ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးဧဧ။
ဝါခေါင်တကြောင်း၊ ထနောင်းကျောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။ – မုံရွေးဆရာတော်မှတ်စု
=
”ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ၀ါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့် ရွာတောင်ကချောင်း၊ ရွာနောက်ပေါင်းကို၊ – ရှင်ငြိမ်းမယ် အိုင်ချင်း

မြန်မာတို့၏ ၁၂-လရာသီမိုးဘွဲ့ပါ ၀ါဆိုနှင့်ဝါခေါင်လ၏ မိုးအခြေအနေပြ ကဗျာ၊ ရှေးအိုင်ချင်း ကောက်နှုတ်များဖြစ်ပါသည်။ မိကျောင်းပန်းတို့ ဖွေးဖွေးထကာ မိုးအေးလေးများရွာမည်။ ၀ါခေါင်တွင်ကား မိုးကားမသည်း၊ သို့သော် ချောင်း၌ကား ရေဖောင်ဖောင်ထမည်ဟုဆိုလေသည်။
ယခုနှစ်တွင် ၀ါထပ်ပေရာ ဒုတိယ၀ါဆို ဇူလိုင်လကုန်တွင်သည်းသည်းမည်းမည်းရွာခဲ့သောမိုးတို့ကြောင့် မြန်မာပြည်တွင်တ၀ှမ်း ပြည်နယ် ၁၂ခုနေ လူ၁သန်းကျော် ရေကြီးရေလျှံ မြေပြိုဒုက္ခခံစားနေကြရ၏။ မိုးဘွဲ့ဆိုထုံးကို ရေကြီးမြေပြို ဒုက္ခကပ်ဘေးဆင့်ထားပါလေသည်။
အမေရိကားတွင်လည်း ကယ်လီဖိုးနီးယား၌ သမိုင်းဝင်မိုးခေါင်ခြောက်သွေ့လွန်းနေသည်။ အခြားပြည်နယ်များသည်လည်း ဆောင်း၊နွေ၊မိုး သဘာဝထက်လွန်ကဲနေသည်တို့နှင့်တိုးကာ ဖြစ်ခဲ့လျှင်ပျက်စီးဆုံးရှုံးမှုအား များလှသည်ကို တွေ့နေကြရသည်။
တကမ္ဘာလုံးဥတုရာသီအစွန်းရောက်လျှက်နေသတည်း။

ဖန်ဆင်းရှင် မိခင်သဘာဝ

နှစ်သန်းပေါင်း ၃၆၀၀ခန့်ရှိနေပြီဖြစ်သော မြေကမ္ဘာသည် သဘာဝတရား ဂေဟအားဖြင့် အချိန်ယူညှိပေးရင်း သတ္တ၀ါတို့ မှီခိုအသက်ရှင်ရပ်တည်နေနိုင်သည်အထိ ပြောင်းလဲပြုပြင်လာခဲ့သည်။
မိခင်သဘာဝသည် ဂေဟစနစ်ကြီးအဖြစ်ဟန်ချက်ညီညီထားလျှက် ရုပ်ဝတ္ထုများကိုဖန်ဆင်းပေးသည်။ လူသားသည်လည်း သဘာဝတရား၏ဖန်ဆင်းမှုတခုပင်မဟုတ်ပါလား?။ ဗုဒ္ဓဘာသာအယူအဆအရမူ လူ့ရုပ်ကလာပ်အစဉ်သည် က၊ံစိတ်၊ဥတု၊အဟာရ လေးပါးပေါ်တွင်ဟန်ချက်ညီရပ်တည်ပွားယူသည်။
ဤကမ္ဘာသည်လေထု၊ ရေထု၊ မြေထု၊ ရေခဲထု နဲ့ ဇီဝထု အချင်းချင်း အညမညအပြန်အလှန်ဂေဟစနစ်ထား ရပ်သည်သည်။
လူ့သမိုင်းတလျှောက် မီးသုံးစွဲ၊စိုက်ပျိုးရေးလုပ်၊စာရေး/ဖတ်လာနိုင်သကဲ့သို့ပင် ၁၈ရာစု၏ စက်မှုတော်လှန်ရေးသည်လူတို့၏ လူနေမှုဘ၀ကို တဆင့်အရှိန်မြှင့်ပြင်ဆင်ပေးနိုင်ခဲ့သည်ဆိုပါသည်။
လူတို့ မိုးပျံနိုင်ခဲ့သည်။ မြေလျှိုးကြည့်ခဲ့ပြီ။ သံသေ(သံနိုင်)ကာ တပြည်ဝလျှက် လူနေမှုအဆင့်အတန်းတို့မြင့်ခဲ့သည်။ လျှပ်စစ်လည်းတွေ့ခဲ့သည်။ နျူကလီးယားဗုံးလည်းထုတ်ခဲ့၏။ အကျိုးဆက်အဖြစ်ကား စက်ရုံကြီးများမှထွက်သော မီးခိုးငွေ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ အိုဇုန်းပေါက်စေသောကလိုရိဖူရွန် စသည့်ဖန်လုံအာနိသင်ပြဓာတ်ငွေ့တို့အား ဂေဟစနစ်တွင်လိုသည်ထက်ပိုထုတ်ခဲ့ကြလေသည်။

