ယုံကြည်မှု နားလည်မှုနဲ့

ချစ်ခြင်းမေတ္တာတရားက

ကတိကဝတ်နဲ့ ရိုက်ချိုးခံရတယ်။။

လူတွေက သစ္စာတရားကို

စာရွက်တစ်ခုပေါ်က ခြစ်ရာတစ်ခုထက်

ပိုမြတ်နိုးကြတယ် အဖေ…………

 

ကန်တော့ပွဲနဲ့ မိသားဖသားပီပီ

အဖေလာခဲ့စဉ်တုန်းက ပေးခဲ့တဲ့ ကတိနဲ့

ဘုရားသခင်ရှေ့မှာ အမေက

နာသည်ဖျားသည် အိုမင်းသည်ထိလို့ ပြောခဲ့တဲ့စကား

အဖေရုပ်ခန္ဓာ မီးသဂြိုလ်စက်ထဲ ထည့်တဲ့အထိ တည်ပါတယ်…….

 

ဖောက်ပြားတဲ့ ယောကျာင်္းတွေကြောင့်ပါလို့ ပြောတယ်

ဒါပေမယ့် သူတို့တွေ အဲ့ဒီ ကျန်ခဲ့တဲ့ မိန်းမတွေကိုပဲ

မြေနိမ့်ရာ လှံစိုက်ခဲ့တာပါ….

 

တစ်ခုလပ် တစ်လင်ကွာ သုံးလင်ပြောင်းတဲ့ မယား

အို…..စုံလို့ သူတို့ပဲ အမည်တပ်ကြတာ…

တံခွန်မရှိတဲ့ ရထား လင်မရှိတဲ့ မယား

ပြီးတော့ နစ်နာမှာစိုးလို့ ဆိုပြီး သူတို့ပဲ စည်းတွေတားနေကြတယ်……

ငွေရှိမယ့် ဟင်းဖတ်ပါကြတယ်….

ရွှေရှိမှ လူရာသွင်းကြတယ်….

ဂုဏ်ရှိမှ ………………….

အကျင့်ပျက်တာကို ဒါတွေနဲ့ ဖုံးဖိတော့

သူတို့တွေ ပြုံးပြုံးကြီး လက်ခံခဲ့ကြတယ်….

 

စိတ်သိပ်ပျက်ဖို့ ကောင်းတယ် အဖေ

လူနှစ်ယောက်ပေါင်းဖက်မှုကို ကြိုးတုပ်နေကြတယ်…….

စည်းတစ်ခုထဲ ဇွတ်သွတ်သွင်းနေတဲ့ လူ့ဘောင်ကို သိပ် စိတ်ကုန်လာပြီ အဖေ………….

လွတ်လပ်ခြင်းဆိုတာကို ရိုက်ချိုးပစ်နေတဲ့ အသိုင်းအဝိုင်းဟာ ယဉ်ကျေးတယ်ဆိုတာ မဖြစ်နိုင်ဘူး အဖေ……

ပိတ်လှောင်ထားခြင်းကို လူပီသတယ်လို့ တွေးတဲ့လူကို သမီး အော်ဟစ် မောင်းထုတ်နေတယ်

လူ့အပြင်ဘက် ရောက်လည်း လူတစ်ယောက် တာဝန် ကျေချင်တယ် အဖေ……………….

 

မှတ်ချက် ။      ။ ချရေးစရာက များတော့ ကဗျာပဲ ရေးလိုက်တော့တယ်။ တကယ်ပါ လွှတ်တော်က အမတ်မင်းတွေရော၊ ဒီဥပဒေတွေကို ကောင်းတယ်လို့ ယူဆသူတွေရော အမှန်တကယ် စိတ်ပျက်မိတာပါ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်….

ဟေသီ

About ဟေသီ

has written 4 post in this Website..

Steven Hawking ရဲ့ အဆိုတစ်ခုကို သိပ်ကြိုက်တယ်။ " ဘဝ ရှိသ၍ မျှော်လင့်ချက်တွေလည်း ရှိနေအုံးမှာပါ" တဲ့