“  အိုကေ နားထား မာယာသမား “

 

“မာယာ” ဆိုတာ

ပါဠိစကားလား

ဘာလား

ကွဲကွဲပြားပြား

မသိပေမယ့်

အထာစကားတွေနဲ့

ဘာညာ ဘာညာ

လာလှည့်စားရင်

“မာယာတွေများတယ်”လို့

ဆိုပါတယ်။

 

ဟိုရှေးကဆိုစကား

“မိန်းမ မာယာ သဲကိုးဖျာ”ဆိုသဟာကို

ခပ်ငေါ့ငေါ့နဲ့ ချေပ

“မောင်တို့ယောက်ျားတွေများကျတော့

သဲကိုးဖျာတောင်မလောက်ပါတယ်”တဲ့။

မအေးမြင့် ပြောမယ်ဆိုလဲ

ပြောချင်စရာဗျာ

ပလီတိရယ်မှ

ပလာတာ

ညာချင်သလိုညာ

ရေးချင်သလိုရေး

ပြောချင်သလိုပြော

မှားချင်သလိုမှား

များချင်သလိုများ

စားချင်သလိုစားခဲ့ကြတဲ့

မောင်တို့ယောက်ျားကြီးတွေက

ပြောင်းလဲချိန်တန်ပြီ

ဆိုကာမှ

ကတိတွေပေးလို့ပေး

လက်ဆောင်တွေနဲ့

မျှားလို့မျှား

သဘောထားတွေ

ပြောင်းလိုပြောင်း

ရောင်းတမ်းဝင်

မျက်နှာပေးတွေနဲ့

လေချိုတွေသွေးနေပြန်တော့

ဦးချစ်ကောင်းရဲ့စကား

ခဏငှားပါအုံးမယ်

“သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”

“သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”

“သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၂၁၀၂၀၁၅

 

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1561 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။