၂၁ရာစုရောက်၍ မျက်လုံးများဖွင့်ကြည့်ပါသော် လူ့ပယောဂဖြင့်ဂေဟစနစ်ပျက်သည်ကိုမြင်ရပါလေပြီ။
ပုပ်ရဟန်းမင်းကြီးက ကမ္ဘာ့မြေရာသီဥတုအစွန်းရောက်ပြောင်းလဲခြင်းနှင့်ပါတ်သက်၍ ဤသို့မိန့်ထားသည်။
“Safeguard Creation, Because If We Destroy Creation, Creation Will Destroy Us” – Pope Francis
မိခင်သဘာဝ၏ တုံ့ပြန်လက်စားချေနေချိန်ရောက်ပါပြီ။ ယခုရာစုနှစ်အတွင်းတွင် သမိုင်းတွင်ရစ်တော့မည့် သဘာဝကပ်ဆိုးကြီးများ မြင်ကြရလိမ့်မည်။
“I don’t think we will survive another 1,000 years without escaping beyond our fragile planet,” – Stephen Hawking
ပြီးခဲ့သော ဧပြီလက သိပ္ပံပညာရှင်တို့တွင်အကြီးကျယ်ဆုံးလူသားတဦးဖြစ်သော ပါမောက္ခစတီဗင်ဟော့ကင်းမှ အထက်ပါအတိုင်းဆိုခဲ့သည်။
ကမ္ဘာပျက်ရန်နှစ်၁ထောင်သာကျန်သည်လော။

မိစ္ဆာအာဇီဝ

ကမ္ဘာပူနွေးလာသဖြင့် အာတိတ်စက်ဝိုင်းနေ ဧရာမရေခဲပြင်ကြီးများတ၀ုန်းဝုန်းပြိုပျော်ကျနေသည်။ ထိုပျော်ရေတို့ကြောင့် ပင်လယ်ရေပြင်မြင့်တက်နေပေရာ နောင်၁၅နှစ် (၂၀၃၀) တွင် အိမ်နီးချင်းထိုင်းနိုင်ငံ၏မြို့တော်ဘန်ကောက်သည် ပင်လယ်ရေပြင်အောက်ကျရောက်သွားပါတော့မည်။ တပြိုင်တည်းလိုလို မြန်မာတို့၏ ဧရာဝတီတိုင်းဒေသကြီးသည်လည်း ရေငံတို့ဝင်ကာ ဒုက္ခပင်လယ်အမည်ပြောင်းကြရမည့်သဘောရှိသည်။
မိုးဝင်လျှင် ပုံမှန်လာနေသော မုတ်သုန်မိုးသည် ဟိမ၀န္တာတောင်ပေါ်တက်ရွာပါလျှင် တဆောင်းတနွေလုံးအတွက် မြစ်ကြီးများလိုအပ်သော ရေလုံးရေရင်းပေးမည့်ရေခဲ၊ဆီးနှင်းခဲများအဖြင့် သဏ္ဍန်ပြောင်းပါသည်။
သို့သော် ယခုခေတ်ပူကြီးတွင် ကမ္ဘာပူနွေးနေသဖြင့် မိုးရေတို့လည်း ဆီးနှင်းခဲမဖြစ်နိုင်။ ရေခဲအဖြစ်မထိမ်းထားနိုင်။
သို့ဆိုသော် ဟိမ၀န္တာတောင်ကြောမှ ရေခဲပျော်ရေကို အရင်းအမြစ်အဖြစ်ထားရသော ဂင်္ဂါ ၊ ဧရာဝတီ၊ သံလွင်၊ မဲခေါင်မြစ်ကြီးတို့သည် မိုးတွင်ရေလျှံ၊နွေတွင်ရေခမ်း၍သာနေရတော့မည်။
မြန်မာပြည်တွင် တောကိုခုတ်ကြသည်။ တောင်ယာဖေါ်ကြသည်။ ထင်းကိုသုံးကြသည်။ သစ်ကိုထုတ်ရောင်းကြသည်။ကမ္ဘာတွင် စတုတ္ထမြောက် သစ်တောအပြုန်းတီးနိုင်ဆုံးသော နိုင်ငံဖြစ်နေပါသည်။
သစ်ပင်များကို ခုတ်ကြခြင်းကြောင့် တောင်ကတုံးများကျန်ရစ်ခဲ့သည်။ သွန်ရွာလာသောမိုးအတွင်း ကတုံးတို့သည် မြေဆီလွှာကိုမထိမ်းနိုင်။ မြေပြိုခြင်းဖြင့် မြစ်များထဲသို့ မြေထုကို ပို့ချကြရတော့သည်။

