” မငြင်းရက်ဘူး ငြင်းရက်တယ် “

 

 

 

” ဦးလေး ကားကိုမြန်မြန်မောင်းပေးပါရှင် အရေးကြီးလို့ပါ ”

” ကလေးမရယ် ဦးလည်းမောင်းနေတာဘဲလေ အပြင်မှာက ဒီလောက်မိုးတွေ သဲသဲမဲမဲရွာနေတာ ရှေ့မှန်က ၀ှိက်ဘာကိုမာရသွန်speed နဲ့ တောင်မှ ကလေးမ မြင်တဲ့အတိုင်း မျက်လုံးမနည်းပြူးပြဲပြီးကြည့်နေရတာလေ ကလေးမ စိတ်စောနေလို့ပါ ကားအရှိန်က ဒီလောက်မနှေးပါဘူးကွယ် ”

” ဟုတ်ပနော် အခုမှဘဲ မိုးကလည်းကောင်းလိုက်တာနော် ”

ဦးတာတီးတစ်ယောက် မိုးတွေသဲနေတဲ့ကြားက ကားလမ်းကိုအသေအချာကြည့်ပြီးမောင်းနေရင်းကနေ မိုးရွာထဲ ထီးဆောင်းပြီး အဌားကား ဌားချင်လို့ လက်တားနေတဲ့ သူတစ်ယောက်ကို လှမ်းတွေ့လိုက်တယ်ဆိုရင်ဘဲ

” ကလေးမရေ ဟိုရှေ့မှာ လူတစ်ယောက်ကားဌားချင်လို့တားနေတယ် ရပ်ပြီး ခရီးလမ်းတူရင် ခေါ်တင်လိုက်ရမလား ”

” ဒါကတော့ ဦးလေးသဘောပါဘဲ သူလည်းမိုးရွာထဲ တားတာဆိုတော့ ကူညီတဲ့အနေနဲ့ ရပ်မေးကြည့်ပေါ့ ဒါပေမယ့် ခရီးလမ်းတူတာ မတူတာထက် သမီးသွားချင်တဲ့နေရာကိုတော့ အရင်ပို့ပေးရမယ်နော် ”

” စိတ်ချပါကလေးမရေ ကလေးမသွားချင်တဲ့နေရာကို အရင်ပို့ပေးပါ့မှာပါ ”

ဦးတာတီးတစ်ယောက် ကားလေးကို ခုနလက်လှမ်းတားနေတဲ့သူနားရပ်လိုက်ပြီ

” ကိုယ့်ညီက ဘယ်သွားမှာလဲ ”

” ကျွန်တော် အာရှတော်ဝင်ဆေးရုံကို သွားချင်လို့ပါ ပို့ပေးလို့ရမလားခင်ဗျ ”

” ရပါတယ် ၂၅၀၀ တော့ ပေးရမယ် ”

” ပို့ပေးမယ်ဆိုရပါပြီ ကားခကဘယ်လောက်ဖြစ်ဖြစ်ပါဗျာ ”

ခရီးသည် ဦးတာတီးဘေး အရှေ့ခုံမှာဝင်ထိုင်လိုက်တာနဲ့

“နောက်က ကလေးမလေးက ကြည်မြင်တိုင် အုန်းပင်လမ်းသွားချင်တာမို့သူကိုအရင်ပို့ပြီ ဆရာကို လှည့်ပို့ပေးမယ်နော်”

“ဟုတ်ကဲ့ပါ ရပါတယ်”

ဒီလိုနဲ့ မြေနီကုန်းမီပွိုင့်မှာ ခပ်ကြာကြာလေး စောင့်ဆိုင်းကာ ကားလေးရပ်နေရတော့ ကားရှေ့ကလိုက်လာတဲ့ခရီးသည်က

“ကားဆရာကြီး မီးပွိုင့်ကလည်းကြာ မိုးကလည်းရွာဆိုတော့ ခရီးကသိပ်မတွင်ဘူးမို့ ဖြစ်နိုင်ရင် အာရှတော်ဝင်ကို အရင်ပို့ပေးလို့ရမလားဗျ ကျွန်တော် လူနာက အရေးတကြီးခွဲစိတ်ရမှာမို့ပါ”

“ကျွန်တော်ကတော့ ဘယ်သူအရင်ပို့ ပို့ကိစ္စမရှိပေမယ့် နောက်က ကလေးမလေးက ဒီကားကိုအရင်ဌားတာမို့ သူကိုအရင်ပို့ရမှာမို့ ကိုယ့်ညီအနေနဲ့ ကလေးမလေးကို ညှိကြည့်ပေါ့”

