အင်းးးးး  အဖြစ်ကတော့ မနှစ်ကနဲ့ မတူ ဆိုသလို မနေ့ကပေါ့ဗျာ ၊
ရုံးကအပြန် လှည်းတန်းဈေးဝင် ၊ စားကောင်းမယ်ထင်တာလေးတွေဝယ် ၊
ဘိုဘိုဟန်ဆိုင်က အက်ဒမန်ဂိုးလ် ဘီယာလေး ၂ ဘူးဆွဲလို့ အိမ်ပေါ်တက် ၊
မီးဖိုထဲမှာက အမေ ၊
ပါလာတာလေးတွေချ ၊ ရေမိုးချိုး ၊ ဟင်းချက်စရာလေးတွေ ပြင်ဆင်နေတုန်း
( ဟဲ့ ဟိုကလေးမတွေ ဖုန်းကိုပဲ ပွတ်မနေနဲ့ ၊ ဒီမှာ နင်တို့အဖေကို လာကူဦးလေ )
လို့ အမေက ပုံမှန်ထက်ကျယ်တဲ့အသံနဲ့သူ့မြေးမ ၂ ယောက်ကို အော်ပါတယ် ၊
( ခဏလေး အဖွားကြီး ၊   ကက်စတန်မာနဲ့ စကားပြောနေတာ )
ဒါက သမီးကြီးအသံ ၊
( အဖွားကြီးကလည်း ထမင်း သမီးတည်မယ် ၊ ထားလိုက် ၊ ဒီမှာ ပရောဂျက်အတွက် ဒေတာတွေ မပြီးသေးလို့ )
ဒါက သမီးငယ် ဖြေသံ ၊
ကျနော်ကတော့ ဘာမှ ပြောမနေပါဘူး ၊
မန္တလေး အက်ဖ်အမ်လေးဖွင့် ၊ ဘီယာလေး မော့လိုက် ၊ ဝက်သားဆားနယ်ဖို့ ၊ ကျောက်ဖရုံသီးအခွံခွာဖို့ ပြင်ဆင်နေလိုက်ပါတယ် ၊
( ဟဲ့ ကိုမျိုး အဝတ်လျှော်စက်ထဲမှာ နင့်သားကျောင်းယူနီဖောင်းလျှော်ပြီး အခြောက်ခံစက်ထဲ ထည့်လိုက်ဦး ၊
ဒါတွေ ငါမလုပ်ရင် ဘယ်သူမှ သတိမရကြ ၊ မီးပူက တိုက်ပေးရဦးမယ် ၊
ဒါလည်း ဒီအဖွားကြီး တာဝန် ၊ အင်းးးးး  ဟဲ့  ဟိုမှာ ထမင်းပေါင်းအိုး ရေစိမ်ထားဦး ၊
ဆန်ဈေးက နှစ်ထောင်ကျော် ၊ ကုန်သလောက်ပဲ ချက် ၊
ထမင်းကြမ်းကြတော့ စားဖို့စိတ်မကူးကြဘူး ၊ ဟဲ့  သြော်  ဝက်သားဆားနယ်တာ ဆနွင်းမထည့်နဲ့ဦး ၊
ဟဲ့ ဟို ဘုရင့်သမီးတော်မတွေ လာတော့ ၊
နင့်ပရောဂျက် မတိုင်ခင် တမင်းလာချက်ဦး ၊ ဟို အကြီးမ  ကာစတန်မာနဲ့ ကျူပီးရင် လာခဲ့တော့ )
အမယ်လေးဗျာ ၊ အမေပြောသွားလိုက်တာ စက်သေနတ် ပစ်တဲ့အတိုင်း  ၊ ခဏနေတော့ သားတော်မောင် အိမ်ပေါ်တက်လာတယ် ၊
( ဖွားရီး  ဘာဟင်းလဲ ? )
( နင့်အမေလင် ဘာဟင်းမှ မလုပ်ရသေးဘူး ၊ အိမ်မှာ အိမ်ဖော်ရှိနေတယ် ထင်လို့လား  ဟင် ပြောစမ်း  ၊ ၇ နာရီထိုးတော့မယ် ၊ ဘာမှ မချက်ရသေးဘူး )
အဲသလိုပြောရင်း အမေက ပေါင်းအိုးကို ဒုန်းကနဲဆောင့်ချလိုက်မှ သမီး ၂ ယောက် အနားရောက်လာတယ် ၊
အဖေ သမီး ဘာလုပ်ပေးရမလဲလို့ အမေးမှာ အမေက
( ဘာမှ မလုပ်နဲ့တော့ ပြင်ဆင်ပြီးနေပြီ ၊ ကျက်တဲ့အခါမှ ကြွခဲ့ပါတော့လား ၊ ဟင်  ၊
နင်တို့အဖေကို မသနားဖူးလား ၊ မောမောနဲ့ ပြန်လာ ၊ မနားရဘူး ထမင်းဟင်း ချက်ရပြန်ရော ၊
နင်တို့ကတော့ ဖုန်းကလေးပွတ်လိုက် တတွတ်တွတ်ပြောလိုက် ၊ အတော်ဟုတ်နေတယ်ပေါ့လေ ၊