စာတန်းတခုတွင် မြန်မာ့သစ်ထုတ်ခြင်းမှ တရားဝင်ရသောဝင်ငွေသည် ယူအက်စ်ဒေါ်လာ ၁ဘီလီယံမျှရှိသည်ကို ဖတ်လိုက်ရသည်။
ယခု ၀ါဆိုလတွင် မြန်မာ့ရေကြီးမှုကြောင့်ပျက်စီးဆုံးရှုံးအားသည် ၁ဘီလီယံထက်များစွာပိုပါသည်။
ဂေဟစနစ်ပျက်သဖြင့် ရေကြီးရေလျှံခြင်းမှသည် ကျန်ရစ်ခဲ့သော နွံ၊နှုန်းများကြောင့် လုပ်ကိုင်စားမရဖြစ်ကာ မြို့တက်အသက်မွေးမှုပြုလာကြမည့် ကျေးလက်တောရွာနေများ၏ ရွှေ့ပြောင်းအခြေချမှု၊ စားဝတ်နေရေးအခက်အခဲ၊ တောနေ/မြို့နေဂေဟများကိုလည်းတွက်ရပေဦးမည်။
နိုင်ခြင်းမျှချေမရှိသော ပျက်သုဉ်းခြင်းတို့သာတည်း။

အမေရိက၊ ကိုလိုရာဒိုပြည်နယ် Animas မြစ်သည် ရွှေတူးမိုင်းတခုမှဖေါက်ချသော ရေဆိုးတို့ကြောင့် အ၀ါရောင်ပြောင်းခဲ့သည်ကို သြဂုတ်လဆန်းသတင်းများတွင်တွေ့ကြရပါလိမ့်မည်။ ဆိုင်ရာဒေသအာဏာပိုင်တို့မှ တာဝန်ယူကာ ဖြေရှင်းပေးလိုက်ရသည်။
ရွှေသတ္တုတူးဖေါ်ခြင်းကို မြန်မာတို့ ချင်းတွင်း၊ဧရာဝတီ မြစ်ညှာများတွင် မြစ်ကမ်းပါးယံများကို မြစ်ရေနှင့်ပိုက်ထိုး၍ဖျော်ချ။ တောင်ထုကြီးများကို ဧရာမတွင်းချိုင့်ဝှမ်းကြီးများဖြစ်စေလျှက် ပါဝါစွမ်းအင်ကြီးမားလှသော ယန္တယားကြီးများသုံး၍ လောဘတကြီးရှာဖွေတူးဖေါ်နေကြသည်။
သဘာဝသယံဇာတများအား မည်သူတွေက မည်သည့်လုပ်ပိုင်ခွင့်ရ၍ မည်သို့တူးကြကာ မည်မျှချမ်းသာနေကြသည်မသိ။ မနှစ်ကမူ မိုးထိမိုးမိဟူသော ရွှေမိုင်းပိုင်ရှင်မှ အသစ်ယူလိုက်သောဇနီးလေးနှင့်အတူ လကမ္ဘာသို့ဒေါ်လာ ၁၅သန်းအကုနက်ျခံကာဟန်းနီးမွန်းအလည်သွားမည့်သတင်းဖတ်လိုက်ရသည်။ အံ့ဖွယ်ပါတည်း။
ထိုထိုနေရာများတွင် လုပ်ထုံးနည်းဥပဒေစံသတ်မှတ်ချက်များရှိပါသလော။ ငွေကြေးများ မည်သို့မည်ပုံ ရယူ အခွန်ကောက်သုံးစွဲနေကြပါသနည်း။
မေးခွန်းကြီးများထုတ်ကြစေချင်သည်။ မြန်မာ့မြေ၏သယံဇာတကို မြန်မာနိုင်ငံသားအားလုံးပိုင်ပါသည်။ တူးနိုင်သူ အကုန်စား မဖြစ်သင့်။ မျှယူသင့်ပါသည်။
ရေလျှံဒုက္ခဘေးများကြုံလာလျှင်တော့ ခံစားကြရသလောက် အကျိုးကျေးဇူးများဝင်နေလျှင် ဘာလဲ၊ ဘယ်လဲမျှလောက်တော့ သိသင့်သည်မဟုတ်ပါလား။
တကယ်တော့ မြန်မာ့မြေတွင် သစ်ထုတ်ခြင်း၊ ကျောက်တူးခြင်း၊ သတ္တုသယံဇာတဖေါ်ခြင်းတို့သည် မိစ္ဆာအာဇီဝ စစ်စစ်များသာတည်း။ ကျိန်စာသင့်လတံ့..။