“ဟာ မရပါဘူး ကျမအဖွားကလည်း အမောဖောက်ပြီးမေ့လဲသလိုလိုဖြစ်လို့ အိမ်ကဖုန်းဆက်တာနဲ့ အလုပ်ကနေ ကားဌားပြီး အမြန်အရောက်သွားရမှာပါ ခုနကဘဲ ကားဆရာဦးလေးကြီးက ရှင်ကိုလမ်းကြုံရင်ခေါ်တင်မယ်ပြောတော့ ကျမကိုအရင်ပို့ရင် တင်လို့ခွင့်ပေးလိုက်တာ ဒီလိုမှန်းသိရင် ရှင်ကိုတင်ဖို့ ကျမမရပ်ခိုင်းပါဘူး အဲလိုဘဲ လူတွေကခက်တယ် ကိုယ်ကလည်းနောက်ကဖြစ်သေးတယ် အခွင့်အရေးဆို အရင်ရအောင်တောင်းဆိုကြတာဘဲ ဟူး”

“သမီးလေးရယ် ဦးက ရနိုင်မလားလို့ပြောကြည့်တာပါ သမီးလေးရဲ့ အဖွားအသည်းအသန်ဖြစ်နေမှန်းမသိလို့ပါ အိမ်ကိုဖုန်းလေးဘာလေး ခေါ်ကြည့်ပါလား အဖွားကဘယ်လိုဖြစ်တာလဲ လိုအပ်ရင်ဘာလုပ်ထားသင့်တယ်ဆိုတာ ကျွန်တော် ကူညီပြောလို့ရရင်ပြောပေးမယ်လေ”

“တစ်လမ်းလုံးဖုန်းခေါ်နေတာ ခေါ်မရလို့ပေါ့ လိုင်မအားရတာနဲ့ ခေါ်လို့ရပြီး မကိုင်တာနဲ့ ဒီမြန်မာပြည်က မိုးရွာလေတိုက်အရေးကြီးရင် အဲလိုဘဲဖုန်းတွေက ခေါ်မရတော့ဘူး စိတ်ညစ်ပါတယ် ကျမကိုတာ အမြန်ရောက်အောင်မောင်းပေးပါရှင်”

“ကဲကားဆရာကြီးရေ ကလေးမလေးကို အရင်အမြန်သာမောင်းပေးလိုက်ပါ ကျုပ်လူနာအတွက်တော့ သူကံပေါ့ဗျာ”

“ရှေ့ဗားကရာဂုံးကွေ့ပြီးရင် ကလေးမလေးရဲ့ အုန်းပင်လမ်းက ရောက်ပါပြီဗျာ”

ဒီလိုနဲ့ အုန်းပင်လမ်းအတွင်း ခရီးသည်ကလေးမလေး ညွှန်ပြတဲ့ရှစ်ထပ်တိုက်ရှေ့မှာ အဌားကားလေးရပ်လိုက်တယ်ဆိုရင်ဘဲ ခရီးသည်ကလေးမလေးက တစ်ထောင်တန်၎ရွက်ကို ထုတ်ပေးတော့

“ကလေးမလေး ၅၀၀ တန်တစ်ရွက်မပါဘူးလား ဦးမှာလဲ အမ်းစရာ ၅၀၀ က မပါလို့”

“သမီးမှာလဲ မပါလို့ပါ”

“ကဲပါ ကားဆရာကြီး ခင်ဗျားမှာ ၅၀၀ တန်အမ်းစရာမရှိလဲ သမီးကို တစ်ထောင်တန်းတစ်ရွက်သာပြန်ပေးလိုက်ဗျာ ကျွန်တော်ကားခပေးတဲ့အခါ အဲ ၅၀၀ ပိုပေးပါမယ့် ကျွန်တော်လူနာဆီ အမြန်ရောက်မှဖြစ်မှာမို့ပါ ကားဆက်မောင်းပါဗျာ”

“ဒါဆိုလည်း ဦးကိုကျေးဇူးပါနော်”

ပြောပြောဆိုဆိုနဲ့ ကလေးမလေးကားပေါ်ကဆင်းလိုက်ရင်ဘဲ ဦးတာတီးလည်း ကားလေးကို ပြန်ကွေ့ပြီးခရီးဆက်လေပေါ့။

ကလေးမလေးလည်း တိုက်လှေကားကနေ အပြေးလေးတက်လာပြီ သူတို့နေတဲ့ အခန်းရှေ့ကိုရောက်ရင်ဘဲ အခန်းတံခါးလေး စေ့ထားတာ တွေ့လို့တွန်း ၀င်မယ်လုပ်တော့ အရှေ့ခန်းက ဒေါ်အေးက