ငါသေရင် ဘယ်လိုလုပ်ကြမလဲ ကဲ ပြောစမ်း နင်တို့ ဒီလိုအချိုးနဲ့ဆို နင့်အဖေလည်း အသက်တိုမှာပဲ )
အမေ့ရဲ့  နန်းစတော့ တော့ကင်တွေကြားမှာ သမီး ၂ ယောက် ငြိမ် လို့ ၊ နောက်တော့ အမေက
( အေး  ငါ သေသေချာချာ စဉ်းစားပြီးပြီ ၊ ဒီအတိုင်း ရေရှည်ဆို မဖြစ်ဘူး ၊ နင်တို့ကလည်း အလုပ်က အိမ်အထိပါလာ ၊
ငါကလည်း ခပ်နဲ့နဲ့ ၊ ဒီတော့ ကြာရှည်ဆို နင့်အဖေပဲ ဒုက္ခများမှာ ၊
အေး  အိမ်ဖော်ဆိုတာက အိမ်သား မဟုတ်လို့ ခိုင်းမှ လုပ်မယ့်သူ ၊
အဲဒီတော့ ငါ နင်တို့အဖေကို မိန်းမပေးစားမယ် ၊ နင်တို့ ခေါင်းခါဖို့ မစဉ်းစားနဲ့ ၊ ဒါ အားလုံးအတွက် အကောင်းဆုံး အစီအစဉ်ပဲ ၊ )
ဘယ်လို  ဘယ်လို   မိန်းမပေးစားမယ်ဆိုပါလား ၊ ဟီဟိ  ရရချည်သေးရဲ့  ၊
( ဟိုအကောင် ငမျိုး )
( ဗျာ အမေ )
( အေး  နင့်မလည်း အလုပ်တစ်ဘက် နဲ့ သားသမီးတွေတစ်ဘက်ဆိုတော့ ရည်းစားလည်း ရှိမယ့်ကောင် မဟုတ် )
( အာ  အမေကလည်း  သား ရှာမှာပေါ့ ၊ မပူပါနဲ့ အမေရာ )
( ပူရတယ် ဟဲ့ ၊ နင့်လို ကလေးအဖေကို ယူဖို့ဆိုတာ တော်ရုံမိန်းကလေးက စဉ်းစားမှာ မဟုတ် ၊
အေး  ယူမယ်ပဲထား  ၊ သူ့ဟာသူ လှဖို့ပဲ လုပ် ဘာမှ မချက်ချင် မပြုတ်ချင်တဲ့ဟာမျိုးနဲ့ဆို ကိုယ်ကျိုးနည်းဦးမယ် ၊
အေး  နင့်အတွက် ငါ စဉ်းစားထားတာ ရှိတယ် ၊ နင်  ဒေါ်လှဝင်း သိတယ်မလား  ငါ့သူငယ်ချင်းလေ ၊ အေး  သူ့တူမ မြမြနဲ့ဆို   )
( ဗျာ   ဟို ဟိုတစ်ခါ အိမ်လာတဲ့  )
( အေးလေ  မလှဝင်းနဲ့ ပါလာတာ ၊ ငါ အကြောတက်လို့တောင်မှ နင်းနှိပ်ပေးသွားသေးတယ်လေ ၊
အေး  နင်လည်း ညောင်းတယ်ဆိုပြီး မာဆတ် သွားသွားနေရတဲ့ ဒုက္ခ မရှိတော့ဘူးပေါ့ ၊
အမယ်  အတော် လက်ပေါက်တာဟဲ့ ၊ အကြောတွေကို ပြေ ပြေ )
( နေ   နေ  ခဏနေပါဦးအမေ  ၊ အဲဒီ ငါးကျည်းခြောက်လိုဟာကြီး က အသက်ကလည်း ၄၀ ဆို )
( ဟဲ့ ၄၀ ကျော်ဆိုတော့ ကလေးမမွေးတော့ ပိုမကောင်းဘူးလား ၊ တော်ကြာ ဒီအရွယ်ကြီးကြမှ နင် အနှီးလျှော်နေရမှာစိုးလို့ ၊ အေး  ခဏနေ ငါ မလှဝင်းဆီ ဖုန်းဆက် )
( အမေ  အမေ    သားကို သနားရင် မဆက်လိုက်ပါနဲ့အမေရယ် ၊ ထမင်းဟင်းကော အလျှော်အဖွတ်ကော သား  သားလုပ်ပါ့မယ် ၊
အဲ အဲဒါတွေလုပ်လို့ အသက်ထွက်ချင်လည်း ထွက်ပါစေ ၊
အမေ့ ဟို ငါးကျည်းခြောက်နဲ့တော့ သားဘဝသေအောင် မလုပ်လိုက်ပါနဲ့လား အမေရယ်  ) ၊
ညက ကျနော် အိပ်မပျော်ပါ ၊ သြော်  ဘွ  ဘွ   ဆိုးလှတဲ့ ဘွ  အမျှ အမျှ အမျှ

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..