 

ထိုင်း (၂၁၈)။ မြန်မာ (၂၉)

ဧရာဝတီကဲ့သို့မိုင်၁၃၀၀ကျော်ရှိသော ကမ္ဘာ့မြစ်ကြီးတိုင်းလိုလိုသည် ရေထိန်း၊ရေတားဆည်များဆောက်ထားသည်။ လူသားအစွမ်းဖြင့် ရေချိုတို့ကို ဆည်တားထိမ်းကြောင်းသည်။ ရေလိုလျှင်လွှတ်ပေး၍ပိုလျှင်ဆည်သည်။ အပိုဆုအဖြစ် ရေအားလျှပ်စစ်ထုတ်ယူနိုင်သည်။
ဧရာဝတီမြစ်၌ကားလူသားထိမ်းချုပ်ထားမှုမရှိ။
ရွှေတူးသဖြင့်၊ ကျောက်စိမ်းဖေါ်သဖြင့် ဖျော်ချပျော်ကျထားသော နှုန်းနွံမြေကြီးများဖြင့် ကောလျှက်ရှိသော “ရာဇ၀င်များ၏သတို့သမီး”သည် သူမ၏ထိမ်းနိုင်စွမ်းကိုလွန်နေသော ရေတို့ကို အံထုတ်တတ်၏။သို့ဖြင့် မြစ်ကြီးဘေးဒေသကျေးရွာများ မိုးကောင်းလျှင်ရေလွှမ်း၍ နွေတွင်ရေရှားကြသည်ဟူလို။ မြန်မာ့စွမ်းအား အဘယ်မှာနည်း။

ဆည်တို့ဆောက်ကြပါ။ မြန်မာတို့ဆည်ဆောက်အတတ်ကို ပုဂံခေတ်ကတည်းက ကျွမ်းခဲ့ကြပါသည်။ “မြကန်သာ” အစချီသော ရှေးပုဂံခေတ်ကဗျာကို ဖတ်ကြည့်ပါ။
ပထမမြန်မာနိုင်ငံတော်သည် ဆည်ဆောက်ရေထိမ်းစပါးစိုက်ခြင်းတို့ဖြင်စားရေရိက္ခာပေါခဲ့သည်။
နိုင်ငံတကာအကူအညီယူ စနစ်တကျ ဆောက်ကြပါ။ စံနှုံးများအတိုင်းဘောင်ဝင်အောင်လုပ်ပါ။ အစစ်အဆေးခံကြပါ။
ရေအားလျှပ်စစ်သည် ဘေးအကင်းဆုံးနှင့် ဈေးအသက်သာဆုံးဖြစ်ပါ၏။ ရေချိုတို့ကိုလည်း ဆည်ထားပါ။ လိုသည့်အချိန်တွင် မျှဝေသုံးစွဲပါ။
ကမ္ဘာတွင် ဆောက်ထားဆည်အများဆုံးမှာ စိန့်ပြည်ဖြစ်ကာ ဆည်ပေါင်း (၂၃၈၄၂ )။ ဒုတိယမှာ အမေရိကပြည်ထောင်စု(၉၂၆၅)၊ တတိယမှာ အိန္ဒိယ (၅၁၀၂)နှင့် နံပါတ် (၂၂)တွင် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ(ဆည် ၂၁၈)ဖြင့်လိုက်သည်။ ထိုင်းထက်မြေပိုကျယ်ကာ မြစ်ပိုများသော မြန်မာနိုင်ငံသည်ဆည်အရေအတွက် (၂၉)ဖြင့် ကမ္ဘာ့နံပါတ်(၆၀)၌သာရှိပါ၏။ ၁၀ဆတိုးဆောက်သင့်ပါသည်။