“သမီးပြန်ရောက်လာမှာကို အန်တီအေးစောင့်နေတာ သမီးအဖွားနဲ့ သမီးအမေရယ် သမီးအကိုရယ် အစောပိုင်းကဘဲ အိမ်ရှေ့တိုက်က မောင်လှတို့ကားနဲ့ အာရှတော်ဝင်ဆေးရုံကို သွားကြတယ်လေ အဖွားအမောဖောက်လာတာမို့ လမ်းထိပ်ကဆရာဝန်လေးပင့်ပြီးပြတာ ဆေးရုံပို့မှဖြစ်မယ်ဆိုတာနဲ့ သွားကြတာ”

“ဒါဆိုသမီး ဆေးရုံကိုလိုက်သွားလိုက်မယ် အန်တီအေးအိမ်တစ်ချက်ကြည့်ထားပေးအုံးနော်”

“အိမ်အတွက်တော့စိတ်ချပါသမီးရယ် ဖြေးဖြေးလည်းသွားအုံး မိုးတွေနဲ့ ချောချက်လဲနေမယ်”

“ဟုတ်အန်တီအေး”

ဒီလိုနဲ့ ကလေးမလေးတစ်ယောက် တိုက်အောက်ကိုအပြေးလေးဆင်း ထီးနဲ့လမ်းထိပ်ထွက် ကားဌားကာ အာရှတော်ဝင်ဆေးရုံကို လိုက်လာခဲ့ပြီး ဆေးရုံကိုရောက်ရင်ဘဲ စုံစမ်းရေးကောင်တာမှ အဖွားဒေါ်သိန်း အမည်နဲ့စုံစမ်းလိုက်တော့ Operation ခန်းမှာဆိုတာနဲ့ အပေါ်ထပ်အပြေးတက်ကာ Operation အခန်းရှေ့ရပ်စောင့်နေတဲ့ ကလေးမလေးရဲ့ အမေကိုတွေ့လိုက်ရင်ဘဲ အပြေးလေးအမေ့နားကပ်လိုက်တော့

“သမီးရယ် အမေတို့ ဆေးရုံရောက်ပြီး သမီးအဖွားကို ဒီကတာဝန်ကျဆရာဝန်တွေ လိုတာစမ်းသပ်ပြီး ခွဲစိတ်ခန်းပို့လိုက်တာ နာရီဝက်ကျော်လောက် ခွဲစိတ်ဆရာဝန်ကြီး ကိုစောင့်နေရတယ် ခုနမှ ခွဲစိတ်ဆရာဝန်းကြီးအပြေးအလွှားရောက်လာပြီး အခန်းထဲဝင်သွားတာ ၀င်ခါနီးဆရာဝန်ကြီးက ကျွန်တော် လည်း သိသိချင်းကားထွက်ဌားပြီးလာခဲ့တာဘဲ မိုးကရွာ ကားလမ်းကပိတ်နဲ့မို့ကြာသွားတာပါ အကောင်းဆုံးလုပ်ပေးပါမယ့်ဆိုပြီး အမေ့ပါးခုံးလေးပုတ်ကာ ပြောပြောဆိုဆို နဲ့ဝင်သွားတာဘဲသမီးရေ”

“သမီးဖုန်းခေါ်သေးတယ် ရတော့လည်း အမေကဖုန်းမကိုင် ပြန်ခေါ်တော့လည်းလိုင်းမအားနဲ့ ဒီဆေးရုံမှာမှန်းသိရင် ခုနသမီးကားဌားဆီတဲ့ ကားပေါ်က ဦးလေးကလည်း ဒီဆေးရုံကိုလာတာ အိမ်မသွားတော့ဘဲတစ်ခါတည်းလာလို့ရတယ် အမေက ဘာလို့ဖုန်းမကိုင်တာလဲ”

“အဲ သမီးပြောမှ သတိရတယ် အမေ့ဖုန်းက အိမ်မှာကျန်ခဲ့တာ လူလည်းပူထူပြီး ပိုက်ဆံအိတ်သာကမန်းကတန်းဆွဲပြီးထွက်လာတာ သမီးအကိုက အဖွားကို ပွေ့ပြီး အရင်ဆင်းသွားတာလေ အိမ်တောင်တံခါးမပိတ်နိုင်ဘူး အရှေ့က မအေးကို အပ်ခဲ့ရတာ သမီးလာရင်လဲပြောပေးပါဆိုပြီး”

“ဖြစ်ရမယ်အမေရယ် ဒါကြောင့်ဖုန်းမကိုင်တာကိုး”

ဆိုပြီ စကားပြောသံတွေတိတ်ကာ ခွဲစိတ်ခန်းဘက်ကို ကိုယ်စီငေးကြည့်နေကြတာ ဘယ်လောက်တောင်ကြာသွားပြီလဲမသိ ခွဲစိတ်ခန်းဘက်က ဆရာဝန်ကြီး တစ်ယောက်ထွက်လာတာမြင်လိုက်ရင်ဘဲ ကလေးမလေး တစ်ယောက် အံသြခြင်းနဲ့အတူ မျက်နှာမှရှက်သွေးဟန်ဖြစ်ပြီး ဆရာဝန်ကြီးဆိုသူကို ငေးကြည့်နေတုန်း ဆရာဝန်ကြီးက အမေ့ရှေ့မှာရပ်လိုက်ပြီး

