကို ကိုယ်…
”သိ”လိုက်တယ်…

(G)

ထိတ်ထိတ်လန့်လန့်…
ကိုယ့်ဆီမှာ ကိုယ်မှ ရှိသေးရဲ့လားလို့…
ကိုယ့်တစ်ယောက်ထဲ ညာ ညှိကြည့်ရတော့တာပေါ့…
………………………………..
”လူနံပါတ် ၁၈၉၈၇ ၊ မောင်သူရ ”
….
….
….
ရှိလား…
ရှိလား…
….
….
….
….
(ဖြေသံ မကြားရ… )
….
….
….
….

(H)

(ကိုယ်ဟာ ကိုယ်နဲ့ နီးလွန်းသူမို့
ကိုယ့်အမေးကိုကိုယ် ချက်ချင်းမကြား ၊ ချက်ချင်း မဖြေနိုင်ခဲ့ဘူး။
ကိုယ့်ဘယ်ဘက်မျက်လုံးက ကိုယ့်ညာဘက်မျက်လုံးကို နီးကပ်လျက်နဲ့ လှမ်း မမြင်ရသလိုမျိုး…)
….
….
….
….
(အကြာကြီး ကြာပြီးလေသောအခါမှ….  တိုးတိတ်နွမ်းလျ …ဖြေဆိုသံတစ်စ..
ထွက်ကျလာလေရဲ့… )
….
….
….
….
”လူနံပါတ် ၁၈၉၈၇၊ မောင်သူရ – ရှိ”
….
….
….
….

(I)

တော်ပါသေးရဲ့ ….
ကိုယ်ရေးတဲ့ ကိုယ့်သမိုင်း… နောက်ဆုံးစာမျက်နှာ အောက်နားဆီမှာ…
ကိုယ့်နာမည်လေး စာနှစ်လုံးကို – ပြုံးပြုံးလေး စီရီ သီကုံးသွားနိုင်လိမ့်မယ်ဆိုပြီး…
မျှော်လင့်ခွင့် ရှိသေးလို့….

@@@@@@@@@

စာချစ်သူများအား ချစ်ခင်လေးစားလျက် …

မောင်သူရ @ Alinsett

၂၈ ၊ ဇူလိုင် ၊ ၂၀၁၅
ချစ်ခင်လေးစားလျက်. . .
Alin Z @ Maung Thura

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013