အလောင်းအစားရှိသည်

ယခုသြဂုတ်လ ဟီရိုရှီးမားနျူကလီးယားဗုံးကျ နှစ်၇၀ပြည့်နှစ်တွင် ဂျပန်ပြည် ဖူကူရှီးမားတွင် ၂၀၁၁ ငလျှင်ဘေးကြောင့်မတော်တဆဖြစ်ခဲ့သဖြင့် ပိတ်ထားရသော နျူဓာတ်ပေါင်းဖိုများပြန်ဖွင့်လိုက်ရပြီ။ စုစုပေါင်း ဓာတ်ပေါင်ဖို၂၅ခုကို ပြန်လည်ပါတ်မည်ဟု ဂျပန်ဝန်ကြီးချုပ်ကဆိုသည်။ ဒေသခံတို့ဆန္ဒပြနေကြသည်။
နျူလျှပ်စစ်စွမ်းအားသည် ရုပ်ကြွင်းလောင်စာတို့မှထုတ်ယူရသော လျှပ်စစ်စွမ်းအားများထက် အန္တရာယ်ပိုသည်မှန်သော်ငြား ဈေးပိုသက်သာသည်။ ကမ္ဘာ့ဂေဟစနစ်ကိုထိခိုက်စေသည့်ဓာတ်ငွေ့တို့အထွက်နည်းသည်။
ဘာများတတ်နိုင်ကြပါသနည်း။ သင့်တွင်အလောင်းအစားရှိသည်။
လျှပ်စစ်ယူမည်လော။ တစ်တီတူးကဲ့သို့အိပ်မည်လော။
ဂျပန်တို့ လျှပ်စစ်ကိုသာယူခဲ့ကြပါသည်။

“The Earth, our home, is beginning to look more and more like an immense pile of filth. In many parts of the planet, the elderly lament that once beautiful landscapes are now covered with rubbish.” – Pope Francis
လူသားတို့တွင်ကား ရွေးချယ်စရာအခြားမြေကမ္ဘာမရှိသေး။ သို့သော်ငြား လူသားမျိုးပွား အားယူရှင်သန်ခြင်းများအတွက် အလိုရှိသမျှကိုကားထုတ်သုံးလျှက်ကာသာနေရဦးမည်။
သို့ဖြင့်၍တိုးတက်သောနိုင်ငံကြီးတို့သည် သူတို့ပြည်သားများအကျိုးစီးပွားဖြစ်သော တိုင်းပြည်ကုန်ထုတ်စွမ်းအား(GDP)တိုးတက်ရေးနှင့်ရင်းစားကာ ကမ္ဘာကို တိုး၍သာဖျက်လျှက်နေပေသည်။ မှန်လုံဓာတ်ငွေ့ထုတ်နေမှုများကို အော်၍သာနေသည်။ လျှော့ကားမလျှော့။ ထိုထိုနိုင်ငံများမှအမှိုက်များ ပစ်လွှတ်သဖြင့်
လှိမ့်၍ခံကြရသူတို့မှာ သူဆင်းရဲတတိယကမ္ဘာ့နိုင်ငံသားများသာဖြစ်ပေသည်။

မြန်မာတို့…။
တိုးတက်ပြီးသောနိုင်ငံကြီးတို့လမ်းကိုလိုက်ပါ။
အိမ်တခုစီ၏ အိမ်တွင်းရေဘုံဘိုင်ကိုဖွင့်လျှင် ရေချိုထွက်လာနိုင်သော “အခြေခံအဆောက်အအုံ”ကို ဦးစားပေးဆောက်ကြပါလေ။
မီးခလုပ်နှိပ်လျှင် လျှပ်စစ်မီးပွင့်လင်းလာနိုင်အောင်သာ ဦးစွာပြုကြပါလေ။
တိုင်းပြည်ငွေအရင်းအမြစ်များကို မှန်ကန်တိကျသုံးစွဲနိုင်သော အစိုးရကို ရွေးချယ်တင်မြောက်ကြပါလေ။
ကမ္ဘာမြေကိုကယ်တင်ရန်မှာ ချမ်းသာနေသော ဖျက်ခဲ့ပြီးသောသူတို့တာဝန်သာလျှင် အဓိကဖြစ်သည်။
မုတ်သုန်မိုးကောင်းသော မြန်မာနိုင်ငံအနေဖြင့် သစ်ပင်ခုတ်ခြင်းကို ဥပဒေအရ လုံးဝပိတ်ပင်လိုက်ပါလျှင် ကမ္ဘာကြီးအတွက် တာဝန်ယူမှု ပြည့်စုံလုံလောက်သည်ဟုထင်သည်။  ။

kai

About kai

Kai has written 859 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.