“သိပ်တော့စိတ်မပူပါနဲ့ နှလုံးသွေးကြောတစ်ခုပိတ်တာပါ အသက်အရွယ်အရခံနိုင်ရည်နည်းပြီး အမောစို့တာလေ အခုတော့ ခွဲစိတ်မှုက အခြေအနေကောင်းပါတယ် မေ့ဆေးပျယ်လာရင် လူနာနိုးလာပါလိမ့်မယ် အဲဒီကျ လူနာကို ခေါင်းတွေကိုယ်တွေ သိပ်မလှုပ်ပါစေနဲ့အုံး ခဏပြန်မှိန်းနေပါစေ လိုအပ်တာတွေကိုတော့ ဆရာမတွေ ဆက်လုပ်ပေးပါလိမ့်မယ် ကျွန်တော်ကားက ဒီနေ့မှ ၀ပ်ရှော့ထိုးထားတာမို့ အဌားကား ဌားပြီးလာခဲ့တာဗျ အခုဝပ်ရှော့ပြန်သွားလိုက်အုံးမယ် ညပိုင်းမှဘဲ လူနာအခန်းကို ပြန်လာကြည့်ပါ့မယ် ခွင့်ပြုပါအုံးနော်”

“ဟုတ်ကဲ့ဆရာ ကျေးဇူးအရမ်းတင်ပါတယ်”

“ဆရာ အဌားကားပေါ်မှာ သမီးအတ္တကြီးခဲ့တာအတွက် ခွင့်လွှတ်ပေးပါနော်”

ဆိုပြီးကလေးမလေး လက်အုပ်လေးချီပြီး တောင်းပန်စကားဆိုတော့

“သြော် ဒီသမီးမျက်နှာကိုမြင်ဖူးပါတယ်လို့ တွေးနေတာ လတ်ဆတ်သတ်တော့ အဲလိုကိုး ရပါတယ်သမီးရယ် ဒီလိုပါဘဲ လူတိုင်းလူတိုင်း ကိုယ့်ဖြစ်ချင်တဲ့ အတ္တနဲ့ သူများအတွက် ပရယှဉ်လာရင် ကိုယ်ဖြစ်ချင်တာကို ပိုဦးစားပေးတတ်တာ သဘာဝပါဘဲ ဆရာနားလည်ပါတယ် ကျွန်တော်တို့ ငယ်တုန်းကလည်း သမီးလိုဘဲပေါ့ ကိုယ်ဖြစ်ချင်ကိုဘဲ စောင်းပေးခဲ့တာလေ အခုလိုဆရာဝန်ဖြစ်တာ ကြာလာတော့ တစ်ခါတလေ ထမင်းစား နေရင်းဆေးရုံကအရေးကြီးဖုန်းဆက်ခေါ်ရင် ကိုယ်စားနေတဲ့ထမင်းကိုပစ်ပြီ ပြေးလာရတာပါဘဲ ကျွန်တော်တို့က ပရ သမားတွေကိုးဗျ တစ်ချို့ကတော့ဆိုတာပေါ့ဗျာ အဿပြာရလို့ ငွေရလို့ ဆိုကြတယ် ဒါလည်းမဟုတ်ဘူးလို့မငြင်းချင်ပေမယ့် ငွေအဿပြာကြောင့်တစ်ခုထဲနဲ့ဆို ကိုယ့်ထမင်းကိုယ်ဆက်စားနေတာတို့ မလာချင်ရင် မလာဘဲနေလိုက်မှာပေါ့ ဒါပေမယ့် ဆေးရုံ ဆေးခန်း ကိုယ့်လူနာရှင်တွေကခေါ်ရင် စိတ်ထဲက သူအလိုလို မငြင်းရက်ဘူးလေ သမီးရေ ကိုယ့်က ပရ သမား အလုပ်လုပ်နေတဲ့သူကိုး မဟုတ်ဘူးလား ကဲ သွားမယ်သမီးရေ သမီးအဖွားနေပြန်ကောင်းလာမှာပါ”

ဆရာဝန်ကြီးထွက်သွားတဲ့ခြေလှမ်းတွေကိုငေးနေရင်း ကားပေါ်မှာ သူတောင်းပန်ပြီး သူသွားချင်တဲ့ အာရှတော်ဝင်ကို အရင်မပို့နဲ့ သမီးကိုအရင်ပို့ဆိုပြီး ပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်ရင် သူက မငြင်းရက်ပေမယ့် ငါက ငြင်းရက်ခဲ့တယ် လို့တွေးနေမိသွားတယ်လေ။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..